← Chapters

ဆေးပညာ အစည်းအရုံး စာမေးပွဲ

Vol. 9 Ch. 889

ဆေးပညာ အစည်းအရုံး စာမေးပွဲ

Vol. 9 Ch. 889

ရှေးဟောင်းဆေး ပြည်နယ်သည် မြောက်နတ္ထိ ကောင်းကင်နယ်၏ ပြည်နယ်တစ်ခု ဖြစ်သည်။ ဆေးမြို့တော်သည် ရှေးဟောင်းဆေး ပြည်နယ် မြို့တော်ဖြစ်ပြီး မျှော်စင် ဆေးအိုးကြီးသည် ၎င်း၏ အထင်ရှားဆုံး အမှတ်အသား ဖြစ်သည်။

ငှက်သားရဲ တစ်ကောင်၏ ကျောပေါ်တွင် ထိုင်နေသော အသက် ရှစ်နှစ်အရွယ် ကောင်မလေးက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"ကြီးလိုက်တဲ့ ဆေးအိုးကြီး ... တောင်တစ်လုံး ထက်တောင် ပိုမြင့်ဦးမယ် ... အဲဒါက တကယ်ကြီး သုံးလို့ရလို့လား အဘိုးရဲ့ ...”

"သုံးလို့ ရတာပေါ့ ... အဲဒါကမှ တကယ့် ကောင်းကင် ဆေးအိုးလေ ... ဒီဆေးအိုးက ရှေဟောင်းဆေး ကောင်းကင် အရှင်ရဲ့ ဓမ္မရတနာ ဖြစ်ခဲ့တာပေါ့ ... လွန်ခဲ့တဲ့ နှစ်တွေအတွင်း မရေမတွက်နိုင်တဲ့ ကောင်းကင် အရှင်တွေဟာ ဆေးအိုးကြီးကို ယူဖို့ ကြိုးစားခဲ့ကြတယ် ... ဒါပေမဲ့ ဘယ်သူမှ တစ်လက်မ ရွေ့အောင် မလုပ်နိုင်ခဲ့ကြဘူးလေ ... ဒဏ္ဍာရီတွေ အရဆို ကောင်းကင် သမားတော်တွေပဲ အဲဒီ ဆေးအိုးကို အသုံးပြု နိုင်လိမ့်မယ်တဲ့"

မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုက ရှင်းပြလိုက်၏။

"အဘိုး ... ကောင်းကင် သမားတော် ဆိုတာဘာလဲ ... အဘိုးကရော ကောင်းကင် သမားတော်လား"

မိန်းကလေး သိချင်စိတ် ပြင်းပြစွာ ထပ်မေးလိုက်သည်။

"ကောင်းကင် သမားတော်တွေက မဟာ သမားတော်တွေထက် ပိုပြီး အစွမ်းထက်ကြတယ် ... သူတို့ကို ဆေးပညာရဲ့ ကောင်းကင် သခင်တွေလို့လည်း ခေါ်ကြတယ် ... ကောင်းကင်နယ် တစ်ခုလုံးမှာတောင် ကောင်းကင် သမားတော် အရေအတွက်က အနည်းငယ်ပဲ ရှိတာလေ ... အဘိုးကတော့ အခုမှ မဟာ သမားတော်ပဲ ဖြစ်သေးတယ် ... ကောင်းကင် သမားတော် ဖြစ်လာဖို့ ဝေးကွာတုန်းပါပဲ"

အဘိုးကြီးက ပြုံးရင်း အေးဆေးစွာ ရှင်းပြလိုက်သည်။

"ဒါဆိုအဘိုး ... မြောက်ဘက် မြေရိုင်းနယ်မှာ ကောင်းကင် သမားတော်တွေ မရှိဘူးပေါ့ ဟုတ်လား ...”

မိန်းကလေးက နှုတ်ခမ်းကို ကိုင်ရင်း မေးလိုက်ပြန်၏။

"အင်းပေါ့ ... ဆေးပညာ အစည်းအရုံးရဲ့ ခေါင်းဆောင်ပဲ အဲဒီလို ဘွဲ့ထူးကို ပိုင်ဆိုင်ဖို့ အလားအလာ ရှိတယ် ... ဒါပေမဲ့ အစည်းအရုံး ခေါင်းဆောင်က ဆေးမဖော်စပ်တာ နှစ်ရာချီ နေပြီ ... အခုဆိုရင် သူ ဘယ်လောက် ကျွမ်းကျင်နေပြီလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး ...”

အဘိုးအိုက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။

"ဒီနှစ် အစည်းအရုံး စာမေးပွဲမှာ ငါ့မြေး အဆင့်သုံးကို ရောက်အောင် ကြိုးစားရမယ်နော် ... တကယ်လို့ မြေးလေးသာ သမားတော် တစ်ယောက် ဖြစ်မလာရင် ရှေးဟောင်းဆေး ပြည်နယ်မှာ အနာဂတ် ရှိတော့မှာ မဟုတ်ဘူး ...”

"နားလည်ပါပြီ အဘိုး ...”

ကောင်မလေးက နာခံစွာပင် ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်း၌ အနက်ရောင် ရထားလုံးထဲတွင်လည်း အခြား စကားဝိုင်းတစ်ခု ဖြစ်ပေါ် နေခဲ့သည်။

"သခင် ... ပြည်နယ် ရှစ်ခုမှာ ရှေးဟောင်းဆေး ပြည်နယ်က အချမ်းသာဆုံးပဲ ... ကောင်းကင် အရှင် ရှေးဟောင်းဆေး လက်ထက်ကတည်းက ဒီပြည်နယ်က ဆေးပညာ အစည်းအရုံးရဲ့ ပိုင်နက် ဖြစ်ခဲ့တာ ... အစည်းအရုံးက မြောက်နတ္ထိနယ် အပြင် မြေရိုင်းနယ် ဆယ့်ခုနစ်ခုရဲ့ သမားတော်တွေ အားလုံးကို လွှမ်းမိုးနိုင်တယ် ... ဆေးမြို့တော်ထဲမှာ သမားတော်တွေရဲ့ အဆင့်အတန်းက ကျင့်ကြံသူတွေထက် ပိုပြီး မြင့်မားတယ်"

ကျိုးကျူရှင်းက ဖြည်းညင်းစွာ ရှင်းပြ နေခဲ့သည်။

သူသည် ပေ့ဟန်နယ်၏ အရှင်ဖြစ်ပြီး နှစ်နှစ်ထောင်ကျော် အသက်ရှင်ခဲ့ရာ မြောက်နတ္ထိ နယ်၏ အကြောင်းအရာ အစုံကို သိရှိထားသည်။

"အဲဒီလိုကိုး ...”

ချန်းဖန်က ခေါင်းညိတ်ကာ ကောင်းကင် ဆေးအိုးကြီးကို ကြည့်လိုက်၏။

"ကဲ အရင်ဆုံး ဒီည နားဖို့ နေရာတစ်ခု ရှာကြတာပေါ့"

ချန်းဖန်ကဆိုကာ မြို့တော် အတွင်းသို့ ဦးတည် လိုက်တော့သည်။

ဆေးမြို့တော်သည် အရွယ်အစား အလွန် ကြီးမား၏။ ကောင်းကင် ဆေးအိုးကြီးသည် မြို့တော် နံရံများ၏ အပြင်တွင် သလင်း တောင်တန်းကြီးအလား ရပ်တည်နေခဲ့သည်။

မြို့တော်နံရံ အတွင်းဘက်တွင်မူ မရေမတွက်နိုင်သော အရွယ်စုံ မျှော်စင်များ ရှိသည်။ ကျိုးကျူရှင်းက ထိုအရာများကို ဆေးမျှော်စင်များဟု ပြောပြသည်။ ဆေးပညာ အစည်းအရုံး၏ အသိအမှတ်ပြု ခံထားရသော ဆေးပညာရှင် သမားတော်များသာ ဆေးမျှော်စင်များကို ပိုင်ဆိုင် နိုင်ကြသည်။

ချန်းဖန်တို့သည် လမ်းတစ်လျှောက်၌ ဆေးဆိုင်များစွာကို တွေ့မြင်ရသည်။ ဆိုင် တစ်ခုချင်းစီတွင် ခင်းကျင်း ပြသထားသော ဆေးများ၊ ဆေးပင်များမှာ ပေ့ဟန်နယ် ရွှေရောင် ကျီးကန်း ဆေးဆိုင်ကိုပင် အရှက် ရစေလောက်၏။ လမ်းဘေး ဆေးဆိုင်များပင် ရတနာဆေးများကို ရောင်းချ နေကြသည်။ သို့သော်လည်း ချန်းဖန်သည် ယခုထိ နတ်ဘုရား အဆင့်ဆေး တစ်လုံးကိုပင် မတွေ့ရသေးချေ။

"နတ်ဘုရား အဆင့်ဆေးတွေက အရမ်း ရှားပါးတယ် ... အမြင့်ဆုံးအဆင့် ကောင်းကင် သမားတော်တွေပဲ အဲဒါတွေကို ဖန်တီးနိုင်တာလေ"

ကျိုးကျူရှင်းက အလိုက်သင့်ပင် ရှင်းပြလိုက်သည်။

"ဒါနဲ့ သမားတော်တွေကို အဆင့်တွေ ခွဲထားတာလား ...”

ချန်းဖန်က စိတ်ဝင်စားစွာဖြင့် ထပ်မေးလိုက်၏။

"ဒါပေါ့ ... ဆေးပညာ အစည်းအရုံးက သမားတော် တစ်ယောက်ဖြစ်ဖို့ အဆင့်ကိုးခု သတ်မှတ်ထားတယ် ... အဆင့်ကိုးကတော့ အမြင့်ဆုံးပေါ့ ... အဆင့်ကိုးခုကို ကျော်ဖြတ်နိုင်တဲ့ ဘယ်သူကိုမဆို ဆေးသမားတော်လို့ ခေါ်တယ် ... သူတို့က အဆင့်မြင့် ဝိညာဉ်ဆေးတွေကို ဖန်တီးနိုင်စွမ်း ရှိကြတယ်လေ ... ဆေးသမားတော်ထက် အဆင့်တစ်ဆင့် မိုမြင့်တဲ့ မဟာ သမားတော် တွေကတော့ ရတနာဆေးတွေကို ဖန်တီးနိုင်ကြတယ် ... သခင် အနိုင်ယူခဲ့တဲ့ သမားတော် သုံးယောက်က မဟာ သမားတော်တွေလေ ...”

ကျိုးကျူရှင်းက ခဏမျှရပ်ကာ ဆက်ပြောလိုက်သည်။

"မဟာ သမားတော်ရဲ့ အထက်မှာတော့ ကောင်းကင် သမားတော်တွေ ရှိတယ် ... သူတို့က အရမ်း ရှားပါးပြီးတော့ ကောင်းကင် အရှင်တွေလိုပဲ အစွမ်းထက်ကြတယ် ... ကျုပ် အထင် ဒီမြို့မှာ အစွမ်း အထက်ဆုံးက မဟာ သမားတော်တွေပဲ ဖြစ်လိမ့်မယ်"

"အင်း ...”

ချန်းဖန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။ သူ့အတွက် ကောင်းကင် သမားတော် များမှာ ဘာမှ မဟုတ်ချေ။ သူ၏ ဆေးပညာသည် တာအို ဖွဲ့စည်းခြင်း အဆင့်၌သာ ရှိသည့်တိုင် ထိုအရာကပင် ထျန်းဟောင်ဂြိုဟ်ကို လွှမ်းမိုးရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်တို့သည် တည်းခိုခန်းသို့ မသွားခင် မြို့တော်သို့ တစ်ပတ်ပတ်ကာ ကြည့်ရှုလိုက်သည်။

"အဆင့်မြင့် ဝိညာဉ်အဆင့် ကုန်းယုမြက် ... ဒါက ဝိညာဉ် နူးညံ့နတ်ဘုရား အဆင့်ဆေး လုပ်တဲ့ နေရာမှာ အသုံးဝင်တယ် ... ငါ ဒါကို မတွေ့တာ ဘယ်လောက် ကြာပြီလဲ"

"စဦး ရတနာ အဆင့် နဂါးသွေး သစ်ပင် ... ဒါက ခန္ဓာကိုယ် အပြင်အားကို မြှင့်တင်တဲ့ နေရာမှာ သုံးတယ်"

"ရတနာ အလယ်ဆင့် စန့်ရှန်း သစ်သီး ...”

ဆေးမြို့တော်ကား ချန်းဖန်အတွက် ရတနာ သိုက်ကြီး တွေ့လိုက်ရသည့် အလားပင်။ ချန်းဖန်သည် ပြန်လည် မွေးဖွားလာချိန်မှ စ၍ ထိုမျှ များပြားသော ဝိညာဉ် ဆေးပင်များကို မမြင်ခဲ့ရချေ။

"အရမ်း ကောင်းတယ် ... အရမ်း ကောင်းတယ် ...”

ချန်းဖန်၏ မျက်နှာကား ပန်းပွင့်နေခဲ့ပြီ ဖြစ်လေသည်။

သူသည် ကမ္ဘာနှစ်ခု ဆုံမှတ် အတွင်း၌ နတ်ဘုရား အဆင့်ဆေးပင် အချို့ကို ရရှိခဲ့သည်။  သို့သော်လည်း နတ်ဘုရား အဆင့်ဆေး ပြုလုပ်ရန် အတွက်မှာ နတ်ဘုရား အဆင့် ဆေးပင်အပြင် မတူညီသော ဝိညာဉ် ဆေးပင်များစွာ လိုအပ်သည်။

ထို့ကြောင့်ပင် ချန်းဖန်သည် နတ်ဘုရား အဆင့်ဆေးပင် အများစုကို သိမ်းဆည်း ထားခဲ့ကာ တစ်ခုကိုသာ အခြား ဝိညာဉ် ဆေးပင်များနှင့် ပေါင်းစပ်ပြီး အမတေ ပေါင်းစည်းဆေး တစ်အိုး ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။

"သူဌေး ... နတ်ဘုရား အဆင့်ဆေးပင်တွေရော ဘယ်မှာဝယ်လို့ ရနိုင်မလဲဗျ ...”

ချန်းဖန်က လမ်းဘေးဆိုင်ရှင် တစ်ယောက်ထံ စုံစမ်း ကြည့်လိုက်၏။

"သခင်လေး ... ခင်ဗျားက နတ်ဘုရား အဆင့်ဆေး လာရှာတာ ဆိုရင်တော့ နေရာ မှားနေပြီဗျ ... ကောင်းကင်အရှင် မိသားစုကြီးတွေ ဂိုဏ်းကြီးတွေနဲ့ ကုန်သည် လုပ်ငန်းကြီးတွေမှာ သွားရှာသင့်တယ် ... ကျုပ်ရဲ့ ဆိုင်သေးသေးလေးမှာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

ဆိုင်ရှင်က အနည်းငယ် ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဆေးပညာ အစည်းအရုံးမှာရော ရှိနိုင်လား ...”

ချန်းဖန်က မေးလိုက်၏။

ဆိုင်ရှင်က ခေါင်းညိတ်လိုက်သည်။

"သေချာတာပေါ့ ... ဆေးပညာ အစည်းအရုံးက မြောက်နတ္ထိနယ်ရဲ့ သက်တမ်း အရင့်ဆုံးနဲ့ အစွမ်းအထက်ဆုံး ဂိုဏ်းကြီး တစ်ခုပဲလေ ...”

"ကျေးဇူးပါပဲ ...”

ချန်းဖန်က ဆိုင်ရှင်ထံမှ တန်ဖိုးကြီး ဆေးပင်အချို့ ဝယ်ယူကာ ကျေးဇူးတင်ကြောင်း ပြသလိုက်၏။ ထို့နောက် သူက ဆေးပညာ အစည်းအရုံးသို့ သွားရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။

ဆေးပညာ အစည်းအရုံး ဌာနချုပ်သည် ကြီးမားသော ကျောက်တုံး မျှော်စင်ကြီး တစ်ခုဖြစ်ကာ မြို့လယ်တွင် တည်ရှိ၏။ များစွာသော ကောင်းကင် အစီအရင်များသည် ၎င်း၏ နံရံများထက်၌ လင်းလက်နေ၏။ ထိုအရာများကား ကောင်းကင် အရှင် ရှေးဟောင်းဆေး ထားခဲ့သော အရာများဖြစ်ကာ ချန်းဖန်ကိုပင် တားဆီးနိုင်သည် အထိ အစွမ်းထက်သည်။

"ချောင်းပြီး ဝင်လို့မရဘူး ဆိုတော့လည်း ရှေ့ဂိတ်ကပဲ ဝင်ရတာပေါ့ ... အစည်းအရုံးက ဖွင့်ထားမှာတော့ သေချာပါတယ်"

ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူတို့သည် ဆက်၍ လျှောက်လာကြရာ နံရံ၌ ကပ်ထားသော ကြော်ငြာတစ်ခုကို တွေ့လိုက်ရသည်။

"ဆေးပညာ အစည်းအရုံး စာမေးပွဲ နောက်သုံးရက်အတွင်း စတင်မည်"

ဆေးပညာ အစည်းအရုံး စာမေးပွဲသည် သမားတော်များကို မွေးထုတ်ပေးသည့် စစ်ဆေးမှု တစ်ခုဖြစ်သည်။ ၎င်းသည် သုံးနှစ်လျှင် တစ်ကြိမ်ကျင်းပကာ မိမိ၏ ကျွမ်းကျင်မှုကို စစ်ဆေးချင်သည့် မည်သူမဆို ပါဝင်နိုင်သည်။

ရှေးဟောင်းဆေး ပြည်နယ်၏ အုပ်ချုပ်သူ အနေဖြင့် ဆေးပညာ အစည်းအရုံးသည် မြောက်နတ္ထိနယ်နှင့် အခြားနယ်များကို လွှမ်းမိုးနိုင်သည်။ ဝမ်မိသားစုပင်လျှင် သူတို့အား ဆန့်ကျင်ရန် နှစ်ခါပြန် စဉ်းစားရလိမ့်မည် ဖြစ်သည်။

***

သုံးရက်ကြာပြီးနောက်၌ ... ကြီးမားသော လူအုပ်ကြီး တစ်ခုသည် ဆေးပညာ အစည်းအရုံး၏ ဝင်ပေါက်၌ စုစည်း နေခဲ့၏။ ထိုအထဲမှ အများစုမှာ မြောက်နတ္ထိနယ်၏ ဆေးပညာရှင်များ ဖြစ်ကာ အချို့မှာမူ အခြား မြေရိုင်းနယ်များမှ ဖြစ်သည်။

"ဘုန်း ...”

ထို့နောက် အစည်းအရုံး ခေါင်းဆောင် ဆေးသခင်သည် ပေါ်လာကာ အစီအရင် တစ်ခုကို အသုံးပြု၍ ကြီးမားသော စင်မြင့်ကြီး တစ်ခုကို ဆင့်ခေါ်လိုက်၏။ စာမေးပွဲသည် ထိုစင်မြင့်ကြီးပေါ်တွင် ကျင်းပလိမ့်မည် ဖြစ်သည်။

"ဒီနှစ် စာမေးပွဲကို ဆေးသခင်လေး စီတုချန်းလည်း ဝင်ပြိုင်မယ် ကြားတယ် ...”

"တကယ်လား ... စီတုချန်းက ရှေးဟောင်းဆေး ပြည်နယ်ရဲ့ အတော်ဆုံး ပါရမီရှင်ပဲ ... သူက အသက် နှစ်ဆယ်တည်းနဲ့ အဆင့်ကိုးကို ကျော်ဖြတ် နိုင်ခဲ့တာ ... လူတွေကတောင် သူ့ကို တစ်နေ့မှာ ဆေးသခင်လို အစွမ်းထက် လာမယ်လို့ သတ်မှတ်ထားတယ် ... ဒါကြောင့်ပဲ သူ့ကို ဆေးသခင်လေးလို့ ခေါ်ကြတာလေ ... ငါ့ အထင် သူက ဆေးသမားတော် ဖြစ်ပြီးနေပြီ မလား ... သူက ဒီစာမေးပွဲကို ဘာလာလုပ်တာလဲ"

"သူတင် မဟုတ်ဘူး ... ဝူမိသားစုရဲ့ ဆေးပါရမီရှင် ဝူချင်းယန်၊ မဟာ သမားတော် ရွှမ်ဟယ်ရဲ့ တပည့် ကျန်းဟန်၊ ချင်းယန် ပြည်နယ်ရဲ့ နာမည်ကျော် ရန်ဝူဝမ်တို့ပါ ဝင်ပြိုင် ကြမှာလေ ... ငါကြားရသလောက်ဆို ဒီနှစ်မှာ အစည်းအရုံး ခေါင်းဆောင်နဲ့ အကြီးအကဲတွေက တပည့် ရွေးချယ်မှာတဲ့ ... ဒါကြောင့်ပဲ သူတို့က ဝင်ပြိုင်ကြတာ"

များစွာသော လူများမှာ ဆူညံစွာ ပြောဆို နေကြသည်။

ထိုအချိန်၌ ချန်းဖန်သည် လူအုပ်အကြား၌ ရှိနေခဲ့သည်။ သူသည် ဘေးဘီသို့ အကဲခတ် ကြည့်ရာ သီးသန့်ဆန်စွာ ရပ်နေသော အုပ်စုငယ်တစ်ခုကို တွေ့ရ၏။ ထိုအုပ်စုရှိ လူများ၏ မျက်နှာများက အေးစက်ကာ အမူအရာ ကင်းမဲ့နေသည်။ အခြားလူများမှာ သူတို့ အနားသို့ ယောင်၍ပင် မကပ်မိစေရန် သတိထား နေကြ၏။

ချန်းဖန်က ခေါင်းခါကာ စင်မြင့် ရှိရာဘက်သို့သာ လှည့်လိုက်သည်။ ဆေးပညာ အစည်းအရုံး စာမေးပွဲက မကြာခင် စတင်တော့မည် မဟုတ်ပါလား။

***

All Chapters