← Chapters

မိုးကြိုး ကပ်ဘေး

Vol. 9 Ch. 871

မိုးကြိုး ကပ်ဘေး

Vol. 9 Ch. 871

ရှေးဟောင်း နတ်ဆိုး မင်းသားကား သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ချန်းဖန်သည် အခြေတည် ဝိညာဉ် အဆင့်ဖြစ်ရန် သေချာသည့် ရှေးဟောင်းနတ်ဆိုး တော်ဝင် မိသားစုဝင် တစ်ယောက်ကို အနိုင်ယူခဲ့သည်။ မရေမတွက်နိုင်သော ရှေးဟောင်း နတ်ဆိုးများမှာ ဖြူရော် နေ၏။ သူတို့သည် ထိုအရာကို မယုံကြည်နိုင်ကြချေ။

"သူက တကယ်ကြီး ရှေးဟောင်း နတ်ဆိုး မင်းသားကို အနိုင်ယူလိုက်တာလား ... ဘယ်လို ဖြစ်နိုင်မှာလဲ ...”

ကျိုးကျူရှင်းပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အနေခဲ့၏။

ကျူးဝမ် မျိုးနွယ်ကို ကျိန်စာတိုက်ခဲ့သော လူများပင် ရှေးဟောင်းနတ်ဆိုး မျိုးနွယ်ကို ရန်မစဝံ့ချေ။ သို့သော်လည်း ထိုအကောင်က တော်ဝင် မိသားစုမှ မင်းသားကိုပင် သတ်ဖြတ်ခဲ့သည်။ ထိုအရာက ရူးသွပ်ဖွယ် ကောင်းလွန်း၏။

"သောက်ရူးကောင် ... မင်း ဘာလို့ အဆုံးထိ မတိုက်ခိုက်တာလဲ ... ဒီလိုလုပ်တာက မင်း အတွက်ရော ငါ့အတွက်ရော ဘာကောင်းတာ ရှိလို့လဲ"

ရှေးဟောင်း နတ်ဆိုး မင်းသား၏ နတ်ဘုရား စိတ်ဝိညာဉ်က ရူးသွပ်စွာဖြင့် အော်ဟစ် လိုက်၏။

သူသည် အသက်ရှင်နေဆဲ ဖြစ်သော်လည်း သူ၏မိစ္ဆာ အမြုတေမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ဘယ်သော အခါမှ ပြန်လည် နာလန်ထူ နိုင်တော့မည် မဟုတ်ချေ။

"ဟဟ ... မင်းကို သတ်ရတာနဲ့ ထိုက်တန်ပါတယ် ...”

ချန်းဖန်က ဖြူရော်စွာ ပြုံးလိုက်၏။

နောက်ဆုံး တိုက်ခိုက်မှု၌ သူသည်လည်း အနည်းငယ်ပင် မသက်သာခဲ့ချေ။ နတ်ဆိုးဓားသည် ထျန်းမိန်ဓားကို နှစ်ပိုင်းပိုင်းကာ သူ၏ပခုံးကို ထိုးဖောက်သွားခဲ့သည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ်ကို ထက်ပိုင်းပိုင်းလုနီးပါး အထိပင် ဖြစ်ခဲ့သည်။

ထို့နောက် ချန်းဖန်က အစီအရင်တစ်ခု ဖန်တီးကာ ရှေးဟောင်းနတ်ဆိုး မင်းသား၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ၎င်း၏သွေးကို စုစည်းကာ ဓားအားဖြည့် ကျောက်မျက်အတွင်း သိမ်းဆည်းလိုက်သည်။

ရှေးဟောင်းနတ်ဆိုး တော်ဝင် မိသားစုဝင် တစ်ယောက်၏ သွေးသည် အလွန် တန်ဖိုးရှိကာ ကောင်းကင် သားရဲတစ်ကောင်၏ သွေးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ သူ့အနေဖြင့် ရှေးဟောင်း နတ်ဆိုး မင်းသားကို ဆေးဖော်စပ် အသုံးပြုပါက အခြား ကောင်းကင်အဆင့် အမြုတေ တစ်ခုကို ဖွဲ့စည်း နိုင်ပေလိမ့်မည်။

"ဒါပေမဲ့ နောက်ကျသွားပြီ ...”

ချန်းဖန်က ဖြူရော်စွာ ပြုံးကာ ကောင်းကင်သို့ မော့ကြည့်လိုက်၏။

ထိုအချိန်၌ ကမ္ဘာနှစ်ခု ဆုံမှတ်၏ အပြင်ဘက် ကောင်းကင် မိုင်သုံးထောင်ခန့်သည် မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ပေထောင်ချီ ရှည်လျားသော အလင်း နဂါးများသည် မိုးကြိုးတိမ်တိုက်များ အကြား၌ လှည့်လည် ပျံသန်းနေ၏။

မိုးကြိုး တိမ်တိုက်များကား အပြည့်အဝ ဖွဲ့စည်းပြီးသွားခဲ့ပြီ ဖြစ်ရာ မိုးကြိုးကပ်ဘေးကား မကြာခင် စတင်တော့မည် ဖြစ်သည်။ ချန်းဖန်သည် အမြုတေများကို အသက်သွင်း၍ အဆုံးထိ တိုက်ခိုက်ခဲ့ရာ သူ့အနေဖြင့် မိုးကြိုး ကပ်ဘေးက ကျိန်းသေ ဖြတ်ကျော်ရတော့မည် ဖြစ်သည်။

"ဒီတိုက်ပွဲမှာ ဆုံးရှုံးခဲ့တာ တော်တော် များတာပဲ ...”

ချန်းဖန်က လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ အမြုတေ ငါးခုအနက် လေးခုမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ သူ့တွင် ရွှမ်ဝူ အမြုတေ တစ်ခုသာ ကျန်ရစ်တော့သည်။

ချန်းဖန်၏ ပထမ အစီအစဉ်မှာ ကောင်းကင် အမြုတေ ငါးခု ပေါင်းစည်းကာ အထွတ်အထိပ် အမြုတေ ဖွဲ့စည်းရန် ဖြစ်သည်။ သို့သော်လည်း ယခု၌ မိုးကြိုး ကပ်ဘေးက ကျရောက်လာပြီ ဖြစ်ရာ ထိုသို့ ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။

"ဘာပဲဖြစ်ဖြစ်လေ ကောင်းကင် အဆင့် အမြုတေကလည်း မဆိုးပါဘူး ... နောက်ပြီး ရွှမ်ဝူ ဆိုတာက ကောင်းကင် သားရဲတွေထဲမှာ အစွမ်း အထက်ဆုံးပဲမလား ... ရွှမ်ဝူ ကောင်းကင် ရွှေအမြုတေနဲ့တင် ငါ ဒီထျန်းဟောင် ဂြိုဟ်ပေါ်မှာ ထင်တိုင်းကြဲလို့ ရပါတယ်"

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ သူသည် သူ၏ ဆုံးဖြတ်ချက်အတွက် နောင်တရခြင်း မရှိချေ။

"ဟူး ...”

ထို့နောက် ချန်းဖန်က ကောင်းကင်မှ နေ၍ ကျိုးကျူရှင်း၏ နံဘေးသို့ ဆင်းသက်လိုက်၏။

"ငါ့ကို ကာကွယ်ပေးထား ... မိုးကြိုးကပ်ဘေး မလာခင် ငါ ရထားတဲ့ ဒဏ်ရာတွေကို ကုစားလိုက်ဦးမယ်"

သူက နတ်ဆိုးဓားကို ဘေးတွင် စိုက်ကာ စတင် ကျင့်ကြံလိုက်၏။

"ဟူး ... ဟူး ...”

ချန်းဖန်သည် ခွန်ပန် ပန်းချီ ကျင့်စဉ်ကို အသက်သွင်းထားရာ အနက်ရောင် လေပွေ တစ်ခုက သူ၏နောက်တွင် ပေါ်နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် စွမ်းအားများသည် နဂါး တစ်ကောင်အလား သူ၏ ခန္ဓာကိုယ်အတွင်း စီးဝင်နေ၏။ တစ်ချိန်တည်း၌ ကမ္ဘာသစ်ပင်၏ အရိပ်ကလည်း သူ၏ ဦးခေါင်းထက်တွင် နေရာယူကာ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်းရှိ သစ်သား ဝိညာဉ်ချီကို စုပ်ယူနေခဲ့သည်။

"ဟူး ... ဟူး ...”

စက္ကန့်ပိုင်း အတွင်းမှာပင် ချန်းဖန်၏ ဒဏ်ရာများမှာ တဖြည်းဖြည်း ပျောက်လာကာ သူ၏ စွမ်းအားမှာလည်း ပြန်လည် မြင့်တက်လာ၏။

ကျိုးကျူရှင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်ရှုပ်ထွေး လာခဲ့သည်။ ထိုအခိုက်အတန့်သည် ချန်းဖန်၏ အားအနည်းဆုံး အချိန်ဖြစ်ရာ သူ့အနေဖြင့် တိုက်ခိုက်ပါက ချန်းဖန်ကို သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်သည်။ သို့သော်လည်း ချန်းဖန်သာ ဒဏ်ရာများမှ ပြန်လည် သက်သာလာပါက သူ့အနေဖြင့် တစ်ဘဝလုံး ပြန်လည် လက်စားချေနိုင်တော့မည် မဟုတ်ချေ။

ထိုသို့ တွေးနေသည်က ကျိုးကျူရှင်း တစ်ယောက်တည်း မဟုတ်ချေ။ ရှေးဟောင်းနတ်ဆိုး ဗိုလ်ချုပ်များ၏ မျက်လုံးများမှာလည်း ချန်းဖန်ကို ကြည့်ကာ ပိုမို၍ နီရဲလာကြ၏။

"မင်းသားအတွက် သတ်ကြဟေ့ ... မင်းသားအတွက် ပြန်ပြီး လက်စားချေကြဟေ့ ...”

ငွေရောင် ဝတ်စုံဝတ် နတ်ဆိုး ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ များစွာသော နတ်ဆိုး စစ်သည်များ၊ နတ်ဆိုး ဗိုလ်ချုပ်များမှာ ချက်ချင်းပင် ချန်းဖန်ထံသို့ တိုးဝင် သွားကြသည်။

"မင်းတို့ သူ့ကို ထိရဲထိကြည့် ...”

ကျိုးကျူရှင်းက ကောင်းကင်သို့ ပျံတက်ကာ ငွေရောင် ဝတ်စုံဝတ် နတ်ဆိုး ခေါင်းဆောင်ကို တားဆီးလိုက်သည်။ သို့သော်လည်း သူသည် အခြား နတ်ဆိုး ဗိုလ်ချုပ်များ၊ နတ်ဆိုး စစ်သည်များကိုမူ ချန်းဖန်အား တိုက်ခိုက်ခွင့် ပေးလိုက်သည်။

ကျိုးကျူရှင်းက ငွေရောင် ဝတ်စုံဝတ် နတ်ဆိုး ခေါင်းဆောင်အား တိုက်ခိုက်လိုက်သလို တစ်ချိန်တည်း၌ ချန်းဖန်အား အကဲခတ် လိုက်သည်။ ချန်းဖန်တွင် ဝှက်ဖဲများ ရှိဦးမည် ဖြစ်ကြောင်း သူ သံသယ ရှိ၏။

သူမျှော်လင့်ထားသည့် အတိုင်းပင် ...

"ကလန့် ...”

ရှင်းလင်း ကြည်လင်သော အသံတစ်ခု ကောင်းကင်တွင် ထွက်ပေါ်လာသည်။ နတ်ဆိုးဓားသည် အနက်ရောင် ဓားအလင်း အသွင်ပြောင်းကာ နတ်ဆိုး ဗိုလ်ချုပ် တစ်ယောက်ကို ထက်ပိုင်းပိုင်း သွား၏။

"ဘုန်း ...”

တစ်ချိန်တည်း၌ ချန်းဖန်၏ နောက်ရှိ အနက်ရောင် လေပွေသည် ပိုမို၍ ကြီးမားလာကာ မိုင်တစ်ရာခန့် အထိ ကျယ်ဝန်းသွားသည်။ ထို့နောက် ၎င်းက ဝါးမျိုခြင်း စွမ်းအားကို ထုတ်လွှတ်ကာ စတင် ဝါးမျိုတော့၏။

"ဘုန်း ... ဘုန်း ... ဘုန်း ...”

မရေမတွက်နိုင်သော နတ်ဆိုး စစ်သည်များမှာ ပေါက်ကွဲကာ စွမ်းအင် ရင်းမြစ်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း စီးဝင်ကာ ဓမ္မ စွမ်းအားအသွင် အဖြစ် သန့်စင်ခြင်း ခံရ၏။

"အဲဒါ ထောင်ချောက်ပဲ ...”

နတ်ဆိုး ဗိုလ်ချုပ် တစ်ယောက်က အော်ဟစ်လိုက်သည်။

များစွာသော နတ်ဆိုး စစ်သည်များကလည်း အလန့်တကြား နောက်ဆုတ်ကြသည်။ သို့သော်လည်း ခွန်ပန်ပန်းချီ ကျင့်စဉ်မှာ အလွန် အစွမ်းထက်လွန်း၏။ အနက်ရောင် စုပ်ဝဲသည် ပိုမို၍ ကျယ်ဝန်းလာကာ မိုင်သုံးရာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ အဆုံး၌ သုံးသိန်းသော နတ်ဆိုး စစ်သည်များနှင့် နတ်ဆိုး ဗိုလ်ချုပ်များမှာ ပေါက်ကွဲကာ ချန်းဖန်၏ ဓမ္မစွမ်းအား ရင်းမြစ်အဖြစ် သန့်စင်ခြင်း ခံလိုက်ရတော့၏။

"ဒါက ...”

ကျိုးကျူရှင်းမှာ ထိုမြင်ကွင်းအား ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။ ငွေရောင် ဝတ်စုံဝတ် နတ်ဆိုး ခေါင်းဆောင်မှာမူ ကမ္ဘာနှစ်ခု ဆုံမှတ်မှထွက်ကာ လေဟာနယ် မုန်တိုင်း အကြားသို့ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။

"ဟူး ... ဟူး ...”

သိန်းချီသော နတ်ဆိုး စစ်သည်များ၏ စွမ်းအားကို စုပ်ယူပြီးနောက် ချန်းဖန်၏ ခန္ဓာကိုယ်မှာ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြန်လည် ကောင်းမွန် လာခဲ့သည်။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ပခုံးရှိ ဒဏ်ရာသည် ပျောက်ကွယ်သွားကာ ရွှမ်ဝူ အမြုတေမှာလည်း ကြက်ဥ အရွယ်သို့ ပြန်လည် ရောက်လာခဲ့၏။

တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ် အတွင်းတွင် အခြား အမြုတေ လေးခုမှာ ပြန်လည် ဖြစ်တည်လာခဲ့၏။ သို့သော်လည်း ထိုအရာများမှာ ဆန်စေ့ အရွယ်ခန့်သာရှိရာ အစစ်အမှန် အမြုတေ တစ်ခု ဖြစ်လာရန် ဝေးကွာနေဆဲ ဖြစ်သည်။

နာရီဝက် အကြာ၌ ချန်းဖန်မှာ သက်ပြင်းချကာ ထိုင်ရာမှ ထလိုက်သည်။ ထိုအချိန်၌ သူ၏ ရွှမ်ဝူ အမြုတေမှာ အမြင့်ဆုံး အနေအထားသို့ ပြန်လည်ရောက်ရှိ နေခဲ့ပြီဖြစ်ရာ မိုးကြိုး ကပ်ဘေးကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

"အချိန်သိပ်မရတာ ကံဆိုးတာပဲ ... ငါသာ သုံးလလောက် အချိန်ရရင် အခြား ကောင်းကင် အမြုတေ နှစ်ခုလောက်ကို ဖွဲ့စည်းနိုင်မှာ ... အဲဒီအခါကျရင် အထွတ်အထိပ် အမြုတေကို ဖွဲ့စည်းဖို့ အခြေအနေ ပိုကောင်းသွားမှာ ... ဘာပဲဖြစ်ဖြစ် အဲဒါက ကောင်းကင်အဆင့် အမြုတေထက်တော့ သာမှာသေချာတယ်"

ချန်းဖန်က ခေါင်းအား ခါလိုက်သည်။ ထိုအခိုက်အတန့်၌ သူ လုပ်နိုင်သော အရာ မရှိတော့ချေ။ မိုးကြိုး ကပ်ဘေးက ပြည့်စုံစွာ ဖွဲ့စည်းပြီးပြီ ဖြစ်ရာ ယခု မကြာမီ ကျရောက်လာတော့မည် ဖြစ်သည်။

"ဘုန်း ...”

ကောင်းကင်ရှိ မိုးကြိုးများမှာ စတင်ရန် မြည်သံဟိန်း လာကြ၏။

ကောင်းကင် နတ်ဆိုး မိုးကြိုး၊ ဒြပ်စင် ငါးခု မိုးကြိုး၊ ဖျက်ဆီးခြင်း နတ်မိုးကြိုး၊ အမတေ မိုးကြိုး ... စသည်ဖြင့် မတူ ကွဲပြားသော မိုးကြိုးများစွာမှာ တိမ်တိုက်များ အတွင်း လင်းလက် လာကြသည်။ ၎င်းမိုးကြိုး တစ်ခုချင်းစီသည် အလွန် ပြင်းထန်လှရကား မိုင်တစ်ရာ ဧရိယာကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်၏။

"ဒါ ... ဒါက မိုးကြိုး ကပ်ဘေး မဟုတ်ဘူး ... အခြေတည် ဝိညာဉ် ကပ်ဘေးပဲ"

မိုးကြိုးတိမ်တိုက်၏ အောက်၌ ကျိုးကျူရှင်းမှာ လူသား အသွင်ဖြင့်ပင် မနေရဲတော့ချေ။ သူက ကြီးမားသော ကောင်းကင်မျိုမြွေ အသွင် ပြောင်းကာ မြေပြင်၌ တုန်ရီနေ၏။

တစ်ချိန်တည်း၌ ချန်းဖန်က တည်ငြိမ်စွာပင် ကောင်းကင်သို့ မော့ကြည့်နေသည်။ သူ၏ မျက်လုံးများက အဆုံးမဲ့ ကြည်လင် တောက်ပနေ၏။

"မိုးကြိုးကပ်ဘေး ရောက်လာပြီ ဆိုတော့ ငါ ပုန်းနေလို့ မရတော့ဘူး ... ရင်ဆိုင် ရတော့မှာပေါ့ ... အထွတ်အထိပ် အမြုတေကို မဖွဲ့စည်း နိုင်တော့ရော ဘာအရေးလဲ ... ငါ့မှာ အခြား အခွင့်အရေးတွေ အများကြီး ရှိသေးတယ် ... အတိတ်ဘဝတုန်းက အဆင့်ခုနစ် အမြုတေကိုပဲ ငါဖွဲ့စည်းနိုင်ခဲ့တယ် ... ဒါပေမဲ့ အဆုံးမှာတော့ ကြီးမားတဲ့ ကံကောင်းမှု ရခဲ့တာပဲ"

"ရား ...”

ရွှမ်ဝူ သားရဲက ကျယ်လောင်စွာ ဟိန်းဟောက်ကာ ချန်းဖန်၏ နောက်၌ ပေါ်လာ၏။ ၎င်းကလည်း ဓမ္မ အသွင်ကို ယူကာ မိုးကြိုးကပ်ဘေးကို ရင်ဆိုင်သည်။ မရေမတွက်နိုင်သော အလင်း နဂါးများသည် မိုးကြိုးခက်များ အသွင်ဖြင့် ချန်းဖန်ထံသို့ တိုးဝင်ရန် ပြင်လိုက်ကြသည်။

ထို့နောက် မိုးကြိုးကပ်ဘေး ရောက်လာလု ဆဲဆဲမှာပင် ...

"ဘုန်း ...”

ထူးဆန်းသော ခံစားချက် တစ်ခုက ချန်းဖန်၏ စိတ်တွင် ပြည့်နှက်လာ၏။ တောက်ပသော အလင်း တစ်ခုသည် သူ၏ ဝိညာဉ်မှ ထွက်ပေါ်လာကာ ရွှမ်ဝူ အမြုတေ အတွင်း တိုးဝင်သွားသည်။

"ဘုန်း ...”

ထိုအလင်းနှင့် ရိုက်ခတ်သည်နှင့် ရွှမ်ဝူ အမြုတေမှာ တောက်ပသော အလင်း စက်ဝိုင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်း စက်ဝိုင်းက စူးရှစွာ တောက်ပလာပြီး တစ်ချိန်တည်း၌ မျက်နှာပြင်တွင် ထူးဆန်းသော သင်္ကေတများ ပေါ်လာခဲ့သည်။ ချန်းဖန်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွား၏။

"အဲဒါက ဘာလို့ ငါ့ရဲ့ အတိတ်ဘဝ မိုးကြိုး ကပ်ဘေး ဖြတ်ကျော်တုန်းက ကောင်းကင် ကိုးခု အလင်းနဲ့ တူနေရတာလဲ ...”

***

All Chapters