← Chapters

ပေ့ဟန်နယ်သို့ ပြန်ခြင်း

Vol. 9 Ch. 875

ပေ့ဟန်နယ်သို့ ပြန်ခြင်း

Vol. 9 Ch. 875

ကမ္ဘာနှစ်ခု ဆုံမှတ် ပျောက်ကွယ်သွားသည့် အချိန်မှစ၍  ကျန်းရှင်း ကုန်းပြင်မြင့်သည် မြေရိုင်း လွင်ပြင်ကြီး အဖြစ်သာ ကျန်ရှိတော့၏။ သို့သော်လည်း သုံးနှစ်ကြာပြီး နောက်တွင်မူ ကမ္ဘာနှစ်ခု ဆုံမှတ် ရှိခဲ့သော နေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဘုန်း ...”

အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးကို ပိုင်ဆိုင်သော လူငယ် တစ်ယောက်သည် ထိုအပေါက်မှ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ သူ၏ နောက်တွင်မူ သန်မာ ထွားကျိုင်းသော လူအိုကြီး တစ်ဦးသည် တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် လိုက်ပါလာ၏။

"မင်း ဘာကို ကြောက်နေတာလဲ ... ဟင်းလင်းပြင် မုန်တိုင်းက မင်းကို ဖျက်ဆီးပစ်မှာ စိုးရိမ်လို့လား"

ချန်းဖန်က မေးလိုက်၏။

"တောင်းပန်ပါတယ် ... ခွင့်လွှတ်ပေးပါ တန်ခိုးရှင်"

အဘိုးအိုက ခေါင်းညိတ်ကာ ဦးညွှတ်လိုက်သည်။

သူကား အခြားသူ မဟုတ် လက်ရှိ ပေ့ဟန်အရှင် ကျိုးကျူရှင်းပင် ဖြစ်သည်။ သူသည် တစ်ချိန်က မြေရိုင်းနယ် တစ်ခု၏ အုပ်ချုပ်သူ အဖြစ် ဝင့်ကြွားခဲ့သော်လည်း ယခုတွင်မူ အစေခံ တစ်ယောက်အလား ရိုကျိုး နေခဲ့သည်။

"တန်ခိုးရှင်က အရမ်း အစွမ်းထက် တာပဲ ... ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်းကနေ ထျန်းဟောင်ဂြိုဟ် ပြန်ဖို့လမ်းကို တိုက်ရိုက် ဖန်တီးနိုင်တယ် ... အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်တောင် အဲဒီလိုလုပ်နိုင်ဖို့ မသေချာဘူး"

ကျိုးကျူရှင်းက လေးစားသော အမူအရာဖြင့် ပြောလိုက်သည်။

သုံးနှစ် ကြာပြီးနောက်၌ ကမ္ဘာနှစ်ခု ဆုံမှတ်သည် ထျန်းဟောင်ဂြိုဟ်မှ အလွန် ဝေးကွာသော နေရာ တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ထျန်းဟောင်ဂြိုဟ်သို့ ပြန်ရန် ဟင်းလင်းပြင် မုန်တိုင်းကို ဖြတ်သန်းရမည် ဖြစ်၏။ သို့သော်လည်း ချန်းဖန်ကမူ ဟင်းလင်းပြင်ကို ခုတ်ပိုင်းကာ ကျော်ဖြတ်သည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့သည်။

"ဟဟ ... ဒါက မပြောပလောက်ပါဘူး"

ချန်းဖန်က အနည်းငယ် ရယ်မောလိုက်၏။ ထို့နောက် သူက ကျိုးကျူရှင်း၏ လက်မောင်းကို ဆွဲကိုင်ကာ ကောင်းကင်သို့ တက်လိုက်သည်။

"ပေ့ဟန်နယ်ကို ပြန်ကြစို့ ...”

***

နေ့တစ်ဝက် ကြာပြီးနောက်၌ သူတို့သည် ပေ့ဟန်နယ်၊ တော်ဝင်မြို့သို့ ရောက်ရှိ လာခဲ့သည်။ ချန်းဖန်သည်  ကျိုးကျူရှင်းနှင့် အတူ မြို့အတွင်းသို့ ဝင်လာခဲ့၏။

"ဟူး ... ဟူး ...”

တော်ဝင်မြို့၏ လမ်းမများသည် ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။ ကောင်းကင်တွင်လည်း ပျံသန်းနေသော အဆင့်မြင့် ကျင့်ကြံသူများကို မကြာခဏ တွေ့မြင်ရ၏။

မကြာခင်မှာပင် ချန်းဖန်နှင့် ကျိုးကျူရှင်းတို့သည် ကောင်းကင်မြို နန်းတော်သို့ ရောက်ရှိ လာခဲ့သည်။

"ကဲ ... အိမ်ပြန်ရောက်ပြီ ... ခင်ဗျား ဘယ်လို ခံစားရလဲ အရှင်မင်းကြီး"

ချန်းဖန်က ကျိုးကျူရှင်းကို ကြည့်ကာ မေးလိုက်သည်။

"အ ... မခံယူရဲပါဘူး ... ကျွန်တော်က တန်ခိုးရှင်ရဲ့ အစေခံပါ"

ကျိုးကျူရှင်းက ဦးညွှတ်ရင်း ရှက်ရွံ့စွာ ပြောလိုက်၏။

ထို့နောက် အစောင့်တချို့မှာ သူတို့ ရှိရာသို့ ရောက်ရှိလာသည်။

"ဒါက တော်ဝင် နန်းတော်ရဲ့ တားမြစ် နယ်မြေပဲ ... ဘယ်သူမှ ဝင်ခွင့်မရှိဘူး ... ထွက်သွားကြစမ်း"

ထိုအစောင့်များမှာ ဝိညာဉ်ပင်လယ် အဆင့်များ ဖြစ်ပြီး တူညီဝတ်စုံနှင့် ဝိညာဉ် ရတနာများကို စွဲကိုင်ထားသည်။ သူတို့၏ အမူအရာက မောက်မာခြင်းများနှင့် ပြည့်နှက်နေ၏။

"ကျူးဝမ်မျိုးနွယ် မဟာ အကြီးအကဲကို ချန်းပေ့ရွှမ်း ပြန်လာပြီလို့ သွားပြောလိုက်စမ်း ...”

ချန်းဖန်က ပြောလိုက်သည်။

"ဟမ့် ...”

အရပ်ရှည်ရှည် အစောင့်က နှာခေါင်းရှုံ့ လိုက်သည်။

"ကျုးဝမ် မဟာ အကြီးအကဲ ဟုတ်လား ... အဲဒီ ရှဲ့ချန်းယန်ကို ငါတို့အရှင် အနီရောင် နဂါးက ယန်ပြည်နယ်ဆီ ပြန်ပြီး ကန်ထုတ်လိုက်ပြီ ... ဝမ်ရှင်း တန်ခိုးရှင်ချန်းကြောင့်သာ မဟုတ်ရင် ငါတို့ အရှင်က ကျူးဝမ် မျိုးနွယ် တစ်ခုလုံးပါ ရှင်းပစ်လိုက်ပြီ"

"အနီရောင် နဂါး ...”

ချန်းဖန်မှာ ဖြစ်ပျက်သမျှကို လျင်မြန်စွာပင် နားလည်သွား၏။ သူက ချက်ချင်းပင် နတ်ဘုရား စိတ်အာရုံဖြင့် တစ်မြို့လုံးကို စစ်ဆေးလိုက်သည်။

"ဟူး ... ဟူး ...”

မကြာခင်မှာပင် ချန်းဖန်သည် နဂါးများ၏ စွမ်းအားကို သယ်ဆောင် ထားသည့် ရွှေအမြုတေ အထွတ်အထိပ် အဆင့် လူတစ်ယောက်အား တော်ဝင် နန်းတော် အတွင်းတွင် တွေ့လိုက်ရသည်။ ထိုလူကား အနီရောင် နဂါးပင် ဖြစ်သည်။

အနီရောင် နဂါးအပြင် အခြား ကျင့်ကြံသူ နှစ်ယောက်ကိုပါ ချန်းဖန် တွေ့လိုက်ရသည်။ ထိုနှစ်ယောက်သည်လည်း ရွှေအမြုတေ အထွတ်အထိပ် အဆင့်များဖြစ်ကာ သူတို့၏ အငွေ့အသက်များအရ သွေးကျင့်စဉ်ကို ကျင့်ကြံပုံရ၏။

သို့သော်လည်း ချန်းဖန်၏ မျက်လုံးတွင်မူ ထိုသုံးယောက်မှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။ ချန်းဖန် အလေးအနက်ထားသော အရာမှာ ထိုလူများ၏ နောက်ခံကိုသာ ဖြစ်သည်။

"တန်ခိုးရှင် ... ကျုပ်တို့အခု ဘာလုပ်ကြမလဲ ...”

ကျိုးကျူရှင်းက မေးသည်။

"ဘာတွေ ဖြစ်နေလဲဆိုတာ စစ်ဆေး ကြည့်ကြတာပေါ့ ...”

ချန်းဖန်က ပြန်ဖြေ လိုက်သည်။

ထို့နောက် သူတို့ နှစ်ယောက်သည် တော်ဝင်မြို့ အတွင်း၌ လမ်းလျှောက်ကာ တစ်ပတ် ပတ်လိုက် ကြသည်။ သူတို့၏ နတ်ဘုရား စိတ်အာရုံသည် ချောင်ကြိုချောင်ကြား အထိ ဖြန့်ကြက်ထားရာ မည်သည့် အချက်အလက်မှ သူတို့ထံမှ လွတ်ခြင်း မရှိချေ။

မကြာခင်မှာပင် ချန်းဖန်သည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့သော အရာ မှန်သမျှကို သိရှိ လာခဲ့သည်။

သူနှင့် ရှောင်မန် ကမ္ဘာနှစ်ခု ဆုံမှတ်သို့ ထွက်ခွာသွားပြီးနောက် အတန်ကြာသည် အထိ ကောင်းကင် နယ်မြေများနှင့် အင်အားကြီး မိသားစု၊ မျိုးနွယ်များမှာ ရှဲ့ချန်းယန်ကို မတိုက်ခိုက် ရဲကြချေ။ အနီရောင် နဂါးနှင့် လင်းမိသားစု ဘိုးဘေးတို့ပင် သူ့အား လေးစားစွာ ဆက်ဆံ ခဲ့ကြသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်မှစ၍ အခြေအနေများမှာ စတင်ကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ ရုတ်တရက် အစွမ်းထက် အင်အားစု တစ်ခုမှာလည်း ပေ့ဟန်နယ်သို့ ကျူးကျော်လာ၏။

ထိုအင်အားစုကို သွေးနတ်ဘုရားဂိုဏ်းဟု ခေါ်သည်။ သူတို့သည် ပေ့ဟန်နယ်ကိုသာ ကျူးကျော်ခြင်း မဟုတ်ချေ။ ပတ်ဝန်းကျင်ရှိ အခြား မြေရိုင်းနယ် ငါးခုကိုပါ နယ်မြေ ချဲ့ထွင်ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ ဂိုဏ်းချုပ် သွေးနတ်ဘုရားသည် အလွန် အစွမ်းထက်ကာ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကို ကိုင်ဆောင်ထားသည့် ရှဲ့ချန်းယန်ကိုပင် အနိုင်ယူခဲ့သည်။ အကယ်၍ ချန်းဖန်၏ နာမည်ကြောင့်သာ မဟုတ်လျှင် ရှဲ့ချန်းယန်သည် တော်ဝင်မြို့မှ အသက်ရှင်လျက်ပင် ထွက်နိုင်လိမ့်မည် မဟုတ်ချေ။

အရှင် ဝိညာဉ် စိုက်ပျိုးခြင်း၊ ဘိုးဘေး တကောင်းစသူတို့မှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံရရာ ပတ်ဝန်းကျင် မြေရိုင်း နယ်ငါးခုမှာ အုပ်ချုပ်သူ ကင်းမဲ့နေခဲ့သည်။

သွေးနတ်ဘုရားသည် ထိုအခွင့်အရေးကို အမိအရ ယူကာ ကျူးကျော်စစ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။ ခွန်အားချင်း၊ စွမ်းအင် အဆင့်ချင်းက မမျှရာ အနီရောင် နဂါးနှင့် အခြားလူများမှာ သူတို့ထံ၌ အညံ့ခံ လိုက်ရပုံပေါ်၏။

"မင်း သွေးနတ်ဘုရားဂိုဏ်း အကြောင်းကို ကြားဖူးလား ...”

ချန်းဖန်က မေးလိုက်၏။ သူ၏ မျက်လုံးများက အေးစက်စွာ တောက်ပလာခဲ့သည်။

"သူတို့က မြောက်ပိုင်း ဒေသက အင်အားစု တစ်ခုပါ ... နာမည် အရင်းက သွေးမိစ္ဆာဂိုဏ်းတဲ့ ... သူတို့က မြေရိုင်းနယ် သုံးခုကို စိုးမိုးပြီး အစွမ်းထက် ကျင့်ကြံသူ များစွာကို ပိုင်ဆိုင်ထားတယ် ... အတိတ်တုန်းကလည်း သူတို့က မြေရိုင်းနယ် ငါးခုကို ကျူးကျော် ဖူးတယ် ... ဒါပေမဲ့ ခမည်းတော်က သူတို့ကို အနိုင်ပြီး နှင်ထုတ်လိုက်နိုင်တယ် ... အခုတစ်ခါ ထပ်ပြီး ကျူးကျော် လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"

ကျိုးကျူရှင်းက စဉ်းစားရင်း ပြန်ဖြေလိုက်သည်။

"သေးငယ်တဲ့ ဂိုဏ်းလေးက ကျူးဝမ် မျိုးနွယ်ကို ထိရဲတယ်ပေါ့ ...”

ချန်းဖန်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။ ထို့နောက် သူက အမိန့်ပေး လိုက်၏။

"ကျိုးကျူရှင်း ... အနီရောင် နဂါးနဲ့ သွေးနတ်ဘုရား ဂိုဏ်းက ကိုယ်စားလှယ် နှစ်ယောက်ကို ငါ့ဆီ ဖမ်းခေါ်လာခဲ့ ... ငါ့ကို စော်ကားရဲရလောက်အောင် သွေးနတ်ဘုရားရဲ့ သတ္တိက ဘယ်က လာတာလဲ သူတို့ကို မေးရမယ်"

"ကောင်းပါပြီ ...”

ကျိုးကျူရှင်းက ခေါင်းညိတ်ကာ ကောင်းကင်သို့ ပျံတက်လိုက်၏။ ထို့နောက် သူက ကောင်းကင်မျိုမြွေ အသွင်သို့ ပြောင်းလဲ၍ တော်ဝင် နန်းတော်ဆီသို့ ပျံသန်းသွားသည်။

"ဘုန်း ...”

ကျယ်လောင်သော ပေါက်ကွဲသံများနှင့် အတူ တော်ဝင် နန်းတော်သည် အပျက်အစီးပုံအဖြစ် ပြောင်းလဲသွား၏။ ချန်းဖန်သည် ခပ်လှမ်းလှမ်းမှပင် စူးရှသော နဂါးဟိန်းသံနှင့် သွေးရောင် အလင်းများကို မြင်တွေ့ရသည်။

"ဟူး ...”

မကြာခင်မှာပင် ကျိုးကျူရှင်းသည် ဒဏ်ရာ ရနေသော အနီရောင် နဂါးနှင့် အနက်ရောင်ဝတ် လူတစ်ယောက်ကို သယ်ဆောင်ကာ ချန်းဖန်ထံ ပြန်လည် ရောက်ရှိလာ၏။ သူက ထိုနှစ်ယောက်ကို မြေပြင်ပေါ် ကိုင်ပေါက်ကာ ပစ်ချရင်း ရှက်ရွံ့စွာဖြင့် ဆိုလိုက်သည်။

"တန်ခိုးရှင် ... ကျုပ် နှစ်ယောက်ပဲ ဖမ်းလာနိုင်တယ် ... သွေးနတ်ဘုရား ဂိုဏ်းရဲ့ ကိုယ်စားလှယ် တစ်ယောက်ကတော့ ထွက်ပြေးသွားပြီ ... ကျုပ် သူ့နောက်ကို ချက်ချင်း လိုက်လိုက်ပါ့မယ်"

ထိုအခါ အနက်ရောင်ဝတ် လူက အော်ဟစ် ရယ်မောလိုက်၏။

"ဟားဟား ... အသုံးမဝင်ဘူးကွ ... ငါ့ မိတ်ဆွေက လျူကျိ သွေးလွတ်မြောက်ခြင်း အစီအရင်ကို သုံးပြီး ထွက်ပြေးသွားတာ ... သူက တစ်နေ့တည်းနဲ့ မိုင်သန်းချီအထိ သွားလာနိုင်တယ် ... ကျိုးကျူရှင်း မင်း ကမ္ဘာနှစ်ခု ဆုံမှတ်က ဘယ်လို ပြန်ထွက်လာသလဲ ဆိုတာတော့ ငါ မသိဘူး ... ဒါပေမဲ့ ငါ မင်းကို စေတနာနဲ့ သတိပေးလိုက်မယ် ... ငါတို့ အရှင်က သွေးနတ်ဘုရား ကောင်းကင် ကျင့်စဉ်ကို အောင်မြင်သွားပြီ ... သူက အခုဆိုရင် အခြေတည် ဝိညာဉ်အဆင့်ကို ရောက်ဖို့ ခြေလှမ်းဝက်ပဲ လိုတော့တယ် ... သူက မင်းကို လက်စားချေဖို့ လိုက်ရှာနေတယ်"

"အရှုံးသမားကများ ...”

ချန်းဖန်က နှာခေါင်းရှုံ့လိုက်ရာ ထို လူမှာ အေးခဲသွား၏။

"ဟူး ...”

ထို့နောက် ချန်းဖန်က ကောင်းကင်ကို ဖြတ်၍ ကြည့်လိုက်သည်။ ထိုအခါ မိုင်တစ်သောင်း အကွာအဝေး၌ ပြေးလွှားနေသော သွေးရောင် အရိပ်ကို သူတွေ့လိုက်ရ၏။ သူကား အသံ၏ အမြန်နှုန်းထက်ပင် အဆ တစ်ရာခန့် ပိုမို လျင်မြန်နေခဲ့သည်။

"ဟဟ ... ငါ့လက်ကနေ ပြေးလို့ လွတ်မယ် ထင်နေတာလား"

ချန်းဖန်က ပြုံးကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုက လိပ်အလား နှေးကွေး လေးလံနေ၏။

"ခရက် ...”

ရုတ်တရက် ကောင်းကင်သည် အက်ကွဲကာ ချန်းဖန်၏ လက်မှာ မိုင်ပေါင်းများစွာ အကွာရှိ ဟင်းလင်းပြင်တွင် ပြန်လည် ပေါ်လာခဲ့သည်။ ထိုလက်သည် ပြေးလွှားနေသော သွေးရောင် အရိပ်ကို ဆုပ်ကာ နောက်သို့ ပြန်လည် ဆွဲယူလာ၏။

"ဘာလဲ ...”

ထိုမြင်ကွင်းကို ကြည့်ကာ အနက်ရောက်ဝတ် လူမှာ ဆွံ့အသွားသည်။ သူက ချန်းဖန်အား မယုံကြည်နိုင်ဟန် ကြည့်လိုက်၏။

***

All Chapters