← Chapters

ခုနစ်ကြိမ် ဆက်တိုက် အောင်မြင်ခြင်း

Vol. 9 Ch. 890

ခုနစ်ကြိမ် ဆက်တိုက် အောင်မြင်ခြင်း

Vol. 9 Ch. 890

အစည်းအရုံး ခေါင်းဆောင်နှင့် အကြီးအကဲများ ရောက်ရှိ လာပြီးနောက် ဆေးပညာ အစည်းအရုံး စာမေးပွဲကား နောက်ဆုံးတွင် စတင်တော့မည် ဖြစ်သည်။

ဆေးပညာ အစည်းအရုံး စာမေးပွဲသည် အနိမ့်ဆုံး စစ်ဆေးမှုမှ စတင်၏။ ချန်းဖန်သည် တစ်ခါမျှ စာမေးပွဲ ဝင်မဖြေဖူးရာ အဆင့်တစ်မှ စတင်၍ ဖြေဆိုရမည် ဖြစ်သည်။ စာမေးပွဲ စစ်ဆေးသူက သူ၏ အမည်ကိုခေါ်ပြီးနောက် ချန်းဖန်သည် စင်မြင့်ပေါ်သို့ တက်လိုက်၏။

ချန်းဖန်နှင့်အတူ ဖြေဆိုမည့် လူအားလုံးမှာ ငယ်ရွယ်သော ကလေးများ ဖြစ်သည်။ ထိုအရာက သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်ရာ သူတို့၏ မျက်နှာများမှာ နီရဲကာ နဖူးများမှာလည်း ချွေးများဖြင့် စိုရွှဲနေ၏။ ကလေးများ အကြား၌ ချန်းဖန်မှာ ခေါင်းတစ်လုံး သာမက အရပ် သုံးဆခန့် မြင့်မားနေရာ အားလုံး၏ အာရုံစိုက်မှုကို ခဏအတွင်း ဆွဲဆောင်နိုင်လိုက်သည်။

"ဟိုကိုကြည့်ကြဟေ့ ... အဲဒီတစ်ယောက်က သူ့အသက်ကြီးနဲ့ ကလေးတွေကြားမှာ ဘာဝင်လုပ် နေတာလဲ ... မရှက်ဘူးလား မသိဘူး"

တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအခါ များစွာသော လူများက သတိထားမိသွားကာ လှောင်ပြောင် ရယ်မောလိုက်ကြသည်။

"ဘယ်လောင်တောင် ကြိုးစားလိုက်သလဲ ... သူက ပါရမီ မရှိတာတောင် အခု အရွယ်ထိ အလျှော့မပေးသေးဘူး"

အဆင့်ငါး ဆေးပညာရှင် တစ်ယောက်က အားရပါးရ ချီးကျူးလိုက်၏။

မဟာ သမားတော် ရွှမ်ဟယ်၏ တပည့် ကျင်းဟန်ကမူ ပြုံးတုံ့တုံ့ အမူအရာဖြင့် ခေါင်းခါ လိုက်သည်။

"ဒီစာမေးပွဲမှာ သူ့လို ဗရုတ်သုတ်ခ နိုင်တဲ့သူကို တွေ့ရမယ်လို့ ငါ တကယ်ပဲ ထင်မှတ် မထားခဲ့ဘူး ... ရောင်းရင်း ကျန်းတု ... ပထမဆုံး စာမေးပွဲကို ဝင်ဖြေတုန်းက ငါတို့ အသက်က ခုနစ်နှစ်ပဲ ရှိသေးတယ် ထင်တယ် ... ဟုတ်တယ်မလား"

"ဟမ့် ... သူက လုံးဝကို သုံးစား မရတဲ့လူပဲနေမှာ ... ငါ ဆိုရင် အဆင့်သုံး စာမေးပွဲကို အောင်မြင်ဖို့ သုံးနှစ်လောက်ပဲ လေ့လာလိုက်ရတယ် ... သူက အခု အရွယ်ထိ အဆင့်တစ်ကို မအောင်မြင်သေးဘူး ဆိုတော့ အနာဂတ်ရှိမှာ မဟုတ်တော့ဘူး"

ဆေးသခင်လေး စီတုချန်းက အေးစက်စွာဖြင့် ဆိုလိုက်၏။

ထိုအခါ သူ၏ဘေးတွင် ရပ်နေသော ဝူချင်းယန်က လှပစွာ ပြုံးလိုက်သည်။

"အစ်ကိုစီတုက ရှားပါးတဲ့ ပါရမီရှင်လေ ... သူ့ကို အစ်ကိုစီတုနဲ့ ယှဉ်ပြီး ပြောတာ ဘယ်တရားပါ့မလဲ ... ငါ့ အထင်ပြောရရင် သူ့ရဲ့ စိတ်ရှည်မှုနဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုက အံ့မခန်းပဲ ... နတ်ဘုရားတွေက မျှတပါတယ် ... သူက တစ်နေ့မှာ ငါတို့ထက် ပိုပြီး အစွမ်းထက်တဲ့သူ ဖြစ်ချင် ဖြစ်လာမှာ"

"ဟမ့် ...”

စီတုချန်းက နှာခေါင်းရှုံ့ကာ တိတ်ဆိတ်သွား၏။

ထိုအချိန်၌ ချန်းဖန်နှင့် ကလေးများကား စာမေးပွဲဖြေရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

အဆင့်တစ် စာမေးပွဲသည် ရိုးရှင်း၏။ သူတို့သည် ဆေးအိုးကို သုံး၍ ဆေးအမယ် သုံးခုကို ရောစပ်ကာ အမတေ စုစည်းခြင်းဆေး ဖော်စပ်ရမည် ဖြစ်သည်။ အကယ်၍ အမတေ စုစည်းခြင်းဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ပါက စာမေးပွဲဖြေသူမှာ အောင်မြင်မည် ဖြစ်သည်။

အမတေ စုစည်းခြင်းဆေးသည် အခြေခံ အကျဆုံးသောဆေး ဖြစ်သည်။ ဆေးပညာကို မလေ့လာသည့် ကျင့်ကြံသူများပင် ထိုဆေးကို ဖော်စပ် တတ်ကြသည်။

"ဟူး ...”

ချန်းဖန်က လေပူတစ်ချက် မှုတ်ထုတ်ကာ ပတ်ဝန်းကျင်ကို အကဲခတ် လိုက်၏။ ထိုအချိန်၌ ဘေးနားရှိ ကလေးများမှာ ဆေးအိုးကို စတင်ကာ အပူပေးနေကြပြီ ဖြစ်သည်။

ချန်းဖန်သည် ကလေးများကို အတုခိုးကာ စတင် အပူပေးလိုက်၏။ သို့သော်လည်း သူ၏ ကိုးရိုးကားရားနိုင်သော လှုပ်ရှားမှုများက စာမေးပွဲ စစ်ဆေးသူကို ပြုံးတုံ့တုံ့ ဖြစ်သွားစေသည်။

အချို့ ကြည့်ရှုသူများက စင်အောက်မှ နေ၍ အော်ဟစ်လိုက်ကြ၏။

"ဟေး ... ကောင်လေး မင်းက ဘယ်သူလဲ ... မိစ္ဆာ ဒေသက သူလျှိုလား ... မင်း ဆေးပညာကို လေ့လာထားတယ် ဆိုရင် ဘာလို့ ကလေးတွေ လုပ်တာ လိုက်ပြီး အတုခိုး လုပ်နေတာလဲ"

ထိုအချိန်၌ ချန်းဖန်ကမူ စိတ်ညစ်နေခဲ့ပြီ ဖြစ်သည်။

သူသည် ဆေးဖော်စပ်တိုင်း အစစ်အမှန် မီးတောက်၊ ဝိညာဉ် မီးတောက်များဖြင့်သာ ဖော်စပ် ခဲ့သည်။

သို့သော်လည်း ကလေးများမှာမူ ထိုမီးတောက်များ မရှိရာ အစည်းအရုံးက ထောက်ပံ့ပေးသော ကမ္ဘာ မီးတောက်ကို သုံး၍ ဆေးအိုးအား အပူပေး ကြရသည်။ ယခု၌ ချန်းဖန်သည်လည်း ကလေးများ နည်းတူ လိုက်လံ ပြုလုပ်ရခြင်း ဖြစ်ရာ ထိုအရာက သူ့အားများစွာ စိတ်ရှုပ်ထွေးစေသည်။

"ထျန်းဟောင်ဂြိုဟ်မှာ ဆေးဖော်စပ်ရတာ ဒီလောက် ဒုက္ခများမယ်လို့ ငါ မထင်ထားခဲ့ဘူးကွာ ...”

ချန်းဖန်က ခေါင်းကို ခါလိုက်သည်။ နှိုင်းယှဉ် ရပါက ထျန်းဟောင်ဂြိုဟ်၏ နည်းစနစ်များမှာ သူ တတ်မြောက်ထားသော နည်းစနစ်များ၏ နောက်၌ နှစ်တစ်ထောင်ခန့် ပြတ်ကျ ကျန်နေခဲ့သည်။

"ဟူး ...”

မီးတောက်လောင်အောင် ပြုလုပ်ပြီးနောက် ချန်းဖန်ကထိုင်ကာ ခဏနားလိုက်၏။ သူက ဘေးသို့ အကဲခတ် ကြည့်လိုက်ရာ မိန်းကလေး တစ်ယောက်မှာ မီးမွှေးရန် ရုန်းကန် နေရသည်ကို သတိထား လိုက်မိသည်။ သူမကား စိတ်ဖိစီးမှုကြောင့် မျက်ရည်များပင် ကျနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်က သူမအား နတ်ဘုရား စိတ်အာရုံကို သုံး၍ စကားပြောလိုက်၏။

"နင် တတိယ ဓမ္မစည်းကို ပြုလုပ်တဲ့ အခါမှာ နင့်ရဲ့လက်မကို နည်းနည်းလေး အားစိုက် လုပ်လိုက် ...”

"ဟမ် ...”

မိန်းကလေးမှာ အသံကြောင့် အလန့်တကြား ဖြစ်သွား၏။  သူမက ချန်းဖန်အား ပါးစပ် အဟောင်းသားဖြင့် ကြည့်ကာ လျင်မြန်စွာ ခေါင်းအား ငုံ့လိုက်သည်။

စာမေးပွဲအတွင်း နတ်ဘုရား စိတ်အာရုံ အသုံးပြုခြင်းကို တားဆီးထားသည်။ အကယ်၍ စာမေးပွဲ စစ်ဆေးသူသာ သိသွားပါက သူတို့ နှစ်ယောက်စလုံး စာမေးပွဲမှ အထုတ်ခံရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ စွမ်းအင်အဆင့်က မြင့်မားရာ နတ်ဘုရား စိတ်အာရုံ အသုံးပြုခြင်းကို မည်သူမျှ သတိမထားမိ လိုက်ချေ။

ချန်းဖန်၏ ညွှန်ပြမှုအတိုင်း လိုက်နာကာ နောက်ဆုံး၌ မိန်းကလေးမှာ မီးမွှေး နိုင်ခဲ့သည်။ သူမက ချန်းဖန်အား ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။

စာမေးပွဲ ပြီးဆုံးပြီးနောက် စာမေးပွဲ စစ်ဆေးသူမှာ ချန်းဖန်၏ အမတေ စုစည်းခြင်း ဆေးကို စစ်ဆေးကာ အဆင့် အနိမ့်ဆုံးဖြင့် နောက်တစ်ဆင့်သို့ တက်ခွင့် ပြုလိုက်သည်။ ထိုအချိန်မှ စ၍ ချန်းဖန်ကား အဆင့်တစ် သမားတော် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အဆင့်နှစ် စာမေးပွဲသို့ ရောက်ပြီးနောက် ချန်းဖန်သည် ပထမအဆင့်မှ ကောင်မလေးနှင့် ထပ်မံ တွေ့ဆုံ ပြန်၏။  အပြန်အလှန် စကားပြော ကြပြီးနောက် ကောင်မလေး၏ နာမည်မှာ ကျို့ကျို့ ဖြစ်ကြောင်း ချန်းဖန် သိလာရသည်။ သူမသည် တုန်းယန်မြို့မှ ဖြစ်ကာ သူမ၏အဘိုးနှင့် အတူ လာရောက်ခြင်း ဖြစ်သည်။ သူမ၏ အဘိုးမှာ တုန်းယန်မြို့၏ ကျော်ကြားသော သမားတော် တစ်ယောက် ဖြစ်၏။

ထို့နောက် ချန်းဖန်သည် အမတေ စုစည်းခြင်း ဆေးသုံးလုံးကို ဖန်တီးကာ အဆင့်နှစ် စာမေးပွဲကို အောင်မြင် သွားပြန်သည်။

အဆင့်သုံး စာမေးပွဲမှာ အနည်းငယ် ပို၍ ခက်ခဲ၏။ ထိုအရာက ဆေးပင် တစ်မျိုးတည်းကိုသာ အသုံးပြု၍ အမတေ စုစည်းခြင်း ဆေးတစ်အိုး ဖန်တီးရန် ဖြစ်သည်။ ချန်းဖန်သည် ထိုအဆင့်ကိုမူ အနည်းငယ် အရည်အသွေးကောင်းသော အဆင့်ဖြင့် အောင်မြင်သွား၏။

ချန်းဖန် စာမေးပွဲ အဆင့်သုံးဆင့်အား ကျော်ဖြတ် သွားနိုင်သည်ကို ကြည့်ကာ လူများမှာ အံ့အားသင့် သွားကြသည်။ သူတို့သည် ပထမ စာမေးပွဲကိုပင် ဘေးနားရှိ ကလေးထံမှ အတုခိုး ဖြေရသော သူမှာ ယခု အဆင့်ပထိ ရောက်လာမည်ဟု ထင်မှတ် မထားခဲ့ချေ။

"သူ အဆင့်လေးကို မအောင်မြင်ဘူးလို့ ငါ လောင်းရဲတယ်ကွာ ...”

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ဆေးပညာရှင်က အော်ဟစ်လိုက်သည်။ သူက တစ်ဆက်တည်း ဝိညာဉ် ကျောက်တုံး ငါးရာကို မြေပြင်ပေါ် ပစ်ချလိုက်၏။ သို့သော်လည်း မည်သူမျှ သူနှင့် မလောင်းရဲကြချေ။ တစ်ခဏ ကြာပြီးနောက်မှ လောင်းကစားသမား အချို့က သူနှင့်လာ၍ လောင်းလိုက် ကြသည်။

"အစ်ကိုကြီး ... သမီး တကယ်ပဲ အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် ... ဒါနဲ့ အစ်ကိုကြီး ဆက်ပြီး ဖြေဦးမှာလား ...”

ကျို့ကျို့က ချစ်စဖွယ် အသံလေးဖြင့် ချန်းဖန်အား မေးလိုက်သည်။

"အင်းပေါ့ ...”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

"ကောင်းတယ် ... ဒါဆို အစ်ကိုကြီးအတွက် အောင်ပွဲခံ ရဦးမှာပေါ့"

မိန်းကလေးက ပြုံးလိုက်သည်။

အဆင့်လေး စာမေးပွဲသည် ပထမ စာမေးပွဲ သုံးခုထက် ပို၍ ခက်ခဲ၏။ ဝင်ရောက် ဖြေဆိုသူ အများစုမှာ အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် အရွယ်များ ဖြစ်သည်။ သူတို့သည် ပထမ စာမေးပွဲ သုံးခုရှိ ကလေးများထက် ပို၍ အတွေ့အကြုံ ရင့်ကျက်သလို ပို၍လည်း တည်ငြိမ်ကြသည်။ အဆင့်လေး စာမေးပွဲကို အောင်မြင်သည်နှင့် သူတို့သည် အစစ်အမှန် ဆေးဆရာ သမားတော်များ အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

ယခုတစ်ကြိမ် စာမေးပွဲကို ဖြတ်ကျော်ရန် အတွက် အယ်သာ အဆင့်နိမ့် ဝိညာဉ်ဆေး ဖော်စပ်ရမည် ဖြစ်သည်။ ၎င်းသည် ခန္ဓာကို သန့်စင်ဆေးဟု နာမည် ကျော်ကြားကာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခြင်း၌ အသုံးပြုသည်။

"ဆေးအိုးကို အပူပေး ... ဆေးပင်တွေကို နေရာချ ...”

"ဝိညာဉ် ဆေးပင်ကိုးခု ... အယ်သာဆေးမြစ် ... နှစ်တစ်ရာ ပျားရည် ...”

ချန်းဖန်သည် ပထမအဆင့် သုံးဆင့်၌ သင်ကြား လေ့ကျင့်ခဲ့သည့် အတိုင်း စတင်ကာ လုပ်ဆောင်လိုက်သည်။

မူလ၌ သူသည် ထျန်းဟောင်ဂြိုဟ်၏ ဆေးဖော်စပ်ခြင်းကို နားမလည်ခဲ့သော်လည်း ယခုတွင်မူ အတော်အသင့် ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။

အခြား စာမေးပွဲ ဖြေသူများ ဖိအားများဖြင့် ရုန်းကန်နေရချိန်၌ ချန်းဖန်ကမူ သက်သောင့် သက်သာဖြင့် ရှိနေခဲ့သည်။ သူ၏ လှုပ်ရှားမှုများမှာ သေသပ်လှရကား ဆေးပညာ အစည်းအရုံး၏ အကြီးအကဲများပင် စိတ်ဝင်စား လာကြသည်။

အဆုံး၌ စာမေးပွဲ စစ်ဆေးသူက ချန်းဖန်မှာ စတုတ္ထ အဆင့်ကို အောင်မြင်သွားကြောင်း ကြေညာလိုက်၏။

"မဖြစ်နိုင်ဘူး ...”

အရပ်ရှည်ရှည် ပိန်ပိန် ဆေးပညာရှင်မှာ မြေကြီးပေါ် ပြုတ်ကျသွား၏။

"မင်းရှုံးသွားပြီ ... ဟန်ဆောင် မနေနဲ့ ပေးစမ်း ...”

သူနှင့် လောင်းထားသူများက သူ့အားဝိုင်းကာ အေးစက်စွာ ပြောလိုက်ကြ၏။ ထိုပွဲ၌ သနားစရာ ဆေးပညာရှင်မှာ ဝိညာဉ် ကျောက်တုံးသုံးထောင် ဆုံးရှုံး သွားခဲ့သည်။

"သူ အဆင့်ငါး စာမေးပွဲတော့ အောင်မြင်မှာ မဟုတ်ဘူး.."

သူက အံကြိတ်ကာ ရေရွတ်လိုက်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူသည် လောင်းကစား မလုပ်ရဲတော့ချေ။

သိပ်မကြာခင်မှာပင် အဆင့်ငါး စာမေးပွဲကား ပြန်လည် စတင်ခဲ့ပြီ ဖြစ်သည်။ ထိုအဆင့်ကို အောင်မြင်ရန်အတွက် ဖြေဆိုသူသည် အယ်သာ ဆေးတစ်အိုးကို နာရီဝက်အတွင်း ဖန်တီးရန် လိုအပ်၏။

ချန်းဖန်သည် ဆယ့်ငါးမိနစ် အတွင်းမှာပင် ထိုအဆင့်ကို အရည်အသွေးကောင်းသော ဆေးတစ်အိုး ဖန်တီးကာ ကျော်ဖြတ်လိုက်သည်။ စာမေးပွဲ စစ်ဆေးသူပင် ချန်းဖန်၏ အရည်အသွေးကို ကြည့်ကာ ဆွံ့အသွားခဲ့၏။

ထို့နောက် ...

အဆင့်ခြောက် စာမေးပွဲ ...

အဆင့်ခုနစ် စာမေးပွဲ ...

"သူ ... သူက အစောပိုင်းမှာ ပညာတွေကို လျှိုထားတာလား ...”

လူများကား ချန်းဖန်၏ အောင်မြင်မှုကို ကြည့်ကာ ဆူပွက်နေခဲ့ပြီ ဖြစ်သည်။ ကျို့ကျို့ မှာလည်း မျက်နှာတစ်ခုလုံး နီရဲသည်အထိ အော်ဟစ်အားပေး နေခဲ့၏။ သနားစရာ ဆေးပညာရှင်မှာမူ စိတ်ပျက်လက်ပျက်ဖြင့် စာမေးပွဲစင်မြင့်ကို ကျောခိုင်း သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters