အဓိက တရားခံ
Vol. 9 Ch. 883
မြေရိုင်းနယ် ငါးခုသည် အလွန်အမင်း ကျယ်ဝန်းကာ ထိုနေရာ၌ ရာချီသော ပြည်နယ်များနှင့် မရေမတွက်နိုင်သော မြို့များ တည်ရှိသည်။ မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်းသည် အလွန် အင်အားကြီးသည့်တိုင် အဓိက မြို့များကိုသာ သိမ်းပိုက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ မြေရိုင်းနယ် ငါးခု၌ ကိုယ်ပိုင် အင်အားဖြင့် ရပ်တည်နေသော အင်အားစုများစွာ ရှိနေဆဲ ဖြစ်သည်။
မိစ္ဆာဂိုဏ်းများ၏ အဓိက အင်အားစုများ ရှင်းလင်းခံရပြီးနောက် မြေရိုင်းနယ် ငါးခု ကျင့်ကြံသူများသည် အကြွင်းအကျန် မိစ္ဆာများကို လိုက်ခံ တိုက်ခိုက်ခဲ့သည်။ ထိုတော်လှန်ရေး လုပ်ငန်းစဉ်၌ လင်းမိသားစုသည် အခြားလူများကို ဦးဆောင်ခဲ့၏။ အဆုံး၌ မိစ္ဆာဂိုဏ်းများမှ ဝမ်ရှင်း တန်ခိုးရှင် အချို့သာလျှင် သူတို့၏ မိစ္ဆာဒေသသို့ ပြန်နိုင်ခဲ့သည်။
မြေရိုင်းနယ် ငါးခု၌ စစ်ပွဲသတင်းသည် လျင်မြန်စွာပင် ပျံ့နှံ့နေခဲ့သည်။ လူတိုင်းသည် ချန်းဖန်၏ စွမ်းအားအကြောင်းကို တအံ့တသြ ကြားသိရ၏။ သူတို့၏ ချန်းဖန်အပေါ် လေးစားမှုမှာလည်း ဒီရေအလား တိုးပွားလာနေခဲ့သည်။
"ပေ့ဟန် ယွမ်ဝူ လင်းမိသားစုနဲ့ အခြား မြေရိုင်းနယ်တွေရဲ့ အရှင်တွေဟာ မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်းရဲ့ ကျူးကျော်မှုကို ဘာမှ မတတ်နိုင်ခဲ့ဘူး ... ဒါပေမဲ့ ဝမ်ရှင်း တန်ခိုးရှင်ချန်းက အနောက်အရပ်က ပြန်လာခဲ့ပြီး မိစ္ဆာအရှင် ခုနစ်ယောက်ကို အလွယ်တကူ သတ်ပစ်ခဲ့တယ် ... သူက ဘယ်လောက်တောင် အစွမ်းထက် လိုက်သလဲ ...”
များစွာသော လူများက ပြောဆိုကြသည်။ အချို့ကဆိုလျှင် ချန်းဖန်ကို မြေရိုင်းနယ် ငါးခု၏ အရှင်ဟုပင် ခေါ်ဆိုနေကြပြီ ဖြစ်လေသည်။
***
ထိုအချိန်၌ ချန်းဖန်ကမူ ရှေးဟောင်း ကျူးဝမ်မြို့သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။
"ကြိုဆိုပါတယ် ဝမ်ရှင်း တန်ခိုးရှင်ချန်း ...”
မဟာ အကြီးအကဲ ရှဲ့ချန်းယန်က လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်စကားဆို၏။
"ကြိုဆိုပါတယ် ဝမ်ရှင်း တန်ခိုးရှင်ချန်း ...”
ကောင်းကင်နယ်မြေ ခြောက်ခု၏ ဂိုဏ်းချုပ်များနှင့် မိသားစု ခေါင်းဆောင်များကလည်း ချန်းဖန်ကို တရိုတသေ နှုတ်ဆက်ကြသည်။
ဟူးကောင်းဂိုဏ်းမှ မဟာအကြီးအကဲ တိုင်ရှုက ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်သည်။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း ... ကျုပ် တစ်ခုလောက် အကြံပြုပါရစေ ... အခုဆို ဝမ်ရှင်း တန်ခိုးရှင်က မြေရိုင်းနယ် ငါးခုရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူဆိုတာ သက်သေ ပြပြီးပါပြီ ... တကယ်လို့ ဝမ်ရှင်း တန်ခိုးရှင်ရဲ့ လက်အောက်မှာ ကျုပ်တို့ မြေရိုင်းနယ်ငါးခု စည်းလုံးသွားရင် ကျုပ်တို့ရဲ့ အင်အားက ကောင်းကင်နယ်မြေတွေနဲ့ ကွာမှာ မဟုတ်တော့ဘူး"
ဝမ်ရှင်း တန်ခိုးရှင် တိုင်ရှု၏ စကားက လူတိုင်းအား စိတ်ဝင်စား သွားစေ၏။ လူတိုင်းသည် အောင်မြင်မှုအတွက် ပျော်ရွှင်နေကြရာ နောက်ထပ် လှုပ်ရှားမှုကို စဉ်းစားရန် အချိန် မရှိခဲ့ချေ။ သို့သော်လည်း ယခု အချိန်က မြေရိုင်းနယ် ငါးခုကို စုစည်းရန် အချိန်ကောင်း ဖြစ်ကြောင်း သူတို့ သဘောတူကြသည်။
ထျန်းကျိ ကောင်းကင်နယ်မြေ၏ ဂိုဏ်းချုပ် ရွှမ်မင်ကျိကလည်း ဝင်ရောက်ကာ ပြောလိုက်သည်။
"မြေရိုင်းနယ် ငါးခု စလုံးက မိစ္ဆာဂိုဏ်းတွေရဲ့ ကျူးကျော်မှုကြောင့် ခုအချိန်မှာ အုပ်ချုပ်သူ ကင်းမဲ့ပြီး ဖရိုဖရဲ ဖြစ်နေပြီ ... မြေရိုင်းနယ် ငါးခုကို လူတစ်ယောက်ရဲ့ အုပ်ချုပ်မှု လက်အောက်ကို သွတ်သွင်းဖို့က ခုထက် ပိုကောင်းတဲ့ အချိန် မရှိနိုင်တော့ဘူး ... ဝမ်ရှင်း တန်ခိုးရှင်ချန်းက မိစ္ဆာ အရှင် ခုနစ်ယောက်ကို သတ်ဖြတ်ပြီး လူတိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တယ် ... တကယ်လို့ ဝမ်ရှင်း တန်ခိုးရှင်သာ မြေရိုင်းနယ် ငါးခုရဲ့ ဧကရာဇ် နေရာကို ယူမယ်ဆိုရင် ဘယ်သူမှ ငြင်းဆန်မယ် မထင်ဘူး"
"ဟုတ်တယ် ... ဝမ်ရှင်း တန်ခိုးရှင်ချန်း မြေရိုင်းနယ် ငါးခုရဲ့ ဧကရာဇ် နေရာကို ယူပေးပါ ...”
အခြားလူများကလည်း အော်ဟစ် ထောက်ခံလိုက်ကြသည်။ သူတို့သည် သူတို့၏ ပေ့ဟန်နယ်သား တစ်ယောက်ကို မြေရိုင်းနယ် ငါးခု၏ အရှင်အဖြစ် ဂုဏ်ယူလိုကြသည်။ ကျိုးကျူရှင်းပင်လျှင် မျက်လုံးများ တဖျတ်ဖျတ် လင်းလက် နေခဲ့၏။
"အဲဒီအကြောင်းကို နောက်ကျမှပဲ ပြောကြတာပေါ့ ...”
ချန်းဖန်က မျက်ခုံးကိုပင့်ရင်း ဆိုလိုက်၏။ ထို့နောက် သူက ဘိုးဘေး ဘုရားကျောင်း အတွင်းသို့ဝင်ကာ သူ၏ မိတ်ဆွေဟောင်းများကို တွေ့ဆုံရန် ခေါ်ယူလိုက်သည်။
မူဟုန်တိ၊ ယွင်ရီအာနှင့် လင်းဝူဟွာတို့သည် ချန်းဖန်၏ ခေါ်ယူမှုကြောင့် အလွန်အမင်း စိတ်လှုပ်ရှား နေကြ၏။ ထိုအခိုက်အတန့်၌ ချန်းဖန်သည် မြေရိုင်းနယ် ငါးခု၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူတို့အား ကြီးမားသော ဖိအားကို ခံစားရစေ၏။
အဘိုးကြီးတင်းမှာမူ ချန်းဖန်အား တွေ့သည်နှင့် ကပျာကယာ အနားသို့ ကပ်လာကာ ပြောလိုက်သည်။
"သခင် ... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ ... ရှောင်မန်ကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်မှာ ထူးဆန်းတဲ့ မိန်းကလေး တစ်ယောက်က ခေါ်သွားတယ် ... သူက အခုထိ အိမ်ကို ပြန်မလာသေးဘူး ... နောက်ပြီး ဘာသတင်းမှလည်း မရဘူး ... သခင် ရှောင်မန်ကို အိမ်ပြန်ခေါ်ပေးပါလား ... သူက အရမ်း ငယ်သေးတယ် ... လူတွေက သူ့ကို တစ်ခုခုလုပ်မှာ ကျုပ် တကယ်ပဲ စိုးရိမ်မိတယ်"
အဘိုးကြီးတင်းသည် ရှောင်မန်အား သူ၏ သမီးအရင်း တစ်ယောက်အလား အမြဲတမ်း ဆက်ဆံခဲ့သည်။ သို့ဖြစ်ရာ သူ ရှောင်မန်အပေါ် အစိုးရိမ် လွန်သည်က သဘာဝသာ ဖြစ်ပေသည်။
"စိတ်မပူနဲ့ ... ငါ မကြာခင် သူ့ကို သွားတွေ့ဦး မှာပါ ...”
ချန်းဖန်က အဘိုးကြီးတင်း၏ ပခုံးကိုကိုင်ရင်း ဆိုလိုက်၏။
မဟာ အကြီးအကဲ ရှဲ့ချန်းယန်က ခေါင်းကိုငုံ့ရင်း ရှက်ရွံ့စွာ ဆိုလိုက်သည်။
"နတ်မိမယ် ရှန်းရှီက လွန်ခဲ့တဲ့ သုံးနှစ်က ကောင်မလေးနဲ့ အတူ ရောက်လာပါတယ် ... နောက်ပြီး သူက ကောင်မလေးကို ပြန်လည် မွေးဖွားခြင်းဂိုဏ်းဆီ ခေါ်သွားပြီးတော့ ဝမ်ရှင်း တန်ခိုးရှင်ရဲ့ ကိုယ်စား စောင့်ရှောက် ပေးမယ်လို့ ပြောတယ် ... ကောင်မလေးက သိပ်မလိုက်ချင်ပေမဲ့ ကျုပ်တို့မှာလည်း နတ်မိမယ် ရှန်းရှီကို တားဆီးနိုင်မယ့် ခွန်အား မရှိခဲ့ဘူး ... ဒါကြောင့်ပဲ ကောင်မလေးကို သူနဲ့ လိုက်ခွင့်ပြုလိုက်ရတယ်"
"ငါ ရှန်းရှီကို အဲဒီလိုလုပ်ဖို့ ခိုင်းလိုက်တာပါ ... ရှောင်မန်က ရှားပါးတဲ့ နတ်ဘုရား သွေးကြောကို ပိုင်ဆိုင်ထားတာ ... ခင်ဗျားတို့နဲ့ အတူနေတာက သူ့အတွက် အန္တရာယ်များတယ် ... ရှန်းရှီက ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောင်းပဲ ... သူက ရှောင်မန်ကို ကာကွယ်ဖို့ လုံလောက်အောင် သန်မာတယ်"
ချန်းဖန်က ဆိုလိုက်သည်။
"ရှောင်မန် လုံခြုံတယ်ဆိုရင်တော့ ကျုပ်တို့လည်း စိတ်ချပါပြီ ...”
ရှဲ့ချန်းယန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက တစ်ဆက်တည်း ထပ်မံ မေးလိုက်သည်။
"ဝမ်ရှင်း တန်ခိုးရှင် ... ကျုပ် နားမလည်တာ တစ်ခုရှိတယ် ... ဝမ်ရှင်း တန်ခိုးရှင်က ဘာလို့ မြေရိုင်းနယ် ငါးခုရဲ့ ဧကရာဇ် နေရာကို လက်မခံခဲ့တာလဲ"
"ဟုတ်တယ် ... အနီရောင် နဂါးကလည်း ခုနက ရောက်လာပြီး အဲဒီကိစ္စကို ပြောသေးတယ် ... ဝမ်ရှင်း တန်ခိုးရှင်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဘယ်သူက ငြင်းပယ်ရဲမှာလဲ"
အကြီးအကဲ မူလဲ့ကလည်း ဝင်ရောက် ပြောလိုက်၏။
ချင်လော့ကမူ တိတ်ဆိတ်စွာ နားထောင်နေ၏။ သို့သော်လည်း သူသည် အကြီးအကဲများ၏ စကားကို သဘောတူသည်။
"အဲဒီကိစ္စလား ...”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ နံရံရှိ ကျူးဝမ် ဘိုးဘေး တစ်ယောက်၏ ပုံတူ ပန်းချီကားကို ငေးကြည့်လိုက်၏။ ထို့နောက် သူက တည်ငြိမ်စွာပင် အနည်းငယ် ပြုံးရင်း မေးလိုက်၏။
"အခြေတည် ဝိညာဉ်အဆင့် ကောင်းကင် အရှင်နဲ့ မြေရိုင်းနယ် ငါးခုရဲ့ ဧကရာဇ် ... ဘယ်တစ်ခုက ပိုပြီး အဆင့်အတန်း မြင့်တယ်လို့ မင်းတို့ထင်လဲ"
လူတိုင်းသည် ချန်းဖန်၏ မေးခွန်းကို သိပ်နားလည်ဟန် မရကြချေ။ သို့သော်လည်း ရှဲ့ချန်းယန်က အလိုက်သင့် ပြန်ဖြေလိုက်၏။
"ဒါက ရှင်းလင်းပါတယ် ... ကောင်းကင် အရှင် တစ်ယောက်ရဲ့ အဆင့်အတန်းက ပိုပြီး မြင့်မားတာပေါ့ ... ဝမ်မိသားစုက မြေရိုင်းနယ် ငါးကို လွှမ်းမိုးနိုင်ခဲ့တာကလည်း သူတို့မှာ ကောင်းကင်အရှင် တစ်ယောက် ရှိလို့ပဲလေ"
"ဟုတ်ပြီ ... ဒါဆို ငါ့လို အခြေတည် ဝိညာဉ် အဆင့်ကို ရောက်မယ့် လူတစ်ယောက်က ဘာလို့ မြေရိုင်းနယ် ငါးခုရဲ့ ဧကရာဇ် နေရာကို တပ်မက်နေရမှာလဲ ... နောက်ပြီး ငါ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ရောက်ရင် ထျန်းဟောင် ဂြိုဟ်ပေါ်မှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ် ... မြေရိုင်းနယ် ငါးခု ဧကရာဇ် နေရာက စွဲလမ်းလောက်စရာ မရှိပါဘူး"
ချန်းဖန်က သက်ပြင်းချရင်း ဖြည်းညင်းစွာ ဆိုလိုက်သည်။
လူတိုင်းသည် ချန်းဖန်၏ အတွေးကို နားလည်သွားကြ၏။ သူတို့က ဦးညွှတ်ကာ ဘိုးဘေး ဘုရားကျောင်းထဲမှ ထွက်ခွာသွားကြတော့သည်။ ရှဲ့ချန်းယန်ကလည်း ချန်းဖန်ကို နှုတ်ဆက်ကာ ပြန်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ချန်းဖန်က သူ့အား တားဆီးလိုက်သည်။
"မဟာ အကြီးအကဲ ... ခင်ဗျား ကျန်ခဲ့ဦး ... ခင်ဗျားတို့ သွေးမျိုးဆက် ကန့်သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ် ပြောစရာ ရှိသေးတယ်"
ရှဲ့ချန်းယန်က ခေါင်းညိတ်ကာ ရပ်လိုက်၏။ သူက အခန်းအတွင်းသို့ ကြည့်လိုက်ရာ သူ့အပြင် ကျိုးကျူရှင်းပါ ရှိနေသည်ကို တွေ့လိုက်ရသည်။
ချန်းဖန်က အေးစက်သော လေသံဖြင့် မေးလိုက်၏။
"ကျိုးကျူရှင်း ... ကျူးဝမ် မျိုးနွယ်တွေ ဘာဖြစ်ခဲ့တာလဲ ... သူတို့ဘာလို့ ကျဆင်း သွားခဲ့ရတာလဲ ... နောက်ပြီး သူ့တို့ရဲ့ သွေးမျိုးဆက်ကို ကျိန်စာတိုက်ခဲ့တာက ဘယ်သူလဲ ... မင်း ငါ့ကိုလိမ်ဖို့ မကြိုးစားနဲ့ ... မဟုတ်ရင် မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး ငရဲမီးနဲ့ တိုက်ပစ်မယ်"
ရှဲ့ချန်းယန်က လက်သီးကို တင်းတင်းဆုပ်ကာ ကျိုးကျူရှင်းကို ကြည့်လိုက်သည်။ သူသည် ကျူးဝမ် မျိုးနွယ်စု ကျဆုံးမှု၌ ကျိုးမျိုးနွယ် ပါဝင် ပတ်သက်နေကြောင်း ကောင်းစွာ သိရှိထား၏။ သို့သော်လည်း အဓိက တရားခံကို ကျိုးကျူရှင်း သိလိမ့်မည် ဖြစ်ကြောင်း သူ ယုံကြည်သည်။
"အဓိက တရားခံက ...”
ကျိုးကျူရှင်းက ဖြည်းညင်းစွာဖြင့် ပြန်လည် အဖြေပေးလိုက်သည်။
"တောင်တန်း အင်ပါယာပါ ...”
"တောင်တန်း အင်ပါယာ ...”
ရှဲ့ချန်းယန်မှာ ထိုနာမည်ကို ကြားပြီးနောက် ဆွံ့အသွားသည်။ သူ၏ မျက်နှာမှာလည်း ဖြူရော်ကာ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွား၏။
***