ပရမတ်မျက်လုံး
Vol. 36 Ch. 352
"ပိတ်လော့ ခင်ဗျား ဒါကို တွေ့ဖူးသလား"
ဓာတ်ခွဲခန်းအတွင်းသို့ ရောက်သည်နှင့် စုချန်းက မေးလိုက်၏။
သတ္တုတုံးကို စိုက်ကြည့်ရင်း ပိတ်လော့ အံ့သြတကြီးနှင့်် ရေရွတ်လိုက်သည်။
"ဒါ အင်မတန် ရှုပ်ထွေးလှတဲ့ မူလပုံစံဆေးမင်တွေပါလား ဒီထဲမှာ ကျုပ် အင်မတန် ရင်းနှီးတဲ့ အရှိန်အဝါတမျိုး ပါနေတယ် ဒါပေမဲ့ ကျုပ်သိထားတာနဲ့လည်း နည်းနည်းတော့ ကွဲနေတယ်"
"ဒါ ရှေးဟောင်းပစ္စည်းလို့ ခင်ဗျား ပြောနေတာလား"
"မဟုတ်ဘူး ဒါပေမဲ့ ကျွန်တော် တပ်အပ် မပြောနိုင်ပါဘူး သခင်"
ပိတ်လော့က ပြန်ပြောလိုက်၏။
"ဒီဘက်ခေတ်မှာ အာကင်နာနိုင်ငံတော်ကြီး ထွန်းကားစဉ်က မရှိခဲ့တဲ့ ခေတ်ပေါ် နည်းစနစ်တွေ အများကြီး ထွန်းကားနေမှပဲဟာကို"
စုချန်းနှင့်စာလျင် မည်သည့်နည်းပညာက အာကင်နာခေတ်တွင် တည်ရှိခဲ့ကြောင်း ပိတ်လော့က ပို၍ ရှင်းရှင်းလင်းလင်း သိထားလေသည်။ ပြင်ပကမ္ဘာသို့ ပြန်ရောက်လာခဲ့ပြီး လအနည်းငယ်အတွင်းမှာပင် သူသည် လက်ရှိခေတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို သိမြင်နားလည်လာခဲ့၏။
နောက်ဆုံးတွင်တော့ ပိတ်လော့က အောက်ပါအတိုင်း မှတ်ချက်ပြုလိုက်လေသည်။
"ဒီသတ္တုတုံးဟာ ရှေးဟောင်းအာကင်နာနည်းစနစ်တွေနဲ့ လက်ရှိခေတ်သုံးမူလစွမ်းရည်တွေ ပေါင်းစပ်ပြီး တည်ဆောက်ထားတာပဲ သခင်"
"အိုး နောက်ထပ် ဆရာကြီးတယောက်တော့ တွေ့ပြီပေါ့လေ"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
အမှန်တကယ်လည်း ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် လက်ရှိခေတ်သုံး မူလစွမ်းရည်များ ကျွမ်းကျင်သူဟူ၍ သူတယောက်တည်းသာ ရှိကြောင်း စုချန်းက မာန်တက်နေရန် အကြောင်းမရှိချေ။ ဤကမ္ဘာလောကကြီးဝယ် လူတော်ဟူသည်မှာ နေရာအနှံ့အပြားတွင် ရှိနိုင်သည် မဟုတ်ပါလား။
ပိတ်လော့က ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ ဒီမူလစွမ်းရည်က သခင်အသုံးပြုနေကျဟာတွေနဲ့ အတော်ကို ကွဲပြားခြားနားနေတော့ ဒီပစ္စည်း ဘယ်ကနေလာမှန်း ကျွန်တော့အနေနဲ့ မခွဲခြားနိင်ဘူး ဖြစ်နေတယ်သခင် ပြီးတော့ ကျွန်တော်ဟာ ဒီကမ္ဘာကြီးအကြောင်းကိုလည်း နည်းနည်းပဲ သိသေးတာလေ တခုတော့ရှိတယ် ကျွန်တော့မှာသာ ကိုယ်ခန္ဓာတခုရှိခဲ့ရင်တော့...."
"တော်လောက်ပြီ ပိတ်လော့ လက်ရှိမှာတော့ ကျုပ်က ခင်ဗျားရဲ့ ကိုယ်ခန္ဓာကို ပြန်မပေးနိုင်သေးဘူး ဒါပေမဲ့ ကျုပ်နဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ခင်ဗျားအတွက် ကိုယ်ခန္ဓာတခု ရှာပေးဖို့ ကျုပ် စဉ်းစားပေးမယ်"
ထို့နောက် စုချန်းက သတ္တုတုံးကို လက်ညိုးထိုးရင်း မေးလိုက်ပြန်သည်။
"သူ့ရဲ့ ဇစ်မြစ်အပြင် တခြား ခင်ဗျား ဘာတွေ အာရုံခံမိသေးလဲ"
"သူ့ဆီကနေ အားကောင်းတဲ့ အသက်စွမ်းအင်တွေ ပေါ်ထွက်နေတာကိုတော့ တွေ့ရတယ် သခင်"
ပိတ်လော့က ပြန်ပြောလိုက်၏။
"အားကောင်းတဲ့ အသက်စွမ်းအင်တွေ ဟုတ်လား ခင်ဗျား သေချာလို့လား"
စုချန်းက မေးလိုက်သည်။
ထိုအခါ ပိတ်လော့က
"သေချာပါတယ်သခင် ဒါ ကျွန်တော် ကျွမ်းကျင်တဲ့ နယ်ပယ်ပဲလေ"
စုချန်းက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။
"ဒါဆိုရင်တော့ ဟုတ်နေပြီ သတ္တုတုံးဟာ တချိန်လုံး အလွန်သေးငယ်တဲ့ အမှုန်တွေ ထုတ်လွှတ်နေတယ် ဒါဟာ "နတ်ဆိုးက ကလေးငယ်များ ပို့ဆောင်ခြင်း"ဆိုတဲ့ ပြသနာရဲ့ အဖြေပဲ ဖြစ်ရမယ်"
"အလွန်သေးငယ်တဲ့ အမှုန်တွေ ဟုတ်လား သခင်"
ဤတကြိမ် အံ့သြသွားသူကတော့ ပိတ်လော့ပင် ဖြစ်သည်။
စုချန်းက ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ ပိတ်လော့တယောက် သွေးရူးသွေးတန်းနှင့် ထအော်တော့သည်။
"ပရမတ်အဆင့်ထိန်းချုပ်မှု ပရမတ်အဆင့်ထိန်းချုပ်မှု ဒါကို ဖန်တီးနိုင်တဲ့သူ ပေါ်လာပြီကိုး"
"ဟာ ဒီအမှုန်တွေကို တစုံတယောက်က ဖန်တီးနိုင်ပါတယ်လို့ ခင်ဗျား ပြောနေတာလား"
စုချန်းကလည်း အံ့သြတကြီးနှင့် ပြန်မေးလိုက်သည်။
"သေချာတော့ မပြောနိုင်ဘူးပေါ့သခင် ကျွန်တော့မှာသာ ကိုယ်ခန္ဓာရှိနေရင် ဒါကို စမ်းသပ်ဖို့ နည်းလမ်းရှိတယ် ခုတော့ ကျွန်တော် မစမ်းသပ်နိုင်ဘူးပေါ့လေ ဒါပေမဲ့ တစုံတယောက်ကသာ ဒါကို ဖန်တီးနိုင်ပြီဆိုရင်တော့ သက်ရောက်မှုက အင်မတန် ကြီးမားတယ် အရာဝတ္တုတွေကို ပရမတ်အဆင့်ထိ အသုံးချနိုင်လာပြီဆိုရင်တော့ အဲဒီလူရဲ့ အနာဂတ်ဟာ အကန့်အသတ် မရှိတော့ဘူးလို့ ဆိုနိင်တယ်"
ပိတ်လော့သည် စကားပြောနေရင်းနှင့်ပင် အလွန် စိတ်လှုက်ရှားနေ၏။ သူက ထပ်မံပြောဆိုလိုက်ပြန်သည်။
"စဉ်းစားကြည့်လေ သခင် လောကကြီးပေါ်မှာရှိတဲ့ အရာအားလုံးဟာ ပရမတ်အမှုန်တွေနဲ့ ဖွဲ့စည်းထားတာ ယုတ်စွအဆုံး မူလစွမ်းအင်တောင်မှ ဒီဘောင်ထဲမှာပဲ ရှိနေတာလေ ပရမတ်အဆင့်ထိ အရာဝတ္တုတွေကို ထိန်းချုပ်နိုင်စွမ်းသာ ရှိလာပြီဆိုရင် သခင်ဟာ အသက်တချောင်းကို ဖန်တီးနိုင်ပြီ သက်ရှိအမျိုးမျိုးကို ဖန်တီးနိုင်ပြီ လောကကြီးမှာ သခင်မဖန်တီးနိုင်တဲ့ အရာဆိုလို့ ဘာမှမရှိတော့ဘူး ယုတ်စွအဆုံး မူလစွမ်းအင်ကိုတောင်မှ ဖန်တီးနိုင်ပြီ ဒါဟာ လောကကြီးတခုလုံး သခင့်လက်ထဲ ရောက်လာသလိုပဲလေ"
ပြင်းထန်သော စိတ်လှုပ်ရှားမှုကြောင့် စကားပြောနေရင်းနှင့်ပင် ပိတ်လော့၏ လေသံသည် ဗလုံးဗထွေး ဖြစ်လာ၏။ ိုသို့တိုင်အောင် စုချန်းကား ယခုအချိန်ထိ ဝေခွဲမရ ဖြစ်နေလေသည်။
"ခင်ဗျား စဉ်းစားတာက သိပ်ပြီး ရှေ့ကို ကြိုရောက်လွန်းနေတယ် လောလောဆယ် ဒီသတ္တုတုံးထဲက အမှုန်တွေကိုတောင် ကျုပ်တို့က မထိန်းချုပ်နိုင်သေးတာ သက်ရှိတွေကို ဖန်တီးနိုင်ဖို့ဆိုတာ အဝေးကြီးပေါ့ဗျာ"
"ဒါကတော့ သခင့်ရဲ့ စိတ်ဝိဉာဉ်စွမ်းအင် သိပ်မမြင့်သေးလို့ပါ သခင်"
"ဘယ်လို ဘယ်လို"
စုချန်း ကြက်သေသေသွား၏။ ပိတ်လော့က ပြောလိုက်ပြန်သည်။
"ဒီ ပရမတ်အမှုန်တွေကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး သခင် ဘယ်လိုများ တွေးမိနေတာလဲ မသိဘူး ဒါ မူလစွမ်းအင် မဟုတ်ဘူးလေ သခင် မူလစွမ်းအင်ဆိုတာက မူလပုံစံ ဒါမှမဟုတ် မူလအဆောင်လက်ဖွဲ့တွေကို ကြားခံအဖြစ် ထားပြီးမှ အသုံးချရပေမဲ့ သူက မျက်လုံးနဲ့ မြင်နေရတဲ့ အဆင့်မှာရှိတယ် သူ့ကို ပေါ်ပေါ်ထင်ထင် ထိန်းချုပ်လို့ရတယ် ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်ဆိုတာကတော့ တမျိုးတဘာသာပဲ သခင် ဒါကို ပုံရိပ်ယောင်တွေ ဖန်တီးဖို့နဲ့ တခြားလူတယောက်ရဲ့ အသိညဏ်ကို ထိန်းချုပ်ဖို့အတွက်လောက်ပဲ သုံးနိုင်တယ်လို့တော့ သခင် မတွေးနဲ့လေ လူတယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ဟာ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္တုတွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိတယ် သို့သော် သူ ထိန်းချုပ်နိုင်တာက သာမာန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ အသေးဆုံးဆိုတဲ့ အရာဝတ္တုတွေကိုသာ ထိန်းချုပ်နိုင်တာမျိုး"
"ဒီတော့ ပရမတ်အဆင့် အမှုန်တွေကို ထိန်းချုပ်နိုင်ဖို့ ကျုပ်အနေနဲ့ ဘာလိုမလဲ"
"သခင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ရမယ် စုစည်းရမယ် တနည်းအားဖြင့် သခင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ရုပ်ပိုင်းဆိုင်ရာ အဆင့် ရောက်လာတဲ့အထိ မြှင့်တင်ရမယ်"
"ပရမတ်လောကကြီးကို ထိတွေ့နိုင်ဖို့ ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ရုပ်ပိုင်းဆိုင်ရာအဆင့်ရောက်တဲ့အထိ မြှင့်တင်ရမယ်ပေါ့ ဟုတ်လား"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။ ထိုအချိန်မှာပင် သူသည် တစုံတရာကို နားလည်သဘောပေါက်လာသလို ရှိ၏။
ထို့နောက် သူက ရုတ်တရက် မေးလိုက်သည်။
"ကျုပ်အဆင့်နဲ့ အဲဒီအနေအထားထိရောက်ဖို့ ဘယ်လောက်လိုသေးသလဲ"
ပိတ်လော့က ရှင်းပြလိုက်၏။
"အများကြီးလိုသေးတာပေါ့ သခင် လူသားတွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက်ပဲ ကျင့်ကြံအားထုတ်လေ့ရှိကြတယ် ဒါကြောင့် သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကြပေမဲ့ သူတို့ရဲ့ စိတ်ဝိညာဉ်တော့ ကျွန်တော်တို့ထက် အများကြီး အားနည်းတယ် အဲဒီလိုပဲ အသိညဏ်စွမ်းအားမှာလည်း နိမ့်ပါးကြတယ် ဒါကြောင့် လူသားတွေရဲ့ အာကင်နာတွေအပေါ် နားလည်နိုင်စွမ်းမှာ ဟာကွက်အကြီးကြီး ရှိနေတယ် သူတို့အနေနဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေက်ု်ိပဲ အာကင်နာမျိုးစိတ်တွေရဲ့ အမှတ်အသားလက္ခဏာအဖြစ် လက်ခံထားတာကိုပဲ ကြည့်လေ သခင် တကယ်တော့ ဒါဟာ အမှားကြီးပဲ စစ်မှန်တဲ့ တော်ဝင်အာကင်နာမျိုးနွယ်စုတွေ တကယ် အာရုံစိုက်တာက စိတ်ဝိညာဉ်စွမ်းအားတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ပဲ အောက်တန်းစားအာကင်နာတွေကသာ အာကင်နာနည်းစနစ်တွေကို အာရုံစိုက်ကြတာကလား"
"လက်စသတ်တော့ အဲဒီလိုကိုး"
စုချန်းက မှတ်ချက်ပြုလိုက်သည်။
"ဒီလို နားလည်မှုလွဲရတာကလည်း အဲဒီခေတ်အခါတုန်းက လူသားတွေရဲ့ အဆင့်အတန်းကြောင့် ဖြစ်လိမ့်မယ် အဲဒီတုန်းက လူသားတွေဟာ အာကင်နာတွေရဲ့ ကျွန်လေဗျာ ကျွန်ဆိုတာ ထိပ်တန်းသခင်တွေနဲ့မှ ထိတွေ့ခွင့်မရှိတာကိုး ဒီတော့ သူတို့ဟာ အာကင်နာတွေအပေါ် တလွဲ နားလည်မိခဲ့ကြပုံရတယ်"
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်သခင်"
ပိတ်လော့က ပြန်ပြောလိုက်၏။
"တကယ်လို့ ပရမတ်အမှုန်တွေကို ထိန်းချုပ်နိုင်ဖို့ သခင့်မှာ စိတ်ဝိညာဉ်စွမ်းအား ယူနစ်၁၀၀ ရှိဖို့ လိုအပ်တယ်ဆိုရင် လက်ရှိ သခင့်ရဲ့ အခြေအနေက ယူနစ် ၅၀လောက်မှာပဲ ရှိနေအုံးမယ် ဒီတော့ သခင်အနေနဲ့ ဒီအမှုန်တွေကို မထိန်းချုပ်နိုင်သေးတာ အံ့သြစရာ မဟုတ်ဘူးပေါ့လေ"
"ယူနစ် ၅၀လောက်ပဲ ဆိုတော့ ကွာဟချက်က သိပ်မများဘူးဆိုတဲ့ သဘောပေါ့ ဟုတ်လား"
စုချန်းက ပြန်မေးလိုက်၏။
"ဒါက သခင် သေသေချာချာ သဘောမပေါက်သေးလို့ ပြောနေတာပါ သာမာန်လူတွေမှာ စိတ်ဝိညာဉ်စွမ်းအား ၁၀ ရှိတယ်ဆိုပါစို့ လူတယောက်ဟာ ကျင့်ကြံခြင်းနယ်ပယ် အဆင့်တက်လာတာနဲ့အမျှ စိတ်ဝိညာဉ်စွမ်းအားကလည်း လိုက်ပြီး တိုးလာတတ်တယ် ချီစုဆောင်းခြင်းနယ်ပယ်ထဲ ဝင်ရင် ၁၀ သွေးဆူပွက်ခြင်းနယ်ပယ်ထဲရောက်ရင် နောက်ထပ် ၁၀ အဲဒီလိုပေါ့ ဒီတော့ စွမ်းအင်ယူနစ် ၁၀၀ထိ ရောက်လာဖို့ သခင်ဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ထိ စောင့်ရတော့မယ် တကယ်လို့ သခင့်မှာ စိတ်ဝိညာဉ်စွမ်းအား ၁၀၀ထိ ရောက်လာရင်တောင် ဒါကို ထိန်းချုပ်နိုင်စရာ အကြောင်းတော့မရှိသေးဘူး သခင်"
"ဘာကြောင့်လဲဗျ"
"သခင့်အနေနဲ့ ဒီအမှုန်တွေကို မြင်နိုင်စွမ်းမရှိလို့ပေါ့ ပရမတ်အမှုန်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှသာလျင် သခင့်အနေနဲ့ ဒီအမှုန်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်လိမ့်မယ် ဒီလို အမြင်မျိုးရှိဖို့က မူလစွမ်းအင်နဲ့လည်း ဖန်တီးလုပ်ယူလို့ မရဘူး သခင် မူလစွမ်းအင်တွေဟာ ပရမတ်အမှုန်တွေရဲ့ တည်ရှိမှုလောက်ကိုပဲ ထောက်လှမ်းနိုင်လိမ့်မယ် သူတို့ရဲ့ တည်နေရာကိုတော့ အတိအကျ ပြောပြနိုင်မှာ မဟုတ်ဘူးလေ"
"ပရမတ်အမှုန်တွေကိုသာ မြင်နိုင်စွမ်းရှိရင် ကျုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး သူတို့ကို ထိန်းချုပ်နိုင်မယ်လို့ ခင်ဗျား ပြောနေတာလား"
စုချန်းက မျက်မှောင်ကုတ်ကာ မေးလိုက်၏။
"မှန်ပါတယ်သခင် ဒါပေမဲ့ လူသားတွေမှာ ဒီလိုစွမ်းရည်မျိုး မရှိကြပါဘူးခင်ဗျာ"
စုချန်း နားလည်သွားလေပြီ။
"ဒီတော့ အာကင်နာတွေမှာကော ဒီလို စွမ်းရည် ရှိသလား"
"သိပ်မှန်တာပေါ့ သခင်"
ပိတ်လော့၏ လေသံက ဂုဏ်ယူဝင့်ကြွားဟန် ပေါက်နေ၏။
"ကျွန်တော်တို့ဟာ အာကင်နာတွေဆိုတော့ ပရမတ်လောကကြီးကို မြင်တွေ့နိုင်တာပေါ့ ကျွန်တော်တို့ အာကင်နာတွေ နှစ်ပေါင်းသန်းနဲ့ချီပြီး အောင်မြင်မှုရခဲ့တာ ဘာကြောင့်လို့ သခင်ထင်သလဲ ကျွန်တော်တို့မှာ မျက်လုံးနှစ်စုံ ပါနေလို့ပဲပေါ့ ကျွန်တော်တို့ရဲ့ မျက်လုံးတစုံက သတ္တလောကကြီးကို မြင်တွေ့နိုင်ပြီး ကျန်မျက်လုံးတစုံကတော့ ပရမတ်လောကကြီးကို မြင်တွေ့နိုင်စွမ်းရှိကြတယ်လေ"
စုချန်း၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါလာ၏။
"ဒီတော့ ဒဏ္ဍာရီတွေက ဒဏ္ဍာရီမဟုတ်ဘူးပေါ့ ခင်ဗျားတို့ဟာ အရာဝတ္တုတွေကို ပရမတ်အဆင့်ထိ မြင်နိုင်ကြတယ်ဆိုတာ တကယ်ပေါ့ ဟုတ်လား"
"ထိပ်သီးအဆင့်ရှိ အာကင်နာတွေသာ ပင်မသွေးဗီဇကို နိုးထလာအောင် စွမ်းဆောင်နိုင်ကြတယ်သခင်"
ပိတ်လော့က ဂုဏ်ယူဟန်နှင့် ရှင်းပြလိုက်သည်။
"ဒီလိုသွေးဗီဇရှိတဲ့ အာကင်နာတွေအတွက်တော့ ဒီမူလကမ္ဘာကြီးဟာ အခြေခံအကျဆုံး ဒြပ်မှုန်တွေနဲ့ ဖွဲ့စည်းထားတာလို့ပဲ မြင်လေ့ရှိကြတယ် အဲဒီထဲမှာ မူလစွမ်းအင်တွေလည်း ပါတာပေါ့ သခင့်မှာသာ မျက်လုံးနှစ်စုံရှိနေရင် သခင်ဟာ ပရမတ်လောကကြီးကို မြင်တွေ့နိုင်လိမ့်မယ် ယုတ်စွအဆုံး မူလစွမ်းအင်ကို ဘယ်လို ဖွဲ့စည်းထားတယ်ဆိုတာကိုပါ မြင်နိုင်စွမ်းရှိလာလိမ့်မယ် ဒီတော့ မူလစွမ်းအင် ပိုင်ဆိုင်ထားတဲ့ ရန်သူတယောက်ကို သတ်လိုက်တိုင်း သခင့်အနေနဲ့ သူ့ကိုယ်ထဲက ပြန်ထွက်လာတဲ့ မူလစွမ်းအင်တွေကို စုဆောင်းနိုင်လိမ့်မယ် ဒီတော့ သခင့်အနေနဲ့ အဆင့်မြန်မြန် တက်နိုင်တာပေါ့"