← Chapters

မြောက်နတ္ထိနယ် ဟူမိသားစု

Vol. 9 Ch. 885

မြောက်နတ္ထိနယ် ဟူမိသားစု

Vol. 9 Ch. 885

ထိုအရာအားလုံးကား ချန်းဖန်ကြောင့် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

သူသည် ကျူးဝမ် မျိုးနွယ် အားလုံး၏ ကျိန်စာများကို ဖြေမပေးနိုင်သည့်တိုင် ကောင်းကင် သံကြိုးများကို ဖျက်ဆီး ပေးနိုင်သည်။ ရှဲ့ချန်းယန်၊ ချင်လော့၊ မူလဲ့နှင့် ဝူဖန်းတို့သည် ရွှေအမြုတေ အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့်သူများ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် ကောင်းကင် သံကြိုးများမှ ကင်းလွတ်သည်နှင့် မိုးကြိုး ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အခြားသော အကြီးအကဲများမှာလည်း ချန်းဖန် ထောက်ပံ့ပေးသော ကောင်းကင် ဆေးဝါး အကူအညီဖြင့် ရွှေအမြုတေ အဆင့်သို့ အသီးသီး တက်လှမ်း နိုင်ခဲ့ကြသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ကမ္ဘာနှစ်ခု ဆုံမှတ်တွင် နေထိုင်စဉ်က ချန်းဖန်သည် ကောင်းကင် ဆေးပင် ရှစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့သည်။ သူသည် ထိုအထဲမှ တစ်ခုကို ရှေးဟောင်း နတ်ဆိုးများ၏ အမြုတေ၊ ခန္ဓာကိုယ်တို့ကို အသုံးပြုကာ အမတေ ပေါင်းစည်းခြင်း ကောင်းကင်ဆေး တစ်အိုး ဖော်စပ်ခဲ့သည်။

ထိုဆေးများသည် အရည်အသွေး ညံ့သည့် ကောင်းကင်ဆေးများသာ ဖြစ်သော်လည်း မူလ အဆင့် တစ်ယောက်ကို ရွှေအမြုတေ အဆင့် ရောက်အောင် မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

"ဝမ်ရှင်း တန်ခိုးရှင် ... မူလအဆင့် အကြီးအကဲ ငါးဆယ့်သုံးယောက်အနက် ဆယ့်လေးယောက်က အမတေ ပေါင်းစည်းခြင်း  ဆေးကို အသုံးပြုပြီး အဆင့်တက်နိုင် သွားခဲ့ပါပြီ ... ဒီမှာ ဆေးလုံးသုံးဆယ် ကျန်ပါသေးတယ်"

ရှဲ့ချန်းယန်က ချန်းဖန်ထံ လာရောက်ကာ အစီရင်ခံ၏။

"ကျန်တာတွေ ယူထားလိုက် ... မူလထိပ်ဆုံး အဆင့်ထိ ကျင့်ကြံနိုင်တဲ့ သူက တစ်လုံး ယူနိုင်တယ် ... ဒါပေမဲ့ ရွှေအမြုတေ အဆင့်ကို ဆေးလုံး အကူအညီ မပါဘဲနဲ့ တက်နိုင်တာက အကောင်းဆုံးပဲ"

ချန်းဖန်က ဆိုလိုက်သည်။ သူသည် ဘိုးဘေး ဘုရားကျောင်း အတွင်းတွင် တင်ပျဉ်ချိတ်ကာ ထိုင်နေခြင်း ဖြစ်သည်။ သူ၏ ဦးခေါင်းထိပ်တွင်မူ ရွှမ်ဝူ ပုံရိပ်တစ်ခု ပျံဝဲနေ၏။

တစ်ချိန်တည်း၌ သူ၏ လက်နှစ်ဖက်သည် လျှို့ဝှက်သော သင်္ကေတများကို ဖော်ဆောင်ကာ အစီအရင် တစ်ခု ခင်းကျင်း နေသည်။ အကယ်၍ ကောင်းကင် အရှင် တစ်ယောက်သာ ထိုနေရာတွင် ရှိပါက မိုင် တစ်ထောင် ဧရိယာ အတွင်းရှိ ဝိညာဉ် ကြောများမှာ ရှေးဟောင်း ကျူးဝမ်မြို့သို့ ဖြည်းညင်းစွာ ရွေ့လျားလာသည်ကို တွေ့မြင်လိမ့်မည် ဖြစ်သည်။

"ဘုန်း ...”

များစွာသော မြေနဂါးများသည် အရပ်မျက်နှာ ပေါင်းစုံမှလာကာ ရှေးဟောင်း ကျူးဝမ်မြို့ အတွင်း တိုးဝင်ကြသည်။ သို့သော်လည်း ရှေးဟောင်း ကျူးဝမ်မြို့ အတွင်းရှိ လူများမှာမူ ထိုအရာကို သတိ မထားမိကြချေ။ သူတို့သည် သူတို့၏ ဘေးရှိ ဝိညာဉ်ချီမှာ ပို၍ ထူထပ်လာသည်ဟုသာ ခံစား နေကြရသည်။

"ဝမ်ရှင်း တန်ခိုးရှင်က ကျုပ်တို့ ကျူးဝမ်မျိုးနွယ် ထောင်ပေါင်းများစွာရဲ့ ကျိန်စာကို ဖျက်ဆီး ပေးခဲ့တယ် ... ဝမ်ရှင်း တန်ခိုးရှင်ပေးတဲ့ ဝိညာဉ် ဆေးဝါးတွေ ကျင့်စဉ်တွေနဲ့ဆိုရင် နှစ်တစ်ရာ အတွင်းမှာ ကျုပ်တို့ ကျူးဝမ်မျိုးနွယ်က မူလအဆင့် ကျင့်ကြံသူ တစ်သောင်းနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရာချီကို ပိုင်ဆိုင်နိုင်မှာ ... အဲဒီအခါကျရင် ကျုပ်တို့ ကျူးဝမ်မျိုးနွယ်က ပေ့ဟန်နယ်မှာ တစ်ဖန်ပြန်ပြီး ထွန်းတောက်လာမှာ သေချာတယ်"

ရှဲ့ချန်းယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အင်း ...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ သူသည် ပေ့ဟန်နယ်တွင် သူ လုပ်စရာရှိသည့် အလုပ် အားလုံးကို အဆုံးသတ် ပြီးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ထျန်းဟောင်ဂြိုဟ်၏ ကောင်းကင်နယ်များနှင့် ရှောင်မန်ကို သွားကြည့်ရန် အချိန်ကျရောက်နေပြီဟု ဆိုနိုင်သည်။ ထို့အပြင် သူ့တွင် အထွတ်အမြတ် နယ်ရှိ ရန်သူနှင့် ရင်ဆိုင်ရန်လည်း ကျန်ရှိ နေသေးသည်။

"ကောင်းကင် ညီမျှခြင်း ... နှစ်ထောင်ချီကြာပြီ ဆိုပေမဲ့လည်း ငါမင်းအတွက် ရအောင် လက်စားချေ ပေးမှာပါ"

ချန်းဖန်က စိတ်ထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

ထို့နောက် သူသည် ရှေးဟောင်း ကျူးဝမ်မြို့တွင် နှစ်ပတ်မျှ ဆက်လက် နေထိုင်၏။ ထိုအတောအတွင်း၌ သူသည် ရွှမ်ဝူ၏ စွမ်းအားဖြင့် ရှေးဟောင်း ကျူးဝမ်မြို့အတွက် ဝိညာဉ်ကြောများ၊ ရေကြောများ၊ ကမ္ဘာကြောများ အားလုံးကို စုစည်း ပေးခဲ့သည်။ ကျင့်ကြံသူများသည် ရှေးဟောင်း ကျူးဝမ်မြို့အတွင်း ဝင်ရောက်လာပါက အလွန် ထူထပ်သော ဝိညာဉ်ချီ စွမ်းအားကို ခံစားရလိမ့်မည် ဖြစ်သည်။

ထို့နောက် ချန်းဖန်သည် သူ၏ မှတ်ဉာဏ်များထဲမှ ကျင့်စဉ်အချို့ကို လက်ဆင့်ကမ်း ပေး၏။ ထိုကျင့်စဉ် တစ်ခုချင်းစီကား ထျန်းဟောင် ဂြိုဟ်ပေါ်ရှိ ကောင်းကင် ကျင့်စဉ်များနှင့် ယှဉ်နိုင်သည် အထိ အဖိုးတန် ပေသည်။ နောက်ဆုံးသော လုပ်ဆောင်မှု အနေဖြင့် ချန်းဖန်က ကောင်းကင်ဖြတ်ဓားကို ဘိုးဘေး ဘုရားကျောင်း အတွင်းတွင် ထားရစ်ခဲ့သည်။

ချန်းဖန် ထွက်ခွာသည့်နေ့၌ ရှဲ့ချန်းယန် တစ်ယောက်သာ သူ့အား လိုက်ပို့၏။ သူသည် ရုတ်ရုတ်သဲသဲ ဖြစ်မည်ကို မလိုလားရာ ရှဲ့ချန်းယန် တစ်ယောက်ကိုသာ အသိပေး ထားခဲ့ခြင်း ဖြစ်သည်။

"ဂရုစိုက်ပါ ဝမ်ရှင်း တန်ခိုးရှင် ... ကျုပ်တို့ အနေနဲ့ တောင်တန်း အင်ပါယာကို လက်စားချေဖို့ အလျင်မလိုပါဘူး ... ကျုပ်တို့ မျိုးနွယ် လုံလောက်အောင် သန်မာလာတဲ့ အထိ စောင့်နိုင်ပါတယ်"

ရှဲ့ချန်းယန်က ကိုယ်ကိုကျုံ့ကာ ဦးညွှတ်ရင်း ပြောသည်။

"မစိုးရိမ်နဲ့ ...”

ချန်းဖန်က ပြုံးရင်း ရထားလုံး အတွင်း ဝင်ထိုင်လိုက်သည်။

ရထားလုံးသည် အနက်ရောင် ဖြစ်ကာ "မီးနက်မြင်း" ဟု ခေါ်သည့် မူလအဆင့် သားရဲက ဆွဲ၏။ ရထားမောင်းနှင်သူကား ပေ့ဟန်နယ်၏ ဧကရာဇ်ဟောင်း ဖြစ်သော ကျိုးကျူရှင်းပင် ဖြစ်သည်။

"သွားစမ်း ...”

ကျိုးကျူရှင်းက သင်္ကေတများ ရေးဆွဲထားသော ကျာပွတ်ကိုမြှောက်ကာ မောင်းနှင်လိုက်၏။ ထိုအခါ မီးနက်မြင်းမှာ ကျယ်လောင်သော ဟီသံပြု၍ ကောင်းကင်သို့ ထိုးတက် သွား၏။

မြေပြင်တွင်မူ ဖုန်လုံးများနှင့် လက်ပြ၍ ကျန်ခဲ့သော ကျိုးကျူရှင်း တစ်ယောက်သာ ကျန်ရစ် ခဲ့တော့သည်။

***

ထိုအချိန်၌ များစွာသော အတွေးများသည် ချန်းဖန်၏ စိတ်အတွင်း ပြေးလွှားနေသည်။ သူသည် နတ်ဘုရား စက်ဝန်းအကြောင်း ပို၍ သိလာရာ ၎င်း၏ သဘောတရားကို နားလည် လာသည်။ ထိုအရာသည် ကျင့်စဉ်ကိုးခုကို ကျင့်ကြံပြီးလျှင်ပင် ထူးခြား အောင်မြင်ခြင်း အဆင့်သို့ မရောက်မချင်း တစ်ခုကိုသာ အသုံးပြုနိုင်၏။

"ငါက ရွှမ်ဝူအဖြစ် အသွင်ပြောင်းလိုက်ရင် အဇူရာ သက်ရှည် ခန္ဓာရဲ့ စွမ်းအားတွေကို သုံးလို့ မရတော့ဘူး ... အခြား ကျင့်စဉ်တွေလည်း အတူတူပဲ ... ဘာပဲဖြစ်ဖြစ် အဲဒါက အဓိပ္ပာယ် ရှိတယ် ... ရွှမ်ဝူ ကျင့်စဉ်နဲ့ အဇူရာ သက်ရှည် ကျင့်စဉ်တွေက ပြိုင်ဘက်ကင်း ကျင့်စဉ်တွေ ... စကြဝဠာ တစ်ခုလုံးမှာတောင် လူအနည်းငယ်ပဲ ကျင့်ကြံ နိုင်ကြတယ်"

ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။

နတ်ဘုရား စက်ဝန်းသည် အမှန်တကယ်ပင် အစွမ်းထက်သည်။ ထူးခြား အောင်မြင်ခြင်း အဆင့်သို့ ရောက်အောင် ကျင့်ကြံပြီးပါက ချန်းဖန်သည် အထွတ်အထိပ် အမြုတေ ကိုးခုကို ပိုင်ဆိုင် သကဲ့သို့ ဖြစ်လာမည်ဖြစ်ပြီး အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်ထက်ပင် ပို၍ အစွမ်းထက် လာလိမ့်မည် ဖြစ်သည်။

"ငါ နောက်ထပ် လုပ်ရမှာက အရင်းအမြစ်တွေ ရှာပြီး နတ်ဘုရား စက်ဝန်းရဲ့ အသွင်ပြောင်းခြင်း ကိုးခုကို အောင်မြင်အောင် လုပ်ဖို့ပဲ ... ငါသာ နတ်ဘုရား အဆင့် ဆေးဝါးတွေ၊ ရတနာတွေ ရှာဖွေနိုင်ရင် လိုအပ်တဲ့ အချိန်ကလည်း ပိုပြီး နည်းသွားလိမ့်မယ် ... ငါ့ရဲ့ နတ်ဘုရား စက်ဝန်းသာ ထူးခြား အောင်မြင်ခြင်း အဆင့်ကို ရောက်သွားရင် ကျူးဝမ် မျိုးနွယ်အတွက် ငါ လက်စား ချေနိုင်ပြီ"

ပေ့ဟန်နယ်၌ နတ်ဘုရား ဆေးပင်များ၊ ရတနာများ ရှာဖွေရန်မှာ မဖြစ်နိုင်ချေ။ သူသည် ကံကောင်းလွန်းသောကြောင့်သာ ရှေးဟောင်း မြေအောက်ပုလဲကို ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကောင်းကင်နယ်များတွင်မူ နတ်ဘုရားအဆင့် ဆေးများ၊ ရတနာများ ရှိမည်မှာ သေချာပေသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် ပေ့ဟန်နယ်မှာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ငါ အလျင် လိုအပ်တာကို ပထမဆုံး ရှာဖွေရမယ်"

"ဟူး ...”

နတ်ဘုရား စက်ဝန်းသည် တုန်ခါလာကာ ချန်းဖန်၏ မျက်နှာ၌ အဇူရာ မီးခိုးများ ဖြစ်ပေါ် လာ၏။ သူ၏ ပုံစံသည် ချက်ချင်းပင် သာမန် လူငယ်တစ်ယောက် အဖြစ်မှ ပြတ်သားသော သတ်ဖြတ်သူ တစ်ယောက်အသွင် ပြောင်းလဲသွားသည်။ တစ်ချိန်တည်း၌ ကမ္ဘာ သစ်ပင်သည် သူ၏ နောက်တွင် နေရာယူလာ၏။

ထိုအရာသည် နတ်ဘုရား စက်ဝန်း၏ ဒုတိယ အသွင်ပြောင်းခြင်း ဖြစ်သော အဇူရာ သက်ရှည်ပင် ဖြစ်သည်။ ချန်းဖန်၏ နောက်တစ်ဆင့် ရည်ရွယ်ချက်ကား အဇူရာ သက်ရှည် အမြုတေကို ထူးခြား အောင်မြင်ခြင်း အဆင့်အထိ လေ့ကျင့်ကာ ကမ္ဘာ သစ်ပင်၏ အစစ်အမှန် သဏ္ဌာန်ကို ဖွဲ့စည်းရန် ဖြစ်သည်။

"ဟူး ...”

မီးနက်မြင်းသည် မိုင်ပေါင်း သိန်းချီကို တစ်ရက် အတွင်းမှာပင် ဖြတ်သန်း သွားလာခဲ့ပြီး ဖြစ်သည်။

သူတို့သည် မြေရိုင်းနယ်များ၏ ရှေးဟောင်း မြို့များကို ဖြတ်သန်းကာ မြောက်နတ္ထိနယ်သို့ သွားနေခြင်း ဖြစ်၏။ ချန်းဖန်သည် မြို့တိုင်း၌ ရပ်နား၏။

ထိုအခိုက်အတန့်၌ သူ ကျင့်နေသော ကျင့်စဉ်မှာ သစ်သားဒြပ်စင် ကျင့်စဉ်ဖြစ်ကာ သူ ခင်းကျင်းသော အစီအရင်တိုင်းမှာလည်း ယီသစ်သား နတ်ဘုရား နည်းစနစ်များ ဖြစ်သည်။

သူသည် ခရီးစဉ် တစ်လျှောက် သမားတော်တစ်ဦး အသွင်ပြောင်းလဲကာ များစွာသော လူများကို ကုသပေးခဲ့သည်။ သူသည် လိုအပ်သော မိသားစုများအတွက် ဆေးများ ဖော်စပ်ပေးခဲ့ သလို အဇူရာသက်ရှည် ခန္ဓာကိုယ်ကို သုံး၍ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့်လည်း တိုက်ခိုက် ခဲ့သေးသည်။

လူများသည် ချန်းဖန်၏ ဆေးပညာအပေါ် ဗဟုသုတများ၊ သစ်သားဒြပ်စင် ကျင့်စဉ်များကြောင့်  "ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား" ဟုပင် အမည်ပေး လာကြသည်။

ချန်းဖန်သည် အဇူရာ သက်ရှည် ကျင့်စဉ်နှင့် ပို၍ ရင်းနှီးလေလေ၊ သူ၏ သစ်သား ဒြပ်စင် အပေါ် နားလည်မှုက ပို၍ နက်ရှိုင်းလာလေလေ ဖြစ်နေခဲ့သည်။

"သစ်သား ဒြပ်စင် စွမ်းအားက အသက် အချိန်တို့နဲ့ သက်ဆိုင်တယ် ... အဲဒါက လုံးဝ အဆုံးမဲ့ပဲ ... အဇူရာ သက်ရှည်က ဘဝ သုံးခုမှာ နေနိုင်တာ မဆန်းတော့ဘူး"

ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ရေရွတ်လိုက်သည်။

ထိုအခိုက်အတန့်၌ သူ၏ နတ်ဘုရား စက်ဝန်း အတွင်းရှိ သစ်ပင် ပုံရိပ်သည် ပို၍ နက်မှောင် လာနေခဲ့ပြီ ဖြစ်သည်။ ထို့အတူ သူ၏ ထူးခြား အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်မှာလည်း နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ပိုမို နီးကပ် လာနေခဲ့၏။ သူသည် ပြည့်စုံခြင်း အဆင့်သို့ ရောက်ပါက သူ၏ ခန္ဓာကိုယ်မှာ အခြေတည် ဝိညာဉ်အဆင့် တစ်ယောက်ကဲ့သို့ အစွမ်းထက် လာလိမ့်မည် ဖြစ်သည်။

(ကောင်းကင် ခန္ဓာ ကျင့်ကြံခြင်းတွင် အဆင့် ငါးခု ရှိသည်။ ၎င်းတို့မှာ

(၁) အခြေခံ အဆင့်

(၂) စဦး အောင်မြင်ခြင်း အဆင့်

(၃) ထူးခြား အဆင့်

(၄) ပြည့်စုံခြင်း အဆင့် နှင့်

(၅) အထွတ်အထိပ် အဆင့်

ဟူ၍ ဖြစ်၏။ )

ခရီးစဉ် တစ်လျှောက်၌ ချန်းဖန်သည် မြောက်နတ္ထိနယ်နှင့် နီးကပ်သည့် ဒေသများမှာ ပို၍ ဝိညာဉ်ချီ ထူထပ်ကြောင်း ချန်းဖန် ရှာဖွေ တွေ့ရှိခဲ့ရသည်။ ဤသို့ဖြင့် ခရီးဆက်ရင်း ချန်းဖန်တို့ ရထားလုံးသည် မြောက်နတ္ထိနယ်နှင့် ထိ​ကပ်နေသော ချင်းယန်နယ်သို့ ရောက်ရှိ လာခဲ့သည်။

"ဘုန်း ...”

ဝင်ဝင်ချင်းမှာပင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ် သွား၏။ အကယ်၍ ကျုးကျူရှင်းသာ အချိန်မီ မကာကွယ်နိုင်ပါက ရထားလုံးသည် မီးနက် သားရဲနှင့်အတူ ဖျက်ဆီး ခံလိုက်ရမည် ဖြစ်သည်။

"ဘာတွေ ဖြစ်နေတာလဲ ...”

ချန်းဖန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

သူသည် အဆင့်သစ်သို့ တက်ရောက်နိုင်မည့် အခွင့်အရေး တစ်ခုရရန် ကြိုးစားနေခြင်း ဖြစ်သော်လည်း ယခုတွင်မူ နှောင့်ယှက်ခံလိုက်ရပြီ ဖြစ်သည်။

"သခင် ... ကျုပ်တို့လမ်းမှာ လူတချို့ ပိတ်ရပ်နေတယ်"

ကျိုးကျူရှင်းက ပြောလိုက်သည်။

ချန်းဖန်က မျက်မှောင်ကြုတ်ကာ ရထားလုံး အတွင်းမှ ထွက်လိုက်သည်။ ထိုအခါ သူသည် ပေတစ်ခါခန့် အကွာအဝေး၌ ရပ်နေသော အစေခံ ဝတ်စုံဝတ် လူအိုတစ်ယောက်နှင့် လူငယ် တစ်ယောက်ကို တွေ့ရ၏။

"ဒီနေရာမှာ ဟူမိသားစုက သူတို့ အလုပ်ကို လုပ်နေတယ် ... ကျေးဇူးပြုပြီး ကွေ့ရှောင် သွားပါ"

အစေခံ ဝတ်စုံဝတ် အဘိုးအိုက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

***

All Chapters