ကီလိုမီတာ သုံးသောင်း
Vol. 9 Ch. 879
"အဲဒါက တကယ်ကြီး ဝမ်ရှင်း တန်ခိုးရှင် ချန်းပဲ"
ချင်လော့နှင့် များစွာသော လူများက အော်ဟစ် လိုက်ကြသည်။ မူဟုန်တိနှင့် ယွင်ရီအာတို့၏ မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ် သွားကြ၏။ မရေမတွက်နိုင်သော ကျူးဝမ် စစ်သည်များမှာမူ တစ်ကိုယ်လုံး တုန်ရီနေကြပြီ ဖြစ်လေသည်။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ပြန်လာပြီ ...”
တစ်ခဏတာ ဆွံ့အမှု အပြီး၌ အောင်ပွဲခံသည့် အသံလှိုင်းများက ကောင်းကင်တစ်ခွင် ပျံ့နှံ့ သွားတော့သည်။
ရွှမ်မင်ကျိနှင့် ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်တို့မှာမူ ချန်းဖန်ကိုကြည့်ကာ ထင်ယောင်ထင်မှား ဖြစ်နေကြသည်။ သူတို့သည် ချန်းဖန်နှင့် ကျိုးကျူရှင်းတို့မှာ ကမ္ဘာနှစ်ခု ဆုံမှတ်အတွင်း ပိတ်မိနေသည်ဟု ထင်ခဲ့ကြသည်။ ယခုကဲ့သို့ ပြန်ပေါ်လာမည်ဟု ထင်မှတ် မထားခဲ့ချေ။
ကမ္ဘာနှစ်ခု ဆုံမှတ်သည် ရာစုနှစ်သုံးခု အကြာတွင်မှ တစ်ကြိမ်သာပွင့်ရာ သူတို့က မည်ကဲ့သို့ ထွက်လာကြသနည်း။ သူတို့နှင့်အတူ ဘိုးဘေး တကောင်းပါ ပြန်လည် ပါလာမည်လော။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ...”
တုန်ရီနေသော လက်များဖြင့် ရှဲ့ချန်းယန်က ချန်းဖန်အား ကြည့်လိုက်သည်။ သို့သော်လည်း လက်ရှိ တိုက်ပွဲ အခြေအနေကြောင့် သူသည် အပြည့်အဝ မပျော်ရွှင်နိုင်ချေ။
"ဝမ်ရှင်း တန်ခိုးရှင်ချန်းကို မြန်မြန် အစီရင်ခံလိုက် ... စစ်တပ်မဟာ သုံးခုကို သွေးမိစ္ဆာ ဂိုဏ်းရဲ့ မဟာ အကြီးအကဲ သုံးဦးက ဦးဆောင်လာတယ် ... စစ်တပ်မဟာ တစ်ခုမှာ ရွှေအမြုတေ အဆင့် တစ်ရာကျော် ပါဝင်တယ် ... အရှင် ပေ့ဟန်လိုလူတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
ရွှမ်မင်ကျိက ပြောသည်။ ထိုအခါ များစွာသော လူများ၏ မျက်နှာများမှာ ပြန်လည် ဖြူရော် သွားကြ၏။
ဝမ်ရှင်း တန်ခိုးရှင်ချန်းသည် အမှန်တကယ် အစွမ်းထက်သော်လည်း သူက ရွှေအမြုတေ အဆင့်သာ ဖြစ်သည်။ တိုက်ပွဲ၏ ရလဒ်ကို လုံးဝ ပြောင်းလဲပစ်ရန်မှာ ကောင်းကင် အရှင်များသာ တတ်နိုင်ပေလိမ့်မည်။
ထိုအချိန်၌ သွေးမိစ္ဆာ မဟာအကြီးအကဲ သုံးယောက်မှာလည်း ချန်းဖန်ကို မှတ်မိသွားဟန် ရ၏။ သူတို့ အထဲမှ တစ်ယောက်က ထက်ရှ လုံးထွေးသော လေသံဖြင့် ပြောလိုက်သည်။
"အဲဒါက ဝမ်ရှင်း တန်ခိုးရှင်ချန်းဆိုတဲ့ ချာတိတ်လေးမလား ... သူ့ အဆင့်က အလွန်ဆုံးမှ ရွှေအမြုတေ အစောပိုင်းမှာပဲ ရှိလိမ့်ဦးမယ် ... သူက မင်းတို့ကို ကယ်နိုင်မယ်လို့ တွေးနေတာလား ... ဟားဟား ...”
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက ဓားဧကရာဇ်ကို အနိုင်ခဲ့တယ် ဆိုတာ တကယ်လို့ ငါ ထင်နေတာ ... ဒါပေမဲ့ အခု လက်တွေ့ မြင်ရတော့လည်း သူက သာမညောင်ညလေးပါပဲ"
အခြား မဟာ အကြီးအကဲ တစ်ယောက်ကလည်း လှောင်ပြောင် စော်ကားဟန် ပြောလိုက်သည်။
"အချိန်မဖြုန်းနဲ့ သတ်ပစ် ...”
ညှိုးရော်ဟန် ရသော လေသံပိုင်ရှင်က အမိန့်ပေးလိုက်သည်။
"ဘုန်း ...”
သွေးမိစ္ဆာ တပ်မဟာ တစ်ခုသည် သွေးနတ်ဘုရား အသွင်သို့ ပြောင်းလဲသွားသည်။
ထိုသွေးနတ်ဘုရားသည် သွေးရောင် အရိပ်များဖြင့် ပြုလုပ်ထားကာ မီတာ တစ်သောင်းကျော် ရှည်လျားသည်။ ၎င်း၏ လက်ခြောက်ဖက်သည် ဆန်းကြယ်သော ဓမ္မ ချိပ်တံဆိပ် တစ်ခုကို ဖန်တီး၏။ ထို့နောက် ၎င်းသည် ကိုယ့်ကိုယ်ကိုယ် ဆန့်တန်းကာ ချန်းဖန်ထံ ပစ်ဝင်လိုက်သည်။
"ဟူး ... ဟူး ...”
ချန်းဖန်သည် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာပင် ရန်သူများထံသို့ တိုးကပ်သွားသည်။ သူသည် သွေးပင်လယ်ကို ကျော်ဖြတ်ကာ လမ်းကြောင်း တစ်ခုကို သူ၏ နောက်တွင် ချန်ရစ်ခဲ့၏။ မရေ မတွက်နိုင်သော သွေးမိစ္ဆာနှင့် သွေးအရိပ်များသည် ချန်းဖန်ထံ တိုးဝင်ကြသည်။ သို့သော်လည်း ချန်းဖန်၏ ခန္ဓာကိုယ် ပတ်လည်ရှိ ရွှေရောင် မီးတောက်နှင့် ထိတွေ့သည်နှင့် သူတို့၏ ခန္ဓာကိုယ်များမှာ ပြာအဖြစ် ပြောင်းလဲရ၏။
"သတိထားပါ ဝမ်ရှင်း တန်ခိုးရှင် ... သွေး နတ်ဘုရားမှာက သွေးမိစ္ဆာ တစ်သိန်းကျော်ရဲ့ ဓမ္မ စွမ်းအားတွေ ပါဝင်နေတယ် ... အဲဒါက သူ့အနားမှာ ရှိတဲ့ ဘယ်အရာကို မဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ် ... ဒါကြောင့် ဘာပဲဖြစ်ဖြစ် အဲဒါကို ဝမ်ရှင်း တန်ခိုးရှင်ရဲ့ အနား အကပ်မခံပါနဲ့"
ရွှမ်မင်ကျိက ချန်းဖန်ကို အော်ဟစ် သတိပေးလိုက်သည်။
ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်က ချန်းဖန် အခြေအနေ မကောင်းပါက အဆင်သင့် ကူညီရန် ကောင်းကင်သို့ ပျံတက်လိုက်သည်။ တစ်ချိန်တည်း၌ ရှဲ့ချန်းယန်ကလည်း ကောင်းကင်ဖြတ်ဓားကို ဆွဲထုတ်လိုက်၏။
သို့သော်လည်း နောက်တစ်စက္ကန့်ခန့် အကြာ၌ မည်သူမျှ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဘုန်း ...”
ချန်းဖန်သည် ကီလိုမီတာ အနည်းငယ် အကွာအဝေးကပင် မီးတောက် တစ်ခုကို သွေးနတ်ဘုရားထံ လှမ်းပစ်လိုက်သည်။ ထိုမီးတောက်သည် ရွှေရောင်အဆင်း ရှိရာ သွေးနတ်ဘုရား၏ လက်များကို လောင်ကျွမ်းပစ်၏။ ထို့နောက် ၎င်းက ခန္ဓာကိုယ် အထိပါ ကူးသွားခဲ့သည်။
"မကောင်းတော့ဘူး ...”
သွေးနတ်ဘုရားကို ဆင့်ခေါ်ခဲ့သော သွေးမိစ္ဆာ အကြီးအကဲ နှစ်ယောက်က နာကျင်စွာ အော်ဟစ် လိုက်ကြသည်။
ထို့နောက် သူတို့သည် မီးတောက် ကူးခြင်းမှ ရပ်တန့်ရန် သွေးနတ်ဘုရား၏ လက်မောင်း တချို့ကို ဖြတ်တောက်ပစ်လိုက်၏။ သို့သော်လည်း မီး၏ တိုက်စားမှုတွင် နေရာတော်တော်များများ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ သူတို့ မည်သို့မျှ မတတ်နိုင်ခဲ့တော့ချေ။
"ဘယ်လိုလုပ်ပြီး ဒီမီးက သွေးနတ်ဘုရားရဲ့ ပုံရိပ်ယောင်ကို လောင်ကျွမ်း နိုင်တာလဲ ...”
ကျင့်ကြံသူ အရှင် ကောင်းကင်သွေးက သွေးရောင် မျက်လုံးများဖြင့် ချန်းဖန်အား ကြည့်သည်။
"ဟူး ... ဟူး ...”
ချန်းဖန်က ပြန်မဖြေဘဲ ရှေ့သို့သာ ဆက်တိုးလာ၏။ သူ၏ မျက်လုံးများသည် နက်မှောင်နေကာ လှောင်ပြောင်သော အရိပ်အယောင် တစ်ခုကို သယ်ဆောင်ထားသည်။ သွေးနတ်ဘုရား ပုံရိပ်ယောင် မဆိုထားနှင့် အစစ်အမှန် သွေးနတ်ဘုရားကိုပင် သူသည် လက်တစ်ချောင်းတည်းနှင့် သတ်ဖြတ်ပစ်ရန် ယုံကြည်ချက် ရှိ၏။
"သတ် ...”
ညှိုးရော်ဟန် ရသော လေသံ ပိုင်ရှင်က အမိန့်ပေးလိုက်သည်။
"ဘုန်း ...”
သွေးမိစ္ဆာ တပ်မဟာ သုံးခုသည် ကျယ်လောင်သော ဟိန်းဟောက်သံများကို ထုတ်လွှတ်ကာ ချန်းဖန်ထံသို့ တိုးဝင်သွားသည်။ မရေမတွက်နိုင်သော သွေးမိစ္ဆာ စစ်သည်များ၏ ဖြတ်သန်းမှုတွင် ကောင်းကင်သည် တုန်ရီလာ၏။ တပ်မဟာ တစ်ခုချင်းစီသည် ကြီးမားသော သွေးရောင် တိမ်တိုက်ကြီး အသွင်ရှိကာ ကီလိုမီတာ ထောင်ချီကို ဖုံးလွှမ်းထားသည်။ သူတို့သည် ချန်းဖန်ထံသို့ တောင်တန်းများ၏ အလေးချိန်ဖြင့် ကျဆင်းလာ၏။
"ခရက် ... ခရက် ...”
ရုတ်တရက် မြေပြင်သည် မီတာ အနည်းငယ် နိမ့်ကျသွားကာ များစွာသော ဓမ္မ အစီအရင်များ ပေါက်ကွဲကုန်သည်။ မရေ မတွက်နိုင်သော မူလ အဆင့်များမှာ ကောင်းကင်မှ ပြုတ်ကျ၍ ဝမ်ရှင်း တန်ခိုးရှင်များသာလျှင် တောင့်ခံ ထားနိုင်တော့၏။
"နောက်ဆုတ် ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ခင်ဗျား တစ်ယောက်နည်းနဲ့ သူတို့ကို ရင်ဆိုင် နိုင်မှာ ...”
ရွမ်မင်ကျိက အော်ဟစ်လိုက်သည်။ သို့သော်လည်း သူ၏ စကား မဆုံးခင်မှာပင် ချန်းဖန်က သူ၏ လက်များကို ဆန့်ထုတ် ဝှေ့ယမ်းလိုက်၏။
"ဘုန်း ...”
မြေပြင်နှင့် တောင်တန်းသည် တုန်ရီကာ ကောင်းကင်ရှိ နေနှင့်လမှာ ပျောက်ကွယ် သွားသည်။ အချိန်သည် ၎င်း၏ အဓိပ္ပာယ်ကို မေ့လျော့ ပျောက်ဆုံးသွားပုံ ရ၏။
ချန်းဖန်၏ လက်ဝှေ့ယမ်းမှုသည် ကမ္ဘာအား ထိုမျှ အကျိုးသက်ရောက် စေလိမ့်မည်ဟု မည်သူမျှ မျှော်လင့် မထားကြချေ။ ထို့နောက် သူသည် ဖနောင့်အား ပေါက်လိုက်ရာ မြေကြီးသည် ငလျင် လှုပ်ခတ်သည့် အလား လှုပ်ခါလာ၏။ သူက လေပေါ်သို့ ခုန်တက်၍ တိုင်ဖွန်း မုန်တိုင်းအသွင် ပြောင်းလဲလိုက်သည်။
"ဘုန်း ...”
ချန်းဖန်ထံသို့ အရပ်မျက်နှာ သုံးခုမှ တိုးဝင်လာသော သွေးမိစ္ဆာ တပ်မဟာ သုံးခုမှာ နောက်သို့ ကီလိုမီတာ အနည်းငယ် လွင့်စဉ်သွား၏။ ထိုအကျိုးသက်ရောက်မှုတွင် သွေးမိစ္ဆာ တစ်သောင်းခန့်မှာ သေဆုံး သွားကြသည်။
တစ်ချိန်တည်း၌ သွေးပင်လယ်တွင်လည်း ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ် လာခဲ့၏။
"အဲဒါက ...”
ထိုမြင်ကွင်းကို ကြည့်ကာ ရွှမ်မင်ကျိ၏ လည်ချောင်း၌ စကားလုံးများ ပျောက်ဆုံး သွားသည်။ သူ၏ မျက်နှာမှာလည်း အံ့ဩမှုဖြင့် တွန့်လိမ်သွား၏။
ထိုသို့ ဖြစ်နေသည်က သူတစ်ယောက်တည်း မဟုတ်ချေ။
ရွှမ်မင် ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်၊ ဝမ်ရှင်း တန်ခိုးရှင် ဟန်မိန်နှင့် အခြား လူများမှာလည်း ချန်းဖန်အား မယုံကြည်နိုင်စွာ ငေးကြည့် နေကြသည်။ သွေးမိစ္ဆာ မဟာ အကြီးအကဲ သုံးဦးပင်လျှင် အံ့အားသင့် နေကြ၏။
"ဝမ် ... ဝမ်ရှင်း တန်ခိုးရှင်ချန်း ... အဲ ... အဲဒါက ဘယ်လို လုပ်လိုက်တာ ...”
ရှဲ့ချန်းယန်မှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေ၏။
"ငါ ဒီကို လာတာ သွေးနတ်ဘုရားနဲ့ တွေ့ရမလား လိုပဲ ... ဒါပေမဲ့ ကြည့်ရတာ သူက ဒီမှာ မရှိဘူးထင်တယ် ... ငါက ဒီလို နောက်လိုက် ခွေးတွေနဲ့ အချိန် သိပ်ဖြုန်းချင်တာ မဟုတ်ဘူး"
ချန်းဖန်အား စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။ ထို့နောက် သူက ရှဲ့ချန်းယန် ဘက်သို့ ဦးတည်ကာ လက်အားတစ်ချက် ဝှေ့လိုက်သည်။
"ဓား လာစမ်း ...”
"ကလန့် ...”
ကောင်းကင်ဖြတ်ဓားသည် ပျော်ရွှင်သော မြူးထူးသံကို ပေးကာ ချန်းဖန်ထံသို့ ပျံသန်း လာ၏။ ချန်းဖန်သည် ဓားအား ဆုပ်ကိုင်လိုက်ရာ သာမန် လူငယ် တစ်ဦးအသွင်မှ ထက်ရှသော ဓားသမား တစ်ယောက် အသွင်သို့ ပြောင်းလဲသွားသည်။
"ဒါက မင်းတို့ သွေးရုပ်သေးအဖြစ် သန့်စင်ခဲ့တဲ့ အပြစ်မဲ့ လူသန်းတစ်ထောင် အတွက် ပြန်ပေးတာပဲ ...”
ချန်းဖန်က တိတ်ဆိတ်စွာ ပြောကာ ဓားအား ဝှေ့ယမ်းလိုက်၏။
"ကလန့် ...”
အစပိုင်း၌ ထိုတိုက်ခိုက်မှုသည် သာမန် ဓားခုတ်ပိုင်းမှု တစ်ခု အလားသာ ထင်ရသည်။ သို့သော်လည်း အဆုံး၌ ဓား၏ထိပ်တွင် တောက်ပသော ဓားချီသည် လင်းလက်လာ၏။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး အကြားရှိ အသန့်စင်ဆုံးသော ဓားစွမ်းအားပင် ဖြစ်သည်။
"ဘုန်း ...”
ထို့နောက် ဓားချီသည် မရေမတွက်နိုင်သော ဓားအလင်းများ အဖြစ် စစ်မြေပြင်သို့ တိုးဝင် သွား၏။ ၎င်းတို့သည် အရေအတွက် အားဖြင့် သန်းထောင်ချီရှိကာ တစ်ခုချင်းစီက သွေးမိစ္ဆာ တစ်ကောင်ချင်းစီ၏ နှလုံးသားကို ထိုးဖောက်သည်။
"ဝှစ် ...”
ချန်းဖန်က သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်ရာ ဓားချီအား အားလုံးမှာ လုံးဝ ကွယ်ပျောက် သွားသည်။ ၎င်းတို့ကား တစ်ခါကမျှ ကမ္ဘာလောကတွင် မရှိခဲ့သည့် အလားပင်။
"ဘုန်း ...”
သို့သော်လည်း တစ်စက္ကန့်မျှ အကြာ၌ သွေးမိစ္ဆာ အားလုံးနှင့် သွေးရုပ်သေးများ၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် ပေါက်ကွဲ သွားတော့၏။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
အဆုံးတွင် မဟာ အကြီးအကဲ သုံးယောက်ပင်လျှင် စစ်မြေပြင်၌ မကျန်ရှိတော့ချေ။ အကယ်၍ အပျက်အစီးများ၊ သွေးမြူများသာ မကျန်ရစ်ခဲ့ပါက လွန်ခဲ့သော တစ်စက္ကန့်တွင် ဤနေရာ၌ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။
"မဟုတ်ဘူး ... ငါ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ် ...”
ယွင်ရီအာက ခေါင်းခါရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"မဟုတ်ဘူး ... အဲဒါက တကယ်တော့ အိပ်မက် မဟုတ်ဘူး ... ဝမ်ရှင်း တန်ခိုးရှင်ချန်းရဲ့ စွမ်းအားက ငါတို့ရဲ့ ယုံကြည်နိုင်မှုထက် ကျော်လွန် နေတာပါ ...”
လင်းဝူဟွာက ချန်းဖန်အား ငေးမောကြည့်ရင်း ဆိုလိုက်သည်။
လွန်ခဲ့သည့် သုံးနှစ်ကနှင့် စာလျှင် ချန်းဖန်၏ စွမ်းအားသည် အကန့်အသတ်မရှိ တိုးတက်လာသည်။ သူမသည် ချန်းဖန်ကို ကြည့်နေရင်း သူမတို့ နှစ်ယောက် အကြားမှ ကွာခြားချက်မှာ ပို၍ ပို၍ ဝေးကွာသွားနေကြောင်း ခံစားလိုက်ရ၏။
တစ်ချိန်တည်း၌ ရွှမ်မင်ကျိသည် ချန်းဖန်ကို လေးစားစွာ ကြည့်နေခဲ့သည်။
"သူက ပေ့ဟန်နယ်ရဲ့ အစွမ်း အထက်ဆုံးတင် မဟုတ်ဘူး ... အဓိက မြေရိုင်းနယ် ငါးခုရဲ့ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ပဲ"
သူက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ရေရွတ်လိုက်၏။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ...”
ရှဲ့ချန်းယန်က ချန်းဖန်အား ဂါရဝပြုရင်း နှုတ်ဆက်လိုက်၏။
"ခဏလောက်စောင့် ... ငါ မကြာခင် ပြန်လာခဲ့မယ်"
ချန်းဖန်က သူတို့ထံသို့ ပျံသန်း လာမည့်ဟန် မရဘဲ အခြား အရပ်မျက်နှာ တစ်ခုသို့ လှည့်လိုက်သည်။
"ဘာသွားလုပ် မလို့လဲ ...”
ရှဲ့ချန်းယန်က မေးလိုက်သည်။
"သတ်ဖို့ ...”
အေးစက်စက် အသံတစ်ခုသာ လေထဲတွင် ကျန်ရစ်ခဲ့ကာ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။
ထိုအခိုက် ယန်ပြည်နယ်ရှိ လူများသည် ကောင်းကင်သို့ မော့ကြည့်ရာ မိုးကုပ်စက်ဝိုင်း အဆုံးသတ် နှစ်ခုကို ဆက်ထားသည့် ဓားအလင်း တစ်ခုအား မြင်တွေ့ကြရသည်။ ၎င်းသည် ကီလိုမီတာ သုံးသောင်း ရှည်လျားဟန် ရ၏။
***