ကောင်းကင် အရှင် မိသားစု
Vol. 9 Ch. 886
အဘိုးအိုနှင့် လူငယ် နှစ်ယောက်စလုံးမှာ မူလအဆင့်များ ဖြစ်သည်။ သို့သော်လည်း သူတို့သည် အလွန် မောက်မာကာ လမ်းကို ပိတ်ထား၏။ ချန်းဖန်နှင့် ကျိုးကျူရှင်းတို့မှ အပ အခြားလူ အားလုံးမှာ သူတို့၏ တားဆီးခြင်းကို ခံရသည်။
"မင်းတို့က ငါ့ကို တားဆီးရဲတယ်ပေါ့ ... ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား"
ယာဉ်ပျံ တစ်ခုအတွင်းမှ ချိပ်ပိုးထည် ဝတ်ဆင်ထားသော လူတစ်ယောက်သည် မူလ အဆင့် ဒါဇင်ချီကို ဝန်းရံကာ ထွက်လာ၏။
"ယွင်ယု ကောင်းကင်နယ်မြေ ဂိုဏ်းချုပ်ရဲ့ သားတော် ဒီလမ်းကသွားမယ် ဘေးဖယ်စမ်း ...”
ဂိုဏ်းတစ်ဂိုဏ်းသည် သူတို့ကိုယ်သူတို့ ကောင်းကင် နယ်မြေဟု သတ်မှတ်သော အခါတွင် သူတို့ထံ၌ ဝမ်ရှင်း တန်ခိုးရှင်များစွာ ရှိသည်ဟု ဆိုလို၏။ အခြားလူများမှာ ယွင်ယု ကောင်းကင် နယ်မြေ ဂိုဏ်းချုပ်၏ သားဟုဆိုသော ချိပ်ပိုးထည်ဝတ် လူကိုကြည့်ကာ ကြောင်လန့်သွားကြသည်။ သို့သော်လည်း ဟူ မိသားစုက ဟုဆိုသည့် လူနှစ်ယောက်မှာမူ မတုန်မလှုပ်ပင် ရှိသေး၏။
"သခင်ကြီး ... သူတို့က ဟူမိသားစုကလို့ပြောတာ ကြားလိုက်တယ်နော် ...”
ချိပ်ပိုးထည်ဝတ် လူ၏ နောက်လိုက်ထဲမှ ဗဟုသုတ ကြွယ်ဝပုံရသော တစ်ယောက်က သတိပေး လိုက်သည်။
"ဟူ မိသားစု ... ဘယ် ဟူမိသားစုလဲ ...”
ချိပ်ပိုးထည်ဝတ် လူကြီး၏ မျက်နှာက တစ်စုံတစ်ခုကို စဉ်းစားမိဟန် အနည်းငယ် ပျက်ရွင်းသွားသည်။
"မြောက်နတ္ထိနယ်ရဲ့ အာဏာစက် အတွင်းမှာ ရွှမ်တုတိုင်းပြည် ဟူမိသားစုက လွဲလို့ ဘယ်မိသားစုက သူတို့ကိုယ်သူတို့ ဟူမိသားစုဆိုပြီး ကြေညာရဲလို့လဲ ...”
နောက်လိုက်မှာ ရှင်းပြရင်း မျက်စိမျက်နှာပျက် လာခဲ့သည်။
"ဒါ ... ဒါဆို သူတို့က ကောင်းကင် အရှင် မိသားစုကပေါ့ ...”
ချိပ်ပိုးထည်ဝတ် လူသာမက၊ ပိတ်မိနေသော လူအားလုံးမှာ ဖြူရော် ကြောက်လန့် သွားကြသည်။
"ခုနက ဘာပြောတာလဲ ... ဆက်ပြေလေကွာ ... ငါ နားထောင်နေတယ်"
အစေခံ ဝတ်စုံဝတ် လူငယ်က မောက်မာစွာ ဆိုလိုက်သည်။
"တောင်း ... တောင်းပန်ပါတယ် ... ကျုပ် ဟူမိသားစုကို စော်ကားဖို့ မရည်ရွယ်ခဲ့ပါဘူး ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ချိပ်ပိုးထည်ဝတ် လူက တုန်တုန်ရီရီဖြင့် တောင်းပန်လိုက်သည်။
"ဟမ့် ...”
အစေခံ ဝတ်စုံဝတ် လူငယ်က နှာခေါင်းရှုံ့ကာ ပိတ်မိနေသော လူ အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။
ထိုအခါ အားလုံးမှာ လူငယ်၏ အကြည့်ကို ရင်မဆိုင်ရဲသည့် အလား သူတို့၏ ခေါင်းများကို ငုံ့လိုက်ကြသည်။ ထိုနေရာ၌ ရှိနေသော လူအများစုမှာ မူလ ထိပ်ဆုံးအဆင့်များ ဖြစ်သော်လည်း သူတို့သည် အစေခံ ဖြစ်ပုံရသော လူငယ်ကို ကြောက်လန့် နေကြ၏။
"ဟူမိသားစု ဆိုတာက ဘာလဲ ... မြောက်နတ္ထိနယ်မှာ အခြေတည် ဝိညာဉ် အဆင့်ရှိတာ ဝမ်မိသားစု တစ်ခုတည်း မဟုတ်ဘူးလား ... ဟူ မိသားစုက ဘယ်က ရောက်လာတာလဲ ... သူတို့ကို ကြည့်ရတာ အဆင့်အတန်း တော်တော်မြင့်မားတဲ့ ပုံပဲ ...”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။
"သခင် ... ဟူ မိသားစုက ဝမ်မိသားစုထက် ပိုပြီး အားနည်းပါတယ် ... ဝမ်မိသားစုကမှ တကယ့် ဒဏ္ဍာရီလာ မိသားစုကြီးပါ ... သူတို့ရဲ့ ဘိုးဘေးက မြောက်နတ္ထိနယ်ကို နှစ်ထောင်ချီ ကြာအောင် လွှမ်းမိုး နိုင်ခဲ့တယ် ... ဒါပေမဲ့ ဟူ မိသားစုကိုလည်း အထင် မသေးသင့်ဘူး ... သူတို့မှာ ကောင်းကင် အရှင်တစ်ယောက် ရှိခဲ့ဖူးတယ် ... အဲဒီ ကောင်းကင်အရှင်က လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က သေသွားပြီ ဆိုပေမဲ့လည်း ဟူ မိသားစုက ကောင်းကင်အရှင် မိသားစုဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်း ထားနိုင်တုန်းပဲ ... သာမန် မိသားစုတွေ ဂိုဏ်းတွေက သူတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ဘူး ... နောက်ပြီး ကောင်းကင် အရှင်က သူတို့အတွက် ဘာချန်ခဲ့မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ"
ကျိုးကျူရှင်းက ရှည်လျားစွာ ရှင်းပြလိုက်သည်။
"အဲဒီလိုကိုး ...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
ထိုအချိန်မှာပင် အစေခံ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။
"အားလုံးပဲ ... ကျုပ်တို့ သခင်လေးက ဒီနေရာနဲ့ မိုင်သုံးရာ အကွာအဝေးမှာ ရှိတဲ့ ခရမ်းရောင် လနတ်သမီးနဲ့ အချိန်ဖြုန်းနေတယ် ... ကျေးဇူးပြုပြီး အခြားလမ်းကြောင်းကို ရွေးချယ် သွားလာကြပါ"
အဘိုးအို၏ စကားလုံးများက တောင်းပန်ဟန် ပေါက်နေသော်လည်း သူ၏ လေသံကမူ အမိန့်ပေးနေခြင်း ဖြစ်ကြောင်း ညွှန်ပြနေ၏။ များစွာသော လူများမှာ အဘိုးအို၏ စကားကို ကြားပြီးနောက် အံ့ဩတကြီး စတင် ဆွေးနွေးကြသည်။
"ဟူမိသားစု သခင်လေး ဟူရှောင်က ဒီကို ရောက်နေတာလား ... ငါ ကြားရသလောက်ဆို သူက အသက် ငါးဆယ်နဲ့ ရွှေအမြုတေ အဆင့်ကို တက်လှမ်းခဲ့ပြီး အဆင့်ခြောက် ရွှေအမြုတေကို ပိုင်ဆိုင်ခဲ့တယ်တဲ့ ... သူက မြောက်နတ္ထိနယ်ရဲ့ အထူးချွန်ဆုံး ပါရမီတွေထဲက တစ်ယောက်ပဲ"
"ခရမ်းရောင် လနတ်သမီးက ပိုပြီးတော့တောင် အံ့ဩဖို့ ကောင်းသေးတယ် ... နူးညံ့ဂိုဏ်းက ဝမ်မိသားစုနဲ့တောင် ယှဉ်နိုင်တဲ့ ဂိုဏ်းကြီး တစ်ခုပဲ ...”
များစွာသော လူများမှာ ခေါင်းခါကာ အခြား လမ်းကြောင်းများကို ရွေးချယ် လိုက်ကြသည်။ ယွင်ယု ကောင်းကင်နယ်မြေမှ လူပင်လျှင် ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
"သခင် ... ကျုပ်တို့ ဘာလုပ်ကြမလဲ"
ကျိုးကျူရှင်းက နောက်သို့လှည့်ကာ မေးလိုက်သည်။
"တန်းတန်းပဲသွား ... ငါတို့လမ်းကို တားတဲ့သူမှန်သမျှ သတ်ပစ်လိုက်"
ချန်းဖန်က ပြောကာ ရထားလုံးအတွင်း နောက်မှီ၍ သက်သောင့်သက်သာ ပြန်ထိုင် လိုက်သည်။
သူသည် ကျဆင်းနေသော မိသားစုတစ်ခု မဆိုထားနှင့် ကောင်းကင်အရှင် ရှိသော ဝမ်မိသားစုကိုပင် ကြောက်လန့်နေလိမ့်မည် မဟုတ်ချေ။
အမိန့်အား ရပြီးသည်နှင့် ကျိုးကျူရှင်းက ကျာပွတ်ကို မြှောက်ကာ မီးနက်မြင်းအား မောင်းနှင်လိုက်၏။ ရထားလုံးသည် ချက်ချင်းပင် လူများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
"ငါတို့ပြောတာ မင်းမကြားဘူးလား ... ဒါက ဟူမိသားစု အပိုင်သိမ်းထားတဲ့ လမ်းကြောင်း ဖြစ်တယ်ဆိုတာ ...”
လူအို အစေခံက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ငါ့သခင်က လမ်းကို ပိတ်တဲ့သူ မှန်သမျှသတ်ဖို့ ငါ့ကို ခိုင်းထားတယ် ... နောက်ပြီး ဒါက ချင်းယန်နယ်ရဲ့ ပိုင်နက်ပဲ ... မင်းတို့မှာ တားပိုင်ခွင့် မရှိဘူး"
ကျိုးကျူရှင်းက ရထားကို မောင်းနှင်ရင်း ဆိုလိုက်၏။
"မင်း လုပ်ရဲလား ...”
အစေခံ နှစ်ယောက်မှာ ဒေါသထွက်သွားကာ လူအများမှာမူ စိတ်ဝင်စားသွားကြသည်။
ဟူမိသားစုသည် မြောက်နတ္ထိနယ်တွင်ပင် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ကျော်ကြားသော ကောင်းကင်အရှင် မိသားစုကြီး ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ တစ်စုံတစ်ယောက်က သူတို့ကို ဆန့်ကျင်ရန် ကြိုးစားနေခဲ့သည်။ ထိုအရာက အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်းလှ၏။
"ဟူ မိသားစုကို ဆန့်ကျင်တဲ့ ဘယ်သူမဆို သေရမယ် ...”
အစေခံ လူငယ်က အဖြူရောင် ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ပေတစ်ရာခန့် ရှည်သော ဓားအလင်း တစ်ခုကို ဖန်တီးလိုက်သည်။
ထို့နောက် သူက ကျိုးကျူရှင်းနှင့် ရထားလုံးအား တိုက်ခိုက်လိုက်၏။ အစေခံ လူငယ်သည် မူလ အဆင့်မျှသာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်မှုက အမြုတေ ဖွဲ့စည်းခြင်း အဆင့်များကိုပင် အနိုင်ယူနိုင်သည် အထိ ပြင်းထန်နေခဲ့ပြီ ဖြစ်သည်။
"ဟမ့် ...”
ကျိုးကျူရှင်းက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ညှိုးအား တောက်ထုတ် လိုက်၏။ ထိုအခါ ဓားအလင်းမှာ ပျက်စီးကာ အစေခံ လူငယ်မှာ ပေတစ်ခန့် အကွာသို့ လွင့်စဉ် သွားခဲ့သည်။ သူသည် အရိုးများ ကျိုးကြေ သွားကာ သွေးတစ်လုတ် အန်ထုတ် လိုက်ရ၏။
"ဝမ်ရှင်း တန်ခိုးရှင် ...”
လူတိုင်းမှာ နောက်သို့ ဆုတ်ကာ ဆွံ့အသွားကြ၏။
သူတို့သည် ထိုရထားလုံးမောင်းသည့် လူအိုကြီးမှာ ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ ရထားမောင်းသူပင်လျှင် ရွှေအမြုတေ အဆင့်ဖြစ်ရာ ရထားထဲရှိလူမှာ မည်ကဲ့သို့သော အဆင့်အတန်းကို ပိုင်ဆိုင်ထားမည်နည်း။
ထိုအချိန်၌ အစေခံ အဘိုးအိုမှာ စတင်ကာ တုန်ရီနေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် သူက အေးစက်သော လေသံကိုထိန်းကာ ပြောလိုက်၏။
"မင်းက တကယ်ပဲ ဟူမိသားစုရဲ့ ရန်သူ ဖြစ်ချင်တာလား ... ငါ့သခင်လေး ဒေါသထွက်ရင် မင်းလို ရွှေအမြုတေ အဆင့်မပြောနဲ့ တော်ဝင် မိသားစုတွေတောင် ဒုက္ခရောက် သွားလိမ့်မယ် ...”
"လမ်းက ဖယ်မလား သေမလား ...”
ကျိုးကျူရှင်းက ရထားလုံးကို ဆက်လက် မောင်းနှင်ရင်း ပြောလိုက်သည်။
မြင်းသည် အနက်ရောင် မီးများကို ဝန်းရံကာ လေအလျင်ဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်လာ၏။ ထိုအရာကား ရှေ့တွင် တားဆီးသမျှ အရာရာကို ဝင်တိုက်ကာ ဖျက်ဆီးပစ်မည့်ဟန် ရပေသည်။
ရုတ်တရက် လူများသည် ရထားလုံးကို ကြည့်ကာ တစ်စုံတစ်ခုကို သတိရ သွားကြသည်။
"ရထားလုံးကို ကြည့်စမ်း ... အဲဒါက တစ်ခုလုံး အနက်ရောင်ပဲ ... နောက်ပြီး အထဲမှာ ထိုင်နေတဲ့ သူက အဇူရာ ဝတ်စုံကို ဝတ်ထားတယ် ... အဲဒါက ကျော်ကြားတဲ့ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားများလား ...”
ချန်းဖန်သည် ခရီးစဉ် တစ်လျှောက်၌ ကျော်ကြားခဲ့ပြီး ဖြစ်သည်။ သူသည် သစ်သား ဒြပ်စင် နည်းစနစ်များကို သုံးကာ များစွာသော ဝမ်ရှင်း တန်ခိုးရှင်များကို အနိုင်ယူခဲ့သည်။ ထို့အပြင် သူ၏ ဆေးပညာမှာလည်း ပြိုင်ဘက်ကင်း၏။ များစွာသော ဆေးပညာရှင်များက သူ့အား မဟာ သမားတော် အဆင့် ရောက်နေပြီဟုပင် သတ်မှတ် ကြသည်။
"ဒါပေမဲ့ သူက ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား ဖြစ်ရင်တောင် ဟူမိသားစုကို မစော်ကား သင့်ဘူး ... သူတိုက ကောင်းကင် အရှင် မိသားစု တစ်ခုလေ"
အချို့က ခေါင်းကို ခါရင်း သက်ပြင်းချ လိုက်ကြသည်။
***
ထိုအချိန် မိုင်ရာပေါင်း အနည်းငယ် အဝေးရှိ တောင်ခြေတစ်ခု၌ ...
သောင်းချီသော မူလ အဆင့်များသည် လက်နက်များကို ကိုင်ဆောင်ကာ တောင်အား ဝန်းရံ စောင့်ရှောက် နေကြသည်။ အတွင်းတွင်မူ လူငယ် တစ်ယောက်နှင့် မိန်းမပျို တစ်ယောက်သည် လမ်းလျှောက် နေကြ၏။
လူငယ်သည် အလွန် ချောမောသော်လည်း အနည်းငယ် မိစ္ဆာဆန်ဟန် ရှိသည်။ သူသည် အလယ်ဆင့် ဝမ်ရှင်း တန်ခိုးရှင် တစ်ယောက် ဖြစ်၏။ သူ၏ မျက်လုံးတွင်မူ ထူဆန်းသော ခရမ်းရောင် အဆောင်ခြောက်ခု မျောပါနေခဲ့သည်။
မိန်းမပျိုကမူ တောက်ပသော အဝတ်များကို ဝတ်ဆင်ထား၏။ သူမသည် အရပ်ရှည်ကာ ဆွဲဆောင်မှု ရှိသည်။ သူမသည် မျက်နှာ တစ်ဝက်ကို ဖုံးကွယ်ထားသော်လည်း လနန်းတော်မှ နတ်သမီး တစ်ပါးအလား ချောမော လှပနေဆဲ ဖြစ်သည်။
သူတို့ နှစ်ယောက်၏ နောက်တွင်မူ ဝမ်ရှင်း တန်ခိုးရှင် ဆယ်ယောက်ခန့် ရပ်နေခဲ့၏။
"ညီမက ဝိညာဉ်ကိုးခု ကောင်းကင် ဆေးမြစ်ကို ရှာနေတယ်လို့ သတင်းကြားတယ် ... ကံကောင်းစွာနဲ့ပဲ အစ်ကို့မိသားစု အကြီးအကဲ တစ်ယောက်က အဲဒါကို ရှာဖွေ တွေ့ရှိခဲ့တယ်လေ ... တကယ်လို့ ညီမသာ ကြိုက်မယ်ဆိုရင် အစ်ကို လက်ဆောင်ပေး ပါရစေ"
လူငယ်က ပြောလိုက်သည်။
"ကျေးဇူးပါ အကိုဟူ ... ကျွန်မက တကယ်ပဲ ကောင်းကင် ဆေးမြစ်တွေကို ရှာဖွေ နေခဲ့တာပါ ... အဲဒါမှ ပိုအစွမ်းထက်လာပြီး ဟန်ရှုံး သတ်မှတ်ချက် နေရာတစ်ခု အတွက် တိုက်ခိုက် လာနိုင်မှာလေ"
မိန်းမပျိုက ဝိညာဉ်ကိုးခု ဆေးမြစ်ကို လက်ခံလိုက်သည်။
သူတို့ကား အခြားသူမဟုတ် ဟူမိသားစု၏ သခင်လေး ဟူရှောင်နှင့် ခရမ်းရောင် လနတ်သမီးတို့ပင် ဖြစ်သည်။
"ညီမသာ ပျော်မယ်ဆိုရင် ဒီကောင်းကင် ဆေးမြစ်က မပြောပလောက်ပါဘူး"
ဟူရှောင်က ပြုံးလိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
"ဒါနဲ့ ညီမ ... ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ နတ်မိမယ် ရှန်းရှီက ကမ္ဘာနှစ်ခု ဆုံမှတ်မှာ ပုထျန်း သစ်သီးကို ရရှိခဲ့တယ်လို့ အစ်ကိုကြားတယ် ... ပြန်လည် မွေးဖွားခြင်း ဂိုဏ်းချုပ်က ဆေးဘုရင်ကို ဖိတ်ခေါ်ပြီး သူ့အတွက် ပုထျန်း ဆေးလုံးတွေ ဖော်စပ်ခိုင်းခဲ့တယ်တဲ့ ... နတ်မိမယ် ရှန်းရှီသာ အဲဒီ ဆေးလုံးတွေကိုသာ သုံးရင် အမြုတေကို ကောင်းကင် အဆင့် အမြုတေဖြစ်အောင် မြှင့်တင်နိုင်မှာ သေချာတယ် ... အဲဒါဆိုရင် ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံးက ပုဂ္ဂိုလ်တွေတောင် သူ့ကိုနိုင်မှာ မဟုတ်တော့ဘူး"
"ရှန်းရှီက အစွမ်းထက်တယ် ဆိုပေမဲ့လည်း ဝမ်ရွှမ်လုံကလည်း မခေဘူးနော် ... နောက်ပြီး အစ်ကိုဟူမှာလည်း ဟန်ရှုံး သတ်မှတ်ချက် ဝင်ဖို့ အခွင့်အရေး ရှိပါသေးတယ် ...”
ခရမ်းရောင် လနတ်သမီးက နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။
ပထမ၌ သူမသည် ဟူရှောင်နှင့်များစွာ ခြားကာ ရပ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူတို့နှစ်ယောက် အကြား၌ မီတာ အနည်းငယ်သာ ကွာဝေးတော့၏။
ဟူရှောင်က ပြုံးနေဆဲ ဖြစ်ကာ ထိုအရာကို သတိထားမိဟန် မပြချေ။ သူက သက်ပြင်း တစ်ချက်ချကာ ဆိုလိုက်သည်။
"အစ်ကိုတို့မှာ အကူအညီ တောင်းစရာ ဆေးဘုရင်နဲ့ မဟာ သမားတော်တွေ မရှိတာ ကံဆိုးတာပဲ ... မဟုတ်ရင် ညီမအတွက် ကောင်းကင်ဆေး ဖော်စပ်ပြီး ပေးနိုင်မှာ"
"ကောင်းကင် ဆေးပင်တွေက ရှာရတာ ခက်ခဲတယ် ... နောက်ပြီး ဆေးပညာရှင် တွေကလည်း အတူတူပါပဲ ... အကိုဟူက ကျွန်မကို ဝိညာဉ်ကိုးခု ကောင်းကင်ဆေးမြစ် ပေးထားတာနဲ့ပဲ ကျွန်မ ကျေနပ်ပါပြီ ... ထပ်ပြီး တောင်းဆိုစရာ မရှိတော့ပါဘူး"
ခရမ်းရောင် လနတ်သမီးက အပြုံးဖြင့် ဆိုလိုက်၏။
သူတို့ နှစ်ယောက် ပျော်ရွှင်စွာ စကားဆို နေကြချိန်မှာပင် အဝေးရှိ ကောင်းကင်၌ အနက်ရောင် အလင်းတစ်ခု ပေါ်လာခဲ့၏။ ဟူရှောင်မှာ မျက်မှောင်ကြုတ်ကာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
***