← Chapters

အသွင်ပြောင်းခြင်း ကိုးခု နတ်ဘုရား စက်ဝိုင်း

Vol. 9 Ch. 874

အသွင်ပြောင်းခြင်း ကိုးခု နတ်ဘုရား စက်ဝိုင်း

Vol. 9 Ch. 874

ရွှေအမြုတေ အဆင့်များသည် နတ်ဘုရား ခန္ဓာ၊ ရွှေအမြုတေနှင့် နတ်ဘုရား စိတ်ဝိညာဉ်တို့ကို ပိုင်ဆိုင်ကာ နှစ်နှစ်ထောင်ခန့်အထိ အသက်ရှင် နေနိုင်ကြသည်။

သူတို့သည် မိုင်တစ်ရာ အတွင်းရှိ အရာရာကို ထိန်းချုပ်နိုင်ကာ စကြဝဠာကို ဖြတ်၍ သွားလာ နိုင်ကြသည်။ သူတို့သည် "ဝမ်ရှင်း တန်ခိုးရှင်" ဟူသော အမည်ဖြင့် ကျော်ကြားကာ မြို့တစ်မြို့ကို လက်ဖျောက် တစ်ချက်ဖြင့် ဖျက်ဆီး ပစ်နိုင်ကြသည်။ ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ ဘိုးဘေးနှင့် ဂိုဏ်းချုပ် အများစုမှာလည်း ရွှေအမြုတေ အဆင့်များသာ ဖြစ်ကြသည်။

ပြန်လည် မွေးဖွား၍ ဆယ်နှစ်ကြာပြီးနောက်၌ ချန်းဖန်သည် ရွှေအမြုတေ အဆင့်သို့ ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူသည် အခြား ရွှေအမြုတေ အဆင့်များနှင့် လုံးဝ ခြားနား၏။

"ဘုန်း ...”

ချန်းဖန်သည် ကောင်းကင်မှ မြေကြီးသို့ ပြန်လည် ဆင်းသက်လာခဲ့သည်။ သူ၏ စိတ်တွင်မူ တစ်စုံတစ်ခုကို နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ ရွှမ်ဝူ ရွှေအမြုတေက အဘယ်ကြောင့် ရွှေရောင် နတ်ဘုရား စက်ဝိုင်းအဖြစ် ပြောင်းလဲ သွားရသနည်း။

"ငါ့ရဲ့ ပထမ အစီအစဉ်က ကောင်းကင် အမြုတေ ငါးခု ဖွဲ့စည်းပြီး အထွတ်အထိပ် ရွှေအမြုတေ အဖြစ် ပေါင်းစည်းဖို့ပဲ ... ဒါပေမဲ့ အဲဒါက ဘာလို့ ဒီလို ဖြစ်သွားရတာလဲ"

ရွှေရောင် နတ်ဘုရား စက်ဝိုင်းသည် မီးတစ်ခု အလား လောင်မြိုက်နိုင်ကာ ချန်းဖန်အား အဆုံးမဲ့ စွမ်းအားဖြင့် ထောက်ပံ့ ပေးနိုင်သည်။ ချန်းဖန်သည် ထိုအမြုတေ၏ စွမ်းအားကို အသုံးပြု၍ ကမ္ဘာနှစ်ခု ဆုံမှတ်ကိုပင် ထက်ပိုင်း ပိုင်းပစ်ရန် ယုံကြည်ချက် ရှိ၏။

"ငါက ကောင်းကင်မိုးကြိုး ဓမ္မအသွင်ကို ဖြတ်ကျော်ခဲ့တာဆိုတော့ ငါရမယ့် ရွှေအမြုတေက နတ်ဘုရား အဆင့် ဖြစ်ရမှာမလား ... ဒါပေမဲ့ အဲဒါက နတ်ဘုရားအဆင့် ရွှေအမြုတေနဲ့ မတူဘူး ... အထွတ်အထိပ် ရွှေအမြုတေထက်တောင် ပိုပြီး အစွမ်းထက်ပုံ မရဘူး"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ အထွတ်အထိပ် အမြုတေတိုင်းသည် မတူ ကွဲပြားသော နတ်ဘုရား စွမ်းအားနှင့် ဓမ္မ အစီအရင်များကို ပိုင်ဆိုင်သည်။ သို့သော်လည်း ထို ရွှေရောင် နတ်ဘုရား စက်ဝိုင်းမှာမူ သန့်စင်သော စွမ်းအင် တစ်ခုကိုသာ ပိုင်ဆိုင်၏။ ၎င်းသည် နတ်ဘုရားအဆင့် ရွှေအမြုတေ ဖြစ်ရာ အထွတ်အထိပ်အဆင့် ရွှေအမြုတေများထက် ပို၍ အစွမ်းထက်သင့်သည် မဟုတ်ပါလော။

"ငါ မှားသွားတာလား ... အဲဒါက နတ်ဘုရားအဆင့် ရွှေအမြုတေ မဟုတ်တာ ဖြစ်ချင် ဖြစ်နိုင်တယ်"

ချန်းဖန်က မေးစေ့ကို တို့ထိလိုက်၏။ သူသည် ထို ရွှေရောင် နတ်ဘုရား စက်ဝိုင်းနှင့် ဒဏ္ဍာရီထဲမှ နတ်ဘုရား အမြုတေများ အကြားရှိ ကွာခြားချက်ကို သိရှိလိုပေသည်။

ကျိုးကျူရှင်းသည် သူ၏ ဘေးတွင် ရပ်နေ၏။ ထိုပေ့ဟန်အရှင်ကား စကား တစ်ခွန်းပင် မဆိုရဲချေ။

"နေဦး ... ဒါက ဘာလဲ ...”

ချန်းဖန်သည် ရွှေရောင် နတ်ဘုရား စက်ဝိုင်းကို ကြည့်ကာ ကွာခြားချက် အချို့ကို သတိထား မိသွားသည်။

ယခင်က ရွှေရောင် နတ်ဘုရား စက်ဝိုင်းပေါ်တွင် ရှုပ်ထွေးသော သင်္ကေတများသာ ရှိခဲ့သော်လည်း ရုတ်တရက် ဟင်းလင်းပြင်ကိုးခု ပေါ်လာခဲ့သည်။ ၎င်းတို့အနက် တစ်ခုမှာ ရွှမ်ဝူ တံဆိပ်ကို ဖော်ပြနေ၏။ ထိုရွှမ်ဝူသည် အစစ်အမှန်နှင့် ခြားနားခြင်း မရှိဘဲ ဟိန်းဟောက် နေခဲ့သည်။

"ရွှမ်ဝူ တံဆိပ် ...”

ချန်းဖန်က မျက်မှောင်ကြုတ်ကာ နတ်ဘုရား စက်ဝိုင်းကို နှိုးဆွလိုက်သည်။

"ဘုန်း ...”

နတ်ဘုရား စက်ဝိုင်းမှာ သေးငယ်သော ရွှမ်ဝူအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ကမ္ဘာပျက် မတတ် ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

ချန်းဖန်၏ ခန္ဓာကိုယ်သည် အလင်းများဖြင့် ဝန်းရံကာ မိုင်တစ်ရာ ကြီးမားသော ရွှမ်ဝူအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် အစစ်အမှန်နှင့် ကွာခြားမှု မရှိချေ။ အကြေးခွံနှင့် လက်သည်း တစ်ခုချင်းစီသည် တောက်ပနေကာ အနက်ရောင် လှိုင်းများဖြင့် ဝန်းရံနေ၏။

"ဘုန်း ...”

ချန်းဖန်က လက်သည်းအား ဖြည်းညင်းစွာ ကုတ်ခြစ်လိုက်သည်။

ပေတစ်သောင်း ဧရိယာ အတွင်းရှိ တောင်တန်းများသည် ပျက်စီးကာ သက်ရှိ အားလုံးမှာလည်း သတ်ဖြတ်ခံရ၏။ အနည်းငယ် ထပ်မံ စမ်းသပ်ပြီးနောက် ချန်းဖန်သည် မိုင်တစ်ထောင် ဧရိယာ အတွင်းရှိ ဝိညာဉ်ချီမှာ သူ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေကြောင်း တွေ့လိုက်ရသည်။

"ဘုန်း ...”

ချန်းဖန်က ပါးစပ်ကိုဟကာ အနက်ရောက် မိုးကြိုး တစ်ခုကို မှုတ်ထုတ် လိုက်ပြန်၏။ ၎င်း မိုးကြိုးသည် ကောင်းကင်သို့ ဦးတည်၍ ပေါက်ကွဲရာ ကမ္ဘာနှစ်ခု ဆုံမှတ်၏ ကောင်းကင် အကာအကွယ်ပင် ပေါက်ကွဲ သွားခဲ့သည်။

"ဒါ ... ဒါက ...”

ကျိုးကျူရှင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွား၏။

"ဟဟ ...”

ချန်းဖန်က ပြုံးလိုက်သည်။ နောက်ဆုံး၌ သူသည် နတ်ဘုရားစက်ဝိုင်း မည်မျှ အစွမ်းထက်သည်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား စက်ဝိုင်းကို အသက်သွင်း လိုက်သည်နှင့် ချန်းဖန်သည် ရွှမ်ဝူတစ်ကောင် ဖြစ်လာလိမ့်မည် ဖြစ်သည်။

ထိုအရာက အစစ်အမှန် ရွှမ်ဝူပေါက်ကလေး ဖြစ်သည်။ ချန်းဖန် ရွှမ်ဝူအသွင် ပြောင်းလဲ လိုက်သည်နှင့် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် လူသား အသွင်အပြင် ကျန်ရှိတော့မည် မဟုတ်ချေ။

"လူသားတစ်ယောက် ဘယ်လောက် အစွမ်းထက်ပါစေ ကောင်းကင် သားရဲကို မယှဉ်နိုင်ဘူး ... ငါက အထွတ်အထိပ် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားခဲ့တာတောင် အဆင့်တူ ရွှမ်ဝူဆီမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ် ... ဒါပေမဲ့ ခုတော့ ငါကိုယ်တိုင်က ရွှမ်ဝူတစ်ကောင် ဖြစ်လာပြီ ... ခုချိန်မှာ ငါက ရွှေအမြုတေ အဆင့် ရွှမ်ဝူ ဆိုပေမဲ့ အနာဂတ်မှာ အစစ်အမှန် ရွှမ်ဝူ ဖြစ်လာလိမ့်မယ် ... ငါ့ရဲ့ မျိုးဆက်တွေလည်း ရွှမ်ဝူရဲ့ သွေးကို ပိုင်ဆိုင်လာလိမ့်မယ်"

ထို့အပြင် နတ်ဘုရား စက်ဝိုင်း ဖွဲ့စည်းပြီးချိန်မှ စ၍ ချန်းဖန်သည် လူသား အသွင်နှင့် ရွှမ်ဝူ အသွင်ကြား မည်သည့် ခက်ခဲမှုမျှ မရှိဘဲ လွတ်လပ်စွာ ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

"နေဦး ... နတ်ဘုရား စက်ဝိုင်းပေါ်မှာက ဟင်းလင်းပြင် ကိုးခု ရှိတာမလား"

ချန်းဖန်က စိတ်လှုပ်ရှားစွာ ထရပ်လိုက်၏။ သူကား အသစ် ရရှိထားသော စွမ်းအားကို စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ချေ။

ထို့နောက် ချန်းဖန်က ကျိုးကျူရှင်းကို ဆုပ်ကိုင်ကာ ရွှေရောင် အလင်းတန်းအဖြစ် ကောင်းကင်သို့ ပျံတက်လိုက်၏။ သူ၏ နတ်ဘုရား စိတ်အာရုံသည် ကမ္ဘာနှစ်ခု ဆုံမှတ် တစ်ခုလုံးကို ဖြန့်ကြက်ထားခဲ့သည်။ မကြာခင်မှာပင် သူတို့သည် ဝိညာဉ်ကြောများ စုစည်းနေသော နေရာ တစ်ခုသို့ ရောက်ရှိ လာခဲ့သည်။

"ဒီမှာ စောင့်နေ ... ငါ ကျင့်ကြံ လိုက်ဦးမယ် ... ထွက်ပြေးဖို့ မကြိုးစားနဲ့"

ချန်းဖန်က ကျိုးကျူရှင်းကို ထားရစ်ကာ ဝိညာဉ်ကြောများ အကြားသို့ ဝင်ရောက်သွား၏။

ကျိုးကျူရှင်းသည် ကြောက်လန့် နေခဲ့သည်။ သူက မည်ကဲ့သို့ ထွက်ပြေးရန် ဝံ့ရဲမည်နည်း။ ထို့အပြင် ကမ္ဘာနှစ်ခု ဆုံမှတ်၏ အပြင်ဘက်တွင် ဟင်းလင်းပြင် မုန်တိုင်း ရှိနေသေးသည်။ ထိုအရာက သူ ဖြတ်ကျော်နိုင်သောအရာ မဟုတ်ချေ။

"ဘုန်း ...”

ရွှေအမြုတေ အဆင့်သို့ ဝင်ရောက်ပြီးနောက် ချန်းဖန်သည် နောက်တစ်ကြိမ် ကျင့်ကြံ လိုက်ပြန်သည်။ မိုင်ထောင်ချီ အတွင်းရှိ ဝိညာဉ်ချီသည် သူ၏ ခန္ဓာကိုယ်အတွင်း စုပ်ယူခံရ၏။ ရာပေါင်းများစွာသော ဝိညာဉ်ကြောများသည် ဝိညာဉ်ချီ နဂါးများ အသွင်သို့ ပြောင်းလဲကာ ချန်းဖန်၏ပတ်လည် ပေတစ်ရာ အတွင်း၌ ပျံသန်း နေကြသည်။

"ဘုန်း ...”

ထို့နောက် ကမ္ဘာသစ်ပင်သည် ကျယ်ပြန့်လာကာ ကောင်းကင်တွင် တွင်းပေါက်ကြီး သုံးခု ဖြစ်ပေါ်လာသည်။ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်းရှိ အဇူရာ သစ်သားချီများသည် ထိုတွင်းပေါက်မှ တစ်ဆင့် ချန်းဖန်၏ ခန္ဓာကိုယ်အတွင်း တရဟော စီးဆင်းကြသည်။

တစ်လ ...

နှစ်လ ...

သုံးလ ...

ငါးလ ကြာပြီးနောက် ချန်းဖန်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအချိန်၌ ကမ္ဘာသစ်ပင်၏ ပုံရိပ်သည် နတ်ဘုရား ဘီးပေါ်ရှိ ဒုတိယ ဟင်းလင်းပြင်တွင် ပေါ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းသည် ရွှမ်ဝူ တံဆိပ်နှင့် ယှဉ်ပါက ပြီးပြည့်စုံခြင်း မရှိဘဲ အားနည်း နေသေးသည်။

"နားလည်ပြီ ... ဒီ နတ်ဘုရား အဆင့် ရွှေအမြုတေက အထွတ်အထိပ် ရွှေအမြုတေနဲ့ တူပေမဲ့ အဲဒါက ကျင့်ကြံခြင်း ကျင့်စဉ် ကိုးခုကို ဖွဲ့စည်းနိုင်တယ် ... ဒီတော့ ငါက အထွတ်အထိပ်အဆင့် ရွှေအမြုတေ ကိုးခုကို ပိုင်ဆိုင်ထားတာလို့တောင် ပြောလို့ရတယ်"

ချန်းဖန်က ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေ၏။

"ငါက အစောပိုင်း ရွှေအမြုတေ အဆင့်နဲ့တင် အခြေတည် ဝိညာဉ်အဆင့် ကိုးယောက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ပြီ ... ဒီလို ရွှေအမြုတေ အဆင့်က စကြဝဠာ တစ်ခုလုံးမှာ ငါ တစ်ယောက်ပဲ ရှိနိုင်တယ်"

သို့သော်လည်း မကြာခင်မှာပင် ချန်းဖန်သည် နတ်ဘုရား စက်ဝိုင်း၌ ကန့်သတ်ချက်များ ရှိနေသေးကြောင်း တွေ့လာရသည်။

အဇူရာ သက်ရှည် ခန္ဓာကျင့်စဉ် အမြင့်ဆုံးသို့ ရောက်သည့် အချိန်တွင်ပင် ကမ္ဘာသစ်ပင် တံဆိပ်သည် ရွှမ်ဝူကဲ့သို့ အစစ်အမှန် ဖြစ်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ အစစ်အမှန် ကမ္ဘာသစ်ပင် တံဆိပ်ကို ဖွဲ့စည်းရန် အတွက် ပိုမို ကျင့်ကြံရန် လုံလောက်သည်။

သာမန် ကျင့်စဉ်များသည် နတ်ဘုရားစက်ဝိုင်း တံဆိပ်များ ဖွဲ့စည်းရန် မလုံလောက်ချေ။ အထွတ်အထိပ် ကျင့်စဉ်များ၊ နတ်ဘုရား ကျင့်စဉ်များသာ ထိုသို့ ပြုလုပ်နိုင်သည်။

ထို့အပြင် ကျင့်စဉ် ကိုးခုလုံး မအောင်မြင်သေးသရွေ့ နတ်ဘုရား စက်ဝိုင်းသည် ထူးခြား အောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိလိမ့်ဦးမည် မဟုတ်သလို ချန်းဖန်မှာလည်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ချေ။

"ငါ ရွှမ်ဝူ ကျင့်စဉ်ကို အောင်မြင်ပြီးပြီ ဆိုပေမဲ့ အခြား နတ်ဘုရား ကျင့်စဉ်ရှစ်ခု ကျင့်ကြံဖို့ လိုအပ်နေတုန်းပဲ ... ဘယ်ကျင့်စဉ်တွေဆို အဆင်ပြေမလဲ ...”

ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်၏။ များစွာသော ကျင့်စဉ်များက သူ၏ စိတ်အတွင်း ဝင်ရောက် လာခဲ့သည်။

"တိုင်ယင် တိုင်ယန် နတ်ဘုရား ကျင့်စဉ် ...”

"ဒြပ်စင်ငါးခု ကျင့်စဉ် ...”

" ...”

စသည် ကျင့်စဉ်များသည် အလွန် အစွမ်းထက်ကာ နတ်ဘုရား စက်ဝိုင်း တံဆိပ်များကို အောင်မြင်အောင် ကူညီပေးနိုင်သည်။ သို့သော်လည်း ထိုတစ်ခုချင်းစီက ကျင့်ကြံရန်အတွက် များစွာသော ရင်းမြစ်များ လိုအပ်၏။

"ဟူး ... ဟူး ...”

ထို့နောက် ချန်းဖန်သည် ခွန်ပန် ကောင်းကင်ပန်းချီ ကျင့်စဉ်ကို အသုံးပြုကာ ကမ္ဘာ နှစ်ခု ဆုံမှတ်အတွင်းမှ အဆုံးမဲ့ ဟင်းလင်းပြင် စွမ်းအားများကို သုံးလတိုင်တိုင် စုပ်ယူလိုက်သည်။

နောက်ငါးလ အတွင်းတွင်မူ ချန်းဖန်သည် ကမ္ဘာနှစ်ခု ဆုံမှတ်၏ အမြင့်ဆုံး တောင်ထိပ်တွင် ထိုင်ကာ လိန်ဟူ ကောင်းကင်ပန်းချီ ကျင့်စဉ်ကို ကျင့်ကြံ နေခဲ့သည်။

ချန်းဖန် ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ကျင့်ကြံ နေခဲသည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း၌ သူ၏ နတ်ဘုရား စက်ဝိုင်းတွင် တံဆိပ်လေးခု ပေါ်လာခဲ့၏။

"ရွှမ်ဝူ တံဆိပ်က အထွတ်အထိပ် အမြုတေနဲ့ နှိုင်းယှဉ်နိုင်နေပြီ ... ဒါပေမဲ့ အခြား တံဆိပ် သုံးခုကတော့ ကောင်းကင် အဆင့် အမြုတေလောက်ပဲ ရှိသေးတယ် ... ခုချိန်မှာသာ ရှေးဟောင်းနတ်ဆိုး မင်းသားနဲ့ ရင်ဆိုင်ရရင် ငါ တစ်စက္ကန့်အတွင်း သတ်ပစ်နိုင်မှာ သေချာတယ်"

ချန်းဖန်က တွေးလိုက်သည်။ သို့သော်လည်း သူသည် အခြေတည် ဝိညာဉ်အဆင့်သို့ ရောက်ရန် များစွာသော ရင်းမြစ်များ လိုအပ်ဦးမည် ဖြစ်ကြောင်း ကောင်းစွာသိသည်။ ဟင်းလင်းပြင် တံဆိပ် ကိုးခုကို ဖြည့်ဆည်းရန်ပင် မည်မျှ ကြာဦးမည် မသိသေးချေ။ ထို့အပြင် တံဆိပ် တစ်ခု အောင်မြင်တိုင်း မိုးကြိုး ကပ်ဘေးကို တစ်ခါ ဖြတ်ကျော်ရဦးမည်လား သူ မခန့်မှန်းတတ်ချေ။

"နတ်ဘုရား စက်ဝိုင်းရဲ့ တံဆိပ်တွေက မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားကို စုပ်ယူပြီးမှပဲ ပြီးပြည့်စုံတာလား မသိဘူး ... အဲဒီလိုဆိုရင် ငါ မိုးကြိုးကပ်ဘေးကို ရှစ်ကြိမ် ရင်ဆိုင်ရဦးမယ် ထင်တယ်"

နောက်ထပ် နှစ်နှစ်အတွင်းတွင်မူ ချန်းဖန်သည် သူ တိုက်ပွဲအတွင်း ရရှိသမျှ အမြုတေ အားလုံးကို ထုတ်ကာ စုပ်ယူနေခဲ့သည်။ ၎င်းတို့၏ အားဖြည့်မှုတွင် ချန်းဖန်၏ ဟင်းလင်းပြင် တံဆိပ် သုံးခုမှာ ပို၍ အစစ်အမှန်နှင့် တူလာခဲ့သည်။

သုံးနှစ်ကြာပြီးနောက် ... ချန်းဖန်က ထိုင်ရာမှ ထလိုက်၏။

"တန်ခိုးရှင် ... ဘယ်နေရာကိုသွားပြီး ကျင့်ကြံ မလို့လဲ ...”

ကျိုးကျူရှင်းက ရိုသေစွာဖြင့် မေးလိုက်သည်။

"ငါ ဒီမှာဆက်ပြီး မကျင့်ကြံတော့ဘူး ... အခုက ကမ္ဘာနှစ်ခု ဆုံမှတ်က ထွက်ဖို့ အချိန်ရောက်ပြီ ... ထျန်းဟောင်ဂြိုဟ်မှာ ငါ လုပ်စရာတွေ အများကြီး ရှိသေးတယ်"

ချန်းဖန်က ဟင်းလင်းပြင် မုန်တိုင်းကို ဖောက်ကာ ကြည့်လိုက်၏။ ထိုအခါ ကြီးမားပြီး ထင်ရှားသည့် ဂြိုဟ်ကြီးတစ်ခုက သူ၏ အမြင်အာရုံတွင် ပေါ်လာခဲ့သည်။

***

All Chapters