အံ့အားသင့်ကြခြင်း
Vol. 9 Ch. 881
"မိစ္ဆာ အရှင်တွေက ဒီလိုပဲ သေသွားကြတာလား ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
နှလုံးမျို မိစ္ဆာဂိုဏ်း၊ အဆိပ်တစ်ရာဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်း၏ အကြီးအကဲများမှာ ခေါင်းခါ မိကြသည်။ သူတို့သည် မြင်တွေ့ရသမျှ အရာအားလုံးကို လုံးဝ လက်မခံနိုင်ကြချေ။
ထိုမိစ္ဆာ အရှင် ခုနစ်ယောက်သည် မိစ္ဆာဒေသ ဂိုဏ်းခုနစ်ဂိုဏ်း၏ ဂိုဏ်းချုပ်များ ဖြစ်သည်။ သူတို့ထဲက အားအနည်းဆုံး သူပင်လျှင် ဓားဧကရာဇ်၊ ကျိုးကျူရှင်းတို့နှင့် နှိုင်းယှဉ်နိုင်သည်။ အစွမ်း အထက်ဆုံး သွေးနတ်ဘုရား ဆိုလျှင် အခြေတည် ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။
ထိုသို့သော မိစ္ဆာ အရှင် ခုနစ်ယောက်က ယခုကဲ့သို့ လွယ်ကူစွာ အသတ်ခံလိုက် ရသည်လား။
"အဲဒါက ပုံရိပ်ယောင် တစ်ခုပဲ ဖြစ်မှာပါ ... တစ်ယောက်ယောက်က အစီအရင်ခင်းနေတာ ဖြစ်ရမယ်"
ရွှေအမြုတေအဆင့် မိစ္ဆာ ကျင့်ကြံသူများက ထိုသို့ တွေးနေကြ၏။
တစ်ချိန်တည်း၌ လင်းမိသားစု ခေါင်းဆောင်မှာ စိတ်လှုပ်ရှားကာ တုန်ရီနေခဲ့ပြီ ဖြစ်သည်။
"သူက ဝမ်မိသားစု လွှတ်လိုက်တဲ့ တစ်ယောက် ဖြစ်ရမယ် ... ဒဏ္ဍာရီလာ ဂိုဏ်းကြီးတွေ၊ မိသားစုတွေက လူတွေပဲ အဲဒီလို အစွမ်းထက်နိုင်တယ်"
သူက ဝမ်မိသားစုမှ အရှင်သခင်ကို ကြိုဆိုရန်အတွက် မြို့တော် အစီအရင်ကို ဖွင့်ရန် ထိုင်ရာမှ ထရပ်လိုက်သည်။ သို့သော်လည်း ဘိုးဘေး ရွှမ်ကောင်းက သူ့အား တားဆီးလိုက်၏။
"နေဦး ... တစ်ခုခုတော့ မဟုတ်သေးဘူး ... ငါ အဲဒီ ဓားအလင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
"ဟုတ်တယ် ... ဝမ်မိသားစုက လှံကျင့်စဉ်တွေနဲ့ ကျော်ကြားတယ် ... ဓားကျင့်စဉ်နဲ့ မဟုတ်ဘူး ... သူက ဝမ်မိသားစုက ဖြစ်မှာ မဟုတ်ဘူး"
ဘိုးဘေး ရှင်းကောင်းကလည်း ခေါင်းအား ခါယမ်းလိုက်၏။
"ဟူး ...”
အားလုံး သံသယ ဖြစ်နေကြချိန်မှာပင် ဓားအလင်းသည် လူငယ်တစ်ယောက် အသွင်သို့ ပြောင်းလဲသွား၏။
ထိုလူငယ်သည် ချောမောသည်။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ ရှည်လျားသော ဆံပင်များကို ပိုင်ဆိုင်ထားသည်။ သူ၏ လက်တွင်မူ ထက်ပိုင်းကျိုး နေသော ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၏။
"သူက ဘယ်သူလဲ ... ဝမ်မိသားစုက အရှင်တစ်ယောက် မဟုတ်ဘူးလား"
လင်းမိသားစု ခေါင်းဆောင်မှာ အနည်းငယ် နားမလည်ဟန် ဖြစ်သွားသည်။ ရုတ်တရက် လင်းမိသားစု လူငယ် တစ်ယောက်က အော်ဟစ်လိုက်၏။
"အဲဒါက ပေ့ဟန်နယ်ရဲ့ ကျူးဝမ် မျိုးနွယ် ဝမ်ရှင်း တန်ခိုးရှင် ချန်းပေ့ရွှမ်း မလား ...”
"ဟုတ်တယ် ... သူ့လက်ထဲက ဓားကျိုးက ကျူးဝမ်မျိုးနွယ် မဟာအကြီးအကဲ ရှဲ့ချန်းယန်ရဲ့ ကောင်းကင်ဖြတ်ဓား မလား ... ငါ အဲဒါကို တွေ့ဖူးတယ်"
အခြား အကြီးအကဲ တစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
သူတို့ နှစ်ယောက်၏ စကားကို နားထောင်ပြီးနောက် အားလုံးသော သံသယများမှာ ရှင်းလင်းသွားသည်။
"ငါ သိပြီ ... အဲဒီ ဓားအလင်းက ရင်းနှီးနေတယ်လို့ ခံစားရတာ မထူးဆန်းဘူးပဲ ... အဲဒါက တကယ်ပဲ ရှဲ့ချန်းယန်ရဲ့ ကောင်းကင်ဖြတ်ဓားပဲ ... ဒါပေမဲ့ ကျိုးနေတဲ့ ဓားက ကောင်းကင် တန်ခိုးရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုမျိုး လုပ်နိုင်လိမ့်မယ် လို့ ငါ မထင်ထားမိဘူး"
ဘိုးဘေး ရွှမ်ကောင်းက တအံ့တဩဖြင့် ဆိုလိုက်သည်။
"ဆရာ ... ကျုပ်တို့ သူ့ကိုမြို့ထဲကို ဖိတ်ခေါ်သင့်လား"
အရပ်ရှည်ရှည် အကြီးအကဲက မေးလိုက်သည်။
ထိုအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ များစွာသော လင်းမိသားစုဝင်များမှာ အနည်းငယ် ရှက်ရွံ့သွားကြ၏။
ချန်းဖန်သည် ဘိုးဘေး တကောင်းနှင့် အခြား မြေရိုင်းနယ် သုံးခု၏ အရှင်များကို သတ်ဖြတ် ခဲ့သည်။ ထို့အကြောင်းရင်းကပင် မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း၏ ကျူးကျော်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်ကပင် မိစ္ဆာဂိုဏ်းများ၏ အန္တရာယ်ကို ရှင်းလင်း ပေးခဲ့ပြန်သည်။ ထိုအရာက သူတို့အား ရွေးချယ်ရ အလွန် ခက်ခဲစေ၏။
"အဟမ်း ...”
လင်းမိသားစု ခေါင်းဆောင်က ချောင်းတစ်ချက် ဟန့်ကာ ဆက်ပြောလိုက်သည်။
"ကောင်းပြီ ... ငါတို့ အရင်ဆုံး သေချာ စဉ်းစားသင့်တယ် ... မိစ္ဆာ စစ်တပ်တွေက အခုထိ ရှိနေတုန်းပဲ ... နောက်ပြီး မိစ္ဆာအရှင် ခုနစ်ယောက်က တကယ်ပဲ သေသွားသလား ဆိုတာ မသေချာသေးဘူး ... ငါတို့ မြို့တော် အကာအကွယ် အစီအရင်ကို ဖွင့်ပြီးတာနဲ့ သူတို့က ဝင်ဖျက်ဆီးရင် ဘယ်လို လုပ်မလဲ ... ငါတို့ပဲ နစ်နာရမှာ"
"ဟုတ်တယ် ...”
အခြားလူများက ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။
***
ထိုအချိန်၌ လင်းမြို့တော်၏ အပြင် ကောင်းကင်၌ ...
ချန်းဖန်က မိစ္ဆာ အရှင် ခုနစ်ယောက်၏ အလောင်းများကို ကြည့်ကာ ပြောလိုက်သည်။
"ငါ ဒီကိုလာတာ သွေးနတ်ဘုရားကို သတ်ဖို့ သက်သက်ပဲ ... မင်းတို့ ဘေးဖယ်နေကြ ... မဟုတ်ရင် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်ကြနဲ့"
"ဟူး ... ဟူး ...”
မိစ္ဆာ အရှင် ခုနစ်ယောက်မှာ လျှို့ဝှက် ကျင့်စဉ်များကို သုံးကာ ခန္ဓာကိုယ်များအား ပြန်လည် ဖွဲ့စည်းလိုက်ကြသည်။ သူတို့သည် အလစ် တိုက်ခိုက်ခံရခြင်း အတွက် အလွန် ဒေါသထွက် နေကြ၏။
"နင်ပြောတိုင်း ငါတို့က နားထောင် ရမှာလား ... နင်က ကိုယ့်ကိုယ်ကိုယ် ဘာထင် နေတာလဲ"
ဘိုးဘေး နှလုံးမျို မိစ္ဆာက ဒေါသတကြီး ဆိုလိုက်၏။
"သူ့ရဲ့ ဓားချီက ပေသုံးသောင်းကို လွှမ်းမိုးပြီး ငါတို့ ခုနစ်ယောက်စလုံးကို ပိုင်းဖြတ် နိုင်ခဲ့တယ် ... ထျန်းလန်နယ်မှာ ဘယ်တုန်းက အဲဒီလောက် အစွမ်းထက်တဲ့ လူသားတစ်ယောက် ပေါ်လာတာလဲ"
စစ်မိစ္ဆာ အရှင်ကမူ အနည်းငယ် တုန်ရီနေခဲ့၏။
"ညီလေး ... နင့်ရဲ့ အတွေးက မှားနေပြီ ... သူက ထျန်းလန်နယ်က မဟုတ်ဘူး ... ငါတို့ကို ကူညီခဲ့တဲ့ ကျူးဝမ် ဝမ်ရှင်း တန်ခိုးရှင်ပဲ ... သူ့ရဲ့ လက်ထဲက ဓားကျိုးက ကောင်းကင်ဖြတ်ဓားလို့ ခေါ်တယ် ... ကျူးဝမ် မျိုးနွယ်ရဲ့ ကောင်းကင် ရတနာပေါ့"
သွေးနတ်ဘုရားက တောက်ပစွာပြုံးရင်း ဆိုလိုက်သည်။
သူသည် အနက်ရောင် ဆံပင်ကို ပိုင်ဆိုင်ကာ အသက် ဆယ့်ခြောက်နှစ် အရွယ်ဟု ထင်ရသည့် ချောမောသော လူငယ်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူ၏ အသားအရောင်မှာ ဖြူစုတ် လှရကား သေလူ တစ်ယောက်ဟုပင် ထင်ရ၏။
"ချန်းပေ့ရွှမ်းလား ...”
အခြား မိစ္ဆာ အရှင်များမှာ အံ့ဩမှင်တက် သွားကြသည်။
ချန်းပေ့ရွှမ်း ဆိုသော နာမည်သည် မြေရိုင်း နယ်ငါးခုကို ကျော်လွန်၍ မိစ္ဆာ ဒေသများအထိ ကျော်ကြားခဲ့ပြီး ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်းရှိ သူ၏ အောင်မြင်မှုများက မိစ္ဆာ အရှင်များကိုပင် အံ့အားသင့်စေသည်။ သူ၏လက်၌ ဘိုးဘေး တကောင်းနှင့် အခြား မြေရိုင်းနယ် အရှင်သုံးယောက် သေဆုံးသွားခဲ့ခြင်းကြောင့်သာ မိစ္ဆာဂိုဏ်းများမှာ ကျူးကျော် စစ်ပွဲကို စတင်ရဲခဲ့ခြင်း ဖြစ်သည်။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ... နင်က ငါတို့ မိစ္ဆာဂိုဏ်းတွေ အတွက် အထူး အကျိုးဆောင် ပေးခဲ့တယ် ... ငါတို့ နင့်ကို အခုထိ ကျေးဇူး မတင်ရသေးဘူး"
ဘိုးဘေး နှလုံးမျို မိစ္ဆာက ဖော်ရွေစွာ ပြုံးရင်း ဆိုလိုက်၏။
တစ်ချိန်တည်း၌ အခြား မိစ္ဆာ အရှင်များက ဖြည်းညင်းစွာ ရွေ့လျားကာ ချန်းဖန်၏ ထွက်ပေါက် မှန်သမျှကို ပိတ်ထား လိုက်ကြသည်။ သူတို့ကား ချန်းဖန်၏ မူလ သတိပေးချက်ကို လက်သင့်ခံမည့်ပုံ လုံးဝ မရချေ။
"ထွက်မသွားရင် သေရမယ် ...”
ချန်းဖန်က အေးစက်စွာ ဆိုလိုက်၏။ ထို့နောက် သူက အခြား မိစ္ဆာအရှင် ခြောက်ယောက်ကို လျစ်လျူရှုကာ သွေးနတ်ဘုရားကိုသာ အာရုံစိုက် လိုက်သည်။
ထိုအခါ မိစ္ဆာ အရှင်များမှာ ဒေါသထွက် သွားကြ၏။
"နင်က တကယ်ပဲ ငါတို့ရဲ့ ရန်သူ ဖြစ်ချင်တာလား ... နင် သိထားဖို့က ငါတို့ အားလုံးက တကောင်းလို အားမနည်းကြဘူးကွ"
အဆိပ်တစ်ရာ ဂိုဏ်းချုပ်က အော်ဟစ် ပြောလိုက်၏။
"ကလန့် ...”
ချန်းဖန်က ဘာမှ ပြန်မပြောတော့ပဲ ကောင်းကင်ဖြတ်ဓားကိုသာ မြှောက်လိုက်သည်။ ဓားသည် သံစဉ်တစ်ခုကို မြည်ကျွေးကာ တောက်ပလာ၏။ ကြောက်မက်ဖွယ် ဓားစွမ်းအား တစ်ခုမှာ ဓား၏ ကိုယ်ထည်မှ ပေါက်ကွဲ ထွက်ပေါ် လာသည်။
"တိုက်ခိုက်ကြဟေ့ ... သူ့ရဲ့ ကောင်းကင် ရတနာ အသက်ဝင်လာတဲ့ အထိ စောင့်နေရင် ငါတို့ သူ့ကို တားနိုင်တော့မှာ မဟုတ်ဘူး"
သွေးနတ်ဘုရားက အော်ဟစ် ဆော်ဩလိုက်သည်။
"ဘုန်း ...”
ဘိုးဘေး နှလုံးမျို မိစ္ဆာ၊ အဆိပ်တစ်ရာ ဂိုဏ်းချုပ်နှင့် အခြားလူများမှာ စတင်ကာ လှုပ်ရှား လိုက်ကြ၏။ အစွမ်းထက် မိစ္ဆာချီ ခုနစ်ခုမှာ ချန်းဖန်ထံသို့ လျင်မြန်စွာ တိုးဝင် သွားတော့သည်။
ကောင်းကင် ရတနာများသည် အလွန် အစွမ်းထက်သည်။ ၎င်းတို့သည် အသက်ဝင်လာသည်နှင့် ကောင်းကင် အရှင်ကိုပင် ယှဉ်နိုင်လာကြသည်။ သို့ဖြစ်ရာ ကောင်းကင် ရတနာ နိုးထသည်အထိ စောင့်နေခြင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် ခြားနားမှု မရှိချေ။
"ဘုန်း ...”
မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ဆယ်မိုင် ဧရိယာကား ကြောက်မက်ဖွယ် မိစ္ဆာချီများဖြင့် ပြည့်နှက်သွားသည်။ များစွာသော မိစ္ဆာ စစ်သည်များမှာ လွတ်မြောက်အောင် ထွက်မပြေးနိုင်ရာ အပိုင်းပိုင်းပြတ်ကာ ပျက်စီးရ၏။ ရွှေအမြုတေ အဆင့် အချို့သာလျှင် လွတ်မြောက် သွားကြသည်။
"ကောင်းကင်သွေး ကျင့်စဉ် ...”
"နှလုံးမျို မိစ္ဆာ ကျင့်စဉ် ...”
"အဆိပ်တစ်ရာ ဝိညာဉ်ဆူး ကျင့်စဉ် ...”
"..."
"တစ္ဆေ တစ်သောင်း ဝါးမျိုခြင်း ကျင့်စဉ် ...”
စသည်ဖြင့် မိစ္ဆာ အရှင် ခုနစ်ယောက်၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုများသည် ချန်းဖန်ထံသို့ အဘက်ဘက်မှ ဝန်းရံ ကျဆင်းလာ၏။
သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူက ကောင်းကင်ဖြတ်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
"ကလန့် ...”
ရုတ်တရက် ဓားအလင်း တစ်ခု တောက်ပလာ၏။ တစ်ခဏ အတွင်းမှာပင် ထို ဓားအလင်းသည် ပိုးစုန်းကြူး အရွယ်အစားမှ နေ၍ နေမင်းတစ်ခု အလား ပြောင်းလဲသွားသည်။
မိစ္ဆာချီနှင့် အစစ်အမှန် စွမ်းအားများသည် ထိုဓားအလင်း၏ တွန်းဖယ်မှုကို ခံကြရသည်။ ဓားအလင်း၏ ဖြတ်သန်းမှုတွက် မိုင်တစ်ရာ အတွင်းရှိ အရာရာမှာ အေးခဲသွား၏။ အဝေးမှ ကြည့်လျှင် ထိုအရာက ပန်းချီကား တစ်ခုနှင့်ပင် တူနေသေးတော့သည်။
***