← Chapters

စိတ်ဝိညာဉ်စွမ်းအင် သန်မာအားကောင်းလာစေခြင်း

Vol. 36 Ch. 353

စိတ်ဝိညာဉ်စွမ်းအင် သန်မာအားကောင်းလာစေခြင်း

Vol. 36 Ch. 353

စုချန်းသည် အသက်ကို ပြင်းစွာ ရှုသွင်းပြီး လှုပ်ရှားနေသော သူ့စိတ်အာရုံကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။

ထို့နောက် သူက ပြောလိုက်၏။

"လက်စသတ်တော့ အဲဒီလိုကိုး ဒါက အတော်လေးတော့ ဆိုးတာပဲ ခုချိန်မှာ ပင်မသွေးဗီဇရှိတဲ့ အာကင်နာမျိုးစိတ် တယောက်တလေတောင် ကျန်သေးရဲ့လားဆိုတာကို ဘုရားသခင်မှပဲ သိနိုင်တော့မယ် ဒီလို အာကင်နာတယောက်တလေများ တွေ့ရင်တော့ သူ့ရဲ့ မူလစွမ်းအင်မျက်လုံးတွေကို ထုတ်ယူပြီး ကျုပ်အတွက် အသုံးချနိုင်မယ်ဆိုရင် မဆိုးဘူး"

အတော်လေး စိတ်လှုပ်ရှားနေသောကြောင့် စုချန်းသည် မထင်မှတ်ပဲ အမှားတခု ပြုလုပ်မိသွား၏။ ၎င်းမှာ အာကင်နာများ၏ ပရမတ်မျက်လုံးကို သူ ခေါ်နေကျအတိုင်း မူလစွမ်းအင်မျက်လုံးများဟု သုံးနှုံးမိသွားခြင်းပင်။

သို့သော် ပိတ်လော့ကတော့ ၎င်းကို သတိမထားမိဟန်ဖြင့် ခေါင်းခါရင်း ပြောလိုက်သည်။

"ဒီလိုခေတ်ကြီးမျိုးမှာ ပင်မသွေးဗီဇရှိတဲ့ အာကင်နာတွေ ကျန်သေးအုံးမယ်လို့ ကျွန်တော်တော့ မထင်ဘူးသခင် သူတို့တွေ အကုန်လုံး သေကုန်လောက်ပါပြီ မဟုတ်ရင် သူတို့ထဲက တယောက်ယောက်ကတော့ ဒီကမ္ဘာကြီးရဲ့ ပုံစံကို ကြီးကြီးမားမား ပြောင်းလဲလိုက်ရောပေါ့ သခင်ပဲ စဉ်းစားကြည့်လေ သွေးဗီဇည်ှို့ငင်ထုတ်ယူကိရိယာ မူလစွမ်းအင်ကျောင်းတော် စိတ်ဝိညာဉ်ပြောင်းလဲရေးကိရိယာ ဆာခ့်နူကလိယ ဒါတွေအားလုံးယာ ပင်မသွေးဗီဇပိုင်ရှင် အာကင်နာပညာရှင်ကြီးတွေရဲ့ အမွေအနှစ်တွေပဲ ခုတော့ ဘာဖြစ်သွားတုန်း ဒါတွေအကုန်လုံး ညဏ်ရည်မြင့်မျိုးစိတ်တွေလက်ထဲ တကွဲတပြားစီ ရောက်ကုန်ကြပြီမလား သူတို့ထဲက တယောက်ယောက်သာ ရှိသေးရင် ကမ္ဘာကြီးကို ပြောင်းလဲအောင် မုချ ဆောင်ရွက်ပြီးလောက်ရောပေါ့"

"ကမ္ဘာကြီးကို ပြောင်းလဲမယ်......"

စုချန်းက တီးတိုးရေရွတ်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း ထူးဆန်းသော အမူအရာတမျိုး ပေါ်ပေါက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ်ကလည်း အဲလိုပဲ ထင်ပါတယ်ဗျာ"

ထို့နောက် သူက ပိတ်လော့ကို စိုက်ကြည့်ရင်း မေးလိုက်၏။

"နည်းနည်းလောက် တွေ့ကြည့်ရအောင်ဗျာ တကယ်လို့ ဒီလို အာကင်နာမျိုး တယောက်တလေသာ ကျန်သေးရင် ကျုပ်အနေနဲ့ သူ့မျက်လုံးကို ထုတ်ပြီး ကျုပ်မျက်လုံးနဲ့ အစားထိုးလှဲလှယ်ဖို့ ဆိုတာမျိုးက ဖြစ်နိုင်သလား"

"ဘယ်လိုမှ မဖြစ်နိုင်ပါဘူး သခင်"

ပိတ်လော့က ချက်ချင်းလိုလိုပင် ပြန်ပြောလိုက်သည်။

"သက်ရှိတွေရဲ့ ကိုယ်ခန္ဓာတည်ဆောက်ပုံက အင်မတန် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်ပါတယ် ဒီလို ရိုးရှင်းပြီး ရက်စက်ကြမ်းတမ်းတဲ့ နည်းလမ်းမျိုးနဲ့ ဘယ်လိုလုပ်ပြီး အောင်မြင်နိုင်ပါ့မလဲသခင် ဥပမာ လူတယောက်ရဲ့ လက်ကို ဖြတ်ပြီး နောက် လူတယောက်ဆီမှာ ပြန်တပ်ပေးလိုက်ရင် အဲဒီလက်ဟာ သူ့အလိုလို မဆက်နိုင်သလိုပေါ့"

"တကယ်ပဲ မဖြစ်နိုင်ဘူးလား တစုံတယောက်ဟာ အဲဒီလက်နှစ်ချောင်းကို အံဝင်ခွင်ကျဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ စွမ်းရည်မျိုး ရှိနေရင်တောင် မဖြစ်နိုင်ဘူးလား"

"တကယ်ပဲ မဖြစ်နိုင်ပါဘူးသခင် မျက်လုံးဆိုတာ ထင်တာထက် အများကြီး ပိုပြီး ရှုပ်ထွေးတဲ့ အင်္ဂါတမျိုးပါ သခင့်လိုလူမျိုးက ဒီလောက် တုံးအတဲ့ စိတ်ကူးမျိုးကို ဘယ်လိုလုပ် ရလာတာလဲ ဒါပေမဲ့ သခင်ဟာ တုံးအတဲ့ လူစားမျိုးမှ မဟုတ်တာပဲကလား"

ပိတ်လော့က စိတ်ရှုပ်ထွေးဟန်ဖြင့် ပြောလိုက်သည်။

"ဘယ်လောက်ပဲ ညဏ်ကောင်းကောင်း လူဆိုတာ တခါတလေတော့ မိုက်မဲတတ်တာပါပဲကွာ"

စုချန်းက သိပ်မထူးခြားသော လေသံနှင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် နောက်ထပ် စကားမပြောတော့ပဲ ခေါင်းငုံ့ကာ သတ္တုတုံးကို စိုက်ကြည့်နေလေ၏။

ထိုသို့ ကြည့်နေရင်းမှာပင် သူသည် တစုံတခုကို တွေးမိလာ၏။

သူ့တွင် စိတ်ဝိညာဉ်စွမ်းအင် လုံလောက်အောင် မရှိသေးသည်ကတော့ အမှန်ပင်။ သို့သော် ဝိညာဉ်တည်ငြိမ်ခြင်းဆေးများကတော့ လိုအပ်သည်ထက်ပင် ပိုနေသေး၏။

ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးဟူသည် တစုံတယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်ရန်နှင့် ပြန်လည် ရရှိလာစေရန် အဓိက အသုံးပြုသော ဆေးတမျိုး ဖြစ်သည်။ ထိုသို့ လှှုံ့ဆော်သည့်ဖြစ်စဉ် ပေါ်ပေါက်နေချိန်ဝယ် ထိုသူ၏ စိတ်ဝိညာဉ်စွမ်းအားမှာလည်း မြင့်မားလာနေသည် မဟုတ်ပါလား။

ပြသနာက ဝိညာဉ်တည်ငြိမ်ခြင်းဆေး၏ တန်ဖိုးမှာ အတော်လေး မြင့်မားနေခြင်း ဖြစ်သည်။ ဆေးတပုလင်းလျင် သောင်းဂဏန်းပင် တန်ကြေးရှိနေ၏။ စုချန်းအနေနှင့် ထိုဆေးများကို ကိုယ်တိုင် အသုံးပြုရန် ဘယ်တုန်းကမှ ဆန္ဒရှိခဲ့သည် မဟုတ်ပေ။

ယခုကျမှ အရေးတကြီး အသုံးလိုလာသောအခါ သူက ထိုဆေးများကို သတိရလာခြင်း ဖြစ်သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ ရှင်သန်ခြင်းကျောင်းတော်က သူတို့၏ လိုအပ်ချက်ကို လျော့ချလိုက်ပြီ ဖြစ်လေရာ စုချန်းအနေနှင့် ၎င်းထဲမှ တချို့ကို ကိုယ်ကျိုးအတွက် အသုံးပြုနိုင်သွားပြီ ဖြစ်သည်။

ထိုသို့ အတွေးပေါက်လိုက်သည်နှင့် စုချန်းသည် ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဖုံကို ချက်ချင်းပင် ဖော်စပ်လိုက်၏။ ဆေးပုလင်းရေ ထောင်နှင့်ချီအောင် ဖော်စပ်ခဲ့ပြီးပြီဖြစ်လေ၍ ဝိညာဉ်တည်ငြိမ်ခြင်းဆေး ဖော်စပ်ခြင်းလုပ်ငန်းကို စုချန်း အလွန်ပင် ကျွမ်းကျင်နေခဲ့လေပြီ။

ထို့ကြောင့် မျက်စေ့တမှိတ်အတွင်းမှာပင် စုချန်းတယောက် ဝိညာဉ်တည်ငြိမ်ခြင်းဆေး ဖော်စပ်၍ ပြီးစီးသွားလေသည်။ ထိုအခါ သူက ဆေးကို တခါတည်း မော့သောက်ချလိုက်၏။

ဝိညာဉ်တည်ငြိမ်ခြင်းဆေးဟူသည် လူတယောက်၏ စိတ်ကို တပါးသူ မတိုက်ခိုက်နိုင်အောင်၊ မထိန်းချုပ်နိုင်အောင် ကာကွယ်ပေးနိုင်ပြီး ထိုလူ၏ စိတ်ဝိညာဉ်စွမ်းအားကိုလည်း အထူးတလည် မြင့်မားလာစေနိုင်၏။ ယခုတော့ စုချန်းက ဤဆေးမျိုးကို ရည်ရွယ်ချက်တခုတည်းအတွက် အသုံးပြုလိုက်ခြင်း ဖြစ်လေရာ အင်မတန် လက်ဖွာသော သဘောကို ဆောင်နေ၏။

ဆေးဝင်သွားသည်နှင့် စုချန်း၏ စိတ်ဝိညာဉ်စွမ်းအားမှာ သိသိသာသာပင် တိုးပွားလာခဲ့လေသည်။ သို့သော် ထိုကဲ့သို့ တိုးပွားလာခြင်းမှာ ယာယီသာ ဖြစ်သည်။ ဆေးအရှိန်ကုန်သွားသည်နှင့် စိတ်ဝိညာဉ်စွမ်းအားမှာလည်း ပြန်လည်ကျဆင်းသွားပေလိမ့်မည်။

သို့သော် စုချန်း တကယ်လိုချင်သည်ကလည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ယာယီ တိုးပွားလာစေရန်သာ ဖြစ်သည်။ ထို့နောက် သူက စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်း၍ ပရမတ်အမှုန်များကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ စမ်းသပ်လိုက်ပြန်၏။

အတန်ကြာသော် သူက နောက်ထပ် ဆေးနှစ်ဖုံကို ထပ်မံ ဖော်စပ်လိုက်ပြီး တဂွတ်ဂွတ်နှင့် မော့သောက်လိုက်ပြန်သည်။ တကယ်တော့ ဝိညာဉ်တည်ငြိမ်ခြင်း ဆေးသုံးဖုံသည် မူလကျောက်တုံး သောင်းနှင့်ချီ၍ တန်နေ၏။ သို့သော် စုချန်းက ဤနေရာတွင် ငွေတန်ဖိုးကို ထည့်မတွက်နိုင်တော့ချေ။

ဆေးသုံးဖုံ ဝင်သွားသည်နှင့် စုချန်း၏ စိတ်အာရုံသည် အထူးပင် ကြည်လင်လန်းဆန်းလာ၏။ အမြင်အာရုံမှာလည်း ပို၍ ထက်မြက်စူးရှလာ၏။

"စိတ်ဝိညာဉ်စွမ်းအား တက်လာတာနဲ့ ဒီလို သက်ရောက်မှုတွေ ဖြစ်လာတာပဲကိုး"

စုချန်းက တီးတိုးရေရွတ်လိုက်သည်။

သူ၏ အသိညဏ်နှင့် အမြင်အာရုံမှာ တမုဟုတ်ချင်း မြင့်မားလာသကဲ့သို့ စုချန်း ခံစားနေရ၏။

ဤအတိုင်းဆိုလျင် အာကင်နာများသည် ပြောင်မြောက်လှသော တီထွင်သူများ ဖြစ်လာကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့၏ အသိပညာနှင့် အရာရာကို နားလည်နိုင်စွမ်းမှာ ပရမတ်မျက်လုံးများကို ထည့်မတွက်ပဲ စိတ်ဝိညာဉ်စွမ်းအင်တခုတည်းနှင့်ပင် ထူးထူးခြားခြား ပြောင်မြောက်နေသောကြောင့် ဤကဲ့သို့ စွမ်းဆောင်မှုမျိုးကို ဆောင်ရွက်နိုင်ခဲ့ကြခြင်းပေတကား။

ဆေးသုံးဖုံကို တပြိုင်နက်တည်း သောက်ချပြီးသည်နှင့် စုချန်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆန့်ထုတ်ရန် ကြိုးစားလိုက်၏။ ထိုအခါ စွမ်းအားများသည် လေထဲသို့ နွယ်ရှင်များသဖွယ် တိုးထွက်လာကြောင်း စုချန်း ခံစားလိုက်ရသည်။

စုချန်းသည် စိတ်ဝိညာဉ်နွယ်ရှင်လှိုင်းများကို ထိန်းချုပ်ပြီး သတ္တုတုံးအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလိုက်၏။ ထိုအခါ သတ္တုတုံးအတွင်းဝယ် အနက်ရောင်အလင်းမှုန်များ စုဝေးပြွတ်သိပ်နေသည့် နေရာကွက်လပ်လေးတခု ရှိနေကြောင်း စုချန်း တွေ့လိုက်ရသည်။ သို့သော် သတ္တုတုံးသည် ရေထဲတွင် နစ်မြုပ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်လေရာ အနက်ရောင်အမှုန် အတော်များများမှာ ပျက်စီးနေခဲ့ပြီး အကောင်းပကတိဟူ၍ အနည်းငယ်သာ ကျန်တော့၏။

အနှီ အနက်ရောင်အမှုန်များသည် ဘာမှန်း စုချန်း တိတိကျကျ မသိ။ သို့သော် မြန်နိုင်သမျှ မြန်အောင် စုဆောင်းသင့်မှန်းကိုတော့ သူ ကောင်းကောင်းသိ၏။

ထိုအခါ စုချန်းသည် သတ္တုတုံးပေါ်တွင် မတ်တပ်ရပ်ပြီး လေထဲသို့ လွင့်ပျံတက်နေသည့် အနက်ရောင်အမှုန်များအား သတ္တုတုံးအတွင်းသို့ ပြန်လည်ဆွဲယူရန် စတင်ကြိုးစားလိုက်သည်။

သို့သော် အနက်ရောင်အမှုန်များမှာ အတော်ပင် ခေါင်းမာပုံရ၏။ စုချန်းအနေနှင့် ၎င်းတို့ကို ထိတွေ့၍ ရသော်လည်း ထိန်းချုပ်ရာတွင်တော့ အတော်ပင် အခက်တွေ့နေရ၏။ အချိန်အတော်ကြာမှ သူ့ကြိုးစားမှုမှာ အောင်မြင်သွားတော့သည်။

ထိုအချိန်မှာပင် စုချန်း၏ မျက်လုံးများမှာ ပြာခနဲ ဖြစ်သွားလေသည်။ စိတ်ဝိညာဉ်စွမ်းအင်အတော်များများကို သုံးစွဲလိုက်မိပြီဖြစ်ကြောင်း စုချန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။

နောက်ထပ် ဝိညာဉ်တည်ငြိမ်ခြင်းဆေးတဖုံကို ချက်ချင်း သောက်ချလိုက်ပြီး စုချန်းတယောက် အခန်းထဲမှ ထွက်လာခဲ့၏။

ရေတွင်းအနီးရှိ အနက်ရောင်အလင်းမှုန်များကို တစက်မှမကျန်အောင် သူ့အနေနှင့် ပြန်လည် စုစည်းရအုံးမည် မဟုတ်ပါလား။ ဝိညာဉ်တည်ငြိမ်ခြင်းဆေးရည်များကို ရေသောက်သည့်သဖွယ် တငုံပြီးတငုံ သောက်သုံးကာ စုချန်းသည် အနက်ရောင်အလင်းမှုန်များအား သတ္တုတုံးအတွင်း ပြန်ထည့်ရန် စုချန်း ကြိုးစားနေ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။ နောက်ဆုံးတွင်တော့ သူ၏ ကြိုးစားမှုမှာ အောင်မြင်သွား၏။ သတ္တုတုံးကို လုံခြုံစွာ ပိတ်ဆို့ပြီးသည်နှင့် စုချန်းတယောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။

အခန်းထဲသို့ ပြန်ရောက်သည်နှင့် သူက ပိတ်လော့ကို နှိုးလိုက်၏။ စုချန်းကို မြင်သည်နှင့် ပိတ်လော့တယောက် အလန့်တကြား ထအော်တော့သည်။

"ဘယ့်နှယ်ကြောင့် သခင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဒီလောက်ထိ တိုးလာရတာတုန်း"

"အိုး ဝိညာဉ်တည်ငြိမ်ခြင်းဆေး နည်းနည်းပါးပါး သောက်လိုက်လို့လေဗျာ"

စုချန်း၏ စကားကို ကြားသည်နှင့် ပိတ်လော့ ရယ်မောလိုက်၏။

"ဘာလဲ သခင်က ပရမတ်အမှုန်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား ကျွန်တော် ပြောတဲ့စကားကို မယုံဘူးထင်တယ် ခုကော အောင်မြင်ရဲ့လား"

စုချန်းက ပြန်ဖြေလိုက်သည်။

"ကျုပ်အဖို့ ဘာမှ ဆုံးရှုံးစရာ မရှိပေါင်ဗျာ အနည်းဆုံးတော့ စိတ်ဝိညာဉ်စွမ်းအင် မြင့်လာသေးတာပေါ့"

"မှန်တာပေါ့သခင် မှန်တာပေါ့ စိတ်ဝိညာဉ်စွမ်းအင် မြင့်မားလာတယ်ဆိုတာလည်း အင်မတန် အသုံးဝင်တာပဲကိုး အနည်းဆုံးတော့ သခင့်အနေနဲ့ သေစေနိုင်သောစုန်းမကို အသုံးပြုလို့ ကိုယ့်ကို ပြန်ထိနိုင်စရာ အကြောင်းမရှိတော့ဘူးလေ"

ဤတချက်ကိုတော့ အရင်ကတည်းက စုချန်းတယောက် ရှင်းရှင်းလင်းလင်း နားလည်ထားပြီးသားပင်။ စိတ်ဓာတ်ခိုင်မာပြီး စိတ်စွမ်းအင်မြင့်မားသည့် လူတယောက်သည် သူ၏ စိတ်ကို ဒဏ်ရာမရစေရန် ကာကွယ်နိုင်စွမ်းရှိကြသည် မဟုတ်ပါလား။

ထိုအတွက်ကြောင့် စုချန်းသည် သေစေနိုင်သောစုန်းမကို အမြဲတမ်း အသုံးပြုလေ့မရှိပဲ အလွန်အရေးကြီးမှသာ ထုတ်သုံးလေ့ရှိခြင်းပင်။ သေစေနိုင်သောစုန်းမကို အသုံးပြု၍ မအောင်မြင်ပါက အသုံးပြုသူကိုယ်တိုင် ဒဏ်ရာရသွားနိုင်သည် မဟုတ်ပါလား။ စိတ်ဝိညာဉ်စွမ်းအား မြင့်မားလာသည်နှင့်အမျှ အနှီ ဒဏ်ရာရနိုင်ချေမှာလည်း နည်းနိုင်သမျှ နည်းသွားပေလိမ့်မည်။

သေစေနိုင်သောစုန်းမကို ဒဏ်ရာမရစေပဲ အသုံးပြုနိုင်ရန် စိတ်ဝိညာဉ်စွမ်းအား မည်မျှယူနစ်ထိ လိုမည်မှန်း စုချန်း မသိချေ။ ထို့ကြောင့် သူက အလွန်ဈေးကြီးသော ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါးများကို မသုံးပဲ နည်းစနစ်၏ အားနည်းချက်ကို ဖာထေးနိုင်ရန်သာ အစဉ်တစိုက် ကြိုးစားနေခဲ့လေသည်။

ယခုတော့ သူ၏ ထိုအတွေးအမြင်သည် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

ထို့နောက် သူက မေးလိုက်၏။

"ဒါမှန်တယ် ဒါပေမဲ့ ခုတိုးလာတာကတော့ ဆေးအစွမ်းကြောင့် ယာယီတိုးလာတာမျိုးပဲ ဘာမှမထူးဘူး ဒါနဲ့ ခင်ဗျားကို ကျုပ် တခုမေးအုံးမယ် ကျုပ်မှာ ရှိပြီးသား စိတ်ဝိညာဉ်စွမ်းအားကိုရော ဒီစွမ်းအားကို ထိန်းချုပ်နိုင်စွမ်းပါ တိုးပွားလာစေတဲ့ နည်းစနစ်တခုတလေများ ခင်ဗျား ကြားဖူးသလား ပိတ်လော့"

စုချန်းအနေနှင့် ယခင်က စိတ်ဝိညဉ်စွမ်းအား တိုးပွားလာစေရန် လေ့ကျင့်ဖူးသော်လည်း ၎င်းသည် သေစေနိုင်သော စုန်းမကိုလေ့ကျင့်ရာမှ ကျွဲကူးရေပါ သဘောမျိုး တိုးပွားလာခြင်းသာ ဖြစ်သည်။

ထို့ကြောင့် သူ့အနေနှင့် စိတ်ဝိညာဉ်စွမ်းအား တိုးပွားစေသည့် သီးခြားနည်းစနစ်တခုတော့ လိုအပ်နေခဲ့ပြီ ဖြစ်သည်။

"သခင့်အနေနဲ့ စိတ်ဝိညာဉ်စွမ်းအင် တိုးပွားလာမဲ့ နည်းစနစ်မျိုးကို လေ့ကျင့်ချင်တယ် ဟုတ်လား"

ပိတ်လော့က အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။

"ဒါပေမဲ့ သခင်ဟာ လူသားတယောက်လေ လူသားတယောက်အနေနဲ့ စိတ်ဝိညာဉ်စွမ်းအား ဒီလောက်ထိ မြင့်မားနေစရာ လိုလို့လား"

"ကျုပ်ဟာ သုတေသနသမားတယောက် တီထွင်သူတယောက်လေဗျာ ဒီလို လူတယောက်အတွက် စိတ်ဝိညာဉ်စွမ်းအင် မြင့်မားနေဖို့ဆိုတာ သိပ်ပြီးလိုအပ်တာပေါ့"

စုချန်းက ပြန်ပြောလိုက်၏။

All Chapters