တစ်ယောက်ပြီး တစ်ယောက်
Vol. 9 Ch. 877
"အဲဒါက သွေးမိစ္ဆာ စစ်တပ်လား ...”
ထိုမြင်ကွင်းက လူတိုင်းအား ကြောက်လန့် သွားစေသည်။
ပေ့ဟန်နယ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ ဂိုဏ်းများ အခြေစိုက် နေထိုင်ကြသည်။ သို့ဖြစ်ရာ ထိုသို့သော နေရာကို သွေးနတ်ဘုရား ဂိုဏ်းက မည်ကဲ့သို့ ကိုယ်စားလှယ် နှစ်ယောက်တည်းဖြင့် လွှတ်ထား ပါမည်နည်း။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ... အရင်ဆုံး နောက်ဆုတ်တာ ကောင်းလိမ့်မယ် ထင်တယ် ... ပေ့ဟန်နယ် သွေးမိစ္ဆာတပ်က ရွှေအမြုတေအဆင့် တစ်ရာကျော်ကို ပိုင်ဆိုင်ထားတယ် ... စစ်မြေပြင်မှာ သူတို့ကို ဘယ်သူမှ စိန်ခေါ်နိုင်မှာ မဟုတ်ဘူး"
ရှကျင်းလုံးက စိုးရိမ်စွာဖြင့် ချန်းဖန်အား ပြောလိုက်သည်။ အနီရောင် နဂါးကလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။
"မင်း ဘယ်လိုထင်လဲ ဝမ်ရှင်း တန်ခိုးရှင်ချန်း ... သွေးမိစ္ဆာ စစ်တပ်က မင်းအတွက် ထိုက်တန်တဲ့ ပြိုင်ဘက်ရော ဖြစ်ရဲ့လား ...”
လဲ့ရှန်းက အော်ဟစ် ရယ်မောလိုက်သည်။ အခြားသော တမန်တော်ကလည်း ချန်းဖန်ကို လှောင်ပြောင်ဟန် ကြည့်၏။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
ထိုအချိန်၌ သွေးမိစ္ဆာ စစ်တပ်ကား တဖြည်းဖြည်း နီးလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ ဖိအား အောက်တွင် တော်ဝင်မြို့ပင်လျှင် တုန်ရီလာခဲ့၏။ များစွာသော မြို့သူ၊ မြို့သားများ၏ မျက်နှာများမှာ ဖြူရော် လာခဲ့ကြသည်။
"တန်ခိုးရှင် ... ကျုပ်တို့ ဘာလုပ်ကြမလဲ"
ကျိုးကျူရှင်းပင်လျှင် ကြောက်လန့်မှု၊ စိတ်အားငယ်မှုတို့ကို ထိန်းသိမ်း မထားနိုင်တော့ချေ။
သူသည် ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း၌ ချန်းဖန် ရှေးဟောင်း နတ်ဆိုးများကို အနိုင်ယူခဲ့သည်အား တွေ့မြင်ခဲ့ရသော်လည်း ထိုအရာက ချန်းဖန်အတွက် မလွယ်ကူခဲ့မှန်း သိသည်။ ယခု တစ်ကြိမ်တွင်လည်း ချန်းဖန် ထိုသို့ တိုက်ခိုက်နိုင်မည်လား သူ မခန့်မှန်းနိုင်ချေ။
ချန်းဖန်မှာမူ အလုံးစုံ တည်ငြိမ်စွာပင် ရှိနေသေးသည်။
"အဲဒီလောက်လည်း မဟုတ်ပါဘူး ... သူတို့က ရှေးဟောင်း နတ်ဆိုး စစ်တပ်ထက်တောင် အားနည်းသေးတယ်"
သွေး နတ်ဘုရားဂိုဏ်း တမန်တော် နှစ်ယောက်စလုံးက ချန်းဖန်အား နားမလည်စွာ ကြည့်လိုက်ကြသည်။ ထိုအရာက အဘယ် အဓိပ္ပာယ်နည်း။ သူက လာနောက် နေသည်လား။
"ကျိုးကျူရှင်း ... ဒီနှစ်ကောင်ကို သေချာကြည့်ထား ... သူတို့ စစ်တပ်က ဘယ်လောက် အားနည်းသလဲဆိုတာ ငါ ပြမယ်"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်သို့ ပျံသန်းသွား၏။ သူ၏ အမူအရာက ကြောက်မက်ဖွယ် မိစ္ဆာများကို ပုရွက်ဆိတ်လောက်ပင် သဘောထားပုံ မရချေ။
"ဂရုစိုက် ...”
များစွာသော လူများက စိတ်ထဲမှ အော်ဟစ်လိုက်မိကြ၏။
သွေးမိစ္ဆာ စစ်တပ်ကား သွေးမိစ္ဆာဂိုဏ်း၏ ဂုဏ်ယူရသော အရာဖြစ်သည်။ သို့သော်လည်း သူတို့ သိထားသလောက်ဆိုလျှင် ချန်းဖန်မှာမူ ရွှေအမြုတေ အဆင့်သာ ဖြစ်သည်။ သူကား သွေးမိစ္ဆာ စစ်တပ်နှင့် နှိုင်းယှဉ်ပါက အလွန်တရာ သေးငယ်လွန်း၏။ သို့တိုင်အောင် အဘယ်ကြောင့် သူက ထိပ်တိုက် ရင်ဆိုင်ခြင်းကို ရွေးချယ်ရသနည်း သူတို့ နားမလည်နိုင်ချေ။
"ဘုန်း ...”
ချန်းဖန်သည် ကောင်းကင်သို့ ရောက်သည်နှင့် ရွှေရောင် အလင်းအသွင် ပြောင်းလဲသွားသည်။ ထို့နောက် သူသည် သွေးမိစ္ဆာ တပ်ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပျံသန်း သွားတော့၏။
"အသံထက် ငါးဆ ...”
"အသံထက် ဆယ်ဆ ...”
"အသံထက် အဆ နှစ်ဆယ် ...”
"…"
အဆုံး၌ လူများမှာ ချန်းဖန်၏ အမြန်နှုန်းကိုပင် မမြင်နိုင်ကြတော့ချေ။ ရွှေရောင် အလင်းတန်း တစ်ခု မိစ္ဆာ စစ်တပ်ထံ တရကြမ်း တိုးဝင် သွားသည်ကိုသာ တွေ့မြင် နေရတော့သည်။
"သွေးဓား ...”
သွေးမိစ္ဆာ စစ်တပ် အတွင်းရှိ အလယ်ဆင့် ရွှေအမြုတေ ဆယ့်ရှစ်ယောက်က အတူတကွ အော်ဟစ် လိုက်ကြသည်။
"ဘုန်း ...”
ရုတ်တရက် ကောင်းကင်တွင် မီတာတစ်သောင်း ကြီးမားသော မိစ္ဆာဓား တစ်ချောင်း ဖြစ်ပေါ်လာ၏။ ထိုဓားက ကျင့်ကြံသူ တစ်သောင်း၏ စွမ်းအားကို သယ်ဆောင်ကာ ချန်းဖန်ထံသို့ ခုတ်ပိုင်း ကျလာသည်။
သို့သော်လည်း ချန်းဖန်က ဓားအား ပျင်းရိစွာ ရိုက်ချ ဖျက်ဆီးပစ်လိုက်သည်။
"ဘုန်း ...”
ထို့နောက် အားလုံး၏ အကြည့်များအောက်တွင်ပင် ချန်းဖန်သည် သွေးမိစ္ဆာ စစ်တပ် အတွင်းသို့ တိုးဝင်သွားသည်။ သူ၏ တိုးဝင်မှုတွင် ပြိုင်ဘက်ကင်းဟု ကင်ပွန်းတပ်ကြသော သွေးမိစ္ဆာ စစ်တပ်မှာ တိုဟူးအလား ပိုင်းဖြတ် ခံရတော့၏။
လူတိုင်းသည် ထိုအရာကို မယုံကြည်နိုင်စွာ ငေးကြည့် နေမိကြသည်။
"အဲဒါက အပြင်လောကမှာ တကယ်ကြီး ဖြစ်နေတာလား ...”
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက သွေးမိစ္ဆာ စစ်တပ်ကို ဖျက်ဆီး ပစ်လိုက်တယ်လို့ ငါ မြင်လိုက်ရတာလား ...”
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက ပိုပြီး အစွမ်းထက် လာတာပဲ"
ရှကျင်းလုံမှာ ဆွံ့အနေ၏။ ချူယွမ်တင်းနှင့် အနီရောင် နဂါးတို့မှာမူ မယုံကြည် နိုင်မှုကြောင့် ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သို့သော်လည်း တမန်တော် နှစ်ယောက်မှာမူ သွေးမိစ္ဆာ စစ်တပ်အပေါ် ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။
"သူက ဝင်္ကပါကို ဖျက်ဆီးနိုင်တော့ရော ဘာအရေးလဲ ... ငါတို့ သွေးမိစ္ဆာ စစ်တပ်မှာက မူလ အဆင့် တစ်သောင်းနဲ့ ရွှေအမြုတေ အဆင့်ရာချီ ပါဝင်တယ် ... အဲဒီ ချန်းပေ့ရွှမ်းက အချိန်တိုအတွင်းမှာ ဘယ်နှယောက်ကို သတ်နိုင်မှာမလို့လဲ ... ငါတို့စစ်တပ်က အင်အားကို ပြန် စုစည်းပြီးတာနဲ့ သူ့ကို အနိုင်ယူနိုင်မှာ သေချာတယ်"
သူတို့၏ စကားလုံးများက လူအများကို သံသယအတွေး ဝင်စေသော်လည်း အခြားသော ခမ်းနားဖွယ် မြင်ကွင်းက လူတိုင်း၏ အမြင်အာရုံအတွင်း ဝင်ရောက်လာခဲ့သည်။
"ဘုန်း ... ဘုန်း ...”
စစ်မြေပြင်၌ ပေါက်ကွဲမှုများသည် အဆက်မပြတ် ဖြစ်ပေါ်လာသည်။ ထိုပေါက်ကွဲမှု တစ်ခုချင်းစီ၌ သွေးမိစ္ဆာ တစ်ရာခန့်စီမှာ သွေးမြူများအဖြစ် ပြောင်းလဲသွား၏။
နှစ်မိခန့် အကြာတွင်မူ ...
အဆက်မပြတ် ပေါက်ကွဲမှုများကား ပြီးဆုံးသွား၏။ ထိုအချိန်၌ သွေးမိစ္ဆာ စစ်တပ် တစ်ခုလုံး မှာလည်း သွေးမြူအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"…"
မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြသည်။
ရှကျင်းလုံ၊ ချူယွမ်တင်းတို့မှာ နေရာတွင်ပင် အေးခဲနေခဲ့သည်။ သူတို့၏ မျက်လုံးများက အဝေးသို့ မမှိတ်မသုန် ငေးမောနေကြ၏။ သွေးနတ်ဘုရားဂိုဏ်း တမန်တော် နှစ်ယောက်မှာမူ နှလုံးသားထဲမှ နေ၍ တုန်လှုပ်နေကြပြီ ဖြစ်လေသည်။
"ဟူး ...”
ချန်းဖန်သည် တော်ဝင်မြို့ ရှိရာသို့ ပြန်လည် ပျံသန်းလာကာ အားလုံး၏ ဦးခေါင်းထက်၌ မျောလွင့်နေ၏။
"တမန်တော်လဲ့ ... ကျုပ်ရဲ့ စွမ်းအားကို ခင်ဗျား ဘယ်လိုမြင်လဲ ... ကျုပ်က ခင်ဗျားတို့ ပြိုင်ဘက်ကင်း စစ်တပ်ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်ရဲ့လား ...”
"…"
လဲ့ရှန်းက ပါးစပ်ကို ပိတ်ကာ အံကို ကြိတ်လိုက်၏။
သူသည် သူ၏ လူကဲခတ် လွဲမှားမှုအတွက် နောင်တရ နေခဲ့သည်။ သူ၏ အမြင်အရ ဆိုလျှင် ချန်းဖန်၏ စွမ်းအင် အဆင့်မှာ အလွန်ဆုံးမှ ရွှေအမြုတေ အစောပိုင်းသာ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် မူလ အဆင့်တစ်သောင်းနှင့် ရာချီသော ရွှေအမြုတေ အဆင့်များ ပါဝင်သော သွေးမိစ္ဆာ စစ်တပ်ကို မိနစ်ပိုင်း အတွင်းမှာပင် အနိုင်ယူ ပြခဲ့သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ ... သူက ကောင်းကင် အရှင် တစ်ယောက်များလား ...”
ထိုအတွေးက လဲ့ရှန်း၏ စိတ်ကို အကြီးအကျယ် ချောက်ချားစေ၏။ ကောင်းကင် အရှင်များသာလျှင် စစ်တပ် တစ်ခုကို တစ်ကိုယ်တည်း အနိုင်ယူနိုင်စွမ်း ရှိသည်။ သွေးနတ်ဘုရား ပင်လျှင် ထိုသို့ ပြုလုပ်နိုင်မည် မဟုတ်ချေ။
"ဟူး ...”
ထို့နောက် ချန်းဖန်သည် သေးငယ်သော အနက်ရောင် အလံတစ်ခုကို ထုတ်လွှတ်ကာ စစ်မြေပြင် ဖြစ်ခဲ့သော နေရာရှိ သွေးမြူထုထံ ပစ်လွှတ်လိုက်၏။
ထိုအနက်ရောင် အလံသည် အစက သာမန်အလံ တစ်ခုနှင့်သာ တူခဲ့သည်။ သို့သော်လည်း ၎င်းသည် သွေးမြူကို စုပ်ယူပြီးသည်နှင့် အရွယ်အစား စတင်ကာ ကြီးမား လာတော့သည်။
"ခင်ဗျားကို ကျေးဇူးတင် ရတော့မှာပဲ တမန်တော်လဲ့ ... ကျုပ်က ကောင်းကင် မိစ္ဆာအလံ ဆယ့်ရှစ်ခုကို တည်ဆောက်နေတာ အဲဒါ မိစ္ဆာ ကျင့်ကြံသူတွေရဲ့ သွေးကို လိုအပ်နေတယ် ... ရှေးဟောင်း နတ်ဆိုးတွေက ငါးခုကိုပဲ အောင်မြင်အောင် ကူညီနိုင်ခဲ့တယ် ... ခု ခင်ဗျားတို့ကလည်း ကျုပ်အတွက် အဆင်သင့် ရောက်လာခဲ့တာပဲ"
ချန်းဖန်က သွေးမိစ္ဆာ အလံကို ပြန်လည် ဆင့်ခေါ်ကာ ပြုံးလိုက်၏။
"ကျုပ်ရဲ့ အလံအသစ် အတွက် ရတနာဝိညာဉ် ဖြစ်ပေးရတာ ခင်ဗျား စိတ်မရှိဖို့ ကျုပ် မျှော်လင့်ပါတယ်.."
"ဘာ ...”
ချန်းဖန်၏ စကားကို ကြားပြီးနောက် အခြား သွေးမိစ္ဆာ တမန်တော်မှာ တဆတ်ဆတ် တုန်အောင် ကြောက်လန့် သွားသည်။ လဲ့ရှန်း၏ မျက်နှာ တစ်ခုလုံးမှာလည်း ဖြူရော်သွား၏။
နောက်ဆုံး၌ များစွာသော ကြည့်ရှုသူ များမှာ စစ်ပွဲကို အနိုင်ဖြင့် အဆုံးသတ် နိုင်လိုက်ပြီ ဖြစ်ကြောင်း သဘောပေါက် သွားကြသည်။ သူတို့က ချန်းဖန်အား ကြောက်ရွံ့ လေးစားစွာ ကြည့်လိုက်ကြသည်။
ရှကျင်းလုံ၊ ဟောင်ကျန်းတင်း၊ ချူယွမ်တင်းတို့ အားလုံးမှာ ချန်းဖန်ကို ပို၍ လေးစား လာကြသည်။ စစ်တပ် တစ်ခုကို အနိုင်ယူကာ ဝိညာဉ် ရတနာတစ်ခုကို ဖန်တီးခြင်း ... စသည်တို့က နတ်ဘုရား တစ်ပါးအလား ခမ်းနားလွန်းလှ၏။
"ရန်သူတွေ အားလုံးကို အနိုင်ယူနိုင်တဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူပါတယ် ဝမ်ရှင်း တန်ခိုးရှင်ချန်း ...”
များစွာသော လူများက ဦးညွှတ်ကာ ပြောလိုက်ကြသည်။
ကျိုးကျူရှင်းက လေးစားသော မျက်နှာ အမူအရာကို ဆင်မြန်းထားသည်။ သို့သော်လည်း သူ၏ မျက်လုံးများတွင်မူ စိတ်ပျက်ခြင်း အရိပ်အငွေ့များ ဖြစ်ပေါ်နေ၏။ ထိုအချိန်၌ အနီရောင် နဂါးကမူ ချန်းဖန်၏ ခြေထောက်ကို ဖက်ကာ တောင်းပန်နေခဲ့ပြီ ဖြစ်သည်။
လုပ်စရာ အားလုံးကို စီမံပြီးနောက် ချန်းဖန်သည် ပေ့ဟန်နယ်၊ တော်ဝင်မြို့မှ ပျံထွက် လာခဲ့သည်။ သွေးမိစ္ဆာဂိုဏ်း ရှေးဟောင်း ကျူးဝမ်မြို့အား ဝန်းရံ နေကြောင်းကို သူသည် လဲ့ရှန်းထံမှ တစ်ဆင့် သိရှိထားပြီး ဖြစ်သည်။
"ငါ ရှေးဟောင်း ကျူးဝမ်မြို့ကို မြန်မြန် သွားမှဖြစ်မယ် ...”
ချန်းဖန်သည် ကျိုးကျူရှင်းအား ဆုပ်ကိုင်ကာ လျင်မြန်စွာ ပျံသန်း သွားတော့သည်။
ထိုအချိန် ကျူးဝမ်မြို့ပြင်၌ သွေးပင်လယ် တစ်ခု ဖြစ်ပေါ်နေ၏။ ထိုပင်လယ် အလယ်တွင်မူ မှိန်ပျပျ အလင်းတစ်ခုသည် မုန်တိုင်း အကြားမှ ဖယောင်းတိုင်မီးငယ် အလား ရှိနေခဲ့သည်။
***