← Chapters

မညီမျှခြင်း အဆင့် ဆေး

Vol. 9 Ch. 892

မညီမျှခြင်း အဆင့် ဆေး

Vol. 9 Ch. 892

"ဒီကောင်လေးက ငါတို့ ထင်သလို ဟာသမဟုတ်ဘူး ... တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ"

ချန်းဖန်သည် ပထမအဆင့် စာမေးပွဲ၌ လူအများ၏ လှောင်ရယ်စရာ လူတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း စာမေးပွဲ အဆင့် ပိုမို မြင့်မားလာသည်နှင့် အမျှ သူ၏ ကျွမ်းကျင်မှု မှာလည်း ပိုမိုတိုးတက် လာခဲ့သည်။

နေ့တစ်ဝက် အကြာတွင်မူ သူသည် စာမေးပွဲ ကိုးခုကို အောင်မြင်ကာ ဆေးသမားတော် စာမေးပွဲကိုပင် စိန်ခေါ်တော့မည် ဖြစ်သည်။ လူများစွာမှာ သူ၏ အောင်မြင်မှုအတွက် အော်ဟစ် အားပေးနေကာ ကျို့ကျို့မှာလည်း ခုန်ပေါက် နေတော့၏။

"ငါ ဒီလို ပြိုင်ဘက်မျိုး မတွေ့ရတာ ဆယ်စုနှစ် ချီနေပြီ ... မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်"

ရန်ဝူဝမ်၏ မျက်လုံးတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။

"ဂရုစိုက်ပါ ... အစ်ကိုချန်း ...”

ဝူချင်းယန်က အပြုံးကလေးနှင့် ရေရွတ်လိုက်သည်။ ကျန်းဟန်နှင့် စီတုချန်းတို့ကမူ လေးနက်သော မျက်နှာများဖြင့် ရပ်နေခဲ့ကြသည်။

သူတို့သည် ယခုကဲ့သို့ ပြိုင်ဘက် အသစ်တစ်ယောက် ပေါ်လာမည်ဟု မထင်ထားခဲ့ကြချေ။ အဆိုးဆုံးကား ထိုလူငယ်မှာ အခြေခံ အကျဆုံး ဆေးဖော်စပ်သည့် နည်းလမ်းကိုသာ သုံးကာ အရည်အသွေး အကောင်းဆုံးဆေးကို ဖော်စပ် နေနိုင်ခြင်းပင်။ ထိုအရာက သူ၏ အထူး ဆေးဖော်စပ်နည်းလား မည်သူမျှ မခန့်မှန်း တတ်ကြချေ။

တစ်ခဏ ကြာပြီးနောက် ဆေးသမားတော် စာမေးပွဲကား စတင်ခဲ့ပြီ ဖြစ်သည်။ ဖြေဆိုသူသည် ထိုစာမေးပွဲကို ဖြတ်ကျော်ရန် အတွက် ကောင်းကင် ဝိညာဉ်ဆေးတစ်ခု ဖန်တီး ပြရမည် ဖြစ်သည်။

ထိုစာမေးပွဲတွင် ချန်းဖန်၊ စီတုချန်း၊ ရန်ဝူဝမ်နှင့် အခြား လူသမားတော် အနည်းငယ်သာ ဝင်ရောက် ဖြေဆိုကြ၏။ သူတို့ အားလုံးကား မြောက်နတ္ထိနယ် ပြည်နယ် ဆယ့်သုံးခု၏ ပါရမီရှင်များပင် ဖြစ်ကြသည်။

စာမေးပွဲ စစ်ဆေးသူက စတင်ကြောင်း ကြေညာလိုက်သည်နှင့် ရန်ဝူဝမ်သည် ပထမဆုံး စတင်လိုက်၏။ သူသည် အစည်းအရုံးက ပေးထားသော မြေကမ္ဘာ မီးတောက်ကို အသုံးမပြုဘဲ အင်္ကျီ လက်ကြားမှ အစိမ်းရောင် မီးတောက် တစ်ခုကိုသာ ဆင့်ခေါ်လိုက်သည်။

"ရန်ဝူဝမ်ကို သတ္တမ တားမြစ်ခံ ဆေးသမားတော်လို့ ခေါ်ကြတာက သူ့ရဲ့ ဆေးဖော်စပ်တဲ့ ပညာကြောင့်ပဲ မဟုတ်ဘူး ... သူ့ရဲ့ သတ္တမ တားမြစ်ခံ အဆိပ်မီးတောက်ကို သုံးနိုင်တဲ့ စွမ်းရည်ကြောင့်လည်း ပါတယ် ... သတ္တမ တားမြစ်ခံ အဆိပ် မီးတောက်က ဆေးဖော်စပ်တဲ့ နေရာမှာ ပြည့်စုံသလို အဆိပ်ဆေးလုံးတွေရဲ့ အကျိုး သက်ရောက်မှုကိုလည်း တိုးမြှင့်ပေးနိုင်တယ်"

စင်မြင့်ထက်ရှိ အကြီးအကဲ တစ်ယောက်က ဆိုလိုက်၏။

ထိုအခါ အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။ အဆင့်မြင့် သမားတော်များမှာ အနည်းနှင့်အများ ဆိုသလို ကိုယ်ပိုင် နည်းစနစ်များ၊ ရတနာများကို ပိုင်ဆိုင် ထားကြသည်။ ထို့ကြောင့်ပင် ဆေးပညာ ဂိုဏ်းများမှာ များစွာ ကွဲပြားနေရခြင်း ဖြစ်သည်။

စာမေးပွဲ စတင်သည်နှင့် အခြား ဆေးပညာရှင် များကလည်း ကိုယ်ပိုင် နည်းလမ်းများကို အသုံးပြု လိုက်ကြ၏။

ကျန်းဟန်က ပါးစပ်မှ အေးစက်သော မီးတောက် တစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုမီးတောက်သည် အပြာရောင်ရှိရာ ပတ်ဝန်းကျင်ကို ရေခဲ အစီအရင်တစ်ခု ခင်းကျင်းလိုက်သည့် အလား အေးစက် သွားစေ၏။

ဝူချင်းယန်ကလည်း သူမ၏ လက်ချောင်း ကလေးများကို ကစားကာ အနက်ရောင် ရေတစ်ခုကို ဆင့်ခေါ် လိုက်သည်။ သူမသည် ဆေးဖော်စပ်ရန် အတွက် မီးအစား ရေကို အသုံးပြု နေခြင်းပင် ဖြစ်သည်။

ဆေးသခင်လေး စီတုချန်း၏ နည်းလမ်းမှာ ပို၍ ဆန်းကြယ်၏။ သူသည် ဆေးအိုးကိုပင် အသုံးမပြုပဲ ဓမ္မ အစီအရင် တစ်ခုကိုသာ ခင်းကျင်းလိုက်သည်။ ထိုအစီအရင် အတွင်းတွင်မူ ဒြပ်စင်ငါးခု အမတေချီသည် တောက်ပစွာ လောင်ကျွမ်းနေကာ ဆေးပင်များက ဖြည်းညင်းစွာ ပျော်ဝင်နေခဲ့၏။

ထိုအချိန်၌ ချန်းဖန်၏ နည်းလမ်းကမူ အရိုးရှင်းဆုံး ဖြစ်သည်။ သူသည် ကမ္ဘာ မီးတောက်ဖြင့် ဆေးအိုးအား အပူပေးကာ ဆေးပင်များကို တစ်ခုပြီးတစ်ခု ပစ်ထည့်နေခဲ့၏။

"ရန်ဝူဝမ်ရဲ့ သတ္တမ တားမြစ်ခံ အဆိပ် မီးတောက်က အံ့ဩဖို့ ကောင်းတယ် ... ကျန်းဟန်ရဲ့ အယ်သာ မီးတောက်ကတော့ မဟာ သမားတော် ရွှမ်ဟယ်ရဲ့ လွှမ်းမိုးမှုတွေ ပါနေတယ် ... ဝူမိသားစုရဲ့ ရေသန့်စင်ခြင်း နည်းစနစ်ကလည်း တကယ့်ကို ဆန်းကြယ်ပြီး ပြိုင်ဘက်ကင်းပဲ ... ဆေးသခင်လေးရဲ့ ကျွမ်းကျင်မှုကတော့ စကားလုံးနဲ့တောင် ဖော်ပြဖို့ မဖြစ်နိုင်တော့ဘူး ... သူက မဟာ သမားတော်တွေနဲ့တောင် ယှဉ်ပြိုင်ဖို့ အရည်အချင်း မီနေပြီ ...”

ဆံပင်ဖြူ အကြီးအကဲ တစ်ယောက်က မုတ်ဆိတ်ရှည်များကို ပွတ်သပ်ရင်း မှတ်ချက် ပေးသည်။

အစည်းအရုံး ခေါင်းဆောင်နှင့် အခြား အကြီးအကဲများကလည်း ခေါင်းညိတ်လိုက်ကြ၏။ ထိုမျှ များပြားသော ပါရမီရှင် မျိုးဆက်များကို မြင်ရခြင်းက သူတို့ကို ပျော်ရွှင်စေသည်။

"ဒါပေမဲ့ ဆေးသမားတော်ချန်းရဲ့ နည်းလမ်းကတော့ နည်းနည်း စိတ်ပျက်စရာပဲ"

အခြား အကြီးအကဲ တစ်ယောက်က ခေါင်းခါရင်း ဆိုလိုက်သည်။ ချန်းဖန်ကို ကြည့်သော အခါ အစည်းအရုံး ခေါင်းဆောင်၏ မျက်လုံးထဲ၌ပင် စိတ်ပျက်မှု အချို့ကို တွေ့မြင်နိုင်၏။

"ရှက်စရာပဲ ... ဒီအဆင့်မှာ သူက အံ့အားသင့်စရာ တချို့ ထုတ်ပြလိမ့်မယ်လို့ ငါ မျှော်လင့်ထားတာ"

"ဟုတ်တယ် ... သူက အခြေခံ ဆေးဖော်စပ်တဲ့ နည်းလမ်းနဲ့ပဲ ဝင်ပြိုင်မယ်လို့ ကျုပ်လည်း ထင်မှတ် မထားခဲ့ဘူး"

အခြားသော အကြီးအကဲများကလည်း ဆိုကြ၏။ ကျို့ကျို့၏ အဘိုးပင်လျှင် ခေါင်းခါ နေတော့သည်။

"အဘိုး ... အစ်ကိုကြီးချန်းရဲ့ နည်းလမ်းက ဘာမှားနေလို့လဲ ... သူက အရင်ကထက်တောင် ပိုမြန်ဆန်ပြီး ချောမွေ့ နေသေးတယ်လေ ... မဟုတ်ဘူးလား"

ကျို့ကျို့က သူမ၏ အဘိုးအား မေးလိုက်သည်။

"မြေးက ငယ်သေးတော့ ဘယ်နားလည်ပါ့ မလဲ ... သမားတော် အဆင့်ကိုးခုက ဆေးပညာ လမ်းစဉ်ရဲ့ အခြေခံတွေပဲ ရှိသေးတာ ... ဒါပေမဲ့ ဆေးသမားတော် တစ်ယောက် ဖြစ်လာဖို့ဆိုရင် ကိုယ်ပိုင် နည်းလမ်းတစ်ခု ရှိဖို့ လိုအပ်တယ် ... အခြေခံ နည်းလမ်းတွေကိုပဲ သုံးတာက သူ့ကို အနာဂတ်မှာ အမြင့်ပျံစေမှာ မဟုတ်ဘူး"

အဘိုးအိုက ပြန်ဖြေလိုက်သည်။

"ဒါဆို အစ်ကိုကြီးချန်းက ဒီအဆင့်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးပေါ့ ...”

ကျို့ကျို့က မေးလိုက်ပြန်၏။

"ဖြစ်နိုင်ရင်တောင် ခက်ခဲလိမ့်မယ် ...”

အဘိုးအိုက ခေါင်းခါလိုက်သည်။

ထို့နောက် အခြားလူများ မျှော်လင့်ထားသည့် အတိုင်းပင် ချန်းဖန်သည် ဆေးလုံးကို အချိန်မီ ဖော်စပ်နိုင်ခဲ့သော်လည်း ပထမ နေရာကို မရရှိခဲ့ချေ။

"ရွှမ်ဟယ်နယ်ရဲ့ ကျန်းဟန်က ရေခဲ ဝိညာဉ်ဆေးလုံးကို ဖန်တီး နိုင်ခဲ့တယ် ... ဒီဆေးလုံးက ရေခဲကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားကို သုံးဆယ် ရာနှုန်းအထိ မြှင့်တင်ပေးနိုင်တယ် ... ဆေးလုံးက အဆင့်မြင့်  ကောင်းကင် အဆင့်ပဲ"

"ချင်းယန်နယ်ရဲ့ ရန်ဝူဝမ်ကတော့ အဆိပ် ဝိညာဉ်ဆေး ခုနစ်လုံးကို ဖန်တီးနိုင်ခဲ့တယ် ... အဲဒါက အဆိပ် ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားကို လေးဆယ်ရာနှုန်းအထိ မြှင့်တင် ပေးနိုင်တယ် ... ဆေးလုံး အားလုံးက အဆင့်မြင့် ကောင်းကင် အဆင့်တွေချည်းပဲ"

"ကျန်းဟိုင်နယ်ရဲ့ ဝူချင်းယန်ကတော့ အဆင့်မြင့် ရွှမ်ယု ကောင်းကင် အဆင့်ဆေးကို ဖန်တီး နိုင်ခဲ့တယ် ...”

"..."

စာမေးပွဲ စစ်ဆေးသူ ဝေ့ဟောင်သည် ဖြေဆိုသူများ၏ ရလဒ်ကို ကျယ်လောင်စွာ ဖတ်ပြ နေခဲ့သည်။ သူတို့၏ ဆေးများနှင့် ယှဉ်ပါက ချန်းဖန်၏ နတ်ဘုရား အဆင့်ဆေးမှာ ဘာမှ မဟုတ်တော့ချေ။

ဝေ့ဟောင်က စီတုချန်း၏ ရလဒ်ကို ကြေညာချိန်တွင်မူ လူအားလုံး ဆူညံသွားတော့၏။

"သူ ... သူက မညီမျှခြင်း အဆင့် ဆေးလုံးကို ဖန်တီးခဲ့တယ် ဟုတ်လား ... မယုံကြည် နိုင်စရာပဲ ... သူက တကယ်ပဲ ဆေးသခင်လေး နာမည်နဲ့ လိုက်ဖက်ပါပေတယ်"

ကျို့ကျို့ပင်လျှင် ထိုအရာကြောင့် ဆွံ့အသွားခဲ့ရသည်။

မညီမျှခြင်း အဆင့် ဆေးသည် အဆင့်မြင့် ကောင်းကင် ဆေးများထက်ပင် သုံးဆခန့် ပိုမို အစွမ်းထက်သည်။ ပုံမှန်ဆိုလျှင် မဟာ သမားတော်များသာ ထိုသို့သော ဆေးလုံးကို ဖော်စပ် နိုင်ကြသည်။

ထို့နောက် ဆေးပညာ အစည်းအရုံး ခေါင်းဆောင်က စာမေးပွဲ၏ ပထမရသူမှာ စီတုချန်း ဖြစ်ကြောင်း ကြေညာလိုက်သည်။ များစွာသော လူများမှာ မကြာခင်မှာပင် ချန်းဖန်ကို မေ့လျော့ သွားကြ၏။ သဘာဝအရ အောင်နိုင်သူကိုသာလျှင် လူအများက ဂရုစိုက်တတ်ကြသည် မဟုတ်ပါလား။

"အစ်ကိုကြီး ဝမ်းနည်း မနေပါနဲ့ ... အစ်ကိုကြီးလည်း အများကြီး အောင်မြင်ခဲ့တာပဲ"

ကျို့ကျို့က ချန်းဖန်၏ လက်ကိုကိုင်ကာ နှစ်သိမ့်လိုက်သည်။

"ငါ အဆင်ပြေပါတယ် ...”

ချန်းဖန်က ပြုံးလိုက်၏။

ဝူချင်းယန်ကလည်း သူ့ အနားသို့ လျှောက်လာကာ ညင်သာစွာ ပြောလိုက်သည်။

"အစ်ကိုချန်း ... စီတုချန်းက ဒီပွဲအတွက် အများကြီး ပြင်ဆင်ထားတာ ... သူ ဒီပွဲကို ဝင်ပြိုင်ရတာကလည်း ဆေးသခင်ရဲ့ တပည့်ဖြစ်ဖို့ပဲ ... သူ့ ရှုံးရတာ ရှက်စရာ မဟုတ်ပါဘူး ...”

"အင်းပါ ... ကျေးဇူးပဲ ...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"အစ်ကိုချန်းရဲ့ ဆေးပညာ အခြေခံက အရမ်းကောင်းတယ် ... ဒါပေမဲ့ အထူး နည်းလမ်း မရှိဘူး ဖြစ်နေတယ် ... တကယ်လို့ အစ်ကိုချန်းသာ စိတ်ဝင်စားရင် ကျွန်မတို့ ဝူမိသားစုနဲ့ ပူးပေါင်း နိုင်ပါတယ်"

ချန်းဖန်က သူမနှင့် အလိုက်သင့် လိုက်လံ ပြောဆိုကာ စဉ်းစားပါမည်ဟု ကတိပေး လိုက်သည်။

ဝူချင်းယန် ထွက်ခွာသွားပြီးနောက် အခြား ပါရမီရှင်များက ချန်းဖန်ထံ ချဉ်းကပ်ကာ သူတို့၏ ဂိုဏ်းများ၊ မိသားစုများနှင့် ပူးပေါင်းရန် စည်းရုံးကြသည်။ ချန်းဖန်သည် ထိုပွဲ၌ ပထမ မရခဲ့သည့်တိုင် သူ၏ ဆေးပညာ အခြေခံ ကောင်းမွန်မှုကို ကောင်းစွာသက်သေ ပြနိုင်ခဲ့၏။

တစ်ခဏ အကြာ၌ စီတုချန်းသည် ဆေးပညာ အစည်းအရုံး၏ အကြီးအကဲများနှင့် အတူ ထွက်ခွာသွား၏။

ထို့နောက် ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ချန်းဖန်ထံ လာရောက်ကာ ဆေးပညာ အစည်းအရုံးသို့ ဝင်ရောက်ရန် ဖိတ်ခေါ်သည်။ ချန်းဖန်ကလည်း သဘောတူလိုက်၏။

***

နောက်ရက်များ၌ ချန်းဖန်သည် ဆေးပညာ အစည်းအရုံးသို့ ပြောင်းရွှေ့ နေထိုင်ကာ အချိန် အများစုကို စာကြည့်တိုက်တွင် အချိန်ဖြုန်း နေခဲ့သည်။ သူသည် ဆေးဖော်စပ်သည့် နည်းလမ်းများကို မလေ့လာပဲ ဒဏ္ဍာရီလာ နတ်ဘုရား ဆေးပင်များ အကြောင်းကိုသာ ဖတ်ရှုနေခဲ့၏။

ချန်းဖန်သည် ဆေးပညာ အစည်းအရုံး၌ ကျန်းဟန်၊ ဝူချင်းယန်တို့နှင့် ပြန်လည် တွေ့ဆုံသည်။ သူတို့သည် အကြီးအကဲ တချို့၏ လက်အောက်၌ ပညာသင်ကြားနေခြင်း ဖြစ်၏။ သို့သော်လည်း စီတုချန်းကိုမူ သူသည် တစ်ခါမှ မတွေ့ရတော့ချေ။ ကောလာဟလများ အရဆိုလျှင် သူ့အား ဆေးသခင်က တပည့်အဖြစ် လက်ခံခဲ့သည် ဟု သိရသည်။

ထိုအတောအတွင်း၌ ချန်းဖန်သည် ဆေးသခင်၏ အကြောင်းကို များစွာ ကြားသိရသည်။ သူသည် မြောက်နတ္ထိနယ်၏ အတော်ဆုံး သမားတော်ဖြစ်ကာ ခန့်မှန်းချက်များ အရဆိုလျှင် ကောင်းကင် သမားတော် အဆင့်သို့ပင် ရောက်ရှိ နေနိုင်သည်။ သို့သော်လည်း သူ၏ အဆင့်ကို မည်သူမျှ တိတိကျကျ မဆိုနိုင်ကြချေ။

သို့သော်လည်း ချန်းဖန်သည် ဆေးသခင်ကို စိတ်မဝင်စားချေ။ သူ စိတ်ဝင်စားသည့် အရာကား နတ်ဘုရား ဆေးပင်များ တည်ရှိရာ နေရာသာဖြစ်သည်။ သူသည် ဆေးပညာ အစည်းအရုံး၌ နေထိုင်စဉ် အတောအတွင်း၌ ထောင်ချီသော မှတ်တမ်းများ၊ စာလိပ်များကို ဖတ်ခဲ့ပြီး ဖြစ်သည်။

"ဒီစာကြည့်တိုက်ထဲမှာ ရှိတဲ့ မှတ်တမ်းအားလုံးကို ငါ လေ့လာပြီးပြီ ... ဆေးပညာ အစည်းအရုံးကို ထွက်ခွာဖို့ အချိန် ရောက်ပြီ ...”

ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေတော့၏။

***

All Chapters