ထာဝရဂိုဏ်း
Vol. 9 Ch. 884
"တောင်တန်း အင်ပါယာ ...”
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုနာမည်ကို ကြားဖူး၏။ ခွန်ရှု့ နယ်မြေတွင် ရှိစဉ်က ယွင်ထျန်း နန်းတော်၏ ရတနာ ဝိညာဉ်သည် သူ့အား ထိုနာမည်ကို ပြောဖူးသည်။
ရှေးဟောင်းခေတ်များ၌ အရှေ့ဂြိုဟ် (ကမ္ဘာဂြိုဟ်) သို့ တောင်တန်း အင်ပါယာမှ တရှီဟု ခေါ်သော ပါရမီရှင် တစ်ယောက် ရောက်ရှိလာဖူးသည်။ သူသည် တောင်တန်း အင်ပါယာ၌ အစွမ်း အထက်ဆုံး လူတစ်ယောက် မဟုတ်သော်လည်း အရှေ့ဂြိုဟ်၏ လူငယ် ကျင့်ကြံသူ အားလုံးကို အနိုင်ယူခဲ့သည်။
"ဟုတ်တယ် ... တောင်တန်း အင်ပါယာပဲ ... အဲဒါက အလယ်ပိုင်း အထွတ်အမြတ်နယ်ကို နှစ်သိန်းချီ အုပ်စိုးခဲ့တဲ့ အစွမ်း အထက်ဆုံး ကောင်းကင်ဂိုဏ်း တစ်ဂိုဏ်းပေါ့"
ကျိုးကျူရှင်းက အသက်ကို ပြင်းပြင်းရှူရင်း ဆက်ပြောလိုက်သည်။
"အရေး အကြီးဆုံးက တောင်တန်း အင်ပါယာမှာ လောက အရှင်တစ်ပါး ရှိတာပဲ"
"လောက အရှင် ...”
ထိုစကားလုံးက ချန်းဖန်၏ မျက်လုံးများကိုပင် ပြူးကျယ် သွားစေ၏။ "လောက အရှင်" ဆိုသော စကားလုံးကာ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များသာ ပိုင်ဆိုင်နိုင်သည့် ဘွဲ့ထူးတစ်ခု ဖြစ်သည်။ ဤသို့ ဆိုလျှင် တောင်တန်း အင်ပါယာ၌ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်တစ်ယောက် ရှိနေသည်လား။
ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များ၏ အဆင့်အဆန်းသည် စကြဝဠာ အတွင်းတွင်ပင် အလွန် မြင့်မားနေပြီ ဖြစ်သည်။ ကျင့်ကြံခြင်း လောက၌ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ရှိသည့် ဂြိုဟ်များကို သာလျှင် ကျင့်ကြံခြင်း ဂြိုဟ်များအဖြစ် သတ်မှတ်ကြ၏။ ထို့ကြောင့်ပင် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်များအား "လောက အရှင်" ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ချန်းဖန်သည် ထျန်းဟောင်ဂြိုဟ်၌ "လောက အရှင်" တစ်ပါး ရှိလိမ့်မည် ဖြစ်ကြောင်း မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုကောင်းကင် အရှင်မှာ တောင်တန်း အင်ပါယာမှ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့သည်က အမှန်ပင် ဖြစ်၏။ အကယ်၍ ထိုအရာက အမှန်ဖြစ်ပါက တောင်တန်း အင်ပါယာမှာ ရန်စ၍ မသင့်သော အင်အားစု တစ်ခုဟု သတ်မှတ်ရလိမ့်မည် ဖြစ်သည်။
"ဘုန်း ...”
ရှဲ့ချန်းယန်မှာ ကြမ်းပြင်ပေါ်သို့ ခြေပစ် လက်ပစ် ပြုတ်ကျသွား၏။ သူ၏ လက်များက ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ရီနေသည်။ ထိုအခိုက်၌ သူ၏ လက်စားချေရန် အတွေးများမှာလည်း ဗလာဟင်းလင်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကျိုးကျူရှင်းက ဘာမှ ဆက်မပြောတော့ပဲ ခေါင်းကိုငုံ့လိုက်၏။ သူ၏ မျက်နှာကမူ စိတ်ဖိစီးမှုကြောင့် အနည်းငယ် နွမ်းနယ်နေဟန် ရသည်။
တိတ်ဆိတ်မှုသည် အခန်းအတွင်း စိုးမိုးနေ၏။ ကျိုးကျူရှင်း တွေးတောနေစဉ်မှာပင် ချန်းဖန်၏ အသံက နောက်တစ်ကြိမ် ပေါ်ထွက် လာခဲ့သည်။
"အဲဒီ လောကအရှင်က အသက်ရှင် နေသေးလား ...”
ကျိုးကျူရှင်းက ခဏမျှ စဉ်းစားကာ ပြန်ဖြေလိုက်သည်။
"သေချာတော့ မပြောနိုင်ဘူး ... ဒါပေမဲ့ သူက အသက် တစ်သိန်းလောက် နေထိုင်ပြီးပြီ ဆိုတော့ မရှိတော့ဖို့ များမယ်ထင်တယ်"
"သူ မရှိတော့ရင် ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့သူ မရှိတော့ဘူး ...”
ချန်းဖန်က လက်ချောင်းများဖြင့် စားပွဲအား တောက်ကာ ကစားလိုက်သည်။
"တကယ်လို့ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်တစ်ယောက် တောင်တန်း အင်ပါယာမှာ ရှိနေမယ် ဆိုရင် ငါတို့ နှစ်ငါးဆယ်လောက် စောင့်ဖို့လိုတယ် ... မရှိဘူး ဆိုရင်တော့ ငါ သူတို့ကို လွယ်လွယ်ကူကူ ရှင်းပစ်နိုင်တယ်"
ချန်းဖန်၏ စကားက ရှဲ့ချန်းယန်နှင့် ကျိုးကျူရှင်း နှစ်ယောက် စလုံးကို အံ့အားသင့် သွားစေ၏။
"ဝမ် ... ဝမ်ရှင်း တန်ခိုးရှင်က တောင်တန်း အင်ပါယာကို စစ်ခင်းမလို့လား ...”
ရှဲ့ချန်းယန်က ချန်းဖန်အား တုန်ရီစွာဖြင့် မေးလိုက်၏။
ထိုအရာက တောင်တန်း အင်ပါယာ ဖြစ်သည်။ ထာဝရဂိုဏ်း ဖြစ်သည်။ အထွတ်အမြတ် နယ်မြေ၏ အရှင်သခင် ဖြစ်သည်။ လွန်ခဲ့သည့်နှစ် သိန်းချီအတွင်း ထျန်းဟောင်ဂြိုဟ်ကို ပြိုင်ဘက်ကင်းစွာ အုပ်စိုးနိုင်ခဲ့သည့် အဖွဲ့ဖြစ်သည်။ သို့တိုင်အောင် ချန်းဖန်က သူတို့ကို စစ်ခင်း လိုနေသည်လား။
ကျိုးကျူရှင်းကလည်း ချန်းဖန်အား အရူးတစ်ယောက်အလား ကြည့်၏။
"ဟဟ ...”
ချန်းဖန်က သူတို့၏ မယုံကြည်မှုကို တကူးတက မဖြေရှင်းပဲ ရယ်မောရုံသာ ရယ်မောလိုက်သည်။
တောင်တန်း အင်ပါယာသည် သူတို့အတွက် ပြိုင်ဘက်ကင်းသော်လည်း သူ့အတွက်မူ ထျန်းဟောင်ဂြိုဟ်ပေါ်မှ ဂိုဏ်းလေးတစ်ခုသာ ဖြစ်သည်။ အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်းကြီးနှင့် ယှဉ်ပါက ၎င်းကား ဖုန်မှုန့်လောက်ပင် မရှိချေ။
"ဒါနဲ့ ကျူးဝမ် မျိုးနွယ်နဲ့ တောင်တန်း အင်ပါယာကြားမှာ ဘာတွေ မကျေမလည်တာ ရှိလို့လဲ ... နောက်ပြီး ကျူးဝမ် မျိုးနွယ်ရဲ့ သွေးမျိုးဆက် ကျိန်စာကို ဘယ်သူ တိုက်ခဲ့တာလဲ"
ကျိုးကျူရှင်းမှာ ချန်းဖန်၏ မေးခွန်းများကို နားထောင်ကာ အနည်းငယ် အခက်တွေ့ သွား၏။
"ကျုပ် တကယ်ပဲ မသိပါဘူး ဝမ်ရှင်း တန်ခိုးရှင်ချန်း ... အဲဒီကိစ္စတွေ ဖြစ်တုန်းက ကျုပ် မွေးတောင် မမွေးသေးဘူး ... ကျုပ် ကြားရသမျှက ကျုပ်မိဘတွေဆီကပါ ... ကျုပ် သိရသလောက် ဆိုရင် ကျုပ်ရဲ့ အဖေက ကလန်တစ်ခုရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တယ် ... နောက်ပိုင်းမှာ တောင်တန်း အင်ပါယာက သူ့ကို ပေ့ဟန်နယ်ရဲ့ အရှင်အဖြစ် ရွေးချယ်ခဲ့တယ် ...”
ကျိုးကျူရှင်းက ဖြူရော်စွာ ပြုံးကာ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်အဖေက ကျူးဝမ် မျိုးနွယ်ရဲ့ ကျိန်စာအကြောင်း ပြောရင် ထျန်းဟောင် ကောင်းကင် ဥပဒေဆိုတဲ့ စကားလုံးကို အမြဲ ထည့်ပြောတတ်တယ် ... သူ ပြောသလောက်ဆိုရင် တောင်တန်း အင်ပါယာက လူတွေပဲ အဲဒီကျိန်စာကို ရုပ်သိမ်းနိုင်တယ်တဲ့"
"ထျန်းဟောင် ကောင်းကင် ဥပဒေ ...”
ရှဲ့ချန်းယန်၏ နောက်တစ်ကြိမ် ဖြူရော် သွားပြန်သည်။ ချန်းဖန်က သူ့အား မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သော အခါ သူက ရှင်းပြလိုက်သည်။
"ထျန်းဟောင် ကောင်းကင် ဥပဒေ ဆိုတာက တောင်တန်း အင်ပါယာ အရှင် ကိုယ်တိုင် ရေးဆွဲတဲ့ ပြစ်ဒဏ်ပါ ... ဒဏ္ဍာရီတွေ အရဆို တောင်တန်း အင်ပါယာ အရှင်တွေက ထျန်းဟောင်ဂြိုဟ်ကို နတ်ဘုရား စိတ်ဆန္ဒ အရ အုပ်ချုပ်တယ်တဲ့ ... သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ကျရှုံးရတယ် ... အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အတွက် လူတွေက ထျန်းဟောင် ကောင်းကင် ဥပဒေကို ကျိန်စာလို့လည်း ခေါ်ကြတယ်"
ပြောရင်း ရှဲ့ချန်းယန်၏ မျက်နှာက ပို၍ အိုစာလာသည်။ သူသည် သူ၏ ကိုယ်ထဲရှိ ကျိန်စာမှာ ဒဏ္ဍာရီလာ ကောင်းကင် ဥပဒေ ဖြစ်လိမ့်မည် ထင်မှတ် မထားခဲ့ချေ။
"ဟမ့် ... ဘာ ကောင်းကင် ဥပဒေလဲ ... အဲဒါက သွေးမျိုးဆက် ကျိန်စာပဲဟာ"
ချန်းဖန်က နှာခေါင်းရှုံ့ကာ ရှဲ့ချန်းယန်ထံ လက်ညှိုးညွှန်လိုက်သည်။
"ကလန့် ...”
ရုတ်တရက် ရှဲ့ချန်းယန်၏ ကိုယ်မှ ကောင်းကင် သံကြိုးများ ရုန်းကြွလာ၏။ ထိုကြိုးများသည် ထူးဆန်းသော သင်္ကေတများနှင့် ပြည့်နှက်နေကာ ရှဲ့ချန်းယန်၏ သွေးများထဲ၌ ပျော်ဝင်နေသည်။ ထိုအရာများသည် ကျိန်စာ တစ်ခုနှင့် ဆင်တူသလို တစ်ချိန်တည်း၌ ကောင်းကင်၏ တရား စီရင်မှုဟုလည်း ထင်မှတ်ရ၏။
"အဲဒါက ဘာလဲ ...”
ရှဲ့ချန်းယန်နှင့် ကျိုးကျူရှင်း နှစ်ယောက် စလုံးမှာ အံ့အားသင့် သွားကြသည်။ ထိုအရာက သူတို့သည် ပထမဆုံး အကြိမ်အဖြစ် သွေးမျိုးဆက် ကျိန်စာကို မြင်တွေ့ခွင့်ရခြင်း ဖြစ်၏။
"အဲဒါက မင်းတို့ ပြောနေတဲ့ ကောင်းကင် ဥပဒေ ဆိုတာပေါ့ ...”
ချန်းဖန်က ဆိုကာ လက်ညှိုးအား တောက်ထုတ်လိုက်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ...”
သူတို့ နှစ်ယောက်၏ အကြည့်များ အောက်တွင်ပင် ရှဲ့ချန်းယန်၏ ခန္ဓာကိုယ်ရှိ ကောင်းကင် သံကြိုးများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲ ပျက်စီးသွားသည်။
ထို့နောက် ရှဲ့ချန်းယန်၏ သွေးကြောများ အတွင်းမှ စွမ်းအင်တစ်ခု ရုန်းကြွလာ၏။ ရှဲ့ချန်းယန်သည် နှစ်လေးရာတိုင် လေ့ကျင့်ခဲ့ရာ အမြုတေတစ်ခု ဖွဲ့စည်းနိုင်သည့် စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကျိန်စာ၏ တားဆီးမှုကြောင့် သူသည် မူလ အဆင့်၌သာ ပိတ်ဆို့နေခဲ့ရ၏။ သို့ဖြစ်ရာ ယခု ကျိန်စာမှ ကင်းလွတ်သည်နှင့် သူ၏ ပါရမီက တစ်ဟုန်တည်း နိုးထလာခဲ့ခြင်း ဖြစ်သည်။
"ဘုန်း ...”
ကောင်းကင်၌ လျှပ်စီးများ လင်းလက်လာကာ မည်းမှောင်သော တိမ်များသည် အရပ်မျက်နှာ ပေါင်းစုံမှ စုစည်းလာ၏။
"တစ်ယောက်ယောက်တော့ မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်တော့မယ် ထင်တယ် ... စိတ်ဝင်စားစရာပဲ ... ဘယ်သူများလဲ"
များစွာသော ကျင့်ကြံသူများက ကောင်းကင်ကို မျှော်ကြည့်ရင်း ရေရွတ်လိုက်ကြ၏။
"ဘုန်း ...”
ရုတ်တရက် ဘိုးဘေး ဘုရားကျောင်းထဲမှ အလင်းတန်း တစ်ခု ထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွား၏။ မကြာခင်မှာပင် လူတိုင်းက ထိုအလင်းတန်းမှာ ရှဲ့ချန်းယန် ဖြစ်ကြောင်း သိရှိ သွားကြသည်။
"ငါက မကြာခင် ရွှေအမြုတေ အဆင့်ကို ရောက်တော့မယ် ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ ...”
ရှဲ့ချန်းယန်မှာ လေထဲ၌ ရပ်တည်ရင်း မိမိကိုယ်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
သို့သော်လည်း မကြာခင်မှာပင် သူသည် အမှန်တရားကို လက်ခံနိုင်ခဲ့၏။ သူ၏ မျက်လုံးများသည် ပို၍ ကြည်လင်လာကာ သူ၏ လက်သီးဆုပ်မှာလည်း ပို၍ ကျစ်လျစ် လာခဲ့တော့သည်။
သူသည် ထိုအခိုက်အတန့်ကို ရောက်ရှိရန်အတွက် နှစ်လေးရာတိုင်တိုင် စောင့်ဆိုင်း ခဲ့ရသည်။ သို့သော်လည်း အကြိမ်များစွာ ကျဆုံးပြီးနောက် သူ၏ စိတ်ရှည်မှုများကား အခါခါ ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ချန်းဖန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကို ပယ်ဖျက်ကာ သူ့အား ဘဝအသစ်တစ်ခု ပေးခဲ့သည်။
"ဒီနေ့ကစပြီး ဝမ်ရှင်း တန်ခိုးရှင်ချန်းက ငါ့ရဲ့ သခင်ပဲ ... သူ သေခိုင်းရင်တောင် ငါ ရဲရဲဝံ့ဝံ့ သေမယ်"
ရှဲ့ချန်းယန်က စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်၏။
မိုးကြိုးကပ်လေး ငါးခုကို ရင်ဆိုင်ပြီးနောက် ရှဲ့ချန်းယန်သည် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိခဲ့သည်။ သူ၏ ရွှေအမြုတေသည် အဆင့်ငါး ရွှေအမြုတေ ဖြစ်ရာ မြေရိုင်းနယ် ငါးခု၌ ထိပ်တန်း အဆင့်တွင် ရပ်တည်ရန် လုံလောက်၏။
နောက်တစ်နေ့၌ ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲကို ခမ်းနားစွာ ကျင်းပ၏။ ထိုပွဲသို့ ဘိုးဘေး ရှင်းကောင်း အပါအဝင် မြေရိုင်းနယ် ငါးခုမှ ကျင့်ကြံသူများစွာ တက်ရောက်ကြသည်။ သူတို့ကား ချန်းဖန်၏ မျက်နှာကြောင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
"ဘုန်း ...”
ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ ပထမညတွင် ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ စုစည်း လာပြန်သည်။ ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ချင်လော့သည် မိုးကြိုး ကပ်ဘေး ခြောက်ခုကို ဖြတ်ကျော်ကာ အဆင့်ခြောက် ရွှေအမြုတေကို ရရှိခဲ့၏။
"ကျူးဝမ် မျိုးနွယ်မှာ ဘာတွေ ဖြစ်နေတာလဲ ... သူတို့ရဲ့ သွေးမျိုးဆက်က ကျိန်စာမိနေတာ မဟုတ်ဘူးလား"
များစွာသော လူများမှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မေးမိကြ၏။ သို့သော်လည်း သူတို့ မသိသည်က ထိုအရာမှာ အစမျှသာဖြစ်သည် ဆိုခြင်းပင်။
***
တစ်ရက် ကြာပြီးနောက် ...
အကြီးအကဲ မူလဲ့သည် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ကာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းခဲ့၏။
***
နှစ်ရက် ကြာပြီးနောက် ...
အကြီးအကဲ ဝူဖန်းသည် မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ကာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်း နိုင်ခဲ့၏။
***
သုံးရက် ကြာပြီးနောက် ...
အကြီးအကဲ လင်းယန်သည် မိုးကြိုး ကပ်ဘေးကို ဖြတ်ကျော်ကာ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။
***
ငါးရက် အတွင်းမှာပင် ကျူးဝမ် မျိုးနွယ်ဝင် ငါးယောက်မှာ ရွှေအမြုတေ အဆင့်သို့ အသီးသီး တက်လှမ်းနိုင်ခဲ့သည်။ ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲ ကျင်းပသည့် ဆယ်ရက်အတွင်း ဝမ်ရှင်း တန်ခိုးရှင် အသစ် ဆယ့်ခုနစ်ယောက် မွေးဖွားလာခဲ့၏။ ဝမ်ရှင်း တန်ခိုးရှင် ကြိုဆိုပွဲမှာ ဝမ်ရှင်း တန်ခိုးရှင် မွေးဖွားပွဲ အသွင်ပင် ပြောင်းလဲ သွားခဲ့သည်။
***
ထျန်းလန်နယ်၊ လင်းမြို့တော်၊ လင်း မိသားစု ဘိုးဘေး ဘုရားကျောင်းအတွင်း ...
"ဆယ်ရက် အတွင်းမှာ ဝမ်ရှင်း တန်ခိုးရှင် ဆယ့်ခုနစ်ယောက် ... ကျူးဝမ် မျိုးနွယ်က မကြာခင် ကောင်းကင်နယ်မြေ ခြောက်ခုထက် ပိုပြီး အစွမ်းထက်လာမှာ သေချာတယ် ... အဆိုးဆုံးက အခုက အစပဲ ရှိသေးတာ ... သူတို့က မကြာခင် ပိုပြီး ကြီးထွားလာမှာ သေချာတယ် ... ဝမ်ရှင်း တန်ခိုးရှင် အရေအတွက် တစ်ရာကို ရောက်ရင် ချန်းပေ့ရွှမ်းက မြေရိုင်းနယ်မြေ ငါးခုရဲ့ ဧကရာဇ် နေရာကို ခြိမ်းခြောက် လာနိုင်မှာ သေချာတယ်"
သတင်းများအား ကြားပြီးနောက် ဘိုးဘေး ရှင်းကောင်းမှာ အနည်းငယ် ထိုင်မရ၊ ထမရ ဖြစ်နေခဲ့သည်။ သူက ချက်ချင်းပင် အစေခံ တစ်ယောက်ကို ခေါ်ယူကာ အမိန့်ပေးလိုက်သည်။
"ဒီနေ့က စပြီး ပေ့ဟန်နယ်နဲ့ ကျူးဝမ် မျိုးနွယ်ကို လုံးဝ ရန်မစဖို့ အမိန့်ပေးလိုက် ... ငါ့ အမိန့်ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို အသတ်ခံရမယ်"
"ကောင်းပါပြီ ...”
အစေခံက ဦးညွှတ်ကာ အမိန့် ထုတ်ပြန်ရန် ထွက်ခွာသွား၏။ ဘိုးဘေး ရှင်းကောင်းမှာမူ နေရာတွင်ပင် အတွေးနက်ကာ ကျန်ရစ်ခဲ့တော့သည်။
***