မိုးကြိုး ကပ်ဘေး (၂)
Vol. 9 Ch. 872
"အဲဒါက ဘာလို့ ငါ့ရဲ့ အတိတ်ဘဝ မိုးကြိုး ကပ်ဘေး ဖြတ်ကျော်တုန်းက ကောင်းကင် ကိုးခု အလင်းနဲ့ တူနေရတာလဲ ...”
မိုးကြိုးကပ်ဘေး၏ ဖျက်ဆီးခြင်းကို ခံရကာ အတိတ်ဘဝ အဆုံးသတ်ခါနီး၌ ချန်းဖန်သည် ထိုအလင်းကို တွေ့မြင်ခဲ့ရသည်။ ၎င်းသည် အဆုံးမဲ့ စကြဝဠာကို ကျော်ဖြတ်၍ မရေမတွက်နိုင်သော ဂြိုဟ်များ၏ ထောင့်ကြားအထိ တောက်ပခဲ့သည်။
သို့သော်လည်း ယခု၌ ချန်းဖန်သည် လွန်ခဲ့သည့် နှစ်ငါးရာသို့ ပြန်လည် ရောက်ရှိကာ ဘဝကို အသစ်တစ်ဖန် စတင်နေခဲ့ပြီ ဖြစ်သည်။ ထိုအလင်းက အဘယ်ကြောင့် နောက်တစ်ကြိမ် ပေါ်လာရသနည်း။
"အဲဒါက အတိတ်ဘဝတုန်းက ငါ ကပ်ဘေးကို တစ်ဝက်တစ်ပျက် ရင်ဆိုင်နိုင်ခဲ့တာကြောင့် ဖြစ်နိုင်တယ် ... ငါ့ရဲ့ စိတ်ဝိညာဉ်က နတ်ဘုရား ဝိညာဉ်အဖြစ် အသွင်ပြောင်းခဲ့ပြီး ဖြစ်ပေမဲ့ ပြန်လည် မွေးဖွားခြင်း ဖြစ်စဉ်မှာ အများစုက ပျက်စီးသွားခဲ့တာ ဖြစ်ရမယ် ... ဒါပေမဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုကတော့ ငါ့ စိတ်ဝိညာဉ်ထဲမှာ ကျန်ရှိနေသေးတာ ဖြစ်နိုင်တယ်"
ချန်းဖန်က စိတ်ထဲမှ တွက်ချက်လိုက်သည်။ သို့သော်လည်း ထိုအရာက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း ...”
ထစ်ချုန်းသံနှင့် အတူ မိုးကြိုးတန်း တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ မိုးကြိုးကပ်ဘေး၏ ပထမဆုံး မိုးကြိုးသည် ပုံမှန်အားဖြင့် အားအနည်းဆုံး ဖြစ်သည်။ သို့သော်လည်း ချန်းဖန် ရင်ဆိုင် နေရသည့် မိုးကြိုးမှာ မီတာပေါင်းများစွာ ကြီးမားကာ ရွှေရောင်အဆင်း ရှိသည်။ ထိုအရာသည် ရွှေအမြုတေအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်၏။
"အဲဒါက ...”
ကျိုးကျူရှင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားသည်။ ပထမ မိုးကြိုးပင်လျှင် ဤမျှ အစွမ်းထက်ပါက ထိုမိုးကြိုးကပ်ဘေးက မည်မျှအထိ ပြင်းထန်မည်နည်း။
"ကောင်းတယ် ...”
ချန်းဖန်က ကောင်းကင်သို့တက်ကာ ရင်ကိုဖွင့်၍ မိုးကြိုးအား ရင်ဆိုင်လိုက်၏။ မည်သည့် ဓမ္မရတနာနှင့်မျှ ကာကွယ်မထားသည့် သူ၏ ခန္ဓာကိုယ်သည် မိုးကြိုးထံသို့ တိုးဝင်သွားသည်။
ရွှေအမြုတေအဆင့် မိုးကြိုး ကပ်ဘေးသည် ကျင့်ကြံသူတိုင်းအတွက် ကျိန်စာ ဖြစ်သလို တစ်ချိန်တည်း၌ ဆုလာဘ်လည်း ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင် သလို အမြုတေကိုလည်း ရွှေအမြုတေဖြစ်အောင် ပြုပြင်ပေးသည်။ မိုးကြိုးကပ်ဘေးက ပို၍ ပြင်းထန်လေလေ ကျင့်ကြံသူ၏ ရွှေအမြုတေက ပို၍ အစွမ်းထက်လေလေဟု မှတ်ယူနိုင်သည်။
"ဘုန်း ...”
ကြောက်မက်ဖွယ် မိုးကြိုးအလင်းသည် ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ သို့သော်လည်း ချန်းဖန်သည် တစ်ချက်ပင် တုန်လှုပ် မသွားခဲ့ချေ။ သူက မိုးကြိုး စွမ်းအားကို စုပ်ယူကာ အရေပြားမှ တစ်ဆင့် ကြွက်သား၊ အရိုးများထံ စီးဆင်းစေလိုက်သည်။
ထိုအချိန်၌ ချန်းဖန်သည် အဇူရာ သက်ရှည် ကျင့်စဉ်ကို အသက်သွင်းထား၏။ သူသည် ကောင်းကင်မိုးကြိုး၏ စွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ရှေးဟောင်း နတ်ဆိုးများ၏ မသန့်စင်သော အညစ်အကြေးများကို တွန်းထုတ်နေခြင်း ဖြစ်သည်။
"ခရက် ... ခရက် ...”
ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းမှ မီးခိုးကဲ့သို့ အနက်ရောင် အငွေ့များ ထွက်ပေါ်လာ၏။ မီးခိုးများ ကုန်စင်သွားပြီးနောက် ချန်းဖန်၏ ခန္ဓာကိုယ် အရောင်က ပြောင်းလဲကာ သလင်းကျောက် အလား ကြည်လင် လာခဲ့သည်။
တစ်ချိန်တည်း၌ ချန်းဖန်၏ ခန္ဓာကိုယ်ထဲရှိ အလင်းစက်ဝိုင်းသည် မိုးကြိုး၏ စွမ်းအား ကိုးဆယ်ရာနှုန်းကို စုပ်ယူသွားခဲ့သည်။
"အလင်း စက်ဝိုင်းက ဘာလဲ ... အဲဒါက ရွှေအမြုတေနဲ့လည်း တစ်စက်မှ မတူဘူး"
အတိတ်ဘဝရှိ မှတ်ဉာဏ်များဖြင့်ပင် ချန်းဖန်သည် ထိုအရာကို မခန့်မှန်းတတ်ချေ။ အလင်းစက်ဝိုင်းသည် အရွယ်အစား တိုးမြှင့်မည့် လက္ခဏာ မရှိဘဲ မိုးကြိုးစွမ်းအား အလုံးစုံကို စုပ်ယူနိုင်စွမ်း ရှိပုံပေါ်သည်။
"ဘုန်း ... ဘုန်း ...”
မိုးကြိုးတန်းများသည် ချန်းဖန်၏ ခန္ဓာကိုယ် ပေါ်သို့ ထပ်မံ ကျဆင်းလာ၏။ တစ်ခုချင်းစီမှာ ပထမ တစ်ခုထက် ပို၍ ကြီးမားသလို ပိုမို၍လည်း အစွမ်းထက် လာခဲ့သည်။
ချန်းဖန်သည် တုန်လှုပ်ခြင်း မရှိဘဲ မိုးကြိုးများကို ခံယူနေခဲ့၏။ တစ်ချိန်တည်း၌ အနက်ရောင် တိမ်တိုက်များမှာလည်း ရပ်တန့်မည့် လက္ခဏာ မရှိဘဲ တဖြည်းဖြည်း တိုး၍ တိုး၍ အလိပ်လိုက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
"ချန်းပေ့ရွှမ်းရဲ့ စွမ်းအားက တကယ် ကြောက်ဖို့ကောင်းတာပဲ ...”
ကျိုးကျူရှင်းက တုန်တုန်ရီရီဖြင့် တွေးလိုက်မိသည်။
မိုးကြိုးကပ်ဘေးသည် ကျင့်ကြံသူတိုင်း၏ ဘဝကို အဆုံးသတ် ပေးနိုင်သော ကံကြမ္မာတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အစွမ်းထက် ဓမ္မရတနာများကို သုံးကာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ကြသည်။ ယခု ချန်းဖန်ကဲ့သို့ မိုးကြိုးကပ်ဘေးကို မတုန်မလှုပ် ခံယူသော ကျင့်ကြံသူအား သူ တစ်ခါမျှပင် မတွေ့ဖူးချေ။
"သူက ရှေးဟောင်း နတ်ဘုရားတစ်ပါး ပြန်ပြီး ဝင်စားတာ ဖြစ်ရမယ် ... မဟုတ်ရင် သူ ဒီလောက် အစွမ်းထက်မှာ မဟုတ်ဘူး"
ကျိုးကျူရှင်းက စိတ်ထဲမှကျိတ်၍ မှတ်ချက်ချလိုက်သည်။
"ဘုန်း ...”
မိုးကြိုးကပ်ဘေးကား ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ အဆုံးမရှိသော လျှပ်စီးများသည် ကောင်းကင်ကို ဖြတ်သန်း၍ နဂါးများအလား ဟိန်းဟောက် နေကြ၏။
"ဘုန်း ...”
တစ်ခဏ အတွင်းမှာပင် လျှပ်စီးနဂါး ဆယ်ကောင်သည် မိုးကြိုးအလင်း တစ်ခုအဖြစ်သို့ ပေါင်းစည်းကာ တောင်ကြီးအလား မြေပြင်ပေါ် ပြိုကျလာသည်။ ထိုမိုးကြိုးသည် ပထမ မိုးကြိုးများထက် ပိုမို အစွမ်းထက်ကာ ထျန်းမိန်ဓား၏ အားအင်အပြည့် တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်၏။
"ဘုန်း ...”
မိုးကြိုး၏ ကျရောက်မှုတွင် ချန်းဖန်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။ အဇူရာ စွမ်းအားမှာ ခန္ဓာကိုယ် အတွင်းရှိ နတ်ဆိုးချီကို ပိုမို လောင်ကျွမ်းသွားသည်။ တစ်ချိန်တည်း၌ အလင်း စက်ဝိုင်းမှာလည်း အရွယ်အစား စတင်ကာ ကြီးမားလာခဲ့၏။
"ထပ်လာစမ်း ...”
ချန်းဖန်က ကျယ်လောင်စွာဖြင့် အသံကုန် အော်ဟစ်လိုက်သည်။
"ဘုန်း ...”
ကောင်းကင်သည် သူ၏ စိန်ခေါ်မှုကို လျှပ်စီးအလင်း ရှစ်ခုနှင့် တုံ့ပြန်လိုက်သည်။ ထိုမိုးကြိုးများသည် အလွန် သန်မာလှရကား ချန်းဖန်ပင်လျှင် ခန္ဓာကိုယ် သက်သက်ဖြင့် တိုက်ရိုက် ခံယူရန် ခက်ခဲလာ၏။ အကယ်၍ အလင်း စက်ဝိုင်း၏ စုပ်ယူမှုကြောင့်သာ မဟုတ်လျှင် ချန်းဖန်၏ ခန္ဓာကိုယ်သည် ဆိုးရွားစွာ ဒဏ်ရာများ ရနေလောက်ပြီ ဖြစ်သည်။
မိုးကြိုးရှစ်ခုကို ရင်ဆိုင်ပြီးနောက်၌ ကောင်းကင်သည် ပိုမို၍ နက်မှောင်လာ၏။ နဂါးများသည် ကခုန်ကာ ရောင်စုံ လျှပ်စီးလုံးများက တိမ်တိုက်များ အထက်တွင် ဖြစ်ပေါ်လာသည်။ ထိုအရာသည် နောက်ဆုံး တိုက်ခိုက်မှုအတွက် အားယူနေပုံ ရ၏။
"နေဦး ... မိုးကြိုးကပ်ဘေးက မပြီးသေးတာလား ...”
ကျိုးကျူရှင်းမှာ တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။
"သာမန် ရွှေအမြုတေ အဆင့်အတွက် မိုးကြိုး ကိုးခု ... ကောင်းကင်အဆင့် ရွှေအမြုတေ အတွက် မိုးကြိုး ဆယ့်ရှစ်ခု ... ခုက ဘာလို့ ပိုပြီးများနေရတာလဲ ... ကောင်းကင် အဆင့်ထက် ပိုပြီးမြင့်တဲ့ ရွှေအမြုတေ ရှိသေးလို့လား"
ကျိုးကျူရှင်း တွေးနေစဉ်မှာပင် မိုးကြိုးမှာ ဖြစ်ပေါ်လာခဲ့သည်။
"ဘုန်း ...”
ထိုတိုက်ခိုက်မှုကား ပထမမိုးကြိုး ဆယ့်ရှစ်ခု ပေါင်းထက်ပင် ပို၍ အင်အားကြီး နေသေးသည်။ ၎င်းသည် ကမ္ဘာလောကကိုပင် ဖျက်ဆီးပစ်နိုင်ဟန် ရ၏။
"ဖျက်ဆီးခြင်း မိုးကြိုး ...”
ချန်းဖန်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူသည် အမြုတေ ငါးခုကို မပေါင်းစည်းနိုင်ရာ ပုံမှန်အားဖြင့် ကောင်းကင်အဆင့် ရွှေအမြုတေကိုသာ ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူ၏ ရွှမ်ဝူ အမြုတေက ကောင်းကင်ကိုးခု အလင်းနှင့် ပေါင်းစပ်ကာ ထူးဆန်းသော အလင်း စက်ဝိုင်းအသွင် ပြောင်းလဲ သွားခဲ့သည်။ ထိုအရာက ဖျက်ဆီးခြင်း မိုးကြိုးနှင့် တစ်စုံတစ်ခု သက်ဆိုင် နေမည်လား။
ချန်းဖန် တွေးနေစဉ်မှာပင် မိုးကြိုး တိုက်ခိုက်မှုမှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်း လာခဲ့၏။
"ဘုန်း ...”
၎င်း၏ စွမ်းအားမှာ အလွန် ပြင်းထန်လှရကား ချန်းဖန်မှာ ကောင်းကင်မှပင် ပြုတ်ကျသွားသည်။ ကြောက်မက်ဖွယ် လျှပ်စီး စွမ်းအားက သူ၏ ခန္ဓာကိုယ် အတွင်း စီးဆင်းကာ သူ၏ အသွေးအသားကို ထိုးခွဲရန် ကြိုးစား၏။ ကောင်းကင်အရှင် တစ်ယောက်သာလျှင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိလိမ့်မည် ဖြစ်သည်။ ချန်းဖန် အတွက်မူ ထိုအရာက ခုခံနိုင်စွမ်းထက် အနည်းငယ် ကြီးမားနေ၏။
"ဘုန်း ...”
သို့သော်လည်း ထူးဆန်းစွာပင် အလင်း စက်ဝိုင်းက ထိုမိုးကြိုးစွမ်းအား အလုံးစုံကို စုပ်ယူ သွားသည်။ ချန်းဖန်ပင်လျှင် ထိုအရာကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွား၏။
သို့သော်လည်း ထိုအဖြစ်အပျက်က ကောင်းကင်ကို ဒေါသထွက်စေဟန် ရသည်။ ၎င်းသည် ပိုမိုသော မိုးကြိုးအလင်းများကို ဖန်တီးကာ ချန်းဖန်ထံ ပစ်လွှတ်သည်။ ထိုမိုးကြိုး အားလုံးကား အလွန်အမင်း အစွမ်းထက်ကာ ကြောက်မက်ဖွယ် ကောင်း၏။ အထူးသဖြင့် နောက်ဆုံး မိုးကြိုးကား ကမ္ဘာပျက်မတတ် ပြင်းထန်လှသည်။
"မဟာ ဖျက်ဆီးခြင်း ဒြပ်စင်ငါးခု မိုးကြိုး ...”
ချန်းဖန်သည် ထိုမိုးကြိုး နည်းစနစ်ကို ယခင်က အသုံးပြုဖူးသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုမှာ ယခု ရင်ဆိုင်နေရသော အရာနှင့် နှိုင်းယှဉ်ပါက ပုရွက်ဆိတ်ကဲ့သို့ အားနည်းလှ၏။
"ဘုန်း ... ဘုန်း ...”
မိုးကြိုးဖြစ်ပေါ် လာသည်နှင့် ကမ္ဘာနှစ်ခုဆုံမှတ် တစ်ခုလုံးမှာ တုန်ရီလာသည်။ အလွန် ပြင်းထန်သော စွမ်းအားသည် ကောင်းကင်ကို ဗဟိုပြုနေကာ အရာအားလုံးအား လေးပင်သော ဖိအားကို ပေးသည်။
"ကောင်းကင် အရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှု ...”
ချန်းဖန်၏ မျက်နှာက မည်းမှောင်သွားသည်။ ခပ်လှမ်းလှမ်းရှိ ကျိုးကျူရှင်း ပင်လျှင် မထိန်းချုပ်နိုင်အောင် တုန်ရီလာ၏။
"ဘုန်း ...”
အလင်းစက်ဝိုင်းသည် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းမှ ပျံသန်းထွက်ကာ ချန်းဖန်၏ ဦးခေါင်းထက်တွင် တည်သည်။ ၎င်းသည် နေတစ်စင်းအလား တောက်ပသော ရောင်ခြည်ကို ထုတ်လွှတ်၏။ ထိုအချိန်၌ ၎င်း၏ အရွယ်အစားသည် မိုးကြိုးကပ်ဘေး မစခင်ကထက် နှစ်ဆခန့် ပိုမို ကြီးမားနေပြီ ဖြစ်သလို ရွှေရောင် အဆင်းကိုလည်း ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်။
"ဘုန်း ...”
နောက်ဆုံးသော မိုးကြိုးသည် ချန်းဖန်၏ အပေါ်သို့ ကျဆင်းလာ၏။ ထိုအခါ ချန်းဖန်၏ ထူးခြား အောင်မြင်ခြင်းအဆင့် နတ်ဘုရားခန္ဓာမှာ ပေါက်ကွဲကာ သလင်းကျောက်ကဲ့သို့ အရိုးများပင် ပြန့်ကျဲသွားသည်။ သို့သော်လည်း သူ၏ နတ်ဘုရား စိတ်ဝိညာဉ်မှာမူ အလင်းစက်ဝိုင်း၏ ကာကွယ်မှုအောက်၌ လုံခြုံလျက် ရှိနေခဲ့၏။
"ဟူး ... ဟူး ...”
အချိန်များစွာ ကြာမြင့်ပြီးနောက် လျှပ်စီး အလင်းများမှာ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ် သွားတော့သည်။ ချန်းဖန်သည် လျှို့ဝှက်ကျင့်စဉ် တစ်ခုကိုသုံးကာ ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်းလိုက်၏။
"ဟူး ... နောက်ဆုံးတော့ ပြီးသွားပြီ"
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် မိုးကြိုး နှစ်ဆယ့်ခုနစ်ချက်ကို ခုခံ နိုင်ခဲ့ရာ ထိုအရာက အတိတ်ဘဝကထက် အဆများစွာ ပိုမိုခဲ့သည်။
"မိုးကြိုးကပ်ဘေးက တော်တော် ပြင်းထန်တာပဲ ... အလင်း စက်ဝိုင်းက ငါ့ကို ကာကွယ်ပေးလို့ တော်သေးတယ် ... အဲဒါက အထွတ်အထိပ် အမြုတေ တစ်ခုများ ဖြစ်နေမလား မသိဘူး ...”
ချန်းဖန်က တွေးတောကာ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။ သူ၏ ခြေထောက် မြေပြင်သို့ ရောက်သည်နှင့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"ဘုန်း ...”
ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များသည် နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကာ မရေမတွက်နိုင်သော လျှပ်စီး နဂါးများ ကူးခပ်လာ၏။ ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်လိုက်ရာ လျှပ်စီးနဂါးများမှာ ကြီးမားသော ဓမ္မအသွင်သို့ ဖွဲ့စည်းလာသည်ကို တွေ့လိုက်ရသည်။
ထိုဓမ္မ အသွင်သည် လိပ်တစ်ပိုင်း မြွေတစ်ပိုင်း အသွင်ရှိ၏။ ၎င်းသည် မိုင်ပေါင်းများစွာ ကြီးမားကာ အနက်ရောင် ရွှမ်ဝူနယ်မြေပေါ် ကျဆင်းသည်။ ထိုသတ္တဝါ ပေါ်ထွက်လာသည်နှင့် ကမ္ဘာနှစ်ခု ဆုံမှတ်မှာ တုန်ရီလာ၏။
ချန်းဖန်၏ မျက်လုံးများမှာ ထိုမြင်ကွင်းကိုကြည့်ကာ ကျဉ်းမြောင်းသွားသည်။ မိုးကြိုးကပ်ဘေးက ယခုထိ မပြီးဆုံးသေးသည်လား။
***