← Chapters

အံ့ဩကြခြင်း

Vol. 9 Ch. 891

အံ့ဩကြခြင်း

Vol. 9 Ch. 891

သမားတော်များကို အဆင့်ကိုးခု ခွဲခြားထားကာ နောက်ဆုံး အဆင့်နှစ်ခုမှာ အောင်မြင်ရန် အခက်ခဲဆုံး ဖြစ်သည်။ ထိုအဆင့် နှစ်ခုကို အောင်မြင်သူများမှာ ဆေးသမားတော်များ ဖြစ်လာလိမ့်မည် ဖြစ်သည်။

"သူက အဆင့်ကိုးဆင့်ကို တစ်ခါတည်း ဖြတ်ကျော် မလို့လား ...”

ကျန်းဟန်မှာ ချန်းဖန်ကို ကြည့်ကာ အနည်းငယ် အထင်ကြီးသွား၏။

လူငယ် ဆေးသခင်လေး စီတုချန်းကမူ ခါတိုင်းကဲ့သို့ပင် အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။

"သူက အဆင့်ကိုးခုကို တစ်နေ့တည်း ဖြတ်ကျော်နိုင်တော့ရော ဘာထူးဆန်းလို့လဲ ... သူ ဒီနေ့မှ စာမေးပွဲ ဝင်ဖြေတာက ဆေးသခင်ရဲ့ တပည့် ရွေးမယ်ဆိုတဲ့ စကားကြောင့်ပဲ ဖြစ်မယ် ... ဘာပဲဖြစ်ဖြစ် အဲဒီနေရာက ငါပဲ ရရမယ်"

ဆေးသခင်ကား လူတိုင်း လေးစား အားကျရသူ ဖြစ်သည်။ သူ၏ တပည့်ဖြစ်ချင်သူ မည်သူမျှ မရှိချေ။

"အကိုစီးတု ... နင်က လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဆေးသမားတော် ဖြစ်နေတာ ငါသိတယ် ... မကြာခင်မှာ နင်က မဟာသမားတော် အဆင့်ကိုတောင် တက်လှမ်းနိုင်တယ် ... ဒါပေမဲ့ အဲဒါတွေက နင်ပဲ ရွေးချယ်ခံရမယ်လို့ မဆိုလိုဘူးနော် ...”

ဝူချင်းယန်က အပြုံးကလေးဖြင့် ပြောလိုက်သည်။

"ဟုတ်လား ... ဒါဆို စောင့်ကြည့်ကြသေးတာပေါ့ ...”

စီတုချန်းက အေးစက်စက် ပြန်ပြောလိုက်သည်။

အဆင့်ရှစ် စာမေးပွဲသည် အခြား စာမေးပွဲ ခုနစ်ခုထက် ပို၍ခက်ခဲ၏။ ဖြေဆိုသူသည် ထိုအဆင့်ကို ဖြတ်ကျော်ရန်အတွက် တင်းမာ ဝိညာဉ်ဆေးဟု ခေါ်သည့် ဝိညာဉ်ဆေး တစ်လုံး ဖန်တီးရမည် ဖြစ်သည်။ ထိုဆေး အမျိုးအစားသည် ဖန်တီးရ အလွန် ခက်ခဲသည်။

အဆင့်ရှစ် စာမေးပွဲကို နာမည်ကျော် ပါရမီရှင် လူငယ် တစ်ယောက်လည်း ဝင်ရောက် ယှဉ်ပြိုင်သည်။

သူ၏ အမည်မှာ လင်းမန့်ချန်း ဖြစ်ကာ ဆေးတစ်ရာဂိုဏ်းမှ ဖြစ်သည်။ သူသည် အသက် နှစ်ဆယ် အရွယ်ကပင် အဆင့်ခုနစ် စာမေးပွဲကို အောင်မြင်ခဲ့ပြီး သုံးနှစ် ကြာပြီးနောက် ယခုတစ်ကြိမ်တွင် အဆင့်ရှစ် စာမေးပွဲကို ပါဝင် ယှဉ်ပြိုင်လာခဲ့ခြင်း ဖြစ်သည်။

"ဟူး ...”

နာရီဝက်ခန့် ကြိုးစားပြီးနောက် လင်းမန်ချန်းသည် တင်းမာ ဆေးတစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။ သို့သော်လည်း ထိုအချိန်၌ ချန်းဖန်ကမူ ဆေးလုံး ဖော်စပ်ပြီးစီး၍ ချစ်စဖွယ် ကောင်မလေးကို အဖော်ပြုကာ ဝိုင်ပင် သောက်နေခဲ့ပြီ ဖြစ်သည်။

သိပ်မကြာခင်မှာပင် စာမေးပွဲ စစ်ဆေးသူ၏ ကြေညာသံ ထွက်ပေါ်လာ၏။

"အချိန်ပြည့်ပြီ ... ဖြေဆိုသူ ငါးရာ့နှစ်ဆယ်ယောက်အနက် တစ်ရာ့ ခုနစ်ဆယ် အောင်မြင်တယ် ... အဆင့်တစ်ကိုတော့ ပေ့ဟန်နယ်က သမားတော်ချန်းက ရရှိသွားပါတယ်"

လင်းမန်ချန်းမှာ ထိုကြေညာချက်ကို ကြားပြီးနောက် အလွန် အံ့ဩသွားခဲ့သည်။ သူ့ကဲ့သို့ ရှေးဟောင်းဆေး ပြည်နယ်၏ အထွန်းတောက်ဆုံး ကြယ်ပွင့်က မြေရိုင်းနယ် နာမည်မဲ့ လူတစ်ယောက်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်လား။

"ဆရာ ... ကျွန်တော် ဆရာ့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ် ... ဒါပေမဲ့ သိချင်တာ တစ်ခု ရှိလို့ပါ ... သူ ဖန်တီးခဲ့တာက စဦး လက်ရွေးစင်အဆင့် ဆေးများလား"

လင်းမန်ချန်းက မေးလိုက်သည်။ သူ၏ မျက်နှာက အနည်းငယ် မည်းမှောင်ကာ နေခဲ့၏။

စဦး လက်ရွေးစင် ဆေးဆိုသည်မှာ စဦးအဆင့် ဆေးများထဲ၌ အကောင်းတကာ့ အကောင်းဆုံး ဆေးများဖြစ်သည်။ စဦး ဆေးများပင် ဖော်စပ်ရန် ခက်ခဲရာ အလျင်မြန်ဆုံး ပြီးသွားသော ထိုအကောင် ဖော်စပ်သော ဆေးက  မည်သည့် အဆင့်၌ ရှိနေမည်ကို သူ သိလိုသည်။

စာမေးပွဲ စစ်ဆေးသူမှာ ဝေ့ဟောင် အမည်ရှိသော ဝမ်ရှင်း တန်ခိုးရှင်ဖြစ်သည်။ သူက ပြုံးရင်း အဖြေပေးလိုက်၏။

"သူ လုပ်တာက စဦး လက်ရွေးစင် အဆင့် ဆေးမဟုတ်ပါဘူး ... အလယ်ဆင့် လက်ရွေးစင်ဆေးပါ"

"ဘာကြီး ...”

လင်းမန်ချန်းကား နားကြားလွဲသည်ဟု တွေးမိကာ သူ၏ နားကိုပင် ပွတ်သပ် လိုက်မိသည်။

အလယ်ဆင့် လက်ရွေးစင်ဆေး ...

ထိုအရာကား အလွန် အဖိုးတန်ကာ သာမန် ဝိညာဉ်ဆေးများထက် ကိုးဆ ပိုမို အစွမ်းထက်သည်။ စာမေးပွဲ၌ ထောက်ပံ့ပေးသော ဆေးအမယ်များမှာ သာမန်ဆေးများသာ ဖြစ်ရာ စဦးအဆင့် လက်ရွေးစင်ဆေး ပြုလုပ်ရန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။ သို့တိုင်အောင် ထိုအကောင်က အလယ်ဆင့် လက်ရွေးစင်ဆေးကို ဖန်တီးခဲ့သည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

"သူက တကယ်ပဲ အလယ်ဆင့် လက်ရွေးစင်ဆေးကို ဖန်တီးခဲ့တာလား ...”

လင်းမန်ချန်းမှာ အသက်မဲ့စွာဖြင့် စင်အောက်သို့ ပြန်လည် ဆင်းလာခဲ့သည်။

ထိုအချိန်၌ ကြည့်ရှုသူများမှာလည်း ဆူပွက်နေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ချန်းဖန်ကို ကြည့်ကာ အလွန် အံ့အားသင့် နေကြ၏။

"ဘုရားရေ ... သူက ဘယ်သူလဲ ... လင်းမန်ချန်း ထက်တောင် ပိုပြီး တော်နေသေးတယ်"

"သူ့ရဲ့ လှုပ်ရှားမှုနဲ့ ချိန်သားကိုက်မှုတွေကို ကြည့် ... လုံးဝကို မယုံကြည်နိုင်စရာပဲ ... သူက မဟာ သမားတော်တွေနဲ့တောင် ယှဉ်နိုင်မယ် ထင်တယ်"

"ဘယ်တုန်းက ပေ့ဟန်နယ်မှာ ဒီလို ပါရမီရှင် တစ်ယောက် ပေါ်လာတာလဲ ...”

များစွာသော လူများမှာ ဆူညံစွာ ဆွေးနွေးနေကြ၏။  ချန်းဖန်က အဆင့်ကိုး စာမေးပွဲသို့ ဆက်လက် ခြေလှမ်းလိုက်ရာ လူများမှာ ပို၍ စိတ်လှုပ်ရှား လာကြသည်။

"သူသာ အဆင့်ကိုးခုကို တစ်ကြိမ်တည်း ဖြတ်ကျော်နိုင်ရင် ရန်ဝူဝမ်ရဲ့ မှတ်တမ်းကို ချိုးဖျက်နိုင်ပြီ ... ရန်ဝူဝမ်က စာမေးပွဲ ကိုးခုကို ဖြတ်ကျော်ဖို့ တစ်နေ့ အချိန်ယူခဲ့ရတယ် ... သမားတော်ချန်းကတော့ နေ့တစ်ဝက်ပဲ အချိန် ကြာခဲ့တယ်"

"နောက်ထပ် ပါရမီရှင် တစ်ယောက် ပေါ်ထွန်း လာတော့မယ်လို့ ငါ ခံစားမိနေတယ်"

ထိုအခိုက်၌ ထိပ်တန်း ဆေးပါရမီရှင်များပင်လျှင် အလွန် စိတ်ဝင်စား နေကြပြီ ဖြစ်သည်။ ဝူချင်းယန်သည် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးရွဲကြီးများဖြင့် ချန်းဖန်ကို စူးစိုက် ကြည့်နေ၏။ ထို့နောက် သူမက စီတုချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အစ်ကို စီးတု ... နင်ပြောတော့ သမားတော် ချန်းက ခဏလေးနဲ့ အိမ်ပြန်ရမှာဆို ... ခုတော့ ကြည့်ရတာ သူက ငါတို့လိုပဲ ပါရမီ ရှိပုံပဲ ...”

စီတုချန်း၏ မျက်နှာက မည်းမှောင်နေပြီး သူ၏ မျက်လုံးတွင် ရှက်ရွံ့မှုတစ်ခု ဖြတ်ပြေး နေ၏။ သူက ချက်ချင်းပင် စိတ်ကို ပြန်လည် စုစည်းကာ ပြောလိုက်သည်။

"ဟမ့် ... အဆင့်ရှစ် သမားတော် ... သူသာ ဆေးသမားတော် အဆင့်ကို မရောက်နိုင်ဘူး ဆိုရင် အမှိုက် ဖြစ်နေတုန်းပဲ ... စဦးအဆင့် အလယ်ဆင့် ဝိညာဉ်ဆေး အားလုံးက ကလေး ကစားစရာတွေ ... အဆင့်မြင့် ဝိညာဉ်ဆေးကို ဖော်စပ်နိုင်တာကမှ တကယ့် ကျွမ်းကျင်မှုပဲ"

ဝူချင်းယန်က ပြုံးလိုက်ကာ ထပ်မံ မငြင်းဆန်တော့ချေ။

ထိုအချိန်၌ ဆေးပညာ အစည်းအရုံး စာမေးပွဲသည် ဆက်လက် ကျင်းပနေ၏။ အဆင့်ကိုး စာမေးပွဲကို ဝင်ရောက် ဖြေဆိုသော အရေအတွက်မှာ ပထမ စာမေးပွဲများထက် သိသိသာသာ နည်းပါးသည်။

"အဆင့်ကိုး စာမေးပွဲ အတွက် မင်းလို့ လုပ်ရမှာက ဝိညာဉ် ပင်လယ်ဆေးပဲ ... အဲဒါက အနည်းဆုံး ဝိညာဉ် အလယ်ဆင့် ဖြစ်ရမယ် ... ကဲ စလို့ရပြီ"

စာမေးပွဲ စစ်ဆေးသူ၏ ကြေညာသံက ကျယ်လောင်စွာ ထွက်ပေါ် လာသည်။

ထိုအခါ လူတိုင်း၏ မျက်နှာများက လေးနက်သွားကြ၏။

ဝိညာဉ် ပင်လယ်ဆေးသည် အဆင့်မြင့် ဝိညာဉ်ဆေး မဟုတ်သည့်တိုင် ဖန်တီးရန် အတွက် ကြီးမားသော အာရုံစူးစိုက်မှုနှင့် ကျွမ်းကျင်မှု လိုအပ်သည်။ ထိုဆေးတွင် လုပ်ဆောင်ချက် တစ်ခုသာ ရှိပြီး ကျင့်ကြံသူကို ဝိညာဉ်ပင်လယ် အဆင့်သို့ တိုးမြှင့်ပေးနိုင်ခြင်း ဖြစ်သည်။

ဆေးတစ်ခုလုံးသည် သေမျိုး တစ်ယောက်ကို သေမျိုးအဆင့်မှ ဝိညာဉ်ပင်လယ် အဆင့်သို့ တိုးမြှင့်ပေးနိုင်ရာ ဆေးလုံး၏ စွမ်းအားကို ပုံဖော်ကြည့်နိုင်သည်။ အကယ်၍ ကျင့်ကြံခြင်း မိသားစု တစ်ခုသည် ကံကောင်း ထောက်မစွာ အဆင့်ကိုး သမားတော် တစ်ယောက်ကို မွေးထုတ် နိုင်ပါက နောင်နှစ်အနည်းငယ် အတွင်း သူတို့ မိသားစု၌ များပြားသော ဝိညာဉ်ပင်လယ် အဆင့်များကို တွေ့မြင် ရလိမ့်မည် ဖြစ်သည်။

အဆင့်ကိုး သမားတော် တစ်ယောက်ပင် ထိုမျှ အဆင့်အတန်းရှိရာ ဆေးသမားတော်၊ မဟာ သမားတော်များ၏ အရေးပါမှုကို ခန့်မှန်း၍ ရနိုင်သည်။ ကောင်းကင် သမားတော်များ ဆိုလျှင် ကောင်းကင် အရှင်များနှင့်ပင် တူညီသော အဆင့်အတန်းကို ပိုင်ဆိုင် ထားကြသည်။

လင်းမန်ချန်းသည် သူ၏ ဆေးဖော်စပ်မှုကို အာရုံစိုက်ရန် ကြိုးစားနေသော်လည်း သူ၏ မျက်လုံးများကမူ ချန်းဖန်ထံသို့သာ မကြာခဏ ရောက်နေခဲ့သည်။ မြင်ရလိုက်သည့် ချန်းဖန်၏ လှုပ်ရှားမှုတိုင်းက သူ့အား အကြီးအကျယ် ဆွံ့အစေ၏။ ထိုအရာက ဆေးဖော်စပ်နေခြင်းဟု မထင်ရပဲ ပန်းချီ ရေးဆွဲခြင်းနှင့်ပင် အလားတူ နေသေးတော့သည်။ လင်းမန်ချန်းမှာ ချန်းဖန်ကို ကြည့်ကာ သူ၏ ဆရာ မဟာသမားတော် ချီတန့်ကိုပင် သတိရလိုက်မိသည်။

"ငါက တကယ့် အရူးပဲ ... သူက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

လင်းမန်ချန်း၏ နှလုံးသားမှာ အဆုံးထိ နစ်မြုပ်သွားကာ သူ၏ ယုံကြည်မှုများ မှာလည်း ပြိုလဲသွားသည်။

တစ်နာရီ ကြာပြီးနောက်၌ စာမေးပွဲကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုနစ်ကြိမ်၌လည်း ချန်းဖန်သည် အဆင့်မြင့် လက်ရွေးစင် ဝိညာဉ် ပင်လယ်ဆေးကို နာရီဝက်အတွင်း ဖော်စပ်ကာ စာမေးပွဲ စစ်ဆေးသူကို မျက်လုံး ပြူးခဲ့စေပြန်၏။

နောက်ဆုံး၌ ချန်းဖန်ကား တရားဝင်  အဆင့်ကိုး သမားတော် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထို့နောက် ချန်းဖန်သည် အားလုံး၏ ပြူးကျယ်သော အကြည့်များအောက်၌ အေးဆေးစွာပင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆေးသမားတော် စာမေးပွဲခန်းမသို့ ဝင်လိုက်ပြန်၏။

ထိုအချိန်၌ ဆေးပညာ အစည်းအရုံး အကြီးအကဲများပင် ချန်းဖန်ကို အာရုံစိုက် နေကြပြီ ဖြစ်သည်။ စီတုချန်းကမူ ထုံးစံအတိုင်း အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။ သို့သော်လည်း သူ၏ စိတ်များကမူ ချန်းဖန် သူ့နေရာအား လုယူမည်ကို အလွန် စိုးရိမ်နေခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြင့် အားလုံးသည် စာမေးပွဲ စမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြ၏။ လင်းမန်ချန်းပင်လျှင် လင်းလက်သော မျက်လုံးများဖြင့် တီးတိုး ရေရွတ်လိုက်သည်။

"ငါတော့ မဟာသမားတော် တစ်ယောက် ထွန်းတောက်လာတာကို ကိုယ်တိုင်ကြည့်ခွင့် ရလိုက်တာပဲ ...”

***

All Chapters