← Chapters

မိစ္ဆာ ခုနစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 9 Ch. 880

မိစ္ဆာ ခုနစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 9 Ch. 880

ချန်းဖန်သည် သွေးမိစ္ဆာ တပ်မဟာ သုံးခုကို ရှင်းလင်းပြီးသည်နှင့် ထျန်းလန်နယ်သို့ ဦးတည် လိုက်၏။ ယခု ဖြစ်ပျက်သမျှ အားလုံးမှာ သွေးနတ်ဘုရား ဆိုသူကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သူ ကောင်းစွာသိသည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ထိုသွေးနတ်ဘုရားကို အပြီးသတ် ရှင်းလင်း ပစ်ရပေမည်။

"ဘုန်း ...”

ဓားချီသည် ကောင်းကင် တစ်ခွင်ကို သက်တံတစ်ခုအလား ဖြတ်သန်းနေ၏။ ၎င်းကို မည်သည့်အရာကမျှ ပိတ်ပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။

ချန်းဖန်၏ ရုပ်ခန္ဓာ၊ နတ်ဘုရား စွမ်းအားနှင့် နတ်ဘုရား စိတ်အာရုံ သုံးခုစလုံးမှာ အခြေတည် ဝိညာဉ် အဆင့်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။ နတ်ဘုရား စက်ဝန်းမှာလည်း သူ့အား အဆုံးမဲ့ စွမ်းအင်ရင်းမြစ်ဖြင့် ထောက်ပံ့ပေး၏။ ထို့အပြင် သူ့တွက် တိုက်ခိုက်ရေး စွမ်းအားကို ရာခိုင်နှုန်းများစွာ တိုးမြှင့်ပေးနိုင်သော ကောင်းကင်ဖျက်ဓားလည်း ရှိသေးသည်။

"ဟူး ... ဟူး ...”

တစ်မိနစ်မျှ အတောအတွင်းမှာပင် ချန်းဖန်သည် ထျန်းလန်နယ်သို့ ရောက်ရှိ လာခဲ့သည်။

အကြီးမားဆုံး မြေရိုင်း နယ်မြေ တစ်ခုအနေဖြင့် ထျန်းလန်နယ်သည် ကျင့်ကြံခြင်း ရင်းမြစ်များစွာကို ပိုင်ဆိုင်သည်။ ထို့ကြောင့်ပင် မိစ္ဆာ တပ်မဟာ ခုနစ်ခုသည် ထျန်းလန်နယ်ကို သူတို့၏ အဓိက ပစ်မှတ်အဖြစ် ယူဆခဲ့ကြသည်။

"ဟူး ... ဟူး ...”

ချန်းဖန်သည် ကောင်းကင်မှနေ၍ ပျက်စီးနေသော မြို့တော်များကို တွေ့မြင် နေရသည်။ ထိုမြို့တော်များ၏ အပြင်ဘက်တွင်မူ ခန်းခြောက်နေသော အင်းအိုင်များနှင့် ကျိုးပဲ့နေသော တောင်တန်းများသည် အသက်မဲ့စွာ ရှိနေခဲ့၏။

ချန်းဖန်သည် ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချမိ၏။ ထျန်းလန်နယ်၏ ကျင့်ကြံသူများသည် ရဲရင့်စွာဖြင့် သူတို့၏နယ်မြေ တစ်လက်မစီတိုင်းကို ကာကွယ်ခဲ့ကြဟန် ရသည်။ သို့သော်လည်း ကံဆိုးစွာပင် သူတို့သည် မိစ္ဆာဂိုဏ်း ခုနစ်ခု၏ ပြိုင်ဘက် မဟုတ်ခဲ့ကြချေ။

"ဟူး ... ဟူး ...”

ချန်းဖန်သည် လင်းမြို့တော်သို့ ရောက်ရှိရန်  အချိန် သိပ်မယူလိုက်ရချေ။

လင်းမြို့တော်သည် ထျန်းလန်နယ်၏ အင်အားအကြီးဆုံး  မြို့တော်ဖြစ်သည်။ လင်းမိသားစုသည် လင်းမြို့တော်တွင် အခြေစိုက်ကာ သူတို့၏ အင်အားကို ထျန်းလန်နယ်နှင့် ပတ်ဝန်းကျင် မြေရိုင်းနယ် ငါးခုအထိ ဖြန့်ကြက်ထား၏။

လင်းမိသားစုသည် ဘိုးဘေး တကောင်းအပြင် ဘိုးဘေး ရှင်းကောင်းနှင့် ဘိုးဘေး ရွှမ်ကောင်း တို့ကိုပါ ပိုင်ဆိုင်ထားသည်။ ထို့အပြင် လင်းမိသားစုတွင် ထျန်းလန် စစ်တပ်၊ ကျန်းယု စစ်တပ်နှင့် ရှန်ဟိုင်း စစ်တပ်ဟူသော စစ်တပ်  သုံးခုလည်းရှိ၏။

ထိုစစ်တပ် တစ်ခုချင်းစီသည် ရွှေအမြုတေ အဆင့် တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားကာ လင်းမိသားစုပိုင် လျှို့ဝှက် ဝင်္ကပါများဖြင့်လည်း အားဖြည့်ထားသည်။ ၎င်းစစ်တပ် သုံးခု အတူတကွ တိုက်ခိုက်ချိန်တွင် ပေ့ဟန်နန်းတော်၏ အစောင့်တပ်ဖွဲ့ ကိုးခုပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဒီဝင်္ကပါတွေက ကောင်းကင်ဂိုဏ်းတွေ အသုံးပြုတဲ့ ဝင်္ကပါတွေပဲ ... အရှင် ပေ့ဟန်နဲ့ အရှင် ယွမ်ဝူတို့က အစွမ်းထက်တဲ့ လူတွေဆိုပေမဲ့ အစွမ်းထက် ဝင်္ကပါတွေကို မပိုင်ဆိုင်ခဲ့ဘူး ... ဒါကြောင့်ပဲ အတိတ်မှာ ပေ့ဟန်နယ်နဲ့ ယွမ်ဝူနယ်တို့က ထျန်းလန်နယ်ကို မယှဉ်နိုင်ခဲ့တာ"

သွေးနတ်ဘုရားက လက်နှစ်ဖက်ကို နောက်ပစ်ကာ လင်းမြို့တော်ကို ငေးမော ကြည့်နေခဲ့၏။

လင်းမြို့တော်၏ မြို့ရိုး နံရံများသည် မီတာရာချီ မြင့်မားသည်။ မရေမတွက်နိုင်သော မိစ္ဆာ စစ်တပ်များသည် လင်းမြို့တော် အပြင်ဘက်မှ ဝန်းရံထား၏။ အစွမ်း အထက်ဆုံး မိစ္ဆာ စစ်တပ် ခြောက်ခုမှာမူ ဓမ္မ အစီအရင် ခြောက်ခုအဖြစ် ခင်းကျင်းကာ မြို့တော်ထောင့် ခြောက်ခုမှ နေရာယူ ထားသည်။

"တကယ်လို့ ငါတို့သာ အခြားနယ် လေးခုကို အလုပ်ရှုပ်အောင် လုပ်မထားရင် သူတို့က အတူတကွ စုစည်းပြီး ပိုအင်အားကြီး သွားလိမ့်မယ် ... ပိုပြီး အားနည်းတဲ့ နယ်တွေကို အရင် နင်းချေပစ်တာက တကယ် စနစ်ကျတဲ့ နည်းလမ်းပဲ"

ဘိုးဘေး နှလုံးမျို မိစ္ဆာနှင့် သွေးနတ်ဘုရားတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။

သူတို့၏ ဘေးတွင်မူ မတူညီသည့် သွင်ပြင်များ ပိုင်ဆိုင်ထားသော မိစ္ဆာ ငါးယောက် ရပ်နေခဲ့၏။ သူတို့ တစ်ဦးချင်းစီသည် ဘိုးဘေး တကောင်းထက် အားနည်းခြင်း မရှိချေ။ သူတို့ကား မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များ ဖြစ်သည်။

အဆိပ်တစ်ရာဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်ရှင်း တန်ခိုးရှင် အဆိပ်တစ်ရာက ပြောလိုက်၏။

"လင်းမြို့တော်ကို ဖြိုပြီး အထဲမှာရှိတဲ့ စစ်တပ်သုံးခုကို အနိုင်ယူပြီးတာနဲ့ ထျန်းလန်နယ်က ငါတို့ အပိုင်ဖြစ်ပြီ ... အခြား ဂိုဏ်းတွေက ဝမ်ရှင်း တန်ခိုးရှင်တွေ လွှတ်ပြီး တိုက်ခိုက်ရင်တောင် အဲဒါက ငါတို့အတွက် ခြိမ်းခြောက်မှု ဖြစ်မှာ မဟုတ်တော့ဘူး ... ဒါပြီးရင် မြောက်ဘက် တစ်လွှားမှာ ရှိတဲ့ မြို့တော်တွေကိုပါ သိမ်းပိုက်ရမယ်"

"မြောက်ပိုင်းမြို့တော်တွေ..  အဲဒီ အနားမှာ ဝမ်မိသားစုရှိတာ နင်မေ့နေတာလား ... ဝမ်မိသားစုရဲ့ ကောင်းကင် အရှင်တွေသာ ဝင်ပါရင် ငါတို့ အကုန်လုံး ဆုံးရှုံးရလိမ့်မယ်"

ဘိုးဘေး နှလုံးမျို မိစ္ဆာက အေးစက်စက် သတိပေးလိုက်သည်။ သူ၏ စကားလုံးများက အခြား မိစ္ဆာ အရှင်သခင်များကို တိတ်ဆိတ် သွားစေ၏။

မိစ္ဆာဂိုဏ်းများ၏ နယ်မြေကို မိစ္ဆာဒေသဟု ခေါ်သည်။ မိစ္ဆာဒေသများသည် နယ်မြေ ကြမ်းတမ်းကာ အဆိပ်များဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့်ပင် မိစ္ဆာဂိုဏ်းများသည် မြေရိုင်းနယ်မြေများကို ကျူးကျော် သိမ်းပိုက်ရန် အစဉ်အမြဲ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ဝမ်မိသားစုသည် အစဉ်အမြဲ သူတို့၏ အကြံအစည်ကို ဖျက်ဆီး ပစ်ခဲ့သည်။ သို့ဖြစ်ရာ ယခု တစ်ကြိမ်တွင်လည်း ဝမ်မိသားစု ဝင်မပါဟု မည်သူမျှ အာမမခံ နိုင်ချေ။

"ဝမ်မိသားစုရဲ့ ကောင်းကင် အရှင်သာ သူ့ရဲ့ ကောင်းကင် ရတနာနဲ့ ရောက်လာရင် ငါတို့တော့ သေပြီပဲ ...”

စစ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်က တုန်ရီစွာ ဆိုလိုက်သည်။

ဘိုးဘေး နှလုံးမျို မိစ္ဆာက အံကို တင်းတင်းကြိတ်ကာ သွေးနတ်ဘုရားအား ကြည့်လိုက်၏။

"သွေးနတ်ဘုရား ... မင်းရဲ့ တပ်မဟာတွေက ဘယ်တော့မှ ရောက်လာမှာလဲ ... ငါတို့ တပ်မဟာ ဆယ်ခုသာ စုစည်းမိရင် လင်းမြို့တော်ကို သိမ်းပိုက်နိုင်ပြီ ... အဲဒါ ပြီးတာနဲ့ မြေရိုင်းနယ်မြေ ငါးခုစလုံးက ငါတို့ လက်အောက်ကို ရောက်ပြီ ... မြေရိုင်းနယ်မြေငါးခု အင်အားနဲ့ ဆိုရင် ဝမ်မိသားစုရဲ့ ကောင်းကင် တန်ခိုးရှင် ရောက်လာရင်တောင် ရင်ဆိုင်ဖို့ ငါတို့မှာ မျှော်လင့်ချက် ရှိပြီ"

အခြားသော မိစ္ဆာ အရှင်သခင်များ ကလည်း သွေးနတ်ဘုရားကို ကြည့်လိုက်သည်။

သွေးနတ်ဘုရားဂိုဏ်းသည် မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း အနက် အစွမ်း အထက်ဆုံး ဖြစ်သည်။ အခြားဂိုဏ်းများ တပ်မဟာ တစ်ခု၊ နှစ်ခုကို ပိုင်ဆိုင်ထားချိန်တွင် ၎င်းသည် တပ်မဟာ လေးခုကိုပင် ပိုင်ဆိုင်ထားသည်။

"သုံးရက် အတွင်းမှာ သူတို့က ရှေးဟောင်း ကျုးဝမ်မြို့ကို သိမ်းပိုင်နိုင်လိမ့်မယ် ... ပြီးတာနဲ့ ချက်ချင်းပဲ ငါတို့ဆီကို လာပေါင်းလိမ့်မယ် ... မကြာခင် နင်တို့ သတင်းကောင်း ကြားရမှာပါ"

သွေးနတ်ဘုရားက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။

အခြား မိစ္ဆာ အရှင်များက ခေါင်းညိတ် လိုက်ကြ၏။ သူတို့သည် သွေးမိစ္ဆာ တပ်မဟာ လေးခု၏ စွမ်းအားအပေါ် သံသယ မရှိချေ။ လူသားများသည် ၎င်းတို့ကို မည်သို့မျှ ရင်ဆိုင်ရန် အခွင့်အလမ်း ရှိလိမ့်မည် မဟုတ်ချေ။

ရုတ်တရက် ကောင်းကင်တွင် အလင်းတစ်ခု ပေါ်လာ၏။ ထိုအလင်းသည် မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် နေအလား ကြီးမားလာသည်။ ထို့နောက် ၎င်းက မိစ္ဆာ စစ်တပ်များထံ သေဆုံးခြင်း ဓားအလင်းအလား တိုးဝင် လာတော့၏။

"အဲဒါက ဘာလဲ ...”

သွေးနတ်ဘုရားက မော့ကာ ကြည့်လိုက်၏။ သူ၏ မျက်နှာတွင်မူ မေးခွန်းများက ပြည့်နှက် နေခဲ့သည်။

***

ထိုအချိန် လင်းမိသားစု ခေါင်းဆောင်နှင့် ဘိုးဘေး နှစ်ယောက်သည် ဘိုးဘေး ဘုရားကျောင်း အတွင်းရှိ စားပွဲတွင် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည်။ သူတို့၏ ဘေးတွင်မူ မရေမတွက်နိုင်သော လင်းမိသားစု အကြီးအကဲများသည် အေးခဲစွာ ရပ်နေကြ၏။

"ထျန်းလန်နယ် ဂိုဏ်းဆယ်ဂိုဏ်းထဲက ငါးဂိုဏ်းက ကျွန်တော်တို့အတွက် စစ်ကူတွေ လွှတ်ပေးခဲ့တယ် ... ဒါပေမဲ့ သူတို့ကို မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်းက ကြားဖြတ်တားဆီး ထားခဲ့တယ် ... အခု ဆိုရင် ဂိုဏ်းနှစ်ဂိုဏ်းက ရှင်းလင်းခံလိုက်ရပြီး အခြား ဂိုဏ်းသုံးဂိုဏ်းကတော့ သူတို့ဆီမှာ သစ္စာခံသွားခဲ့ပြီ ... ဒါကတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းလိုနေဆဲဖြစ်တဲ့ ဝမ်ရှင်း တန်ခိုးရှင် စာရင်းပါ"

အရပ်ရှည်ရှည် အကြီးအကဲ တစ်ယောက်က ပြောသည်။

"ထျန်းလန်နယ်ရဲ့ အင်အားက မိစ္ဆာ ဂိုဏ်းခုနစ်ဂိုဏ်းအောက် မလျော့ဘူး ... ဒါပေမဲ့ ငါတို့မှာ ပြင်ဆင်ချိန် လုံးဝ မရှိခဲ့ဘူး ... ချန်းပေ့ရွှမ်း ဆိုတဲ့ကောင်ကြောင့် ကမ္ဘာနှစ်ခု ဆုံမှတ်မှာ ဖြစ်ပျက်ခဲ့တာတွေကိုပဲ အာရုံစိုက် နေခဲ့တယ် ... အဲဒါတွေ အားလုံးက အဲဒီကောင်ကြောင့်ပဲ"

လင်းမိသားစု ခေါင်းဆောင်က စားပွဲအား ရိုက်လိုက်၏။

ကမ္ဘာနှစ်ခု ဆုံမှတ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ နတ်မိမယ် ရှန်းရှီထံမှ တစ်ဆင့် ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ လင်းမိသားစုသည် ထိုအရာကို သိပ်အယုံအကြည် မရှိသော်လည်း ယခု အချိန်တွင် သူတို့ အပြစ်တင်နိုင်သည်က ချန်းဖန် တစ်ယောက်သာ ရှိပေသည်။

"ဟုတ်တယ် ... ချန်းပေ့ရွှမ်း ဆိုတဲ့ကောင်သာ ဝင်မရှုပ်ရင် ငါတို့ရဲ့ မဟာမိတ်တွေ အားလုံးက အသက်ရှင် နေဦးမှာ ... သူတို့ တစ်ယောက်ချင်းစီက စစ်တပ် တစ်ခုကို ဦးဆောင်နိုင်တယ် ... ငါတို့ရဲ့ စစ်တပ် သုံးခုပါ ပေါင်းလိုက်ရင် မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်းကို တွန်းလှန်နိုင်မှာ သေချာတယ်"

ဘိုးဘေး ရွှမ်ကောင်းကလည်း အေးစက်စွာ ဆိုလိုက်၏။

သူတို့၏ စကားများက လင်းမိသားစုဝင်များ၏ အမုန်းတရားကို တိုးပွားစေသည်။ အထူးသဖြင့် လူငယ် မျိုးဆက်များဆိုလျှင် ချန်းဖန်အား တွေ့ရာ နေရာ၌ ဆုတ်ဖြဲပစ်ချင် လာကြသည်။

"အဲဒါကို ထားလိုက်ပါ ... ငါတို့ ဘာလုပ်နိုင်မှာ မလို့လဲ ... ငါတို့ အခု လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ဝမ်မိသားစု လာကယ်တာကို စောင့်ဖို့ပဲ ကျန်တော့တယ်"

ဘိုးဘေး ရှင်းကောင်းက ခေါင်းကိုခါရင်း ပြောလိုက်သည်။

မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်းသည် မည်သို့မျှ မမျှော်လင့်ထားသည့် အချိန်တွင် စတင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ပြင်ဆင်မှု တစ်ခုတလေပင် မလုပ်ထားခဲ့ရာ လင်းမြို့တော်မှသာ ခုခံနိုင်ခဲ့သည်။ အကယ်၍ ဝမ်မိသားစုသာ အကူအညီ မစေလွှတ်ပါက မကြာခင် လင်းမြို့တော်လည်း ကျဆုံးသွားလိမ့်မည် ဖြစ်သည်။

လူတိုင်း စိတ်ဓာတ်ကျစွာပင် ကောင်းကင် တစ်ခွင်ရှိ တိမ်မည်းများကို ငေးမော ကြည့်လိုက်မိသည်။ ထိုတိမ်မည်းများကား မရေမတွက်နိုင်သော မိစ္ဆာများဖြင့် ဖွဲ့စည်းထားသည့် ဓမ္မ အစီအရင်များပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကို ဖုံးလွှမ်းကာ နေကိုပင် ပိတ်ဆို့ ထားခဲ့၏။

အားလုံး ငေးမော၍ ကြည့်နေကြချိန်မှာပင် ရုတ်တရက် ...

"ကလန့် ...”

မျက်စိကန်းလောက်သည့် အလင်း တစ်ခုသည် ပေါ်ထွက်လာကာ တိမ်မည်းများထံ တိုးဝင် သွား၏။

"အဲဒါက ...”

ဘိုးဘေး ရှင်းကောင်းမှာ ထိုင်ရာမှ ထရပ်လိုက်သည်။

***

ထိုအချိန်၌ လင်းမြို့တော် အတွင်းရှိ များစွာသော ကျင့်ကြံသူများမှာ နောက်တစ်ကြိမ် တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြသည်။

ရန်သူ၏ တိုက်ခိုက်မှုသည် နေ့စဉ်နှင့်အမျှ ပြင်းထန်လာ၏။ သူတို့သည် လင်းမြို့တော်မှာ မကြာခင် ကျဆုံးတော့မည် ဖြစ်ကြောင်း သဘောပေါက် ထားကြသည်။

"ကလန့် ...”

ရုတ်တရက် ဓားအလင်း တစ်ခုက သူတို့၏ အာရုံများကို ဖမ်းစားသွား၏။

"အဲဒါက ဝမ်မိသားစုရဲ့ ကောင်းကင် တန်ခိုးရှင်လား ...”

တူညီသော အတွေးတစ်ခုက အားလုံး၏စိတ်တွင် ဖြစ်ပေါ် လာခဲ့သည်။

***

လင်းမြို့တော် အပြင်ဘက် ...

သန်းနှင့်ချီသော မိစ္ဆာများသည် တံခါးနား၌ စုစည်းကာ တိုက်ခိုက်ရန် အမိန့်ကို စောင့်ဆိုင်း နေကြသည်။ သူတို့သည်လည်း ရောက်ရှိလာသော အလင်းကို မြင်တွေ့ကြရ၏။

"သခင်ကြီး ... မိစ္ဆာ စစ်တပ်တွေဆီ တိုးဝင်လာတာ ဘယ်သူလဲ ... သူက သေချင်နေတာလား"

အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူသား မိန်းကလေး တစ်ယောက်က မေးလိုက်၏။ သူမသည် လင်းမြို့တော်သို့ စစ်ကူရန် ယခုမှ ရောက်လာသော အဖွဲ့ထဲမှ ဖြစ်သည်။

ထို့နောက် သူမ၏ အကြည့်များ အောက်တွင်ပင် ဓားအလင်းသည် တိမ်မည်းများကို နှစ်ပိုင်းဖြတ်ကာ မိစ္ဆာ အရှင် ခုနစ်ယောက်ထံ တိုးဝင်သွားသည်။

"ကလန့် ...”

မည်သည့် အရာများ ဖြစ်ပျက်သွားကြောင်း သဘောမပေါက်ခင်မှာပင် သွေးနတ်ဘုရား၊  ဘိုးဘေး နှလုံးမျို မိစ္ဆာနှင့် အခြား မိစ္ဆာ အရှင်များ၏ ခန္ဓာကိုယ်များကား ထက်ပိုင်းပြတ် သွား၏။

"ဟူး  ... "

ရုတ်တရက် အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ လင်းမိသားစုမှ ကျင့်ကြံသူများ၊ မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်းမှ စစ်သည်များ၊ လင်းမိသားစု၏ စစ်ကူများ အပါအဝင် အားလုံးမှာ ဆွံ့အ သွားကြသည်။

"သ ... သခင်ကြီး ... သူတို့တွေက သေသွားတာလား"

အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။

"ဟုတ်တယ် ... ငါတို့ကို ကယ်မယ့်သူ ပေါ်လာပြီ ထင်တယ်"

သူမ၏ သခင်ကြီးသည် ရွှေအမြုတေ အဆင့် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက်ဖြစ်သည်။ သူသည် ပထမ၌ ဆွံ့အနေသော်လည်း မကြာခင်မှာပင် သူ၏ မျက်နှာ၌ အပြုံးတစ်ခု ဖြစ်ပေါ် လာခဲ့သည်။

ချန်းဖန်ကား မိစ္ဆာ အရှင် ခုနစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ် ပစ်လိုက်ပြီ ဖြစ်လေ၏။

***

All Chapters