နတ်ဆိုးများကို သတ်ဖြတ်ခြင်း
Vol. 9 Ch. 868
ငါးခါပြန်လည် ဝင်စားခြင်း ကျင့်စဉ်သည် ဒြပ်စင်ငါးမျိုး တန်ခိုးရှင် ဂိုဏ်း၏ ထင်ရှားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုအခိုက်၌ မီတာတစ်ရာခန့် ရှိသော ရောင်ခြည် စက်ဝိုင်းသည် မိုးကုပ်စက်ဝိုင်း၌ နေတစ်စင်း အလား တောက်ပနေ၏။ ၎င်း၏ တောက်ပမှုတွင် လောက အတွင်းရှိ အရာရာသည် မှေးမှိန်သွားကာ မိစ္ဆာချီများမှာလည်း အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲကုန်သည်။
“ခရက် ...”
တောက်ပသော စွမ်းအားသည် တစ်စက္ကန့်အတွင်း စစ်မြေပြင်ရှိ ရှေးဟောင်း နတ်ဆိုး ဗိုလ်ချုပ် တစ်ဝက်ခန့်ကို ဖုံးအုပ်သွားသည်။ ထိုစွမ်းအားများသည် သူတို့၏ ခန္ဓာကိုယ် အတွင်းရှိ နတ်ဆိုး အမြုတေများကို အမှုန့် မဖြစ်မချင်း ဖျက်ဆီး၏။
အခြားသော ရှေးဟောင်း နတ်ဆိုး ဗိုလ်ချုပ်များမှာ ထိုမြင်ကွင်းကြောင့် ကြောက်လန့်ကြရာ ဘေးကင်းရာသို့ ထွက်ပြေးကုန်ကြတော့သည်။ သူတို့အထဲမှ အများစုမှာ ရွှေအမြုတေ နောက်ဆုံး အဆင့်များ ဖြစ်သော်လည်း ရောင်ခြည်စက်ဝိုင်း၏ အရှေ့၌ရပ်ရန် အခွင့်အရေး မရှိကြချေ။
“ဘုန်း ...”
နတ်ဆိုး ဗိုလ်ချုပ်များစွာကို သတ်ဖြတ်ပြီးနောက် ချန်းဖန်က နတ်ဆိုး သင်္ဘောများဘက်သို့ လှည့်လိုက်သည်။ နတ်ဆိုးသင်္ဘော တစ်ခုချင်းစီ၏ စွမ်းအားသည် မသိသာသော်လည်း တစ်ရာမျှသော အရေအတွက်ကမူ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
“အစစ်အမှန် နတ်ဆိုး အစီအရင်ခင်းပြီး အစစ်အမှန် နတ်ဆိုး အသွင်ကို ဖော်ထုတ်ကြဟေ့ ...”
ရှေးဟောင်းနတ်ဆိုး ဗိုလ်ချုပ် တစ်ယောက်က အော်ဟစ်လိုက်သည်။ သူ၏ စကားဆုံးသည်နှင့် နတ်ဆိုးသင်္ဘော တစ်ခုချင်းစီမှ မိစ္ဆာချီလှိုင်း တစ်ခုစီ ထွက်ပေါ်လာ၏။
“ဟူး ... ဟူး ...”
မိစ္ဆာချီလှိုင်းများသည် အစစ်အမှန် နတ်ဆိုး တစ်ကောင်အဖြစ် ပေါင်းစည်းကြ၏။ ထိုနတ်ဆိုးသည် မီတာပေါင်းများစွာ ရှည်လျားကာ ကျောတွင် အတောင်ပံတစ်စုံ ပါဝင်သည်။ ၎င်း၏ နဖူးထက်တွင်မူ ချိုနှစ်ခု ပါရှိပြီး လက်တွင်လည်း လှံတံတစ်ခုကို စွဲကိုင်ထားသည်။ နတ်ဆိုး၏ အရွယ်အစားမှာ အလွန် ကြီးမားလှရကား နှိုင်းယှဉ်ရပါက ချန်းဖန်၏ ခွန်ပန် အသွင်ပင်လျှင် မှေးမှိန်ရသည်။
ချန်းဖန်က မပြောင်းမလဲ တည်ငြိမ်သော အမူအရာဖြင့် နတ်ဆိုးကို ကြည့်သည်။ သူ၏ မျက်လုံးမှ အေးစက်သော အလင်းမှာမူ ပို၍ တောက်ပလာနေ၏။
“ဘုန်း ...”
နတ်ဆိုးက လှံအားဆွဲယူ၍ ချန်းဖန်အား ခုတ်ပိုင်းလိုက်သည်။ ၎င်းသည် ထောင်ချီသော နတ်ဆိုးများ၏ စွမ်းအားကို သယ်ဆောင်ထားရာ အလွန် အစွမ်းထက်၏။ သူ၏ တိုက်ခိုက်မှု တစ်ခုကပင်လျှင် ရွှေအမြုတေ အထွတ်အထိပ် များစွာကို အသာလေး သတ်ဖြတ်နိုင်၏။
“ခရက် ...”
လှံသည် လေဟာနယ်တွင် မီတာ တစ်သောင်းခန့် ရှည်သော အက်ကြောင်း တစ်ခုကို ဖန်တီးသည်။ အဝေးမှ ကြည့်ပါက ကမ္ဘာ နှစ်ခု ဆုံမှတ်သည် ချောမွတ်သော ကြက်ဥအခွံနှင့် အလား သဏ္ဌာန်တူသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုက ကြက်ဥ အခွံကို ကွဲအက်စေကာ ကမ္ဘာလောကကို ထက်ပိုင်းပိုင်း သွား၏၊။ ထိုစွမ်းအားကား အခြေတည်ဝိညာဉ် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ၎င်းအား အရှင်ပေ့ဟန် မဆိုထားနှင့် နတ်မိမယ် ရှန်းရှီပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“ဘုန်း ...”
ထိုသို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် ချန်းဖန်မှာမူ တည်ငြိမ်စွာပင် ရပ်နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ အခြေအနေမှာ သေရေးရှင်ရေး ဖြစ်သော်လည်း သူ၏ စိတ်နှလုံးမှာ ငြိမ်းချမ်းနေ၏။
“ဟူး…. ဟူး ...”
အမြုတေ ငါးခုသည် အရှိန်ပြင်းစွာ လည်ပတ်ကာ စက္ကန့်ပိုင်း အတွင်း၌ ကွင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ ကမ္ဘာနှစ်ခု ဆုံမှတ်၏ အပြင်ဘက်တွင်မူ မိုးကြိုးတိမ်တိုက် တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ၎င်းသည် မည်သည့် အချိန်မျှ ရပ်တန့်မည့်ပုံ မရဘဲ လျင်မြန်စွာ ကြီးထွားလာနေ၏။
“ရှောင်မန်နဲ့ ရှန်းရှီတို့အတွက် ငါ ဒါကိုတကယ် လုပ်ချင်တာလား ... ဒါပေမဲ့ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်လိုက်တာနဲ့ ငါ အထွတ်အထိပ် အမြုတေကို ဖွဲ့စည်းနိုင်မှာ မဟုတ်တော့ဘူး ... ကောင်းကင် အမြုတေကိုပဲ ရရှိနိုင်လိမ့်မယ် ...”
“ခုချိန် ငါသာ ထွက်ပြေးမယ် ဆိုရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး ... ဟင်းလင်းပြင် မုန်တိုင်းထဲမှာဆိုရင် တော်ဝင် မိသားစုရဲ့ နတ်ဆိုး သင်္ဘောတောင် ငါ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး ... ဒါပေမဲ့ အဲဒီအခါကျရင် သူတို့က ရှောင်မန်နဲ့ ရှန်းရှီတို့နောက်ကို လိုက်ကြလိမ့်မယ်”
ထိုအတွေးများက ချန်းဖန်၏ စိတ်တွင် တရိပ်ရိပ် ပြေးနေခဲ့သည်။ ထို့နောက် သူက ကောင်းကင်သို့ ကြည့်ကာ လက်သီးကို ဆုပ်လိုက်၏။ သူက ထိုလက်သီးအား အားကုန် ထိုးလိုက်ရာ အလင်းရောင်ခြည်များက ကောင်းကင်သို့ ထိုးတက်သွားသည်။
“ငါ ချန်းပေ့ရွှမ်းက ဘယ်အရာကိုမှ နောင်တ မရဘူး ...”
ချန်းဖန်က အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အမြုတေသည် မီးလုံးအဖြစ် ပြောင်းလဲကာ အလျှံတညီညီး တောက်ပလာ၏။ ထိုအရာက ကောင်းကင်သို့ ပျံတက်ကာ မီတာတစ်သောင်း မြင့်မားသော ရှေးဟောင်း နတ်ဆိုးထံသို့ ပြေးဝင်သွားသည်။
“ဘုန်း ...”
ပေါက်ကွဲမှုသည် နျူကလိယထက်ပင် အဆတစ်ထောင်ခန့် ပိုမို ပြင်းထန်သည်။ ၎င်းသည် ကမ္ဘာနှစ်ခု ဆုံမှတ်ကို ဖြတ်၍ တောက်ပကာ ဟင်းလင်းပြင် တစ်ခုလုံးကို ဖြတ်သန်းသွား၏။ များစွာသော ရှေးဟောင်း နတ်ဆိုးများသည် ထိုမြင်ကွင်းကို ကြည့်ကာ တုန်ရီလာခဲ့ကြတော့သည်။
“ခရက် ...”
အားလုံး၏ အကြည့်များ အောက်တွင်ပင် နတ်ဆိုးလှံသည် အလယ်မှ ထက်ပိုင်းပြတ် သွား၏။ သို့သော်လည်း ပေါက်ကွဲမှုက မရပ်တန့်ပဲ အစစ်အမှန် နတ်ဆိုးထံသို့ပါ ဆက်လက် တိုးဝင်သည်။
အလင်း ပေါက်ကွဲမှုသည် နတ်ဆိုးနှင့် ယှဉ်ပါက အလွန် သေးငယ်သော်လည်း မည်သည့် အရာကမျှ ၎င်းအား ရပ်တန့်ရန် မတတ်နိုင်ခဲ့ချေ။ ထောင်ချီသော ရှေးဟောင်း နတ်ဆိုးများ၏ စွမ်းအား ပါဝင်နေသော အစစ်အမှန် နတ်ဆိုးသည် ချန်းဖန်၏ တိုက်ခိုက်မှုတွင် တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။ ချန်းဖန်သည် သူ၏ တိုက်ခိုက်မှုကို နှစ်ဆ တိုးမြှင့်လိုက်သည်။
“ဘုန်း ...”
အဆုံး၌ မီတာတစ်သောင်း မြင့်မားသော နတ်ဆိုး ဝင်္ကပါမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ ပေါက်ကွဲ ပျက်စီးသွားတော့သည်။ တန်ပြန် သက်ရောက်မှုကြောင့် မရေမတွက်နိုင်သော ရှေးဟောင်း နတ်ဆိုးများမှာ ဒဏ်ရာများ ရသွားကြကာ များစွာသော ရှေးဟောင်း နတ်ဆိုးများမှာ သေဆုံးကုန်ကြ၏။
ထိုအခိုက်၌ ချန်းဖန်ကမူ နတ်ဆိုး သင်္ဘောများထံသို့ တိုးဝင်၍ သိုးအုပ်ထဲမှ ကျားတစ်ကောင် အလား စတင် ဖျက်ဆီးနေခဲ့ပြီ ဖြစ်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း ...”
လှုပ်ရှားမှု အနည်းငယ် အတွင်းမှာပင် များစွာသော နတ်ဆိုး သင်္ဘောများမှာ ပေါက်ကွဲ သွားခဲ့သည်။ အမြုတေငါးခု ပေါင်းစပ်ထားသော စွမ်းအားသည် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း၌ ဆူပွက်နေကာ အဆုံးမဲ့ စွမ်းအားကို ထောက်ပံ့နေသည်။
“သူ့ကိုတား ... သူ့ကိုတား ...”
များစွာသော နတ်ဆိုး ဗိုလ်ချုပ်များက အထိတ်တလန့် အော်ဟစ်ကြသည်။ ထို့နောက် တစ်ရာခန့် ရှိသော သန့်စင်သော သွေးပိုင်ရှင် ရှေးဟောင်း နတ်ဆိုးများသည် နတ်ဆိုး သင်္ဘောများမှ ပျံထွက်လာကာ သူတို့၏ နတ်ဘုရား စွမ်းအားများဖြင့် ချန်းဖန်အား တိုက်ခိုက် လိုက်ကြသည်။
ချန်းဖန်က နောက်ဆုတ်ခြင်း မရှိချေ။ သူက ခြေတစ်လှမ်းတိုင်း လက်သီး တစ်ချက်ကို ထိုး၏။ အမြုတေ ငါးခု၏ အားဖြည့်မှုတွင် အစစ်အမှန် နတ်ဘုရား လက်သီးသည် ၎င်း၏ အမြင့်ဆုံး စွမ်းအားကို ထုတ်လွှတ်သည်။ ချန်းဖန်၏ လက်သီးချက်တိုင်း၌ တစ်ဒါဇင်သော နတ်ဆိုး သင်္ဘောများ ပျက်စီးသွား၏။ ရွှေအမြုတေ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများပင် ချန်းဖန်ကို တားနိုင်စွမ်း မရှိချေ။
“သတ် ...”
ချန်းဖန်က လက်နှစ်ဖက်ဖြင့် နတ်ဆိုးသင်္ဘော တစ်စင်းကို ဆွဲဖဲ့ပစ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် လှုပ်ရှားကာ အဆင့်မြင့် နတ်ဆိုးခေါင်းဆောင် တစ်ယောက်ကို ဖမ်းဆုပ်လိုက်၏။ ထိုနတ်ဆိုး ခေါင်းဆောင်သည် ဆယ်မီတာကျော်ခန့် ရှည်လျားကာ ငွေရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် တိုက်ပွဲအစမှ စတင်၍ ဝင်မပါဘဲ အဝေးမှသာ အော်ဟစ် ညွှန်ကြားနေသူ ဖြစ်သည်။
“ခရက် ...”
ချန်းဖန်က နတ်ဆိုး ခေါင်းဆောင်၏ အတောင်ပံများကို လိမ်ချိုးကာ ခန္ဓာကိုယ်မှ ဆွဲဖျက်ပစ်လိုက်၏။ နတ်ဆိုး ခေါင်းဆောင်မှာ နာကျင်စွာ အော်ဟစ်ကာ လျှို့ဝှက် နည်းစနစ်ကို သုံး၍ ရုန်းထွက်လိုက်သည်။ ချန်းဖန်က လက်ထဲမှ အတောင်ပံများကို လွှင့်ပစ်ကာ နတ်ဆိုး သင်္ဘောများထံသို့ ပြန်လည် ဦးတည်လိုက်၏။
“ဘုန်း ... ဘုန်း ... ဘုန်း ...”
စက္ကန့်ပိုင်း အတွင်းမှာပင် နတ်ဆိုးသင်္ဘော ငါးဆယ်ခန့် ပျက်စီးသွားပြန်သည်။ ရှေးဟောင်း နတ်ဆိုး သောင်းချီမှာလည်း သေဆုံးသွား၏။ စစ်ပွဲ အရှိန်က ဆက်လက် မြင့်တက်နေရာ ချန်းဖန်က ထျန်းမိန်ဓားကို ထုတ်ယူလိုက်သည်။
“ဘုန်း ...”
စွမ်းအင်ရင်းမြစ် ငါးခု၏ ပံ့ပိုးမှုတွင် ထျန်းမိန်ဓားသည် ပေတစ်သောင်း ကျယ်ပြန့်သော စွမ်းအင်လှိုင်းကို ထုတ်လွှတ်၏။ ချန်းဖန်က ဂါးအား ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးသင်္ဘော သုံးဆယ့် နှစ်စင်းမှာ ပေါက်ကွဲ သွားသည်။
“သူက အရမ်း အစွမ်းထက်တယ် ... ငါတို့ သူ့ကို မတားနိုင်တော့ဘူး ...”
များစွာသော နတ်ဆိုး ဗိုလ်ချုပ်များမှာ အလွန်တရာ ထိတ်လန့် တုန်လှုပ်နေကြပြီ ဖြစ်လေသည်။ ငွေရောင် ဝတ်စုံဝတ် အဆင့်မြင့် နတ်ဆိုး ခေါင်းဆောင်များ၏ မျက်နှာများမှာလည်း မည်းမှောင်လာကြ၏။
ချန်းဖန်၏ စွမ်းအားသည် အခြေတည် ဝိညာဉ်အဆင့် ကောင်းကင် အရှင်များနှင့် ကွာခြားခြင်း မရှိချေ။ သူသည် နတ်ဆိုး အရှင်များကို ယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
“နောက်ဆုတ် ... နောက်ဆုတ် ...”
နတ်ဆိုး ခေါင်းဆောင်များသည် အော်ဟစ် အမိန့်ပေး လိုက်ကြသည်။ သို့သော်လည်း ချန်းဖန်က သူတို့အား နောက်ဆုတ်ရန် အခွင့်မပေးခဲ့ချေ။ ထျန်းမိန်ဓားသည် ရုတ်တရက် အနက်ရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ရွေ့လျားသွား၏။ ၎င်းက တစ်ခဏ အတွင်းမှာပင် အသံ၏ အမြန်နှုန်းထက် အဆ တစ်ရာခန့် ပိုမို မြန်ဆန်သွားခဲ့သည်။
“ကလန့် ...”
ဓားအလင်း ထွက်ပေါ် မလာခင်မှာပင် ရှေးဟောင်း နတ်ဆိုးများမှာ ထက်ပိုင်းပြတ် သွား၏။ သွေးများက နေရာအနှံ့ ပြန့်ကျဲသွားကာ နာကျင်သော နတ်ဆိုး အော်ဟစ်သံများက ဆူညံစွာ ထွက်ပေါ်လာသည်။ ချန်းဖန်၏ တိုက်ခိုက်မှုကို မည်သူ တစ်ဦးတစ်ယောက်မျှ တားနိုင်ခဲ့ခြင်း မရှိချေ။
“သူ ... သူက ဘာလို့ သူက ဒီလောက် အစွမ်းထက်တာလဲ ... မဖြစ်နိုင်ဘူး ... လုံးဝ မဖြစ်နိုင်ဘူး ...”
ကျိုးကျူရှင်းမှာ ဓားအလင်းကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ရီလာခဲ့၏။ ထိုအချိန်၌ သူ၏ ချန်းဖန်အပေါ် လက်စားချေရန် အကြံအစည်ကား ကြက်ပျောက် ငှက်ပျောက် ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန်၏ လက်ရှိ စွမ်းအားသည် “သူ” တို့နှင့် မနှိုင်းယှဉ်နိုင် သေးသော်လည်း နောင်ရာစုနှစ် အနည်းငယ် အတွင်း၌ မည်ကဲ့သို့ ဖြစ်လာမည်ကို မည်သူမျှ မပြောနိုင်ချေ။
“ဘုန်း ...”
များစွာသော နတ်ဆိုး သင်္ဘောများ၊ နတ်ဆိုး စစ်သည်များကို ဖျက်ဆီးပြီးနောက် ချန်းဖန်သည် တော်ဝင်နတ်ဆိုး သင်္ဘောထံသို့ ရောက်ရှိလာခဲ့သည်။ သူ၏ အနက်ရောင် ဆံပင်ရှည်များ၊ အင်္ကျီလက်များသည် လေနှင့်အတူ လွင့်ပါနေကာ သူ၏ ထျန်းမိန်ဓားမှာ သွေးများဖြင့် စွန်းထင်းနေ၏။
ထိုအခိုက်၌ တိတ်ဆိတ်မှုနှင့် ကြောက်လန့်မှုသည် ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်းရှိ နတ်ဆိုးများ အကြား၌ ပျံ့နှံ့နေခဲ့တော့သည်။
***