← Chapters

ရှေးဟောင်းဆေးပြည်နယ်

Vol. 9 Ch. 888

ရှေးဟောင်းဆေးပြည်နယ်

Vol. 9 Ch. 888

"သူက ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားမလား ...”

ခရမ်းရောင် လနတ်သမီးက ချန်းဖန်ကို မြင်သည်နှင့် အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ကျွန်မ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားအကြောင်းကို ကြားဖူးတယ် ... သူ့ရဲ့ ဆေးပညာ ကျွမ်းကျင်မှုက အထွတ်အထိပ်မှာ ရှိတယ်တဲ့"

"ညီမက သူ့ကို သိလို့လား ...”

ရှောင်ဝူက မျက်မှောင်ကြုတ်ကာ သူမအား ကြည့်လိုက်၏။

သို့သော်လည်း ခရမ်းရောင် လနတ်သမီးက သူ၏ မေးခွန်းကို ပြန်မဖြေဘဲ ချန်းဖန်ကိုသာ ဦးညွှတ် နှုတ်ဆက်လိုက်သည်။

"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက ဆေးပညာမှာ ဆရာတစ်ဆူပါပဲ ... မြောက်ဘက် မြေရိုင်းနယ် ဆယ့်ခုနစ်နယ်ရဲ့ ပါရမီအရှိဆုံး မဟာ သမားတော်လို့တောင် ယူဆနိုင်တယ် ... ကျွန်မရဲ့ မြောက်အရပ် ခရီးစဉ်မှာ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားကို တွေ့ခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်"

"သူက မဟာသမားတော် တစ်ယောက်လား ...”

ဟူရှောင်က သံသယ ဖြစ်စွာဖြင့် ချန်းဖန်ကို အကဲခတ်လိုက်၏။

မဟာ သမားတော်များသည် သူတို့၏ ဆေးစွမ်းရည်များကြောင့် ရွှေအမြုတေ အဆင့်များထက်ပင် ပိုမို မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ငယ်ရွယ်သော လူငယ်လေး တစ်ယောက်နှင့် မဟာ သမားတော်ဟူသော ဂုဏ်ပုဒ်ကို နှိုင်းယှဉ်ရန်မှာ ရှောင်ဟူအတွက် ခက်ခဲနေ၏။

"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက အခြား မဟာသမားတော် သုံးယောက်နဲ့ ဆေးပညာ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တယ် ... ဒါကြောင့်ပဲ သူ့ကို လူတွေက မြေရိုင်းနယ် ဆယ့်ခုနစ်ခုရဲ့ ပါရမီ အရှိဆုံး မဟာ သမားတော်အဖြစ် သတ်မှတ်ခဲ့ကြတာလေ"

ခရမ်းရောင် လနတ်သမီးက ချန်းဖန်ကို အရည် ရွှန်းလဲ့သော မျက်လုံးကြီးများဖြင့် ကြည့်ရင်း ရှင်းပြလိုက်သည်။

ထိုအခါ ဟူရှောင်၏ မျက်နှာရှိ အရောင်မှာ ပြောင်းလဲသွား၏။ အကယ်၍ ထိုလူငယ်လေးသာ မဟာ သမားတော် သုံးယောက်ကို အနိုင်ယူခဲ့သည် ဆိုပါက သူ့တွင် ရတနာဆေးများ ဖော်စပ်နိုင်သော အစွမ်းရှိမည်မှာ သေချာသည်။ ထို့ကြောင့်ပင် အရှင် ပေ့ဟန်က သူ့ထံ၌ အစေခံအဖြစ် လိုလိုလားလား ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"မင်းတို့ ပြောလို့ ပြီးပြီလား ... ပြီးရင် လမ်းဖယ်ဦး ... ငါတို့ ခရီးဆက်ဖို့ ရှိသေးတယ်"

ချန်းဖန်က ဆိုလိုက်၏။

ထိုအခါ ခရမ်းရောင် လနတ်သမီး၏ မျက်နှာရှိ အပြုံးမှာ အေးခဲသွားသည်။ သို့သော်လည်း သူမက နောက်သို့ဆုတ်ကာ လမ်းဖယ် ပေးလိုက်၏။ ဟူရှောင်ကမူ မျက်နှာကို ဟန်လုပ်ပြုံးကာ ရင်ဘတ်ရှေ့၌ လက်သီးအား ဆုပ်လိုက်သည်။

"နားလည်မှု လွဲသွားတဲ့အတွက် တောင်းပန်ပါတယ် ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား ခင်ဗျာ ... အဲဒါက ခင်ဗျား ဖြစ်နေမယ်လို့ ကျုပ်တို့ မသိထားလို့ပါ"

"နားလည်မှုလွဲတာ ဟုတ်လား ... ငါတော့ အဲဒီလို မထင်ဘူး ... လမ်းကိုပိတ်ဖို့ မင်းတို့ ဟူမိသားစုကို ဘယ်သူက အာဏာ ပေးထားတာလဲ ... နောက်ပြီး မင်းရဲ့ အစေခံ နှစ်ယောက်ကို ငါ့ရဲ့ ရထားလုံးကို ဘယ်သူက တိုက်ခိုက်ခွင့်ပြုတာလဲ"

ချန်းဖန်က အင်္ကျီလက်ကို ခါကာ နှာခေါင်းရှုံ့ လိုက်၏။

"အဆင်အခြင်မဲ့ လုပ်တဲ့သူတွေကို ကျုပ်အခုပဲ အပြစ်ပေးလိုက်ပါ့မယ် ...”

ဟူရှောင်က ကပျာကယာ ပြောကာ တစ်ဖက်သို့ လှည့်၍ အမိန့်ပေး လိုက်သည်။

"အဲဒီ ခွေးကောင် နှစ်ယောက်ကို ဒီကို ခေါ်လာစမ်း ...”

ကျန်းပေ့ရီမှာ ချက်ချင်းပင် ပျံသန်းသွား၏။ မကြာခင်မှာပင် သူသည် ပြန်လည် ရောက်ရှိလာကာ အစေခံ နှစ်ယောက်ကို ဟူရှောင်၏ ဘေးသို့ ပစ်ချလိုက်သည်။ သူတို့ နှစ်ယောက်ကား ချန်းဖန်၏ ရထားလုံးကို တိုက်ခိုက်ခဲ့သူများပင် ဖြစ်သည်။

"ဒုတိယ သခင်လေး ... အဲဒီခွေးကောင်က ကျွန်တော့်ကို တိုက်ခိုက်ခဲ့တယ် ... သူကို သတ်ပေးပါ ...”

လူငယ် အစေခံက ဟူရှောင်၏ ဘေးတွင် ဒူးထောက်ကာ ကျိုးကျူရှင်းကို လက်ညှိုးထိုး၍ တိုင်တန်းလိုက်သည်။ သို့သော်လည်း အစေခံ အဘိုးအိုမှာမူ ချန်းဖန်ကိုကြည့်ကာ တစ်စုံတစ်ခု လွဲမှားနေကြောင်း အကဲခတ် လိုက်မိ၏။

"ငါ မင်းတို့ကို အမိန့်ပေးလိုက်တာက ခရီးသည်တွေကို အခြား လမ်းကနေ သွားဖို့ မေတ္တာ ရပ်ခံခိုင်းတာ ... သူတို့ကို တိုက်ခိုက်ခိုင်းတာ မဟုတ်ဘူး ...”

ဟူရှောင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

အစေခံ လူငယ်မှာ ကြောက်လန့် ဆွံ့အသွားကာ အစေခံ အဘိုးအို၏ မျက်နှာမှာလည်း ဖြူရော်သွား၏။

"အခု မင်းတို့က ဟူမိသားစုရဲ့ နာမည်ကိုဖျက်ပြီး အပြစ်မဲ့တဲ့ လူတွေကို တိုက်ခိုက်တယ် ...  မင်းတို့ သေသင့်တယ်"

ဟူရှောင်က စကားဆုံးသည်နှင့် လက်တစ်ဖက်ကို လှုပ်ယမ်းလိုက်ရာ အစေခံ နှစ်ယောက်မှာ သွေးမြူအဖြစ် ပြောင်းလဲသေဆုံး သွားတော့သည်။ ထို့နောက် သူက နှုတ်ခမ်းတွင် အပြုံးကို ပြန်လည် ဝတ်ဆင်ကာ ချန်းဖန်အား ကြည့်လိုက်သည်။

"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား ... ခင်ဗျား အခု ကျေနပ်ပြီလား"

"အင်း ...”

ချန်းဖန်က ခေါင်းညိတ်ကာ ရထားလုံးပေါ်သို့ တက်ရန် ပြန်လည် ဟန်ပြင်လိုက်သည်။ သူ၏ အမူအရာက ဟူရှောင်နှင့် အနည်းငယ်ပင် အချိန်ဖြန်းလိုပုံ မရချေ။

ချန်းဖန် ထွက်ခွာတော့မည်ကို မြင်ရာ ဟူရှောင်မှာကျိတ်၍ နှာခေါင်းရှုံ့လိုက်၏။ ခရမ်းရောင် လနတ်သမီးကမူ အလျင်လိုစွာ အော်ဟစ်လိုက်သည်။

"မဟာ သမားတော်လေး ... ခဏလောက် စောင့်ပါဦး ... ကျွန်မ အကူအညီတစ်ခု တောင်းချင်လို့ပါ"

"မင်းက ဝိညာဉ်ကိုးခု ကောင်းကင် ဆေးမြစ်ကို ဆေးလုံးအဖြစ် သန့်စင်ချင်နေတာ မဟုတ်လား ... စိတ်မကောင်းပါဘူး ... ငါ့မှာ အချိန်မရှိဘူး"

ချန်းဖန်က ခေါင်းခါကာ ကျိုးကျူရှင်းကိုသာ ရထားလုံးအား မောင်းရန် အမိန့်ပေး လိုက်သည်။

မကြာခင်မှာပင် ချန်းဖန်တို့၏ ရထားလုံးမှာ မိုးကုပ်စက်ဝိုင်း၌ တဖြည်းဖြည်း ဝေးကွာကာ ပျောက်ကွယ် သွားတော့သည်။

"ဘဝမြင့်နေတဲ့ကောင် ... ခရမ်းရောင် လနတ်သမီးလို နူးညံ့ဂိုဏ်းက လူကိုတောင်  သူက ဂရုမစိုက်ဘူး ... သူက မဟာသမားတော် ဖြစ်တာနဲ့ပဲ ထင်တိုင်းကြဲလို့ ရပြီ ထင်နေတာလား"

ဟူရှောင်က ဒေါသတကြီးဖြင့် နှာခေါင်းရှုံ့ လိုက်၏။ ခရမ်းရောင် လနတ်သမီးကမူ  မည်သည့် စကားမျှ မဆိုဘဲ တိတ်ဆိတ် နေခဲ့တော့သည်။

***

ချန်းဖန်တို့၏ ရထားလုံးသည် တဖြည်းဖြည်း မောင်းနှင်လာရင်း ချင်းယန် ပြည်နယ်၏ အဆုံး နယ်စပ်သို့ ရောက်ရှိ လာခဲ့သည်။ ချင်ယန်နယ်သည် ချန်းဖန်တို့ ခရီးစဉ်၏ နောက်ဆုံးသော မြေရိုင်းနယ်ဖြစ်ကာ နယ်စပ်ကို ကျော်လွန်သည်နှင့် မြောက်နတ္ထိ ကောင်းကင်နယ်ကို ရောက်ရှိမည် ဖြစ်သည်။

"ဟူး ... ဟူး ...”

ချန်းဖန်သည် မြောက်နတ္ထိနယ်သို့ ဝင်ဝင်ချင်းပင် သူ၏နံဘေးရှိ ဝိညာဉ်ချီမှာ ပို၍ ထူထပ်သွားကြောင်း သတိထား လိုက်မိသည်။ ဤနေရာရှိ ဝိညာဉ်ချီသည် ပေ့ဟန်နယ်၏ ဝိညာဉ်ချီထက် အဆများစွာ ပိုမို ထူထပ်၏။

"မြောက်နတ္ထိ ကောင်းကင်နယ်က ဒီဂြိုဟ်ရဲ့ သက်တမ်း အရှည်ဆုံး ကောင်းကင်နယ်တွေထဲက တစ်ခုပဲ ... ကောင်းကင်အရှင် မျိုးဆက်တိုင်းဟာ ဒီနယ်မြေကို တာအိုနယ် တစ်ခုအဖြစ် အသွင် ပြောင်းလဲနိုင်ဖို့ သွေးတွေ ချွေးတွေနဲ့ရင်းပြီး ကြိုးစားခဲ့ကြတယ် ... ဒါကြောင့်ပဲ မြောက်နတ္တိ ကောင်းကင်နယ်က ရတနာတွေ ဝမ်ရှင်း တန်ခိုးရှင်တွေနဲ့ ပြည့်နှက် နေခဲ့တာ ...”

ချန်းဖန်က ကြည့်လိုက်ရာ ကျင့်ကြံ ကျင့်ကြံနေပုံရသော ကောင်းကင်အရှင် တစ်ယောက်၏ ပုံရိပ်ယောင်ကို မြင်ရသည်။ ထိုသို့သော ပုံရိပ်ယောင်များမှာ တစ်ခုတည်း မဟုတ်ဘဲ နေရာတော်တော်များများ၌ ရှိနေခြင်း ဖြစ်သည်။

ထိုအရာများကား ယခင် ကောင်းကင် အရှင်များ၏ အစွမ်းထက်သော တည်ရှိမှုများ ဖြစ်ခဲ့သည်။ ထိုကောင်းကင် အရှင်များသည် သဘာဝနှင့် ပြည့်စုံစွာ ပေါင်းစပ်ကာ သူတို့၏ ပုံရိပ်ယောင်များကို ချန်ရစ် ထားခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင် အရှင်တွေက သေဆုံးသွားပြီး နောက်မှာတောင် သူတို့ရဲ့ ကျင့်စဉ်နဲ့ စွမ်းအားကို ထားရစ်ခဲ့တယ် ... မြောက်နတ္ထိ ကောင်းကင်နယ်က ဧရိယာ ကျဉ်းမြောင်းပေမဲ့ အခြားနယ်တွေကို လွှမ်းမိုးနိုင်တာ မဆန်းတော့ဘူး"

ချန်းဖန်က အထင်ကြီးသွားကာ ခေါင်းညိတ် အသိအမှတ် ပြုလိုက်သည်။

"သခင် ... မြောက်နတ္ထိ ကောင်းကင်နယ်မှာ ပြည်နယ် ဆယ့်သုံးခု ရှိတယ် ... ဘယ်တစ်ခုကို အရင် သွားမလဲ"

ထိုအချိန်မှာပင် ကျိုးကျူရှင်းက မေးလာသည်။

"ရှေးဟောင်းဆေး ပြည်နယ်ကို အရင် သွားကြတာပေါ့ ... အဲဒီ ပြည်နယ်က ဆေးပညာ အထွတ်အမြတ်မြေ တစ်ခု အနေနဲ့ ကျော်ကြားတာ ငါကြားဖူးတယ်"

ချန်းဖန်က ပြောလိုက်သည်။

ချန်းဖန်၏ ရည်ရွယ်ချက်မှာ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို လေ့ကျင့်ရန်နှင့် နတ်ဘုရား စက်ဝန်း အတွင်းရှိ ဒုတိယ အသွင်ပြောင်းခြင်းကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ ချန်းဖန်သည် နတ်ဘုရား စက်ဝန်း အသွင်ပြောင်းခြင်း ကိုးခုစလုံး မအောင်မြင်မချင်း တောင်တန်း အင်ပါယာသို့ အလောင်းအစားလုပ်ကာ သွားမည် မဟုတ်ချေ။

"ကောင်းပါပြီ ...”

ကျိုးကျူရှင်းက ခေါင်းညိတ်ကာ ရထားလုံးအား ရှေးဟောင်းဆေး ပြည်နယ်သို့ ဦးတည် လိုက်၏။

လမ်းတစ်လျှောက်၌ ချန်းဖန်တို့သည် များစွာသော ဝမ်ရှင်း တန်ခိုးရှင်များကို တွေ့မြင်ကြရသည်။ သူတို့ စီးနင်းနေသော တန်ဖိုးကြီး ယာဉ်များ၊ သားရဲများနှင့် နှိုင်းယှဉ်ပါက ချန်းဖန်၏ မီးနက်မြင်းနှင့် အနက်ရောင် မြင်းလှည်းလေးမှာ များစွာ ထင်ပေါ်ခြင်း မရှိတော့ချေ။

ချန်းဖန်သည် လမ်းတစ်လျှောက်၌ မျက်လုံးကိုသာပိတ်၍ လိုက်ပါ လာခဲ့၏။ ကျိုးကျူရှင်းမှာမူ အမျိုးမျိုး ဆန်းကြယ်သော သားရဲများ၊ ယာဉ်များကို ကြည့်ကာ အံ့ဩတကြီး စူးစမ်း နေတော့သည်။

"ဟူး ...”

အချိန်များစွာ ကြာမြင့်ပြီးနောက် ရထားလုံးသည် တောင်တန်းတမျှ ကြီးမားသော ဆေးအိုးကြီး တစ်ခု အရှေ့သို့ ရောက်ရှိ လာခဲ့သည်။

သူတို့ကား နောက်ဆုံး၌ ရှေးဟောင်းဆေး ပြည်နယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters