← Chapters

မိတ်ဆွေ

Vol. 9 Ch. 893

မိတ်ဆွေ

Vol. 9 Ch. 893

ခမ်းနားသော မျှော်စင်တစ်ခု အတွင်းတွင် ချန်းဖန်သည် အဇူရာဝတ်စုံကို ဝတ်ကာ လမ်းလျှောက် နေခဲ့၏။ သူ၏ ရင်ဘတ်တွင်မူ ကြယ်နှစ်ပွင့် အမှတ်အသား ရှိ၏။

ဆေးပညာ အစည်းအရုံး၌ အဖွဲ့ဝင်များ၏ အဆင့်အတန်းကို သုံးခု ခွဲခြားထားသည်။ အဆင့်တစ်မှ အဆင့်ကိုး သမားတော်များကို ပထမအဆင့်ဟု သတ်မှတ်ကာ ကြယ်တစ်လုံး ပေးအပ်သည်။ ချန်းဖန်သည် ဆေးသမားတော် တစ်ယောက်ဖြစ်ရာ ကြယ်နှစ်ပွင့်ကို ပိုင်ဆိုင်သည်။

များစွာသော ကြယ်တစ်ပွင့် သမားတော် များမှာ ချန်းဖန်ကို တွေ့သည်နှင့် အရိုအသေပြုကာ နှုတ်ဆက်ကြသည်။ ငယ်ရွယ်သော သမားတော်မလေးများ ဆိုလျှင် မျက်စပင် ပစ်နေကြ၏။

ချန်းဖန်က တွေ့သည့်လူတိုင်းအား ခေါင်းညိတ် ပြုံးပြကာ ပြန်လည် နှုတ်ဆက်သည်။ များစွာသော ကြယ်တစ်ပွင့် ဆေးပညာရှင်များမှာ ချန်းဖန် ဖြတ်ကျော်သွားပြီးနောက် စတင်ကာ ဆွေးနွေးကြ၏။

"သူက ဆေးစစ်ဆေးခြင်း တက္ကသိုလ်က ဆေးသမားတော် ချန်းမလား  ...”

"သူက အရမ်း ထူးချွန်တာပဲ ... အသက် ငယ်ငယ်လေးနဲ့ သေးသမားတော် တစ်ယောက် ဖြစ်လာတာ ... ဒါပေမဲ့ သူက အစည်းအရုံး စာမေးပွဲမှာ စီတုချန်းကို ရှုံးခဲ့တယ်တဲ့  ... မဟုတ်ရင် သေးသခင်ရဲ့ တပည့်တောင် ဖြစ်ချင် ဖြစ်လာနိုင်မှာ"

"ငါလည်း အဲဒါကို ကြားဖူးတယ်  ...”

ချန်းဖန်သည် မကြာခင်မှာပင် မိန်းကလေး အုပ်စုတစ်ခုကို တွေ့လိုက်ရပြန်၏။

ထိုအုပ်စုတွင် ကျို့ကျို့လည်း ရှိနေခဲ့သည်။ သူမသည် ချန်းဖန်၏ လမ်းညွှန်မှုဖြင့် အဆင့်သုံး စာမေးပွဲကို အောင်မြင်ကာ ဆေးပညာ အစည်းအရုံး၏ ကြယ်တစ်ပွင့် သမားတော် ပေါက်စလေး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကျို့ကျို့မှာ ချန်းဖန်ကို မြင်သည်နှင့် ချက်ချင်းပင် အပြေးကလေး ရောက်ရှိလာသည်။

"အစ်ကိုကြီး  ... ဒီနေ့လည်း တန့်ကျင်း နန်းတော်ကို သွားမလို့လား  ... သမီးလည်း အစ်ကိုကြီးနဲ့ လိုက်မလို့ ...”

"မသွားတော့ဘူး ကျို့ကျို့ရဲ့ ... စာအုပ်တွေ အားလုံးက ဖတ်ပြီးပြီ ... အစ်ကို မြို့ထဲကိုသွားပြီး စားသောက်ဆိုင် ကောင်းကောင်း ရှာမလို့ ... လိုက်မလား ...”

"လိုက်မှာပေါ့ ...”

ကျို့ကျို့က ပျော်ရွှင်စွာဖြင့် သဘောတူလိုက်၏။

ထို့နောက် သူမက သူငယ်ချင်းများကို လက်ပြကာ ချန်းဖန်နှင့်အတူ မြို့ထဲသို့ လိုက်လာခဲ့သည်။ သူတို့ နှစ်ယောက်သည် မြို့ထဲရှိ နာမည်ကြီး စားသောက်ဆိုင် တစ်ခုတွင် ထိုင်ကာ တဝတပြဲ စားသောက် ခဲ့ကြသည်။

ထို့နောက် ချန်းဖန်က ကျို့ကျို့အား ပြန်ပို့ကာ သူ ဆေးပညာ အစည်းအရုံးမှ ထွက်ခွာတော့မည့် အကြောင်း ပြောပြလိုက်၏။ ကျို့ကျို့မှာ ချန်းဖန်နှင့် မခွဲချင်သော်လည်း ကလေးမျှသာ ဖြစ်ရာ များများစားစား တွေးမနေခဲ့ချေ။

နောက်တစ်နေ့ နံနက်၌ ချန်းဖန်က မျှော်စင်ထိပ်ဆုံးထပ်သို့ သွားလိုက်သည်။ ဆယ့်ငါး ထပ်မြောက်နှင့် အထက်သည် အကြီးအကဲများ အတွက်သာဖြစ်ရာ သာမန် အဖွဲ့ဝင်များမှာ တက်ရောက်ခွင့် မရှိချေ။

သို့ဖြစ်ရာ အစောင့်နှစ်ယောက်မှာ ချန်းဖန်ကို မြင်သည်နှင့် တားဆီး လိုက်ကြ၏။ ချန်းဖန်က မျက်မှောင်ကြုတ်ကာ ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်ခုကို ကြားလိုက်ရသည်။

"အစ်ကိုချန်း ... ရှင်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ... နေရတာ အဆင်ရော ပြေရဲ့လား"

ချန်းဖန်က လှည့်ကြည့်လိုက်ရာ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဝူချင်းယန်ကို မြင်လိုက်ရသည်။ သူမ၏ ဘေးတွင်မူ အေးစက်စက် ဆေးသခင်လေး စီတုချန်း လိုက်ပါလာ၏။

"ငါ အစည်းအရုံး မဟာ အကြီးအကဲနဲ့တွေ့ပြီး အပေးအယူတစ်ခု ညှိနှိုင်းချင်လို့ပါ ...”

ချန်းဖန်က တည်ငြိမ်စွာပင် အဖြေပေးလိုက်သည်။

ဆေးပညာ အစည်းအရုံး၌ ချန်းဖန် အလိုရှိသော နတ်ဘုရားအဆင့် ဆေးပင်များစွာ ရှိသည်။ သို့သော်လည်း ချန်းဖန်သည် သူခိုးတစ်ယောက် မဟုတ်ရာ ငြိမ်းချမ်းစွာ အပေးအယူ ပြုလုပ်၍ လဲလှယ်လိုခြင်း ဖြစ်သည်။

"ဟမ် ...”

ချန်းဖန်၏ စကားက စီတုချန်း၏ မျက်လုံးများကို ကျဉ်းမြောင်း သွားစေ၏။

မဟာ အကြီးအကဲသည် ဆေးသခင်၏ တိုက်ရိုက် အမိန့်အောက်တွင်ရှိကာ အခြား အကြီးအကဲ အားလုံးထက် ပို၍ အဆင့်အတန်း မြင့်မားသည်။ ချန်းဖန်သည် ယခုမှ ကြယ်နှစ်ပွင့် သမားတော် တစ်ယောက်သာ ဖြစ်သော်လည်း မဟာ အကြီးအကဲနှင့် ညှိနှိုင်း လိုနေခဲ့သည်။ ထိုအရာက ကိုယ့်နေရာကို မသိခြင်းပင် ဖြစ်၏။

"မဟာ အကြီးအကဲက ဧည့်သည် တစ်ယောက်နဲ့ တွေ့နေတယ် ... အစ်ကိုချန်း သူနဲ့ တွေ့ချင်ရင် ငါတို့နဲ့ လိုက်ခဲ့လေ ... သူ့မှာအချိန် ရှိရင်တော့ တွေ့ခွင့်ရမှာပါ"

ဝူချင်းယန်က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

"အင်း ...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။

ထို့နောက် သူတို့ သုံးယောက်သည် အပေါ်သို့ ဆက်လက် တက်လာခဲ့၏။ စီတုချန်းသည် ချန်းဖန်ကို သဘောမကျသည့်တိုင် အဖက်လုပ်၍ ပြောစရာမလိုဟု သဘောထားဟန် ရသည်။ သူသည် ချန်းဖန်ကို မည်သို့မျှ နှောင့်ယှက်ခြင်း မပြုချေ။

"ဆေးအတွက် အထူး ဧည့်သည်တစ်ယောက် ရောက်နေတာလေ ... မဟာ အကြီးအကဲက သူ့ကို ဧည်ခံနေရတာ ... အဲဒီ ဧည့်သည်က အရေးကြီးပုံ ရတယ် ... မဟာ အကြီးအကဲတောင် သူ့ကို လေးလေးစားစား ဆက်ဆံရတယ် ... တကယ်လို့ သူနဲ့ဆုံရင် သတိထားနော်"

ဝူချင်းယန်က လမ်းလျှောက်ရင်း ထပ်မံ၍ ရှင်းပြလိုက်သည်။

"အင်း သိပြီ ...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။

ယခုတစ်ကြိမ်တွင်မူ စီတုချန်းကပါ ဝင်ရောက် သတိပေးလိုက်၏။

"အထူး ဧည့်သည်ရဲ့ နာမည်က ဝမ်ရွှမ်ဖုန်းတဲ့ ... သူက ဝမ်မိသားစု လူငယ် မျိုးဆက်ရဲ့ ပါရမီ အရှိဆုံး လူတစ်ယောက်ပေါ့ ... သူက နှစ်တစ်ရာအတွင်း ရွှေအမြုတေ အလယ်ဆင့်ထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့အပြင် အဆင့်မြင့် ရွှေအမြုတေကိုလည်း ပိုင်ဆိုင်ထားတယ် ... သူ့အစ်ကို နာမည်ကိုတော့ မင်း ကြားဖူးမှာပါ ... ဟန်ရှုံး သတ်မှတ်ချက်ဝင် ဝမ်ရွှမ်လုံလေ"

"မင်း အဲဒီကို ဝင်သွားရင် ဘာမှ ဝင်မပြောနဲ့ ... ဝမ်ရွှမ်ဖုန်းက မာနကြီးတယ် ... သူသာ မင်းကို မကျေနပ်ရင် မဟာ အကြီးအကဲတောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး"

"အင်း ...”

ချန်းဖန်က အံ့အားသင့်ဟန် မရဘဲ တိတ်ဆိတ်စွာပင် ခေါင်းညိတ် ပြလိုက်၏။ ချန်းဖန်၏ မတုန်မလှုပ် အမူအရာကို ကြည့်ပြီး စီတုချန်းက ကျိတ်ကာ ဒေါသထွက်သွားသည်။ ထိုအကောင်က ဘယ်လောက်တောင် ဟန်ဆောင် ကောင်းလိုက်သည်လဲ။

ထို့နောက် မကြာခင်မှာပင် သူတို့သည် မျှော်စင်ထိပ်သို့ ရောက်ရှိလာခဲ့၏။

မျှော်စင်၏ အပေါ်ဆုံး အထပ်သည် မိုင်တစ်ရာခန့် ကျယ်ဝန်းကာ ဆေးသခင်က ပိုင်ဆိုင်သည်။ ထိုနေရာ၌ ငှက်များ၊ ပန်းများရှိရာ ဝိညာဉ်ချီမှာလည်း ကောင်းကင် နယ်မြေတစ်ခုအလား ထူထပ်နေ၏။ ထိုနေရာ၌ အစီအရင်ဖြင့် ဖန်တီးထားသော နေတစ်စင်းပင် ရှိနေသေးသည်။

"မဟာ အကြီးအကဲက တန့်ယွမ် ခန်းမမှာ ဧည့်သည်နဲ့ တွေ့ဆုံနေတာလေ ...”

သူတို့ သုံးယောက်သည် မကြာခင်မှာပင် တန့်ယွမ်ခန်းမသို့ ရောက်ရှိလာခဲ့ပြီး များစွာသော အကြီးအကဲများ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ထိပ်ဆုံး နေရာတွင်မူ မဟာအကြီးအကဲနှင့် အဖြူရောင်ဝတ် လူငယ်တစ်ယောက် ထိုင်နေခဲ့သည်။

ထိုလူငယ်သည် ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်လုံးများကို ပိုင်ဆိုင်၏။ သူ၏ အရှိန်အဝါကား အခြား အကြီးအကဲများ ထက်ပင် ပို၍ထက်ရှ နေသေးသည်။

ထိုလူငယ်ကား အထူးဧည့်သည် တစ်ဖြစ်လဲ ဝမ်မိသားစုမှ ဝမ်ရွှမ်ဖုန်းပင် ဖြစ်သည်။

ချန်းဖန် မမျှော်လင့်ထားစွာပင် ဝမ်ရွှမ်ဖုန်း၏ နောက်၌ အခြားလူငယ် နှစ်ယောက်လည်း ရပ်နေခဲ့သည်။ သူတို့ကား ဟူမိသားစုမှ ဒုတိယ သခင်လေး ဟူရှောင်နှင့် ခရမ်းရောင် လနတ်သမီးတို့ပင် ဖြစ်သည်။

သူတို့ နှစ်ယောက်စလုံးသည် ချန်းဖန်ကို မထင်မှတ်ပဲ ပြန်တွေ့ကြရာ အလွန် အံ့အားသင့် နေခဲ့၏။

"ရွှမ်ဖုန်း ... သူက စီတုချန်းတဲ့ ... ဆေးသခင်ရဲ့ တပည့်ပေါ့ ... မင်း သူ့ဆီမှာ အကူအညီ တောင်းလို့ရတယ်"

မဟာ အကြီးအကဲက ပြုံးလိုက်သည်။

"ကျုပ် ဒီကိုလာခဲ့တာက ညီလေး ဟူရှောင် အတွက်ပါ ... သူက နူးညံ့ဂိုဏ်းရဲ့ ခရမ်းရောင် လနတ်သမီး အတွက် ဆေးဖော်စပ်ပြီး လက်ဆောင် ပေးချင်နေတာလေ ... အဲဒါ ဒီက သခင်လေးက လုပ်နိုင်ပါ့ မလား"

ဝမ်ရွှမ်ဖုန်းက လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။

"ဆရာက အစ်ကိုဝမ် အကူအညီ တောင်းတာကို လုပ်ပေးဖို့ ပြောလိုက်တယ် ... သူ ကိုယ်တိုင်ကတော့ ကျင့်ကြံနေတာမလို့ မလာနိုင်ဘူးလေ ... အစ်ကိုဝမ် ဘယ်လိုဆေးမျိုး လိုချင်သလဲ ပြောပါ ... ကျွန်တော် လုပ်ပေးပါ့မယ်"

စီတုချန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြောလိုက်သည်။

ဝမ်ရွှမ်ဖုန်း၏ အမူအရာက အနည်းငယ် တုံ့ဆိုင်းနေသည်ကို ကြည့်ကာ ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ဝင်ရောက် ပြောလိုက်သည်။

"ညီလေး ရွှမ်ဖုန်း ... အမှန်အတိုင်း ပြောရရင် စီတုချန်းက မဟာသမားတော် ဖြစ်တာ ကြာလှပြီ ... ဆေးသခင်က တားထားလို့သာ သူက ထုတ်မပြောတာပါ"

"သဘောပေါက်ပြီ ...”

ဝမ်ရွှမ်ဖုန်းက ပြုံးလိုက်၏။

ထိုအချိန်မှာပင် ဟူရှောင်က ရုတ်တရက် ပြောလိုက်သည်။

"မဟာ အကြီးအကဲရှု့ ... ဆေးသခင်က မအားဘူးဆိုတော့ ကျွန်တော် အခြား သမားတော် တစ်ယောက်ကို ကိုယ်တိုင် ရွေးချယ်လို့ရမလား"

"အိုး ... တူလေး ဟူရှောင်က ဘယ်သူ့ကို ရွေးချင်လို့လဲ"

မဟာ အကြီးအကဲ ရှုယွမ်က မျက်ခုံးပင့်ရင်း မေးလိုက်သည်။

ဟူရှောင်က အပြုံးဖြင့် ခန်းမထောင့် တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။

"သူ့ကို ရွေးချင်ပါတယ် ...”

လူတိုင်းက ဟူရှောင်၏ လက်ညှိုး ညွှန်ရာကို ကြည့်လိုက်ရာ အဇူရာ ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအခါ တူညီသော မေးခွန်းတစ်ခုက သူတို့၏ စိတ်အတွင်း ဝင်ရောက်လာ၏။

"သူက ဘယ်သူလဲ ...”

***

All Chapters