နတ်ဘုရား ရောက်ရှိလာခြင်း
Vol. 9 Ch. 878
ယန်ပြည်နယ်၊ ရှေးဟောင်း ကျူးဝမ်မြို့ ...
မရေမတွက်နိုင်သော ကျူးဝမ် စစ်သည်များသည် ရှည်လျားသော နံရံများ၏ အနောက်တွင် ရပ်နေခဲ့သည်။ သူတို့သည် တာအို သင်္ကေတများ ထွင်းထားသည့် သံချပ်ကာများကို ဝတ်ဆင်ထားကာ ဓမ္မ လက်နက်များကို ကိုင်ဆောင်ထား၏။ အချို့ စစ်သည်များကမူ အတူတကွ ပူးပေါင်းကာ သွေးရုပ်သေး တစ်ယောက်ကို ရပ်တန့်ရန် ကြိုးစားနေသည်။ သို့သော်လည်း နံရံများ၏ အပြင်ဘက်တွင်မူ သွေးရုပ်သေး ပင်လယ်ကြီး ရှိနေခဲ့၏။
ပေ့ဟန်နယ် တစ်လွှားမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရှေးဟောင်း ကျူးဝမ်မြို့ထဲတွင် စုစည်း နေကြသည်။ ထိုနေရာအား များစွာသော ဂိုဏ်းများမှ မတူကွဲပြားသော အစီအရင်များဖြင့် ကာကွယ်ထား၏။ သို့သော်လည်း တိုက်ပွဲများစွာ အပြီး၌ အစီအရင် အများစုမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာ၌ ကျန်ရစ်သော အကာအကွယ် အစီအရင်မှာ တစ်ဒါဇင်မျှသာ ရှိတော့၏။
"ငါတို့ တစ်လလောက်ပဲ တောင့်ခံနိုင်တော့မယ် ထင်တယ် ... စစ်ကူသာ မရရင် ရှေးဟောင်း ကျူးဝမ်မြို့က ကျိန်းသေ ပျက်စီးရတော့မယ်"
ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်က ဆိုလိုက်၏။ သူ၏ မျက်နှာသည် မောပန်း နွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများနှင့် ပြည့်နှက်နေသည်။ သူ၏ ဘေးတွင်မူ ကောင်းကင်နယ်မြေ ငါးခု၏ ခေါင်းဆောင်များ၊ ဘိုးဘေးများ ရှိသည်။ သူတို့ အားလုံး၏ ပုံစံများမှာလည်း ဒုက္ခ ရောက်နေကြပုံ ပေါ်၏။
"ငါတို့ ဒီအတိုင်းဆက်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး ... အကာအကွယ် အစီအရင်တွေ တစ်ခုပြီးတစ်ခု ပျက်စီးသွားတာကိုသာ ထိုင်ကြည့်နေရင် ငါတို့ အားလုံး သေသွားလိမ့်မယ်"
ထျန်းမိန် ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်က ပြောသည်။
"ငါတို့ အကြီးအကဲရှဲ့နဲ့ အကြီးအကဲယင်တို့ကို ကောင်းကင်ဖြတ်ဓားကို သုံးပြီး ရန်သူတွေကို မောင်းထုတ်ဖို့ တောင်းဆိုရမယ် ...”
ထိုအခါ ချင်လော့၏ အမူအရာက အနည်းငယ် ဒုက္ခတွေ့သွားပုံ ရ၏။
"မဟာ အကြီးအကဲတွေက ကောင်းကင်ဖြတ်ဓားကို နောက်ဆုံး ခြောက်လအတွင်း ငါးကြိမ် အသုံးပြုပြီးသွားပြီ ... သူတို့တွေက ပင်ပန်းနေကြပြီ ... နောက်ပြီး ကောင်းကင်ဖြတ်ဓားကလည်း စွမ်းအားပြန်ပြီး ဖြည့်တင်းနေတုန်းပဲ ရှိသေးတယ်"
လူတိုင်း၏ မျက်နှာ၌ စိတ်ပျက်ခြင်းများ ဖြစ်ပေါ်လာသည်။ သူတို့သည် ကောင်းကင်ဖြတ်ဓား၏ ကာကွယ်မှုအောက်တွင် ရှိနေသော ရှေးဟောင်း ကျူးဝမ်မြို့မှာ လူသားတို့၏ နောက်ဆုံးခံတပ် ဖြစ်လိမ့်မည်ဟု မျှော်လင့် ထားခဲ့ကြသည်။ ထို့ကြောင့်ပင် သွေးမိစ္ဆာ စစ်တပ် ရောက်ရှိလာချိန်၌ သူတို့က ရှေးဟောင်း ကျူးဝမ်မြို့သို့ လာရောက် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။
"ဝမ်ရှင်း တန်ခိုးရှင်ချန်းသာ ရောက်လာရင် ကောင်းမယ် ...”
မူဟုန်တိက သက်ပြင်းတစ်ချက် ချလိုက်သည်။
သွေးရုပ်သေးများကား သွေးမိစ္ဆာများ၏ ကျွန်များ ဖြစ်ကြသည်။ လျှို့ဝှက် ကျင့်စဉ်များ၏ မြှင့်တင်မှုတွင် ၎င်းတို့သည် အတွင်းအား ပညာရှင်များကဲ့သို့ အစွမ်းထက်လှသည်။
ရှေးဟောင်း ကျူးဝမ်မြို့အား သွေးရုပ်သေး သန်းနှစ်ထောင်ကျော် ဝန်းရံထားသည်။ ၎င်းတို့သည် ရန်ပြည်နယ်နှင့် အခြားပြည်နယ် သုံးခုမှ လာခဲ့ခြင်း ဖြစ်၏။ သွေးမိစ္ဆာများသည် အပြစ်မဲ့သော ပြည်သူများကို စိတ်အတွေး ကင်းမဲ့သော ဇွန်ဘီများအဖြစ် ပြောင်းလဲ ပစ်ခဲ့သည်။
ထိုအချိန်၌ များစွာသော မြို့စောင့် စစ်သည်များမှာ မျက်ရည်များ ကျဆင်းနေကြ၏။ သူတို့ သတ်နေရသော လူများကား မိစ္ဆာအဖြစ် အသွင်ပြောင်းခြင်း ခံထားရသော သူတို့၏ မိသားစုများ ဖြစ်သည်။ ထိုအရာက သူတို့အား နာကျင်စေ၏။
"သတ် ...”
ချင်လော့သည် ဓားအားကိုင်ကာ ရန်သူများထံ တိုးဝင်သွားသည်။ အချိန်တချို့ ကြာမြင့် ပြီးနောက် သူသည် သွေးရုပ်သေး ထောင်ချီကို သတ်ဖြတ်နိုင်ခဲ့၏။ သို့သော်လည်း ထိုနေရာ၌ အခြားသော သွေးရုပ်သေးများက ပြန်လည် နေရာယူခဲ့ပြီး ဖြစ်သည်။
ထျန်းကျိ ကောင်းကင်နယ်မြေ ဂိုဏ်းချုပ် ရွှမ်မင်ကျိက ခေါင်းခါရင်း ပြောလိုက်သည်။
"အသုံးမဝင်ဘူး ... ပေ့ဟန်နယ်ထဲမှာ အသက်ရှင်နေတဲ့သူတွေ ရှိသေးသမျှ ငါတို့သူတို့ အားလုံးကို သတ်လို့ မရဘူး ... မဟုတ်ရင် ပေ့ဟန်နယ် တစ်ခုလုံးက အပြစ်မဲ့လူတွေ သွေးရုပ်သေးတွေ ဖြစ်ကုန်လိမ့်မယ် ... ငါတို့ လုပ်ရမှာက သွေးမိစ္ဆာတွေ အထိနာမယ့် နေရာကို ရွေးပြီး တိုက်ခိုက်ဖို့ပဲ"
"ဟုတ်တယ် ...”
များစွာသော ဝမ်ရှင်း တန်ခိုးရှင်များက ခေါင်းညိတ် လိုက်ကြသည်။
"သွေးမိစ္ဆာဂိုဏ်းက အရမ်း အစွမ်းထက်တယ် ... သူတို့ရဲ့ တပ်မဟာ လေးခုကတင် ပေ့ဟန်နယ် တစ်ခုလုံးကို လွှမ်းမိုးနိုင်တယ် ... ကောင်းကင်နယ်မြေ ခြောက်ခုနဲ့ ပြည်နယ် သုံးဆယ့် ခြောက်ခုက အစိုးရတွေတောင် သူတို့ကို မတားနိုင်ခဲ့ဘူး ... ဒါတောင် သွေးနတ်ဘုရား ပေါ်မလာသေးဘူး ... သူပေါ်လာတာနဲ့ ငါတို့ အားလုံး သေမှာပဲ ...”
ယင်ယန် ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်က ခေါင်းအား ခါယမ်းရင်း ဆက်ပြော လိုက်သည်။
"သွေးမိစ္ဆာဂိုဏ်းက မြေရိုင်းနယ်တွေရဲ့ အစွမ်း အထက်ဆုံး မိစ္ဆာဂိုဏ်း တစ်ခုပဲ ... သူတို့က ကောင်းကင်နယ်မြေတွေရဲ့ အဓိက ဂိုဏ်းတွေကိုတောင် ယှဉ်နိုင်တယ်"
"ဟုတ်တယ် ... မြေရိုင်းနယ်တွေမှာ သူတို့ကို ယှဉ်နိုင်တာဆိုလို့ ထျန်းလန်နယ်ရဲ့ လင်း မိသားစုပဲ ရှိတယ် ... ဒါပေမဲ့ ထျန်းလန်နယ်လည်း ဒုက္ခရောက်နေတယ်လို့ ငါကြားတယ် ... သူတို့က မိစ္ဆာ မဟာမိတ်ဂိုဏ်း ခုနစ်ဂိုဏ်းရဲ့ ပစ်မှတ်ထားတာကို ခံနေရတယ် ... ငါတို့ အခု စကား ပြောနေတုန်းမှာတောင် သွေးနတ်ဘုရားနဲ့ အခြား နတ်ဆိုးအရှင် ခြောက်ယောက်က ထျန်းလန်နယ်ကို တိုက်ခိုက် နေလောက်ပြီ"
ရွှမ်မင်ကျိက လေးပင်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ ... အရှုံးပေးပြီး ထွက်ပြေးရမှာလား ... ဒါမှမဟုတ် ကောင်းကင် နယ်တစ်ခုကို လှမ်းပြီး အကူအညီ တောင်းမှာလား ...”
လူတိုင်းက ရွှမ်မင်ကျိကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
"ကျုပ်ကတော့ မြို့ကို စွန့်ခွာဖို့ပဲ ရွေးချင်တယ် ... ကျုပ်တို့သာ လူစုခွဲပြေးရင် သူတို့ရဲ့ အင်အားစုကလည်း ကွဲပြားသွားမှာပဲ ... အဲဒီအခါကျရင် ကျုပ်တို့ ပြန်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေး ရပြီ ... ဒါပေမဲ့ သူတို့လည်း အဲဒါကို တွေးမိမှာပဲ ... ကျုပ်တို့ နောက်ကို လူစုခွဲပြီး လိုက်မှာ မဟုတ်ဘူး ... အဲဒီ နည်းလမ်းကို ရွေးချယ်မယ်ဆိုရင် ကျုပ်တို့အားလုံး အသက်ရှင်နိုင်မယ် ... ဒါပေမဲ့ ပေ့ဟန်နယ်ကိုတော့ ရန်သူလက်ထဲ လွှဲပေးလိုက်ရမှာပေါ့ ... နည်းနည်းတော့ သူရဲဘောကြောင်တဲ့ နည်းလမ်းပဲ"
ရွှမ်မင်ကျိက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောသည်။
"ဒါဆို ကျုပ်တို့ အားလုံးက ဒီနေရာမှာ ထိုင်ပြီး သေမှာကို စောင့်နေရမှာလား ...”
အခြားလူများက မေးလိုက်ကြ၏။
"အဲဒါက ...”
ရွှမ်မင်ကျိမှာ ဘာဆက် ပြောရမှန်းပင် မသိတော့ချေ။
ချင်လော့နှင့် အခြားသော ကျူးဝမ် မျိုးနွယ်များမှာ စိတ်ထဲမှကျိတ်၍ သက်ပြင်းချ လိုက်ကြ၏။ သူတို့သည် စစ်ပွဲစခါစကပင် ကံကြမ္မာကို လက်ခံရန် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ထိုသူများ ထွက်သွားလျှင်ပင် သူတို့သည် သေသည်အထိ ဆက်လက် တိုက်ခိုက်ကြမည် ဖြစ်သည်။
"ဟမ့် ... အဆိုးဖြစ်လည်း သေရုံပဲပေါ့ ... စီနီယာချန်းက ငါ့မိသားစုကို ကယ်ခဲ့တာ ... ခုလို အချိန်ချိုးမှာ ငါက သူ့မျိုးနွယ်ကို မစွန့်ခွာသင့်ဘူး"
မူဟုန်တိက အံကိုကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
"ဟူး ... ဟူး ...”
ထိုအချိန်မှာပင် သွေးရုပ်သေးများသည် လှုပ်ရှားနေရာမှ ရုတ်တရက် ရပ်တန့်ကာ နောက်သို့ဆုတ် သွားကြ၏။
မြို့စောင့် စစ်သားများမှာ သွေးမိစ္ဆာ စစ်တပ် လက်လျှော့လိုက်ပြီဟု ယူဆကြရာ အော်ဟစ် အောင်ပွဲခံလိုက်ကြသည်။ သို့သော်လည်း သွေးတိမ်တိုက် သုံးခု ထွက်ပေါ်လာခြင်းက စစ်သားများကို တစ်ဖန်ပြန်လည် တိတ်ဆိတ် သွားစေ၏။
"အဲဒါက သွေးမိစ္ဆာ စစ်တပ်တွေပဲ ... မဟာ အကြီးအကဲတွေကို စစ်ပွဲအတွက် ပြင်ဆင်ဖို့ မြန်မြန် သတင်းပို့လိုက် ...”
ရွှမ်မင်ကျိနှင့် အခြားလူများမှာ ထိုသတင်းကို ကြားပြီးနောက် ကြောက်လန့် သွားကြသည်။ ချင်လော့က လျင်မြန်စွာပင် ဘိုးဘေး ဘုရားကျောင်းသို့ ပျံသန်းသွား၏။
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ရောက်လာမှက အနှေးနဲ့ အမြန်ပဲ ... ငါ အခု အပြင်ထွက်ပြီး တိုက်ခိုက်မယ် ... သူတို့ ဘယ်လောက် ပြိုင်ဘက်ကင်းသလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်က မြို့ထဲမှ ပျံထွက်ကာ သွေးမိစ္ဆာ စစ်တပ်၏ အရှေ့တွင် ရပ်လိုက်၏။ ထို့နောက် သူက ဓမ္မအသွင်အား အသက်သွင်း၍ အနက်ရောင် ရေလှိုင်းများကို ဆင့်ခေါ်လိုက်သည်။ ရေလှိုင်းများ၏ အထက်တွင်မူ အနက်ရောင်ရေ၏ အစစ်အမှန် နတ်ဘုရား တစ်ပါး ဖြစ်ပေါ် နေ၏။
"ငါတို့လည်း ကူညီပေးမယ်"
အခြား အကြီးအကဲ နှစ်ယောက်မှာလည်း ကောင်းကင်သို့ ပျံတက်လာ၏။
"ဟူး ... ဟူး ...”
မကြာခင်မှာပင် ပိုမို များပြားသော ကျင့်ကြံသူများမှာ ကောင်းကင်သို့ ပျံတက်လာကာ ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်နှင့် ပူးပေါင်း လိုက်ကြသည်။
အဓိက ဂိုဏ်းငါးခု၏ ဂိုဏ်းချုပ်များသည် ဝင်္ကပါ၏ ထိပ်ဆုံးတွင် ရပ်နေခဲ့သည်။ သူတို့၏ နောက်တွင်မူ တစ်ရာခန့်သော ဝမ်ရှင်း တန်ခိုးရှင်တို့၏ ဓမ္မ အသွင်များ ရှိနေ၏။
အဇူရာ သစ်သား၊ အနက်ရောင် ရေ၊ မုန်တိုင်း၊ ကောင်းကင် နတ်ဆိုး ... စသည်ဖြင့် များစွာသော ပုံရိပ်များမှာ ရှေးဟောင်း ကျူးဝမ်မြို့၏ ကောင်းကင်တွင် ပြည့်နှက် နေသည်။
ကျင့်ကြံသူများသည် အတူတကွ ပူးပေါင်းကာ သွေးမိစ္ဆာ စစ်တပ်ကို ရင်ဆိုင်နေကြသည်။ သန်းထောင်ချီသော ရှေးဟောင်း ကျူးဝမ်မြို့ အတွင်းရှိ သာမန် လူများမှာလည်း ကောင်းကင်သို့ ရင်ခုန်စွာ မော့ကြည့် နေကြသည်။
"ကလန့် ...”
ထိုအချိန်တွင်ပင် ဘိုးဘေး ဘုရားကျောင်း အတွင်းမှ ဓားအလင်း တစ်ခု လင်းလက်လာ၏။ ရှဲ့ချန်းယန်သည် ကောင်းကင်ဖြတ် ဓားကို ကိုင်ဆောင်ကာ အခြားသူများနှင့် လာရောက် ပူးပေါင်းသည်။
"ရွှမ်မင်ကျိ အဘိုးကြီးရှဲ့ ... နောက်ဆုံးတော့ မင်းတို့ ပုန်းနေရာကနေ ထွက်လာကြပြီလား"
ထက်ရှသော အသံတစ်ခုက သွေးမိစ္ဆာ စစ်တပ်ထံမှ ပျံ့လွင့်လာ၏။
"ဟီးဟီး ... ငါတို့ အကာအကွယ်က မကြာခင် ပျက်စီးတော့မယ် ဆိုတာ သူတို့ နားလည် သွားကြပြီ ထင်တယ် ... ထွက်ပြီး ရင်ဆိုင်တာက သူတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲလေ"
အခြား လှောင်ပြောင်ဟန် အသံတစ်ခုကလည်း ထွက်ပေါ် လာသည်။
"စကားမများကြနဲ့ ... တိုက်ခိုက်ကြမယ် ... ငါတို့ အရှင်က ရှဲ့ချန်းယန်ရဲ့ ဓားကို ရအောင် ယူခဲ့ဖို့ မှာလိုက်တယ်"
ခေါင်းဆောင် ဖြစ်ဟန်တူသူက အော်ဟစ်လိုက်၏။
ရုတ်တရက် တစ်သိန်းမျှသော သွေးမိစ္ဆာများမှာ သူတို့၏ ခန္ဓာကိုယ်များအား ခါယမ်းလိုက်ရာ သူတို့၏ စွမ်းအားများမှာ တိုးတက်လာခဲ့သည်။ သွေးမိစ္ဆာ စစ်တပ်သုံးခုသည် ကြီးမားသော သွေးနဂါးကြီး သုံးကောင် အဖြစ်သို့ အသွင်ပြောင်းလဲကာ ရှေးဟောင်း ကျူးဝမ်မြို့သို့ တိုးဝင်လာခဲ့တော့၏။
ထိုအခိုက်အတန့်၌ လူတိုင်းကား အသက်ပင်ရဲရဲ မရှူရဲတော့ချေ။ ယွင်ရီအာသည် မူဟုန်တိ၏ လက်ကို ကိုင်ထားကာ လင်းဝူဟွာမှာမူ အံကို တင်းတင်းကြိတ်ကာ ရန်သူများကို မျက်တောင်မခတ်တမ်း ကြည့်နေခဲ့၏။
"ဘုန်း ...”
ထိုအချိန်မှာပင် အဝေးရှိ ကောင်းကင်တွင် ရွှေရောင် အလင်းတစ်ခု လင်းလက် လာခဲ့သည်။
ထိုအလင်း နီးကပ် လာသည်တွင် လူတိုင်းမှာ ထိုအထဲ၌ အနက်ရောင် ဆံပင်ပိုင်ရှင် လူငယ် တစ်ယောက် ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။ သူသည် လက်နှစ်ဖက်ကို ဝင့်ကြွားစွာ နောက်ပစ်၍ သူ၏ မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။
"ချန်းပေ့ရွှမ်း ...”
လူတိုင်းမှာ ချန်းဖန်ကို မှတ်မိသည်နှင့် အံ့အားသင့် သွားကြတော့သည်။
***