← Chapters

ဖန်းလိုင်ကုန်းမြေ

Vol. 019 Ch. 1885

ဖန်းလိုင်ကုန်းမြေ

Vol. 019 Ch. 1885

တုံ့ယွမ်အိမ်တော်မှ ပြန်လာပြီးနောက် အဓိကအင်အားစုသုံးခုက လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ကြသည်။ တုံ့ယွမ်အိမ်တော်တွင် ပြဿနာအချို့ ဖြေရှင်းပြီးနောက် သူတို့က ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤခရီးအတွက် အဓိကအင်အားစုသုံးခုက တစ်ဖွဲ့ကို လူဆယ်ယောက်စီ ခေါ်ဆောင်လာခဲ့သည်။ ထိုကျင့်ကြံသူများအားလုံးက ရန်ဟောင်အဆင့်များပင် ဖြစ်သည်။ ရှန့်ထိုအဆင့်မှ ကျင့်ကြံသူများက ဖန်းလိုင်ကုန်းမြေ၌ အခွင့်အရေးများ ရှာဖွေရန် လိုက်ပါ၍ ရသော်လည်း တုံ့ယွမ်အိမ်တော်မှ လူများက အင်အားကြီးမားခြင်း မရှိပေ။ ထို့ပြင် ရန်ဟောင်အဆင့်ရှိ ကျင့်ကြံသူများပင် အန္တရာယ်ကင်းပါမည်ဟု အာမခံရဲခြင်း မရှိလေရာ ရှန့်ထိုအဆင့်နှင့် ရှီအဆင့်မှ တပည့်များကို ထားခဲ့ခြင်းက ပိုကောင်းပေသည်။

ဤသို့သော အခြေအနေအောက်တွင် အောင်မြင်နိုင်ချေအများဆုံး သူများ သွားခြင်းကသာ အကောင်းဆုံးဖြစ်သည့်အတွက် လိုက်ပါလာသူများက ရန်ဟောင်အဆင့် ကျင့်ကြံသူများ ဖြစ်နေကြခြင်း ဖြစ်ပေသည်။

လေဟာနယ်အတွင်း ကျင့်ကြံသူတစ်စုက ခမ်းနားစွာ ခရီးနှင်နေကြသည်။ သူတို့က အလွန်ကြီးမားသော ခရီးသွားမှော်ရတနာထက် ရပ်နေကြပြီး အလွန်လျင်မြန်သော အရှိန်နှင့် လေထုကို ဖြတ်သန်းသွားနေကြသည်။

ရီဖူရှင်းက လူအုပ်၏ အလယ်တွင် ရပ်နေပြီး ရှားရှင်းယွန်က သူ့ဘေးတွင် ရပ်ကာ သိမ်းငှက်လေးက သူ့နောက်၌ ရပ်နေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အင်ပါယာဟယ်လျန်နှင့် ပေ့ကုံးအော့တို့ ရှိနေ၏။ ယန်တုံ့ချင်းနှင့် ယန်မိသားစုဝင်များလည်း တစ်ဖက်တွင် ရှိနေသည်။

"အိမ်တော်သခင်ရီ၊ ဒီကလေးမက ဒီအတောအတွင်း အတော်လေး ဒုက္ခများစေခဲ့တယ်မလား။" ရီဖူရှင်းဘေးမှ ပေ့ကုံးအော့က ပြောလိုက်သည်။ ပေ့ကုံးအော့ ဘေးတွင် ရပ်နေသူက ပေ့ကုံးရွှမ်းဖြစ်လေသည်။

ရီဖူရှင်းက ပေ့ကုံးရွှမ်းကို ကြည့်လိုက်လျှင် သူမက သူ့အား ပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက တကယ်ပဲ သတိမပြုမိသည်လား ဟန်ဆောင်နေသည်လား သူ သိချင်မိပေသည်။

"ဘယ်ဟုတ်ပါ့မလဲ။ မိန်းကလေးရွှမ်းက ကျင့်ကြံခြင်းမှာ အာရုံစူးစိုက်ပြီး သူမရဲ့ ကျင့်ကြံခြင်းအပေါ် အားစိုက်ထုတ်မှုက ကျုပ်တောင်မှ ပြန်သင်ယူလိုက်ရပါသေးတယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

"ဟုတ်တယ်။ သူမက ငယ်ငယ်လေးကတည်းက ကျင့်ကြံရေးမှာ ပါရမီပါတယ်လေ။" ပေ့ကုံးအော့က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုမှတော့ နောက်ပိုင်းကျရင် သူမကို အိမ်တော်သခင်နဲ့ မကြာခဏ အဆက်အသွယ်လုပ်ခိုင်းလိုက်မယ်။ အဲဒါက သေချာပေါက် သူမရဲ့ ကျင့်ကြံခြင်းမှာ အကျိုးရှိစေလိမ့်မယ်။"

“…”

ရီဖူရှင်းက ပေ့ကုံးအော့ကို ကြည့်လိုက်ပြီး ပြန်ဖြေရန် စကားရှာမရပေ။

အင်ပါယာဟယ်လျန်က မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ ပေ့ကုံးအော့က မြေခွေးအိုကြီးဟု သူတွေးလိုက်မိသည်။ ပေ့ကုံးအော့က အလွန် ပါးနပ်လှသည်။ ပေ့ကုံးရွှမ်းက အလွန် လှပရုံသာမက လက်မလျှော့တတ်သည့် ခေါင်းမာသူ ဖြစ်သည်။ ထို့ပြင် သူမသည် ကျင့်ကြံရေး၌ ထူးချွန်သူဖြစ်ကာ ပေ့ကုံးအော့က သူမကို ဂရုတစိုက်ပျိုးထောင်ပေးခဲ့ပေသည်။

"အိုး.. ဟုတ်သားပဲ။ ကျုပ် အရင်တုန်းက အိမ်တော်သခင်ရီကို တစ်ခါမှမမေးဖူးဘူး။ ဒါပေမယ့် အိမ်တော်သခင်မှာ အရမ်းထူးချွန်တဲ့ အရည်အချင်းရှိတယ်ဆိုတော့ တောင့်တင်းတဲ့ နောက်ခံမိသားစု ရှိရမယ် ဟုတ်တယ်မလား။ ဘာလို့ တုံ့ယွမ်မြို့ကို ရောက်လာတာလဲ။" ပေ့ကုံးအော့က သိလိုစိတ်နှင့် မေးလိုက်သည်။

ထိုအချိန်၌ အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းက အာရုံစူးစိုက်ကာ နားထောင်နေကြသည်။ သူတို့ကလည်း ထိုအကြောင်းကို ဇဝေဇဝါ ဖြစ်နေကြပေသည်။

ထို့ပြင် ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကိုပင် မသိရှိပေ။

"ကျုပ်က ဟိုးအဝေးကြီးကနေ လာခဲ့တာ။" ရီဖူရှင်းက သာမန်ပင် ပြန်ဖြေလိုက်၏။ သူက ဆက်လက်၍ ရှင်းပြမနေပေ။ ရီဖူရှင်းက စကားကို ဆက်ရန် စိတ်မဝင်စားသည်အား သတိပြုမိသောအခါ ပေ့ကုံးအော့က ပါးနပ်စွာနှင့် ဖိအားမပေးတော့ချေ။

ထိုသည်က ပဟေဠိအား အဖြေညှိရန် အဓိကအချက် ဖြစ်ပုံရသည်။

လူစုက အခြား​အကြောင်းအရာကို ခေါင်းစဥ်ပြောင်း၍ ပြောဆိုလိုက်ကြသည်။ ရီဖူရှင်းသည်လည်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေနှင့် ဖန်းလိုင်ကုန်းမြေအကြောင်း နားလည်ရန် အခွင့်အရေးယူလိုက်သည်။ မသိလိုက်ပါဘဲ သူတို့သည် ကုန်းမြေ၏ နယ်နိမိတ်ကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်၏။

ရီဖူရှင်းက သူ၏ အာရုံကို ရှေ့သို့ ပို့လိုက်သည်။ တိမ်နှင့်မြူများက သူ့ကို ရစ်သိုင်းနေပြီး ဝိညာဥ်ချီတို့က သူတို့အနားတွင် ဝေ့ဝဲနေသည်။ သူ၏ အမြင်အာရုံထဲတွင် အဝေးမှ ကုန်းမြေတစ်ခုကို ခပ်ရေးရေး မြင်နိုင်သည်။ ယန်ချင်း ယခင်က ပြောခဲ့သကဲ့သို့ပင် ကုန်းမြေများက တစ်ခုနှင့်တစ်ခု နီးပေသည်။

ထို့ပြင် ၎င်းတို့က မဟာလမ်းစဥ် ဘုံသုံးထောင်ကဲ့သို့ ကုန်းမြေများအကြား၌ ကြမ်းတမ်းသည့် လေဟာနယ်အတားအဆီးတို့ ရှိ​နေသည်။ ကောင်းကင်ဒေသတွင် ကုန်းမြေအားလုံးက တစ်ခုတည်းကဲ့သို့ပင် နတ်ဘုရားတို့၏ ဋ္ဌာနေကို ရောက်နေသကဲ့သို့ အဆုံးမဲ့ စကြဝဠာအတွင်း ပေါင်းစည်းနေသည်။

ရီဖူရှင်းနှင့် အခြားသူများက ထိုကုန်းမြေများပေါ်တွင် မဆင်းသက်သော်လည်း ထိုလေထုထက်တွင် ဆွေးနွေးခန်းဖွင့်နေကြသည်။ သူတို့က ခရီးဆက်နေကြပြီး မကြာခဏပင် လေဟာနယ်အတွင်း မျောလွင့်နေသည့် ကုန်းမြေများကို မြင်တွေ့ရသည်။ အချို့က ကောင်းကင်ထက်တွင် မျောလွင့်နေပြီး အချို့က အောက်ဘက်သို့ တွဲလောင်းကျနေသည်။ ၎င်းတို့မှာ အတော်လေး အမြင်ဆန်းလှပေသည်။

ဖန်းလိုင်ကုန်းမြေအနီးဒေသတွင် ထောင်ချီသော ကုန်းမြေများရှိပြီး ဖန်းလိုင်ကုန်းမြေသည် တုန်းဟွာပိုက်နက်အတွင်းမှ ကုန်းမြေတစ်ခု ဖြစ်သည်။ တုန်းဟွာပိုင်နက်တစ်ခုလုံးတွင် ကုန်းမြေမည်မျှများများ ပါဝင်နေမည်နည်း။

ထို့ပြင် အရှေ့ဘက်ကောင်းကင်ဒေသတွင် ကုန်းမြေမည်မျှများများ ရှိနေသနည်း။

အရေအတွက်မှာ ခန့်မှန်းရန်ပင်များပြားလွန်းလှပြီး ကျင့်ကြံသူ အရေအတွက်မှာလည်း အလွန်များလှသည်။ ကျင့်ကြံသူများကြားတွင် အစွမ်းထက်လှသော ပုဂ္ဂိုလ် မည်မျှများများ ရှိမည်နည်းဟု သူ သိချင်မိပေသည်။

သို့သော်လည်း ကောင်းကင်ဒေသတစ်ခုလုံးတွင် မဟာအင်ပါယာတစ်ယောက်သာ ရှိသည်။

ဤမဟာအင်ပါယာက မည်မျှ အစွမ်းထက်လိုက်မည်နည်း။

ရီဖူရှင်းတို့ ရက်အနည်းငယ်ခန့် လေဟာနယ်ကို ဖြတ်သန်း ခရီးဆက်ပြီးနောက် သူတို့ကို ကျော်ဖြတ်သွားသော တန်ခိုးရှင်အရေအတွက်က များပြားလာသည်။ ထိုကျင့်ကြံသူများအားလုံးက သူတို့နှင့် တူညီသော အရပ်မျက်နှာသို့ သွားနေကြခြင်း ဖြစ်သည်။ ထိုသည်ကို ကြည့်ခြင်းဖြင့် သူတို့၏ ပန်းတိုင်သို့ ရောက်တော့မည်ကို လူတိုင်း နားလည်လိုက်ကြသည်။

ဖန်းလိုင်ကုန်းမြေသည် ထောင်ချီသော ကုန်းမြေများမှ တန်ခိုးရှင်တို့် စုစည်းလာစေရန် ဆွဲဆောင်ထားသည်။ ထိုကုန်းမြေသို့ ခရီးနှင်နေသော တန်ခိုးရှင်မည်မျှ ရှိနေပြီကို ရေတွက်၍ပင် မရချေ။ ဖိတ်ကြားခံထားရသူများအပြင် ပြင်ပဘုံများမှ တန်ခိုးရှင်များသည်လည်း ကျင့်ကြံခြင်း အခွင့်အလမ်းများ ရှာဖွေရန် ရောက်လာကြသည်။ ဤသို့သော အခမ်းအနားမှာ ဆယ်စုနှစ်တစ်ခုနေမှ တစ်ကြိမ်သာ ကျင်းပသောကြောင့် အခွင့်အရေးကို လက်လွတ်မခံချင်ကြပေ။

အရှေ့တည့်တည်တွင် မြူများရစ်သိုင်းနေသော ကုန်းမြေကြီးတစ်ခု ရှိလေသည်။

"အဲဒါက ဖန်းလိုင်ကုန်းမြေပဲ။" အင်ပါယာဟယ်လျန်က ရှေ့သို့ ကြည့်ရင်း ရီဖူရှင်းအား ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ကုန်းမြေပေါင်း ထောင်ချီ၏ အလယ်တွင် ဖမ်းလိုက်ကုန်းမြေက အလွန်ကျယ်ဝန်းကာ ၎င်း၏ နယ်​မြေက ဝေးကွာလှသော အတိုင်းအတာရှိသည်။

"အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဘယ်နေရာမှာ တည်ရှိတာလဲ။" ရီဖူရှင်းက မေးလိုက်သည်။

"ဖန်းလိုင်ကုန်းမြေပေါ်မှာ သီးခြားလွတ်လပ်စွာ တည်ရှိတဲ့ နယ်မြေတစ်ခုရှိတယ်။ အဲဒါကို ဖန်းလိုင်နတ်ဘုရားဘုံလို့ ခေါ်ကြတယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဝင်ပေါက်က အဲဒီမှာ တည်ရှိတယ်။ အဲဒါက ဒီဆယ်စုနှစ်ပွဲတော်ကြီးအတွက် စုဝေးရမယ့် နေရာလည်း ဖြစ်တယ်။ ဖန်းလိုင်နတ်ဘုရားဘုံအတွင်းမှာ နယ်မြေကို အုပ်ချုပ်တဲ့ ဘယ်လိုထိပ်သီးအင်အားစုမှ မရှိဘူး။ အဲဒါက မလုပ်နိုင်လို့မဟုတ်ဘဲ ဒီနေရာကို လွတ်လပ်တဲ့ နယ်မြေတစ်ခုအဖြစ် ဖန်တီးချင်လို့ တမင် အုပ်ချုပ်သူ မထားတာ။ ဆယ်စုနှစ်တစ်ခုကြာတိုင်း မျှတတဲ့ ကုန်သွယ်မှုပွဲတော်ကြီးလည်း ရှိသေးတယ်။" အင်ပါယာဟယ်လျန်က ရှင်းပြလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူတို့က ကုန်းမြေနှင့် တဖြေးဖြေး နီးကပ်လာသည်။ နောက်ဆုံးတွင် ခုနစ်ရက်မျှ ခရီးနှင်ပြီးနောက် ဖန်းလိုင်ကုန်းမြေသို့ ရောက်ရှိလာပြီ ဖြစ်သည်။

အင်ပါယာဟယ်လျန်နှင့် အခြားသူများက ဖန်းလိုင်ကုန်းမြေသို့ လာခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် သူတို့က သည်နေရာနှင့် ရင်းနှီးနေကာ စုရပ်သို့ ဆက်လက်သွားခဲ့ကြသည်။ သူတို့အနီးဆတွင် လူအချို့သည်လည်း သူတို့ကဲ့သို့ပင် ဖန်းလိုင်ကုန်းမြေဆီ ဦးတည်သွားနေကြသည်။

အောက်ဘက်မှ လူများက သူတို့၏ ခေါင်းများကို မော့ကာ ကြည့်နေကြ၏။ သူတို့၏ ခေါင်းထက်မှ ကျင့်ကြံသူများ ပျံသန်းသွားသည်ကို မြင်သောအခါ သူတို့၏ နှလုံးသားများတွင် လှိုင်းဂယက်များ ထလာသည်။

မည်သည့်နေရာ၌ဖြစ်စေ ကျင့်ကြံခြင်းလောကသည် ပိရမစ်သဖွယ် တည်ရှိသည်။ ကျင့်ကြံဆင့် မြင့်မားသူများက လူနည်းစုသာ ရှိတတ်ကြ၏။ ကောင်းကင်ဒေသတွင် ကျင့်ကြံသူဦးရေ အလွန်များပြားသည့်အတွက် ရန်ဟောင်အဆင့် ကျင့်ကြံသူများလည်း များပြားသည်။ မရေတွက်နိုင်သော လူတို့က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြ၏။ ထို့ကြောင့် အဆင့်နိမ့်ရန်ဟောင်များက မှိုလိုပေါက်နေပေသည်။

ဖန်းလိုင်ကုန်းမြေတွင်လည်း ထိုသဘောတရားက ခြွင်းချက်မရှိပေ။ ဤအခမ်းအနား၏ သက်ဝင်လှုပ်ရှားမှုကြောင့် နေရာအနှံ့မှ တန်ခိုးရှင်များက ဤကုန်းမြေတွင် စုစည်းလာသည်။ အလွန်များပြားသော ကျွမ်းကျင်သူတို့ စုစည်းလာသည်ကို မြင်သည့်အခါ ကျင့်ကြံဆင့်နိမ့်သူတို့၏ စိတ်ထဲတွင် အပြင်းအထန် ကြိုးစားကျင့်ကြ၌ကာ သူတို့လည်း ဤသို့သော ပွဲတော်တွင် ပါဝင်ဆင်နွှဲရမည်ဟု စိတ်ဆုံးဖြတ်လိုက်ကြပေသည်။

ကောင်းကင်ထက်တွင် ခရီးသွားတစ်ယောက်မှာ ရီဖူရှင်းတို့အဖွဲ့နှင့် တူညီသော နေရာသို့ ဦးတည်နေရင်း မေးလိုက်သည်။ "မင်းတို့က ဖန်းလိုင်ကုန်းမြေ စုဝေးပွဲကို သွားမလို့လား။"

ရီဖူရှင်းနှင့် အခြားသူများက ကြည့်လိုက်သည့်အခါ ဘူးသီးခြောက်ပေါ်တွင် ထိုင်နေပြီး နတ်ရောင်ဝါတို့အား ထုတ်လွှတ်နေသည့် ကျင့်ကြံသူအကြီးအကဲတစ်ယောက်ကို မြင်လိုက်ရသည်။

"အင်း" ပေ့ကုံးအော့က ​ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"မင်းတို့က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ဖိတ်ကြားချက်ကြောင့် လာခဲ့တာလား။ ဘယ်နေရာကနေ လာတာလဲ။ ကျုပ်ကလည်း အဲဒီကိုသွားမှာ။ အတူတူ သွားကြမလား။" ထိုအကြီးအကဲက ပြုံးကာ ပြောလိုက်သည်။

"ကျုပ်တို့က အမည်မရှိတဲ့ ကုန်းမြေတစ်ခုကနေ လာခဲ့တာပါ။ ဘယ်လိုလုပ်ပြီး ဖိတ်ကြားချက်ကို ရနိုင်ပါ့မလဲ။" ပေ့ကုံးအော့က ခပ်ရေးရေးပြုံးရင်း ပြောလိုက်သည်။

"အိမ်တော်သခင်၊ ကျုပ် အရင်တုန်းက ပြောခဲ့ဖူးတာကို မှတ်မိလား။ ဝင်ခွင့်လက်မှတ်တွေက အရမ်း အဖိုးတန်တယ်ဆိုတာကိုလေ။ ကျင့်ကြံသူအများစုက အားကောင်းပေမယ့် ဖိတ်ကြားချက်ကို မရတာကြောင့် တခြားလူတွေဆီက လုယက်ဖို့ အခွင့်အရေးကိာ ချောင်းနေကြတာ။ ဒီအကြီးအကဲက သာမန်ကျင့်ကြံသူတစ်ယောက်ပေမယ့် သူ့ရဲ့ ကျင့်ကြံဆင့်ကတော့ အတော်မြင့်လိမ့်မယ်။" အင်ပါယာဟယ်လျန်က ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

ရီဖူရှင်းသည်လည်း နားလည်ပေသည်။ သူက တုံ့ယွမ်အိမ်တော်သခင်ဖြစ်ပြီး သူက လူစုကို ဦးဆောင်လာကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ ဝင်ခွင့်လက်မှတ်ကို လက်ဝယ်ပိုင်ဆိုင်ထားသော်လည်း ပေ့ကုံးအော့က အမှန်တရားကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်လိုက်သည့်အခါ သူ့ကို ထိုအကြီးအကဲလက်ထဲမှနေ၍ ကာကွယ်ပြီးသား ဖြစ်သွားပေသည်။

ထိုအကြီးအကဲက သူ၏ မျက်လုံးများကို စွေကာကြည့်လိုက်ပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဘူးခြောက်အသေးလေးထဲမှ ဆန်အရက်ကို မော့သောက်ကာ သက်ပြင်းတစ်ချက်၍ ဆက်ပြောလိုက်သည်။ "မဟုတ်ဘူး။ မဟုတ်ဘူး.. အဲဒီလိုမထင်ရပါဘူး။ ကျုပ်က မျက်စိမှုန်လောက်တဲ့ထိ အသက်မကြီးသေးပါဘူး။ အဆင့်မြင့်ရန်ဟောင်သုံးပါးနဲ့ ရန်ဟောင်အဆင့် ကျွမ်းကျင်သူဆယ်ယောက်စီ.... မင်းတို့က တချို့ကုန်း​မြေက အစွမ်းထက်အင်အားစုတွေကနေ လာတာပဲ ဖြစ်ရမယ်။ မင်းတို့က ဒီအဘိုးကြီးကို အမှန်မပြောပြချင်ဘူးပဲ။"

"အိုး... မဟုတ်ရပါဘူး။ ကျုပ်တို့က အကြီးအကဲကို ဘယ်လို လှည့်စားရဲပါ့မလဲ။" ပေ့ကုံးအော့က ပြောလိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးများ ရှိနေဆဲပင် ဖြစ်၏။ သို့သော်လည်း ထိုနှစ်ယောက်ထံမှ အပြုံးများက အလွန်အတုအယောင်ဆန်သည်မှာ သိသာလှသည်။

ထိုအကြီးအကဲက ရီဖူရှင်းအား လှည့်ကြည့်၍ မေးလိုက်သည်။ "မင်းရဲ့ သရုပ်မှန်က ဘာများလဲ။ ဒါက ထူးဆန်းတယ်။ အရမ်းကို ထူးဆန်းလွန်းတယ်။"

သူ၏ အတွေ့အကြုံအရ အကြီးအကဲသည် တစ်ချက်ကြည့်ရုံနှင့်ပင် ရီဖူရှင်းက ထိုအုပ်စု၏ အဓိကလူဖြစ်သည်ကို ပြောနိုင်ပေသည်။ သူက အဖွဲ့၏ အလယ်တွင် ရပ်နေပြီး အစွမ်းထက်ဆုံး တန်ခိုးရှင်များက သူ့ကို ဝန်းရံထားသည်။ ထို့ပြင် အလွန်လှပသော မိန်းကလေးများကလည်း သူ့ဘေးတွင် ရပ်နေသေး၏။ ဤအဖွဲ့အတွင်း သူ၏ အဆင့်အတန်းကို မေးခွန်းထုတ်နေရန် မလိုပေ။

"ကျုပ် နာမည်က ရီလျှို့နျန်ပါ။ ကျုပ်က နာမည်မရှိတဲ့ ကုန်းမြေတစ်ခုက ကျင့်ကြံသူတစ်ယောက်ပါ။ ဘယ်လိုအဆင့်အတန်းမျိုးမှ မရှိပါဘူး။" ရီဖူရှင်းက ရယ်မောလိုက်သည်။ "စီနီယာကလည်း ဖန်းလိုင်နတ်ဘုရားဘုံကို သွားမယ်ဆိုတော့ ရေစက်ဆုံတာပဲ။ အတူတူ သွားကြတာပေါ့။ အခုလောလောဆယ် ကျုပ်ရဲ့ ခံစားချက်က တစ်ခုခုလိုနေသလိုပဲ။ ကြည့်ရတာ စီနီယာ့ဆီက အရက်တစ်ခွက်လောက် လိုနေတာ ဖြစ်မယ်။"

ထိုသူက ရီဖူရှင်း၏ အလွန်သာမန်ဆန်ပြီး သတိထားမနေသော အဖြေကို ကြားသည့်အခါ သိလိုစိတ်တချို့က သူ့ မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။ သူက ရီဖူရှင်းအား ​ကြည့်ကာ ရေရွတ်လိုက်၏။ "စိတ်ဝင်စားစရာပဲ။"

ရီဖူရှင်းက သူနှင့် ခရီးအတူသွားရန် သဘောတူ၍ ဖိတ်ခေါ်ခဲ့သည့်အပြင် သူ၏ အရက်ကိုပင် သောက်ချင်နေသည်လား။ တကယ့်ကို စိတ်ဝင်စားစရာပင်။

"အဲဒီလူကို သတိထား။" အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အဖွဲ့တစ်ဖွဲ့က နောက်မှ တဟုန်ထိုး လာနေ၏။ အဖွဲ့၏ ခေါင်းဆောင်မှာ အရိုးကွဲမတတ်အေးစက်သော သတ်​ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ​ဖြစ်သည်။ သူမက ထိုလူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါရဲ့ ဝင်ခွင့်ကတ်ပြားကို ပြန်ပေး"

ထိုအကြီးအကဲက အမျိုးသမီးအား ကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့ ဝင်ခွင့်ကတ်ပြားကို ဘယ်တုန်းက ယူမိလို့လဲ။"

"နင်....." လူတိုင်းက ထိုလူ့ကို စိုက်ကြည့်နေကြသည်။ ဤလူအိုကြီးက သိသာစွာပင် ကတ်ပြားအား ခိုးယူခဲ့သော်လည်း သူက ဝန်ခံရန် ငြင်းဆန်နေ၏။

"ဘာလို့ကျုပ်လဲ။ အနည်းဆုံး ကျုပ်က မင်းထက် အသက်ကြီးတယ်။ ပိုပြီး လေးလေးစားစားနဲ့ ဘယ်လိုခေါ်ဝေါ်သင့်လဲဆိုတာ မသိဘူးလား။ တကယ်ပါပဲ။ မိန်းမတွေ အသက်ကြီးလာရင် ဒေါသလည်း ကြီးလာတယ်ဆိုတာ အမှန်ပဲ။" ထိုလူအိုကြီးက လေးတွဲ့စွာ ပြောလိုက်သည်။ သက်လတ်ပိုင်းအမျိုးသမီး၏ မျက်နှာကဖြူဆုတ်ကာ အေးခဲသွားပြီး သူမသည် အလွန်အေးစက်လှသော စွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ ရီဖူရှင်းနှင့် အဖွဲ့ကို ကြည့်ကာ သူမက ပြောလိုက်၏။ "လူတိုင်းပဲ.. ဒီသက်ကြားအိုကြီးက ကျွန်မတို့ရဲ့ ဝင်ခွင့်ကတ်ပြားကို ခိုးသွားတယ်။ ပြီးတော့ ရှင်တို့ကို ချဥ်းကပ်တာလည်း အဲဒီရည်ရွယ်ချက်နဲ့ပဲ။ သူ့ကို တိုက်ခိုက်ဖို့ ပူးပေါင်းမယ်ဆို ဘယ်လိုလဲ။"

"သူများကိစ္စကို ဝင်ပါတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး။" အင်ပါယာဟယ်လျန်က စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ သူသည် ရီဖူရှင်းက အမျိုးသမီးများကို ကူညီတတ်သော သူမျိုး ဖြစ်နေမည်အား စိုးရိမ်နေသည်။

ရီဖူရှင်းကလည်း နားလည်ပေသည်။ သူက ပြဿနာဖြစ်မှာကို မ​ကြောက်သော်လည်း ထိုအဖိုးအိုက မည်သူ့ကိုမှ ထိခိုက်စေလိုူည်ပုံမပေါ်ပေ။ ၎င်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ လျှို့ဝှက်စည်းမျှဥ်းတစ်ခု ဖြစ်သည်ဆိုပါလျှင် သူတို့က ကိုယ်ပိုင်အင်အားနှင့်သာ ရင်ဆိုင်သင့်ပြီး ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။

"ကျုပ်တို့ အလျင်လိုနေလို့ နှုတ်ဆက်ပါတယ်။" ရီဖူရှင်းက ပြောလိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ခရီးနှင်တော့သည်။

***

All Chapters