← Chapters

သတ္တုတုံး

Vol. 36 Ch. 351

သတ္တုတုံး

Vol. 36 Ch. 351

ရှင်သန်ခြင်းကျောင်းတော်အနေနှင့် ထိုက်သင့်သော ကြိုတင်ပြင်ဆင်မှုတချို့ ပြုလုပ်ထားသည်ကတော့ အမှန်ပင်။

သူတို့၏ တောင်းဆိုချက်ကလည်း သိပ်များလှသည် မဟုတ်ပေ။ ထို့ပြင် သူတို့ ပြောခဲ့သလိုပင် အဆင့်မြင့်သွေးကန့်သတ်ခြင်းဆေးရည်နှင့် ဝိညာဉ်ကစဉ့်ကလျား ဆေးရည်များမှာ အစုလိုက်အပြုံလိုက် ပျက်စီးစေသည် မဟုတ်ပေ။ ထိုဆေးများသည် အစွမ်းထက်သည် မှန်သော်လည်း အသုံးပြုရာတွင်တော့ သာမာန် လက်နက်တခုထက် မပိုပေ။ ထို့ကြောင့် စုချန်း အနေနှင့် ထိုဆေးများကို အထူးတလည် ငြင်းပယ်နေရန် အကြောင်းမရှိ။

ထိုထက်ပို၍ အရေးကြီးသည်မှာ ရှင်သန်ခြင်းကျောင်းတော်ဘက်မှ သူ့အား အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းပင်။

ထိုသို့ ဖိတ်ခေါ်လိုက်ခြင်းကြောင့် ရှင်သန်ခြင်းကျောင်းတော်အတွက် ထိုက်သင့်သလောက်တော့ အကျိုးရှိသည်က အမှန်ပင်။ ထမဆုံးအနေနှင့် စုချန်းအပေါ် အောက်ကျို့လိုက်သည့် သဘောကို ဆောင်သောကြောင့် သူတို့လိုအပ်သော ဆေးဝါးများ ရရှိရန် ပိုမိုလွယ်ကူလာခြင်းပင်။ ဒုတိယအချက်အနေနှင့် စုချန်း၏ အကူအညီသည် သူတို့အတွက် သိသိသာသာ အထောက်အကူဖြစ်လာမည်က သေချာနေခြင်းပင်။ နဂါးကျောင်းတော်မှာ ထိပ်တန်းကျောင်းသားတယောက်၏ အင်အားမှာ မနိမ့်လှ။ တတိယအချက်နှင့် အရေးအကြီးဆုံးအချက်မှာ အစီအစဉ်ကို အကြောင်းပြု၍ သူတို့နှင့် စုချန်းအကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်သည်။

ဤနည်းအားဖြင့် သူတို့သည် အနာဂတ်တွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်လာတော့မည် ဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေးဟူသည်မှာ အစပြုလိုက်သည်နှင့် ဖြတ်တောက်ရန် ခဲယဉ်းသော သဘာဝတွင် ရှိ၏။ တနည်းအားဖြင့် ရှင်သန်ခြင်းကျောင်းတော်သည် စုချန်းအား သူတို့ဘက်သို့ ဆွဲယူလိုက်သော သဘောတွင်လည်း ဆောင်နေ၏။ ရှင်သန်ခြင်းကျောင်းတော်၏ ဤတကွက်ကတော့ ခဲတလုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ချလိုက်သကဲ့သို့ပင်တည်း။

မည်သို့ဆိုစေ ရှင်သန်ခြင်းကျောင်းတော်၏ ဤတကြိမ် တောင်းဆိုချက်နှင့် လုပ်ရပ်က မာရန်းချီ၏ ခြိမ်းခြောက်မှုထက်စာလျင် အများကြီး တော်သေးသည်ဟု စုချန်းက သဘောပိုက်လိုက်သည်။ ထို့ကြောင့် သူ့အနေနှင့် ၎င်းတို့၏ တောင်းဆိုချက်ကို ငြင်းပယ်နေရန် အကြောင်းမရှိ။

သို့တိုင်အောင် ရှင်သန်ခြင်းကျောင်းတော်ဘက်မှ တောင်းဆိုသည့် ဆေးဝါးများမှာ ဒဏ္ဍာရီအဆင့် ဆေးဝါးများ ဖြစ်နေသေး၍ စုချန်းအဆင့်ထက် မြင့်နေ၏။ ထို့ကြောင့် လက်လွတ်စပယ် ဖော်စပ်၍တော့ မရ။ အတိုင်းအတာတခုထိ အချိန်ယူ၍ ပြင်ဆင်ရအုံးမည် ဖြစ်သည်။

ရှင်သန်ခြင်းကျောင်းတော်ကိုယ်စား ညတစ္ဆေကလည်း ထိုကိစ္စကို သဘောတူလိုက်၏။ သူမက စုချန်းအား အချိန်သုံးနှစ်ယူရန် သဘောတူလိုက်လေသည်။ ထိုသုံးနှစ်အတွင်းတွင်တော့ စုချန်းက ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးများ ဆက်လက် ဖော်စပ်ပေးနေရအုံးမည် ဖြစ်သည်။ သို့သော် အရေအတွက်ကတော့ တနှစ်လျင် ဆေးပုလင်း ၁၀၀ထိ လျော့ကျသွား၏။

သူတို့နှစ်ယောက်သည် အတန်ကြာအောင် စကားပြောဆိုပြီးနောက် ညတစ္ဆေက ပြန်လည်ထွက်ခွာသွားလေသည်။

ညတစ္ဆေ ထွက်ခွာသွားသည်နှင့် စုချန်းသည် အိမ်တော်အတွင်းတွင် အေးအေးလူလူနှင့် လမ်းလျှောက်နေခဲ့၏။

မူလ လီအိမ်တော်သည် အမှန်တကယ် ကျကျနန တည်ဆောက်ထားသော အိမ်တော်မဟာကြီးဖြစ်ပြီး အိမ်တော်အတွင်းရှိ ပန်းဥယျာဉ်မှ ရှုခင်းများမှာလည်း လွန်စွာ လှပပေ၏။ စုချန်းသည် ဥယျာဉ်အတွင်းဝယ် ငြင်သာစွာ လမ်းလျှောက်ပြီး ရှုခင်းများကို ရင်သပ်ရှုမောစွာ ငေးကြည့်နေခဲ့လေသည်။

စုချန်းသည် ပန်းဥယျာဉ်ကို ဖြတ်လျှောက်ပြီး ခြံအနောက်ဘက်ဆီသို့ ဦးတည်လာခဲ့၏။ ခြံအနောက်ဘက်တွင်တော့ ရေတွင်းကြီးတတွင်း ရှိလေသည်။ ထိုရေတွင်းမှာ သာမာန်ရေတွင်းမဟုတ်။ နတ်ဆိုးက ကလေးငယ်များအား ပို့ဆောင်ခြင်း ဖြစ်ရပ်၏ ပထမဦးဆုံးသားကောင် မိန်းကလေး ကိုယ့်ကိုယ်ကို သတ်သေခဲ့သော ရေတွင်း ဖြစ်သည်။

လူတယောက် ပြုတ်ကျသေဆုံးသွားကတည်းက ထိုရေတွင်းကို စွန့်ပစ်ထားသည်မှာ ကြာလှပေပြီ။ တွင်းနှုတ်ခမ်းများကိုတော့ သတ္တုတိုင်များနှင့် ကာရံထား၏။

တွင်းနှုတ်ခမ်းဝမှ အောက်က်ို ငုံ့ကြည့်လိုက်ပါက အောက်ခြေမှ တစုံတရာ တိုးထွက်လာသကဲ့သို့ အေးစက်နေသော လေများ တဟူးဟူး တိုက်ခတ်နေကြောင်း စုချန်း ခံစားလိုက်ရ၏။ ထိုလေများသည် အရိပ်ထိုးကျသည်နှင့်ပင် တူနေ၏။

မူလစွမ်းအင်များ ပြည့်နှက်နေခြင်းကြောင့် မူလကမ္ဘကြီးဝယ် သဘာဝလွန်ဖြစ်ရပ်ဆန်းများသည် အစစ်အမှန်ကဲ့သို့ ဖြစ်ပေါ်လာလေ့ရှိ၏။ ယုတ်စွအဆုံး အရိပ်လေများသည်ပင်လျင် အစစ်အမှန် ဖြစ်နေနိုင်၏။

ထို့ကြောင့် အေးစက်သော အငွေ့အသက်များ သူ့ကို ဖြတ်ကျော်သွားသည်နှင့် စုချန်းက ထူးခြားသော အမြင်အာရုံကို နှိုးဆွပြီး ရေတွင်းထဲသို့ စိုက်ကြည့်လိုက်၏။ ထိုအခါ အလင်းကဲ့သို့ ထူးဆန်းသော အမှုန်လေးများ လေထဲတွင် ပေါ်လောပေါ်နေကြောင်း စုချန်း မမျှော်လင့်ပဲ တွေ့လိုက်ရ၏။

"ဒါ....ဒါ..."

စုချန်း အံ့သြသွား၏။

အနီးကပ် ကြည့်ရှုလိုက်မှ ထိုအမှုန်များသည် မူလပစ္စည်းများ မဟုတ်ကြောင်း သူ တွေ့လိုက်ရသည်။

ထိုအလင်းစက်မှုန်များသည် မူလပစ္စည်းထက် အရွယ်ကြီးမားသော်လည်း သာမာန်မျက်လုံးနှင့်တော့ မြင်နိုင်ဖွယ်ရာ မရှိပေ။ ၎င်းတို့သည် လေထဲတွင် ဤအတိုင်း လွင့်မြောနေပြီး လူတယောက်အနေနှင့် အချိန်မရွေး ရှုရှိုက်မိသွားနိုင်သော အနေအထားတွင် ရှိနေ၏။

ထိုအခါ စုချန်းက သတိကြီးစွာဖြင့် အသက်ကို အောင့်ထားလိုက်လေသည်။

ထို့နောက် စုချန်းက အတော်လေးကြာအောင် စဉ်းစားနေ၏။ ပြီးမှ သူသည် ဓားပြတယောက်ကို ကုပ်မှဆွဲခေါ်လာပြီး ရေတွင်းထဲသို့ တွဲလောင်းချိတ်ထားလိုက်သည်။ အလင်းမှုန်များသည် ဓားပြ အသက်ရှုလိုက်သည်နှင့် နှာခေါင်းပေါက်မှတဆင့် ၎င်း၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားကြောင်း စုချန်း မြင်တွေ့နေရ၏။

ပို၍ စစ်ဆေးနိုင်စေရန် စုချန်းက ဓားပြ၏ အဝတ်များကို ဆုတ်ဖြဲပစ်လိုက်၏။ ဓားပြကား သွေးပျက်နေခဲ့လေပြီ။ ၎င်းသည် စုချန်းကို ထိတ်လန့်တကြားနှင့် ကြည့်နေပြီး သူ့ တင်ပါးများကို လက်ဝါးနှင့် ဖုံးအုပ်ထားလိုက်၏။

စုချန်းကတော့ ၎င်းကို လစ်လျူရှုလိုက်ပြီး ၎င်း၏ ကိုယ်တွင်းရှိ ပြောင်းလဲမှုများကိုသာ ဂရုတစိုက်နှင့် စစ်ဆေးနေလေသည်။

စုချန်း၏ မူလစွမ်းအင်မျက်လုံးသည် အရာဝတ္တုများကို ထွင်းဖောက်မြင်နိုင်စွမ်းမရှိပေ။ သို့သော် အလင်းစက်မှုန်များသည် တဖြည်းဖြည်း ထူထဲသိပ်သည်းပြီး စုဝေးကာ တောက်ပလာလေရာ စုချန်းတယောက် အလွယ်တကူပင် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့၏။

အံ့သြစရာကောင်းသည်မှာ အနှီအလင်းစက်မှုန်များသည် ဓားပြအသက်ရှုသွင်းလိုက်ချိန်တွင် ကိုယ်တွင်းသို့ ဝင်သွားပြီး အသင်ရှုထုတ်လိုက်ချိန်တွင်တော့ ကိုယ်တွင်းမှ ပြန်ထွက်သွားခြင်းပင်။

ဤအတိုင်းဆိုလျင် အနှီ အလင်းစက်မှုန်များသည် လူကိုတော့ ဒုက္ခပေးပုံမရချေ။

သို့သော် စုချန်းကတော့ ဤအတိုင်း တွေးပုံမရချေ။

"လူတွေကို ဒုက္ခမပေးတာလား....ဒါမှမဟုတ် ယောကျာ်းတွေကို ဒုက္ခမပေးတာလား...ဒီအတိုင်းဆိုရင် ငါ့အနေနဲ့ မိန်းမတယောက်ရှာပြီး စမ်းသပ်ရအုံးမဲ့ပုံပဲ"

စုချန်းက တီးတိုးရေရွတ်လိုက်၏။

သို့သော် အမျိုးသမီး အစမ်းသပ်ခံတယောက် ရှာဖွေရမည်မှာ စုချန်းအတွက် မလွယ်လှပေ။ အစမ်းသပ်ခံများ ရွေးချယ်ရန် စုချန်းတွင် တိကျသော စည်းကမ်းနှစ်မျိုး ရှိနေ၏။ ပထမစည်းကမ်းမှာ သူ့အား ဒုက္ခမပေးသူကို သူက ဒုက္ခမပေးရန်ပင် ဖြစ်သည်။ ဒုတိယစည်းကမ်းမှာကား ဒုက္ခပေးသူကလည်း သိသိသာသာ ဒုက္ခပေးသူ ဖြစ်ရမည် ဖြစ်သည်။

ထို့ကြောင့် အမျိုးသမီး အစမ်းသပ်ခံတယောက် ရရှိရန်အတွက် စုချန်းကို ဒုက္ခပေးမည့် အမျိုးသမီးတယောက် လိုနေသည် ဟူသော သဘောပင်။

"ဒီအတိုင်းဆိုရင် အတော်ကို ဒုက္ခရောက်မဲ့ သဘောမှာရှိတယ်"

စုချန်းက ငြီးတွားလိုက်သည်။

ထိုအခိုက်မှာပင် စုချန်း၏ ခေါင်းထဲ၌ စိတ်ကူးတချို့ ပေါ်ပေါက်လာ၏။

လူတွေနဲ့ စမ်းသပ်တာအပြင် ငါ့အနေနဲ့ နောက်ထပ် လုပ်နိုင်တာ ရှိနေသားပဲ....

အလင်းစက်မှုန်များကို အနီးကပ် ကြည့်ရှုရန် စုချန်း စိတ်ကူးရလာခြင်း ဖြစ်သည်။

အလင်းစက်မှုန်များသည် ရေတွင်းထဲတွင်သာ စုဝေးနေလေရာ ထိုအလင်းစက်များကို ဖန်တီးပေးနိုင်သည့် တစုံတရာ ထိုရေတွင်းထဲတွင် ရှိနေနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် အောက်ကို ဆင်းကြည့်ခြင်းဖြင့် တစုံတခုကို ရှာဖွေတွေ့ရှိနိုင်ဖွယ် ရှိနေ၏။ ပို၍ ကောင်းသည်မှာ ထိုအလင်းစက်မှုန်များက ယောကျာ်းများအား အန္တရာယ်မပြုနိုင်ခြင်းပင်။

သို့သော် ရေတွင်းထဲသို့ ကိုယ်တိုင်ဆင်းကြည့်ရန်တော့ စုချန်း စိတ်ကူးထားခြင်းမရှိ။ ထိုအစား သူက ဓားပြကိုသာ အမိန့်ပေးလိုက်လေသည်။

"အောက်ကို ဆင်းကြည့်ပြီး တခုခု တွေ့မလား ရှာကြည့်စမ်းကွာ"

ဓားပြကား လူမိုက်သာ ဖြစ်သည်။ လူအတော့မဟုတ်။ ဤနေရာ ထူးဆန်းနေမှန်းကိုလည်း ကောင်းကောင်းသိ၏။ ထို့ကြောင့် သူက စုချန်းကို ကြောက်လန့်တကြားနှင့် ကြည့်ကာ အသနားခံလိုက်သည်။

"ဆရာလေး....ကျွန်တော်...မလုပ်ပါရစေနဲ့"

"ဘာမှကြောက်မနေနဲ့ မင်းကို ငါ ကာကွယ်ပေးမယ် ရေတွင်းအောက်ခြေမှာ တခုခုတွေ့ရင် ငါ့ကို ပြော မင်းကိုငါ ကောင်းကောင်းဆုချမယ်"

ပြောပြောဆိုဆို စုချန်းသည် လေလှိုင်းရေဘဝဲလက်တံများကို ဖော်ထုတ်ကာ ဓားပြအား အောက်သို့ ဆွဲချသွားလိုက်၏။

အေးစက်သောရေထုက ဓားပြကား ဆီးကြိုနေ၏။ ဝုန်းခနဲ မြည်သံနှင့်အတူ ဓားပြတကိုယ်လုံး ရေထဲသို့ နစ်မြုပ်သွားတော့သည်။ သို့သော် စုချန်းကတော့ ဓားပြ ရေနစ်မည်ကို စိတ်ပူခြင်းမရှိ။ သူ၏ လေလှိုင်းရေဘဝဲလက်တံများသည် ဓားပြ ရေထဲတွင် အသက်ရှုနိုင်စေရန် ကူညီပေးနိုင်သည် မဟုတ်ပါလား။

ထိုအခါ စုချန်းသည် ပင်မ လေလှိုင်းရေဘဝဲလက်တံကြီးမှ အသေးစား လေလှိုင်းရေဘဝဲလက်တံငယ်ကို ခွဲထုတ်ကာ ဓားပြ၏ ပါးစပ်ထဲသို့ ထည့်ပေးထားလိုက်၏။ ဤနည်းအားဖြင့် ဓားပြသည် ရေအောက်တွင် အချိန်ကြာမြင့်စွာ နေနိုင်သွားမည် ဖြစ်သည်။

အတန်ကြာသော စုချန်းက ဓားပြကို ရေထဲမှ ဆွဲထုတ်ရင်း မေးလိုက်သည်။

"အောက်မှာ တခုခု တွေ့သလားကွ"

ဓားပြက ခေါင်းခါရင်း ပြောလိုက်သည်။

"အောက်မှာ မဲမှောင်နေတာပဲ ဘာမှကို မတွေ့ရဘူး ဆရာလေး"

"ဟုတ်သားပဲ မင်းကို ဒါပေးလိုက်ဖို့ ငါ မေ့သွားတယ်"

ပြောပြောဆိုဆို စုချန်းက ဆေးပုလင်တလုံးကို ဆွဲထုတ်ကာ ဓားပြလက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။

"အဲဒီထဲမှာ အလင်းရောင် ထွက်ပေါ်စေတဲ့ အရာတမျိုး ပါတယ် ဒီတခါ အောက်ပြန်ဆင်းပြီး သေသေချာချာ ကြည့်ခဲ့စမ်းကွာ"

ပထမတကြိမ်တွင် မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ရလေရာ အလင်းရောင်ပါလာ၍ ဤတကြိမ်တွင် ဓားပြမှာ ပိုမို ရဲရင့်လာ၏။

နောက်တကြိမ် ရေပေါ်သို့ ပြန်ရောက်လာသည်နှင့် ဓားပြက ပြောလိုက်ပြန်သည်။

"ဘာမှ မတွေ့ဘူး ဆရာလေး"

"ဘာမှ မတွေ့ဘူး ဟုတ်လား"

စုချန်းက လိမ်ညာမှုဖော်ထုတ်ခြင်း နည်းစနစ်ကို သုံးကာ ဓားပြအား စစ်ဆေးလိုက်သည်။ ထို့နောက် သူက ဓားပြအား ဇက်ပိုးအုပ်ကာ တင်းမာသော လေသံနှင့် ခြိမ်းခြောက်လိုက်၏။

"ဘာမှမတွေ့တာ သေချာလား ငါ့ကို မလိမ်နဲ့ မင်းကို ငါ နောက်ဆုံးအခွင့်အရေး ပေးမယ် ငါ့ကို အမှန်အတိုင်း ပြောစမ်း မဟုတ်ရင် မင်းကိုသာ အစမ်းသပ်ခံ လုပ်ပစ်ရလိမ့်မယ်"

"ပြောပါမယ် ဆရာလေး ပြောပါမယ်"

ဓားပြ ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။

"ရွှံထဲမှာ မြုပ်နေတဲ့ သတ္တုတုံး တတုံး တွေ့ပါတယ်"

"သွားယူစမ်း"

ဤတကြိမ် ရေထဲမှ ပြန်တက်လာသည့်အချိန်တွင်တော့ ဓားပြ၏ လက်ထဲတွင် ထူးဆန်းသော သတ္တုတုံး တတုံး ပါလာ၏။

သတ္တုတုံးသည် စတုရန်းပုံရှိပြီး ပန်ကန်လုံးအရွယ်ရှိ၏။ ထူးဆန်းသော အရုပ်မျိုးစုံကိုလည်း ရေးထွင်းထားလေသည်။ သေချာသည်မှာကား ဤသတ္တုတုံးသည် လူသားတယောက်၏ လက်ရာပင် ဖြစ်သည်။

All Chapters