ရှေးဟောင်း နတ်ဆိုး မင်းသား
Vol. 9 Ch. 869
"ဟူး ... ဟူး ...”
လေသည် တိုက်ခတ်နေ၏။ ကမ္ဘာ၏ များစွာသော အစိတ်အပိုင်းများမှာ အပျက်အစီးများ၊ အပေါက်များဖြင့် ပြည့်နှက်နေသည်။ ရှေးဟောင်းနတ်ဆိုး အလောင်းများ၊ နတ်ဆိုး သင်္ဘောပျက် များမှာ နေရာတစ်ကာ၌ ကျဲပြန့်နေခဲ့၏။
"ဟူး ... ဟူး ...”
ချန်းဖန်သည် တစ်ခုတည်း ကျန်ရစ်သော တော်ဝင်နတ်ဆိုး သင်္ဘော၏ အရှေ့တွင် ရပ်နေခဲ့သည်။ သူ၏ လက်တစ်ဖက်တွင် ဓားအား ဆုပ်ကိုင်ကာ သူ၏ အကြည့်များက ရေခဲကဲ့သို့ အေးစက်နေ၏။ သူသည် တိတ်ဆိတ်စွာပင် သူ၏ အရှေ့ရှိ တော်ဝင်နတ်ဆိုး သင်္ဘောကို ကြည့်နေခဲ့သည်။
"သူက အရမ်း အစွမ်းထက်တယ် ... သူက ရှေးဟောင်း နတ်ဆိုးအရှင် ဝင်စားတာလား မသိဘူး ...”
ကျန်ရှိနေသေးသော ရှေးဟောင်း နတ်ဆိုးများမှာ စိတ်ဓာတ်များ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။
ရာချီသော နတ်ဆိုး သင်္ဘောများ၊ သောင်းချီသော နတ်ဆိုး စစ်သည်များ ဒါဇင်ချီသော နတ်ဆိုး ဗိုလ်ချုပ်များနှင့် ငွေရောင် ဝတ်စုံဝတ် နတ်ဆိုး ခေါင်းဆောင် ငါးယောက်ပင် ထိုလူငယ်နှင့် သူ၏ဓားကို တားဆီးရန် မလုံလောက်ခဲ့ချေ။
"ဒဏ္ဍာရီတွေထဲမှာ အရမ်း အစွမ်းထက်တဲ့ ကျင့်ကြံသူတွေဟာ မျိုးနွယ်စု တစ်ခုကို တစ်ကိုယ်တည်း ရင်ဆိုင်နိုင်တယ်တဲ့ ... အစက ငါ မယုံကြည်ခဲ့ဘူး ... ဒါပေမဲ့ ခုတော့ အဲဒီလို ကျင့်ကြံသူမျိုးကို ငါတို့ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတာပဲ"
နောက်ဆုံး ကျန်ရစ်သော ငွေရောင် ဝတ်စုံဝတ် နတ်ဆိုး ခေါင်းဆောင်က တုန်ရီစွာ ရေရွတ် လိုက်သည်။
သူသည် သူ၏မျိုးဆက် အကြား၌ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ ဓားကိုမူ သူသည် တစ်ချက်ပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
"ကောင်းကင်သားတော်က ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ ...”
နတ်ဆိုး ခေါင်းဆောင်နှင့် အခြား လူများက တော်ဝင်နတ်ဆိုး သင်္ဘောကို ကြည့်လိုက် ကြသည်။
တော်ဝင် မိသားစုသည် ရှေးဟောင်း နတ်ဆိုးမျိုးနွယ် အကြား၌ ပြိုင်ဘက်ကင်းဟု သတ်မှတ်နိုင်သည်။ ထို့အတူ ကောင်းကင် သားတော်သည် ရန်သူများနှင့် တိုက်ခိုက်ရာတွင် ဘယ်သော အခါတွင်မှ မရှုံးဖူးချေ။
ထိုအတွေးက ကျဆင်းနေသော ရှေးဟောင်း နတ်ဆိုးများ၏ စိတ်များကို ပြန်လည် ထက်သန် လာစေ၏။ သူတို့ အားလုံးက တော်ဝင် နတ်ဆိုး သင်္ဘော ရှိရာသို့ မျှော်လင့်တကြီး ကြည့်မိကြသည်။ သူတို့၏ အမြင်၌ တော်ဝင်နတ်ဆိုး သင်္ဘောမှာ သင်္ဘောတစ်စင်း မဟုတ်တော့ချေ။ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော ကယ်တင်သူသာ ဖြစ်ပေသည်။
"ခရက် ...”
ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် တော်ဝင်နတ်ဆိုး သင်္ဘော၏ တံခါးသည် ပွင့်လာကာ ခြေထောက်တစ်ဖက် ထွက်ပေါ် လာခဲ့၏။
"ဘုန်း ...”
ထိုခြေထောက်သည် အမှောင် မိစ္ဆာသံဖြင့် ပြုလုပ်ထားသည့် ကြီးမားသော ခြေထောက်ကြီး အသွင်ရှိသည်။ ကြောက်မက်ဖွယ် လှိုင်းတစ်ခုသည် လေထု၌ ဖြစ်ပေါ်လာရာ ကမ္ဘာနှစ်ခု ဆုံမှတ်ပင် တုန်ရီသွား၏။
"အရှင် ကောင်းကင်သားတော် ...”
များစွာသော ရှေးဟောင်း နတ်ဆိုးများမှာ သူတို့၏ လက်များကို မြှောက်ကာ ဒူးထောက်ချ လိုက်သည်။ သူတို့၏ မျက်လုံးများမှာလည်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် လာခဲ့၏။
"အဲဒါက နတ်ဆိုး မင်းသားပဲ ... သူက ရှေးဟောင်း နတ်ဆိုး ဧကရာဇ်တွေက ဆင်းသက်လာတဲ့ တော်ဝင်သွေး ပိုင်ရှင် တစ်ယောက် ဖြစ်တယ် ... တောင်တန်းတွေတောင် သူ့ခြေထောက်အောက်မှာ တုန်ရီရတယ် ... ချန်းပေ့ရွှမ်း သူ့ကို ယှဉ်နိုင်မလား ကြည့်ရမယ်"
ကျိုးကျူရှင်းမှာ မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။ ရှေးဟောင်း နတ်ဆိုး မျိုးနွယ်များ အကြားတွင် အောက်ပါအတိုင်း အဆင့်များ ခွဲခြားထားသည်။
မူလ အဆင့် နတ်ဆိုးများကို ရိုးရိုး စစ်သည်များ အဖြစ် သတ်မှတ်ကြသည်။ ရွှေအမြုတေ အဆင့် နတ်ဆိုးများကို နတ်ဆိုး ဗိုလ်ချုပ်များအဖြစ် ခေါ်ကြပြီး အခြေတည် ဝိညာဉ်အဆင့် နတ်ဆိုးများမှာမူ နတ်ဆိုး အမိန့်ပေးသူများ ဖြစ်သည်။ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် ရောက်ရှိနေသော နတ်ဆိုးများသာလျှင် မဟာ ကျင့်ကြံသူဟူသော ဘွဲ့ထူးကို ရရှိကာ ရှေးဟောင်း နတ်ဆိုး ဧကရာဇ်များ ဖြစ်လာကြသည်။
နတ်ဆိုး မင်းသားသည် တော်ဝင် မိသားစုမှ ဆင်းသက်လာရာ ရှေးဟောင်း နတ်ဆိုး ဧကရာဇ်များ၏ မျိုးဆက်ဟု ဆိုနိုင်သည်။ ရှေးဟောင်း နတ်ဆိုး ဧကရာဇ်များ၏ မျိုးဆက်များသည် ထူးခြားသော မွေးရာပါ စွမ်းအားများကို ပိုင်ဆိုင်ကြသည်။ သူတို့သည် အရွယ်ရောက်လာသည်နှင့် အခြေတည် ဝိညာဉ် အဆင့်သို့ အလိုအလျောက် ရောက်ရှိနိုင်ကြသည်။
"ဘုန်း ...”
နောက်ဆုံး၌ နတ်ဆိုး မင်းသားသည် အားလုံး၏ အကြည့်များ အောက်တွင် ပေါ်လာခဲ့သည်။ သူသည် အနက်ရောင်သံဖြင့် ပြုလုပ်ထားပြီး ထူးဆန်းသော သင်္ကေတများ ရေးထိုးထားသည့် သံချပ်ကာကို ဝတ်ဆင်ထား၏။ သူ၏ မျက်နှာသည် ငယ်ရွယ်ဟန်ရပြီး သူ၏ မျက်လုံးများက နီရဲနေသည်။ သူ၏ ထွက်ပေါ်လာမှုက လေထုအား ကမ္ဘာဖြင့် ထုခြေလိုက်သလို ဖိအားကို ဖြစ်ပေါ်စေသည်။
"ငါ အံ့အားသင့်မိတယ် လူသား ... မင်းက ငါ့ စစ်သည်တွေ အများကို သတ်ဖြတ်ခဲ့တယ် ... မင်းသွေးက ဟိုမိန်းမ နှစ်ယောက်ရဲ့ သွေးထက် ပိုပြီး သန်မာမှာပဲ ... ငါ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့လက်တွေနဲ့ အပိုင်းပိုင်း ဆွဲဖဲ့ပစ်မယ် ... မင်းရဲ့ သေခြင်းက ငါတို့ရဲ့ မဟာနတ်ဆိုး သခင်အတွက် ယဇ်ပူဇော်မှု ဖြစ်စေမယ်"
နတ်ဆိုး မင်းသားက မူလ ဘာသာစကားဖြင့် ပြောလိုက်သည်။ သူ၏ အသံသည် ရေခဲကဲ့သို့ အေးစက်နေကာ လူသားတိုင်းကို တုန်လှုပ်စေနိုင်၏။
"ငါ မင်းရဲ့သွေးနဲ့ ကောင်းကင်ဆေးလုံးတစ်ခု ဖော်စပ်သင့်တယ် ... မင်းလို သန့်စင်တဲ့ နတ်ဆိုးသွေး ပိုင်ရှင်တွေက ရှာရတာ အတော်လေး ခက်တယ်"
ချန်းဖန်က ပြုံးလိုက်၏။
ရှေးဟောင်း နတ်ဆိုး မင်းသား၏သွေးသည် ကောင်းကင်သားရဲ၏ သွေးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ချန်းဖန်သည် ထိုသွေးကို အသုံးပြုပါက အခြား ကောင်းကင်အဆင့် အမြုတေ တစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။
"မင်းက သေချင်နေတာပဲ ...”
နတ်ဆိုး မင်းသား၏ အကြည့်များမှာ ပို၍ အေးစက်လာသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုဓားသည် ရှည်လျားကာ ကိုယ်ထည်၌ သံချပ်ကာ ဝတ်စုံကဲ့သို့ သင်္ကေတများ ရေးထိုးထားသည်။
"မင်းက အခုတော့ ငါ့အတွက် ထိုက်တန်တဲ့ ပြိုင်ဘက်ပဲ ... ဒါပေမဲ့မင်းက အဲဒီ စွမ်းအားကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မှာလဲ ... ဆယ်မိနစ်လား မိနစ် နှစ်ဆယ်လား ... အဲဒီ စွမ်းအား ကုန်ဆုံးသွားရင် မင်း ဘာလုပ်မှာလဲ ...”
နတ်ဆိုးမင်းသားက လှောင်ပြောင်ကာ ပြုံးရင်း မေးလိုက်၏။ သူသည် အစွမ်းထက်သူ တစ်ယောက် ဖြစ်ရာ ချန်းဖန်၏ အားနည်းချက်ကို အလွယ်တကူပင် ဖြတ်၍ မြင်နိုင်ခဲ့သည်။
ချန်းဖန်၏ စွမ်းအားသည် အမြုတေ ငါးခုမှ ရရှိလာခြင်း ဖြစ်သည်။ သို့သော်လည်း ရွှေအမြုတေနှင့် မတူညီစွာပင် အမြုတေများ၏ စွမ်းအား ကုန်ဆုံးမှုမှာ များပြားလွန်း၏။
ချန်းဖန်တွင် ရွေးချယ်စရာ နှစ်ခု ရှိခဲ့သည်။ ပထမ တစ်ခုမှာ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရန် ဖြစ်ပြီး ဒုတိယ တစ်ခုမှာ အရာ အားလုံးကို အစမှ ပြန်လည် စတင်ရန် ဖြစ်သည်။
ချန်းဖန်သည် ဒုတိယ တစ်ခုကို ရွေးချယ်ခဲ့ပြီး အမြုတေ သုံးခုကို လောင်ကျွမ်း ပစ်ခဲ့သည်။ ယခုဆိုလျှင် သူ၏ ခန္ဓာကိုယ် အတွင်း၌ အမြုတေ နှစ်ခုသာ ကျန်ရစ်တော့၏။
"မင်းကို သတ်ဖို့တော့ လုံလောက်ပါတယ် ...”
ချန်းဖန်၏ မျက်နှာက မပြောင်းမလဲ တည်ငြိမ်နေခဲ့၏။ သူက ဓားအား လက်ချောင်းဖြင့် တစ်ချက်တောက်ကာ ရန်သူအား ကြည့်လိုက်သည်။
"မင်း ဒီနေ့ သေရမယ် ...”
"ဘုန်း ...”
ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်းရှိ လူတိုင်း၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကား နောက်ဆုံး၌ စတင်ခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲစတင်သည်နှင့် သူတို့ နှစ်ဦးသည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့၏။
"ကလန့် ...”
ထျန်းမိန်ဓားနှင့် ရှေးဟောင်း နတ်ဆိုး ဧကရာဇ်၏ ဓားတို့သည် တစ်ခုနှင့် တစ်ခု ထိခတ်ရာ ဟင်းလင်းပြင်ပင် တုန်ခါ သွားသည်။ ကြောက်မက်ဖွယ် လှိုင်းများကလည်း ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း စတင် ပျံ့နှံ့လာ၏။
များစွာသော နတ်ဆိုးစစ်သည်များမှာ လှိုင်းများ၏ ရိုက်ခတ်မှုတွင် သေဆုံးကုန်သည်။ ထိုအခိုက်အတန့်၌ အသက်ကယ် ရတနာများ မပိုင်ဆိုင်ထားပါက ကျိုးကျူရှင်းပင်လျှင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
"ကလန့် ...”
"ကလန့် ...”
"ကလန့် ...”
တစ်စက္ကန့် အတွင်းမှာပင် ဓားနှစ်ခုသည် မရေမတွက်အောင် ထိခတ်ကြ၏။ ကောင်းကင် တစ်ခွင်လုံးမှာလည်း လူရိပ်မပေါ်ဘဲ ဓားအရိပ်များဖြင့် ပြည့်နှက် နေခဲ့သည်။ စစ်မြေပြင်သည် ကြီးမားသော အနက်ရောင် အပေါက်ကြီး တစ်ခုအဖြစ် ပြောင်းလဲကာ အရာအားလုံးကို ဝါးမျိုလေ၏။ ထိုအခါ ၎င်းကို ဗဟိုပြု၍ လေဟာနယ် မုန်တိုင်း တစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။
"ဒါ ... ဒါက ရွှေအမြုတေ အဆင့်တွေ ကြားက တိုက်ပွဲလား ... ဘာလို့ သူတို့က ကောင်းကင် အရှင်တွေလောက်တောင် အစွမ်းထက် နေရတာလဲ"
ကျိုးကျူရှင်း၏ ခြေထောက်များက တုန်ရီ၍ လာသည်။ သူသည် ပေ့ဟန်နယ်၏ အရှင်ဖြစ်ကာ သူ့ကိုယ်သူ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ အကြား၌ အစွမ်း အထက်ဆုံးဟု ယူဆခဲ့သည်။ ဟန်ကျုံး သတ်မှတ်ချက်ဝင် ကျင့်ကြံသူများကိုပင် သူ အထင်မကြီးခဲ့ချေ။ သို့သော်လည်း ယခု ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက သူ၏ စွမ်းအားက ပုရွက်ဆိတ်လောက်သာ ရှိသည်။ ချန်းဖန်နှင့် နတ်ဆိုးမင်းသား နှစ်ယောက်စလုံးသည် သူ့အား လက်တစ်ချောင်း မြှောက်ရုံဖြင့် သတ်ပစ်နိုင်သည်။
များစွာသော ရှေးဟောင်း နတ်ဆိုးများမှာလည်း ကြောက်လန့် နေကြ၏။ နတ်ဆိုး မင်းသားသည် အခြေတည် ဝိညာဉ်အဆင့်သို့ ရောက်တော့မည့်သူ ဖြစ်သည်။ သူသည် တိုက်ပွဲတိုင်း တစ်ခါမျှ မရှုံးဖူးသလို ရှေးဟောင်းနတ်ဆိုး အရှင်၏ ရှေးဟောင်း နတ်ဆိုး သံချပ်ကာနှင့် နတ်ဆိုး ဓားရတနာ နှစ်ခုကို ပိုင်ဆိုင်ထားသေးသည်။
သို့သော်လည်း လူသားမျိုးနွယ် လူငယ်သည် နတ်ဆိုး မင်းသားကို ယှဉ်၍ တိုက်ခိုက်နိုင်သည့် အပြင် အသာစီးပင် ယူထားသေးသည်။ သူက အဘယ်ကြောင့် ဤမျှ အစွမ်းထက် နေရသနည်း။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
တိုက်ပွဲသည် ပိုမို၍ ပြင်းထန်လာသည်။
ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ ခွန်ပန်၊ လိန်ဟူနှင့် အစစ်အမှန် ကောင်းကင် အမြုတေ သုံးခုသည် အဆက်မပြတ် လောင်ကျွမ်းကာ အဆုံးမဲ့ စွမ်းအားများကို ထျန်းမိန်ဓား အတွင်း သွန်းလောင်းသည်။ တစ်ချိန်တည်း၌ ထျန်းမိန်ဓားမှာ ပြင်းထန်စွာ တုန်ရီကာ စူးရှသော ဓားအလင်းများကို ထုတ်လွှတ်သည်။
ထျန်းမိန်ဓားသည် အဆင့်မြင့် ဝိညာဉ် ရတနာတစ်ခု ဖြစ်သော်လည်း နတ်ဆိုးဓားကို ယှဉ်နိုင်ခြင်း မရှိချေ။ ရင်းမြစ် သုံးခု၏ စွမ်းအားကို အသုံးပြုရန် ၎င်းသည် ရုန်းကန်နေရ၏။ သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိဘဲ သူ၏ စွမ်းအားကို နှစ်ဆ တိုးမြှင့်လိုက်သည်။
"ကလန့် ...”
အဆုံး၌ ထျန်းမိန်ဓား၏ အရှိန်အဝါသည် ကောင်းကင်ဓား အဖြစ်သို့ ပြောင်းလဲသွား၏။ ချန်းဖန်က ကောင်းကင်ဓားအား ယူဆောင်ကာ နတ်ဆိုးဓားကို ခုတ်ပိုင်းလိုက်သည်။ ထိုတိုက်ခိုက်မှုသည် အနက်ရောင်ဓားအား ကျော်ဖြတ်ကာ နတ်ဆိုး မင်းသား၏ အပေါ်သို့ အလျားလိုက် ကျ၏။
"ဘုန်း ...”
နတ်ဆိုး မင်းသားသည် ကောင်းကင်မှ ပြုတ်ကျကာ သွေးများမှာ နေရာအနှံ့ ပြန့်ကျဲသွားသည်။ သူ ကျရောက်သော မြေပြင်တွင်လည်း ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်သွား၏။
ကျိုးကျူရှင်းနှင့် များစွာသော ရှေးဟောင်း နတ်ဆိုးများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။ ထိုလူသားက နတ်ဆိုးမင်းသားကို အနိုင် ယူလိုက်သည်လား။
***