သွေးမိစ္ဆာ စစ်တပ်
Vol. 9 Ch. 876
"မင်းပြောတဲ့ မင်းမိတ်ဆွေဆိုတာ သူ ဟုတ်ရဲ့လား ...”
ချန်းဖန်က သွေးရောင် အရိပ်ကို မြေပြင်ပေါ် ပစ်ချရင်း အနက်ရောင်ဝတ် အကြီးအကဲအား ကြည့်လိုက်၏။ ထိုအကြီးအကဲကား သွေးနတ်ဘုရား ဂိုဏ်း၏ တမန်တော် တစ်ယောက် ဖြစ်ကာ လဲ့ရှန်းဟု အမည်ရသည်။
"အဲဒါက ပုံရိပ်ယောင် အစီအရင် တစ်ခုမလား ... မင်းကငါ့ကို ဒီလိုနည်းနဲ့ အရူး လုပ်ချင်တာလား"
လဲ့ရှန်းက ချန်းဖန်အား မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ဟဟ ...”
ချန်းဖန်က သူ့အား ပြန်မပြောတော့ပဲ အနီရောင် နဂါးဘက်သို့သာ လှည့်လိုက်သည်။
"မင်းကတော့ ငါဘယ်သူလဲဆိုတာ သိမှာပေါ့ ...”
အနီရောင် နဂါးမှာ ချက်ချင်းပင် ဒူးထောက်ကာ ခေါင်းအား မြေကြီးထိအောင် ငုံ့လိုက်၏။
"ကျေးဇူးပြုပြီး ချမ်းသာပေးပါ ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ကျုပ်မှာ ရွေးချယ်စရာ မရှိတော့ လို့ပါ ... သွေးနတ်ဘုရားဂိုဏ်းက သူတို့ ပြောတဲ့အတိုင်း မလုပ်ရင် ကျုပ်ရဲ့ မျိုးနွယ် တစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ် ... ကျူပ်ရဲ့ အနီရောင် နဂါးမျိုးနွယ်က သေးငယ် နိမ့်ကျလွန်းပါတယ် ... ဘယ်လို လုပ်ပြီး သူတို့ရဲ့ အမိန့်ကို လွန်ဆန်နိုင်မှာလဲ"
အနီရောင် နဂါးမှာ ပြောရင်း မျက်ရည်များ စီးကျလာသည်။ များစွာသော လမ်းသွား လမ်းလာများမှာ သာမန် လူငယ် တစ်ယောက်၏ ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေသော အနီရောင် နဂါးကိုကြည့်ကာ ဆွံ့အ သွားကြသည်။
"သူက ဘယ်သူများလဲ ... သွေး နတ်ဘုရားဂိုဏ်းက အရှင် သွေးနတ်ဘုရားများလား ...”
"မဖြစ်နိုင်ဘူး ... ဟိုအဖမ်းခံထားရတဲ့ နှစ်ယောက်က သွေးနတ်ဘုရား ဂိုဏ်းသားတွေ ... ဟိုဆံပင်ဖြူ အဘိုးကြီးကို ကြည့်ရတာတော့ အရင် အရှင် ပေ့ဟန်နဲ့ တူနေတယ် ... သူက ကမ္ဘာနှစ်ခု ဆုံမှတ်မှာ သေသွားပြီ မဟုတ်ဘူးလား"
"နေဦး ... ငါ မှတ်မိပြီ ... အဲဒီ လူငယ်က ချန်းပေ့ရွှမ်းပဲ"
အတန်ကြာပြီးနောက် များစွာသော လူများမှာ ချန်းဖန်ကို မှတ်မိသွားကြသည်။
"ချန်းပေ့ရွှမ်း ပြန်လာပြီ ...”
ထိုသတင်းက မကြာခင်မှာပင် တော်ဝင်မြို့ တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
များစွာသော လူများသည် ချန်းဖန်ကို သဘောမကျခဲ့ကြချေ။ သို့သော်လည်း ယခု အချိန်၌ ကျူးကျော်သူများကို ရင်ဆိုင်နိုင်သူဟူ၍ ပေ့ဟန် တစ်နယ်လုံးတွင် ချန်းဖန် တစ်ယောက်သာ ရှိရာ သူတို့၏ ချန်းဖန် အပေါ် အမြင်များမှာလည်း ပြောင်းလဲ လာခဲ့ကြသည်။
"ကြိုဆိုပါတယ် ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ကျုပ်က သန့်စင်သော အမတေ ဂိုဏ်းချုပ် ရှကျင်းလုံပါ ...”
"ကြိုဆိုပါတယ် ... ကျုပ်က ဟောင်မိသားစု ခေါင်းဆောင် ... ဟောင်ကျန်းတင်းပါ"
"ကျုပ်ကတော့ ရွှေရောင် ကျီးကန်း ဂိုဏ်းချုပ် ကျင်းပိုရှန်းပါ ...”
" ...”
များစွာသော ရွှေအမြုတေ အဆင့်များမှာ ချန်းဖန်ထံသို့ တဖွဲဖွဲ ရောက်ရှိလာကာ နှုတ်ဆက် ကြသည်။
ပေ့ဟန်နယ်သည် ကျူးကျော်သူ၏ လက်အောက်သို့ ကျရောက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် ချန်းဖန် ကဲ့သို့ ခေါင်းဆောင်မျိုးကို အမှန်ပင် တောင့်တမိကြ၏။
အချို့ လူများမှာမူ ချန်းဖန်၏ နောက်တွင် အစေခံ တစ်ယောက်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေသော အရှင်ပေ့ဟန်ကိုကြည့်ကာ ဆွံ့အ နေကြသည်။ ထိုလူငယ်ကား ကျိုးကျူရှင်း ကိုပင် ဒူးထောက် စေခဲ့ရာ သွေးနတ်ဘုရားကိုလည်း ကျိန်းသေ တိုက်ထုတ် နိုင်ပေလိမ့်မည်။
"နောက်ဆုံးတော့ ဝမ်ရှင်း တန်ခိုးရှင် ပြန်လာပြီပဲ ... ကျုပ် ခင်ဗျားကို နေ့ရောညပါ လွမ်းနေခဲ့တာ ...”
ချူယွမ်တင်းက ချန်းဖန် အနားသို့ ကပ်လာကာ ဒူးထောက်ချလိုက်၏။ ထို့နောက် သူက မထိန်းချုပ်နိုင်အောင် ရှိုက်ကြီး တငင်ငင် ငိုကြွေး နေတော့သည်။
"စိတ်ကိုထိန်းဦး ... ဘာတွေ ဖြစ်နေတာလဲ အရင် ပြောပြ"
ချန်းဖန်က မသက်မသာဖြင့် သူ့အား မေးလိုက်သည်။
ချူယွမ်တင်းက မျက်ရည်များကို သုတ်ကာ ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူက ဖြူရော်ရော် အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
"အခု ဝမ်ရှင်း တန်ခိုးရှင် ရှိနေပြီ ဆိုတော့ ကျုပ်တို့ သွေးမိစ္ဆာဂိုဏ်းကို ကြောက်စရာ မလိုတော့ပါဘူး ... သူတို့က ကျုပ်တို့ နယ်ကို ကျူးကျော်ပြီး ကျွန်ပြု ထားခဲ့တာပါ ... ကျုပ် အဲဒီအတွက် ဝမ်းနည်းလွန်းလို့ နေ့တိုင်းပဲ ငိုကြွေး ရပါတယ်"
"အာ ... အဘိုးကြီးချူ ... ကျုပ် မှတ်မိ သလောက်ဆိုရင် သွေးမိစ္ဆာဂိုဏ်း ရောက်လာတုန်းက အရင်ဆုံးသွားပြီး သစ္စာခံတာ ခင်ဗျား မဟုတ်ဘူးလား ...”
သန့်စင်သော အမတေ ဂိုဏ်းချုပ်က မယုံကြည်နိုင်သော မျက်နှာဖြင့် ပြောလိုက်၏။
"အဲဒါက ကျုပ်ရဲ့ ရန်သူကို ပူးသတ်တဲ့ နည်းလမ်းဗျ ... ကျုပ် လုပ်ခဲ့သမျှ အားလုံးက ကျုပ်ချစ်တဲ့ ပေ့ဟန်ပြည်နဲ့ ဝမ်ရှင်း တန်ခိုးရှင်ချန်း အတွက်ချည်းပါပဲ"
ချူယွမ်တင်းက ပြန်လည်ကာ ငြင်းခုံလိုက်သည်။
"တော်လောက်ပြီ ...”
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းရင်း ပြောလိုက်သည်။
"သွေးမိစ္ဆာဂိုဏ်း ကျူးကျော်ပြီးနောက် ဘာဖြစ်လဲဆိုတာ ပြောပြစမ်း ... ငါ ထားခဲ့တဲ့ မြို့ အကာအကွယ် အစီအရင်က ဘာဖြစ်သွားတာလဲ ... နောက်ပြီး ငါ ပေးခဲ့တဲ့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာရော ... အဲဒါကို မသုံးဘူးလား ...”
"အဲဒါက ...”
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ရှကျင်းလုံက ရှေ့သို့ တိုးကာ ရိုသေသော အမူအရာနှင့် ပြောလိုက်သည်။
"အရှင် ... သွေးမိစ္ဆာဂိုဏ်းက အဲဒီ အစီအစဉ်ကို နှစ်ချီပြီး ဆွဲထားတာပါ ... သူတို့က တစ်ကိုယ်တည်း လာတာ မဟုတ်ဘူး ... အခြား အဓိက မိစ္ဆာဂိုဏ်း ခြောက်ခုနဲ့ ပူးပေါင်း လာတာပါ ... နောက်ပြီး သူတို့ထဲမှာ အနီရောင် နဂါးတွေလည်း ပါပါတယ် ... ကျူးဝမ် မဟာ အကြီးအကဲ အပါအဝင် ကျုပ်တို့တွေ အားလုံး ဘာမှကို မလုပ်နိုင်ခဲ့ဘူး"
"ကျူးဝမ် မျိုးနွယ်နဲ့ ရွှမ်မင် ကောင်းကင် နယ်မြေရော ဘာဖြစ်သွားလဲ ...”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"သွေးမိစ္ဆာဂိုဏ်းက ကောင်းကင်နယ်မြေ ခြောက်ခုကို အနိုင်ယူခဲ့တယ် ... ဝမ်ရှင်း တန်ခိုးရှင် တိုင်ရှုက သွေးမိစ္ဆာဂိုဏ်းဆီမှာ အညံ့ခံ ခဲ့ရတယ် ... ကျူးဝမ်မျိုးနွယ်တွေ ဘာဖြစ်သွားလဲ ဆိုတာတော့ ကျုပ်လည်း သေချာ မသိဘူး ... သွေးမိစ္ဆာဂိုဏ်းက သူတို့နဲ့ ဆက်သွယ်မှု အားလုံးကို ဖြတ်တောက် ပစ်လိုက်တယ် ... ဝမ်ရှင်း တန်ခိုးရှင် သိချင်ရင် အနီရောင် နဂါးနဲ့ သွေးမိစ္ဆာဂိုဏ်း တမန်တော်တွေကို မေးကြည့်ပါ"
ရှကျင်းလုံက လေးနက်သော အသံဖြင့် ပြောလိုက်၏။
ထိုအခါ လဲ့ရှန်းက တစ်ချက်ပြုံးကာ ဝင်ရောက် ပြောလိုက်သည်။
"ဒါပေါ့ ... ကျုပ် ပြောပြနိုင်တာပေါ့ ... ကျုပ်တို့ သွေးမိစ္ဆာ စစ်တပ်က ရှေးဟောင်း ကျူးဝမ်မြို့ကို ဝန်းရံ ထားပြီးပြီ ... မကြာခင် အတိတ်က ရန်ငြိုးတွေအတွက် အဲဒီ တစ်မြို့လုံးကို သွေးအိုင်အဖြစ် ပြောင်းလဲ ပစ်တော့မှာလေ ...”
"မင်း လုပ်ရဲလား ...”
ကျိုးကျူရှင်းက အော်ဟစ်ကာ လဲ့ရှန်းအား လက်သည်းဖြင့် ကုတ်ခြစ်လိုက်၏။ လဲ့ရှန်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသွားသော်လည်း တစ်စက္ကန့် အကြာ၌ မူလ ပုံသဏ္ဌာန်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
"မင်း ငါ့ကို မသတ်နိုင်ပါဘူး ... ငါက သွေးအရိပ် မိစ္ဆာ ကျင့်စဉ်ကို လေ့ကျင့်ထားတာ ... အဲဒါက မူလ မိစ္ဆာတွေ လက်ဆင့်ကမ်းထားတဲ့ ကောင်းကင် ကျင့်စဉ်ပဲ ... ကောင်းကင် အရှင်တွေပဲ ငါ့ကို ထိခိုက်အောင် လုပ်နိုင် လိမ့်မယ်"
လဲ့ရှန်းက ဂရုမစိုက်သည့် ပုံစံဖြင့် အော်ဟစ် ရယ်မောလိုက်သည်။
ကျိုးကျူရှင်းမှာ ဒေါသကို မထိန်းချုပ် နိုင်ရကား အပြင်းထန်ဆုံး တိုက်ကွက်များကို ထုတ်ကာ လဲ့ရှန်းအား တိုက်ခိုက်တော့သည်။ သို့သော်လည်း မည်မျှပင် ဒဏ်ရာ ရစေကာမူ လဲ့ရှန်းမှာ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းနေနိုင်ဆဲ ဖြစ်၏။
လူများစွာမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩ သွားကြသည်။
သွေးအရိပ် မိစ္ဆာ ကျင့်စဉ်ကား အလွန် အစွမ်းထက်ပုံရ၏။ တမန်တော် တစ်ပါးပင်လျှင် သတ်၍ မရနိုင်ရာ မဟာ အကြီးအကဲ သုံးဦးနှင့် သွေးနတ်ဘုရားတို့ ဆိုပါက မည်မျှ အစွမ်းထက် နေမည်နည်း။
သို့သော်လည်း ချန်းဖန်ကမူ ထိုအရာကို ရှင်းလင်းစွာ မြင်ရ၏။ သွေးအရိပ် မိစ္ဆာ ကျင့်စဉ်သည် သွေးမျိုးနွယ်မှ ဆင်းသက်လာသော ကျင့်စဉ်ဖြစ်သည်။ သွေးမျိုးနွယ်သည် မိစ္ဆာ မျိုးနွယ်များ အကြား၌ သတ်ရန် အခက်ခဲဆုံးအဖြစ် ထင်ရှားသည်။ ရှေးဟောင်း နတ်ဆိုး မျိုးနွယ်ပင် သူတို့လောက် ခံနိုင်ရည် မမြင့်မားချေ။
ရှေ့ဟောင်း နတ်ဆိုးများသည် သူတို့၏ ခန္ဓာကိုယ်ကို သွေးတစ်စက်မှ ပြန်လည်၍ ဖွဲ့စည်းနိုင်သည်။ သွေးမျိုးနွယ်မှာမူ သွေးအရိပ်မှပင် သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ဖွဲ့စည်းနိုင်သည်။
"တန်ခိုးရှင် ... ကမ္ဘာမီး သုံးချောင်းထောက် ဆေးအိုးကို သုံးခွင့်ပြုပါ ... မြေအောက် ကမ္ဘာ မီးအဆိပ်နဲ့ ဆိုရင် ဒီမိစ္ဆာ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး"
ကျိုးကျူရှင်းက ဒေါသတကြီး တောင်းဆိုလိုက်၏။
"မလိုတော့ဘူး ...”
ချန်းဖန်က ခေါင်းခါလိုက်သည်။
ထိုအခါ လဲ့ရှန်းမှာ ချန်းဖန် လက်လျှော့တော့မည်ဟု တွေးမိကာ ရယ်မောလိုက်သည်။
"ငါ့ကိုသတ်ဖို့ အချိန်ဖြုန်း မနေနဲ့ ... ဘယ်လိုမှ ရမှာ မဟုတ်ဘူး ... သွေးမိစ္ဆာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ဘယ်လို ခုခံမလဲဆိုတာသာ တွေးကြ ... ဟားဟား ...”
သူ၏ စကားဆုံးသည်နှင့် ကြီးမားသော နဂါးကြီးတစ်ကောင် အဝေးရှိ ကောင်းကင်မှ မြင့်တက်လာ၏။ ထိုနဂါးသည် မီတာ တစ်သောင်းကျော် ရှည်လျားကာ ကောင်းကင် တစ်ခုလုံးကို ဖြန့်ကြက်ထားသည်။ ၎င်းသည် တော်ဝင်မြို့တော်ဆီသို့ လွန်းထိုးကာ ပျံသန်းလာ၏။
သို့သော်လည်း အနီးသို့ ရောက်ရှိ လာပြီးနောက် လူများသည် ထိုအရာမှာ နဂါးတစ်ကောင် မဟုတ်ကြောင်း တွေ့ရှိလာကြ၏။
၎င်းမှာ များစွာသော သွေးအရိပ်များ အတူတကွ ရွေ့လျားနေသည့် ကြီးမားသော စစ်တပ်ကြီးသာ ဖြစ်၏။ ထိုသွေးအရိပ် တစ်ခုချင်းစီမှာ မူလအဆင့် ညီမျှကာ စုစုပေါင်း အရေအတွက်မှာ တစ်သောင်းခန့် ရှိသည်။ ထိုအထဲ၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာလည်း ရာချီသည် အထိ ရောနှော ပါဝင်နေ၏။
ကျိုးကျူရှင်းနှင့် အခြား ဝမ်ရှင်း တန်ခိုးရှင်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့် သွားကြတော့သည်။
***