← Chapters

စစ်မှန်သော ဝိညာဉ်နည်းစနစ်

Vol. 36 Ch. 354

စစ်မှန်သော ဝိညာဉ်နည်းစနစ်

Vol. 36 Ch. 354

စုချန်း၏ စကားကို ကြားလိုက်သောအခါ ပိတ်လော့က အတန်ကြာအောင် စဉ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"သခင်က ဘယ်လို စိတ်ဝိညာဉ် တိုးပွားစေတဲ့ နည်းစနစ်မျိုးကို လိုချင်တာလား သူ့မှာ လမ်းခွဲတွေ အများကြီးရှိတယ်ဆိုတာကိုတော့ သခင် နားလည်မယ်ထင်တယ် ရွေးချယ်ပြီးရင် ပြန်ပြောင်းလို့မရတော့ဘူး ဥပမာအနေနဲ့ ပြောရရင် တချို့ စိတ်ဝိညာဉ်နည်းစနစ်တွေက သခင့်ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေမှာ ပိုပြီး အံဝင်ခွင်ကျ ဖြစ်လာအောင် ပြုလုပ်ပေးနိုင်တယ် တချို့ နည်းစနစ်တွေကတော့ ကိုယ်လက်အင်္ဂါအသီးသီးကို စိတ်ဝိညာဉ်ဖြန့်ကျက်သွားစေဖို့အတွက် ဝိညာဉ်ကွဲထွက်ခြင်းဖြစ်စဉ်ကို ကောင်းမွန်စေတယ် တချို့နည်းစနစ်တွေကျပြန်တော့ ပြင်းထန်အားကောင်းတဲ့ ရှေးဟောင်းအာကင်နာနည်းစနစ်တွေကို အသုံးပြုလာနိုင်အောင် စိတ်ဝိညာဉ်စွမ်းအင်နဲ့မူလစွမ်းအင်ကို ပေါင်းစပ်ပေးနိုင်အောင် ကူညီပေးနိုင်တယ် တချို့ကျတော့ သဘာဝလွန်သတ္တဝါတွေနဲ့ ဆက်သွယ်ပြီး သူတို့ဆီက ကြီးမားတဲ့ စွမ်းအင်တွေ ရရှိလာအောင် ကူညီပေးနိုင်တယ် တချို့ဆိုရင် ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ပြီး အနာဂတ်ကို ကြိုမြင်လာတာမျိုးတောင် ရှိတယ်...."

"ဒါတွေအကုန်လုံးကို ခင်ဗျား လုပ်နိုင်တယ်ပေါ့ ဟုတ်လား"

စုချန်းက မေးလိုက်၏။

"အိုး ဘယ်လုပ်နိုင်ပါ့မလဲသခင်"

ပိတ်လော့က ရယ်မောရင်း ပြောလိုက်၏။

"ကျွန်တော်ဟာ စစ်ပွဲတွေနဲ့ အသားကျနေတဲ့ အာကင်နာသူရဲကောင်းမှ မဟုတ်တာပဲ တကယ်တော့ ကျွန်တော်ဟာ သုတေသနသမားတယောက် သက်သက်ပါပဲသခင် ဒါကြောင့် စိတ်ဝိညာဉ် သန်မာအားကောင်းစေတဲ့ နည်းစနစ်ဆိုလို့ တမျိုးပဲ ကျွန်တော်သိတဲ့ အဲဒီနည်းစနစ်ကို စစ်မှန်သော ဝိညာဉ်နည်းစနစ်လို့ ခေါ်တယ် အဲဒီနည်းစနစ်ကြောင့် ကျွန်တော်ဟာ အရာရာကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အင်မတန်ရှုပ်ထွေးတဲ့ စမ်းသပ်မှုတွေ လုပ်နေတာတောင် စိတ်ကို ကြည်လင်အောင် ထိန်းသိမ်းထားနိုင်လာတယ် ဒီနည်းစနစ်က သုတေသနသမားတွေနဲ့တော့ အံကိုက်ပဲ သခင်"

ပိတ်လော့၏ စကားကို နားထောင်ရင်း စုချန်း၏ မျက်ခုံးနှစ်ဘက်က အပေါ်သို့ မြင့်တက်သွားသည်။

"ကျုပ်လိုချင်တဲ့ နည်းစနစ်နဲ့ ကွက်တိပဲဗျို့"

"ကျွန်တော်ကလည်း အဲဒီအတိုင်း ထင်ပြီးသားပါ သခင်"

ပိတ်လော့က ရယ်မောလိုက်၏။

"နောက်ဆုံးမှာတော့ ကျွန်တော်တို့နှစ်ယောက်ဟာ အတော်များများ တူညီနေတာပဲကိုး ကျွန်တော်တို့ နှစ်ယောက်လုံးဟာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရတာလောက် တခြား ဘာကိုမှ စိတ်မဝင်စားကြဘူးလေ တကယ်တော့ သဘာဝတရားကြီးရဲ့ ဥပဒေသတွေက်ို ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ အရာအားလုံးကို ထိန်းချုပ်နိုင်ပြီလေ ဒီတော့ သခင်ဒီနည်းစနစ်ကို သင်ယူချင်တယ်ဆိုရင် ကျွန်တော် သင်ပေးပါမယ်"

စကားဆုံးသည်နှင့် သူက စုချန်းရှိရာသို့ လက်ညိုးညွှန်လိုက်၏။ စုချန်းကလည်း သူ၏ စိတ်ဝ်ိညာဉ်ကို ဖွင့်လှစ်ထားလေရာ မှတ်ညဏ်လှိုင်းများ တလဟော တိုးဝင်လာတော့သည်။ အချိန်အနည်းငယ်အတွင်းမှာပင် သူ့မျက်လုံးများသည် ချာချာလည်လာ၍ စုချန်းက မျက်လုံးအစုံကို တင်းကျပ်စွာ ပိတ်ထားလိုက်၏။

အတန်ကြာမှ သူက မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ဒီတော့ စစ်မှန်သော ဝိညာဉ်နည်းစနစ်ဆိုတာ ဒါပဲပေါ့ ကျုပ် မှတ်မိပါပြီ ဒါဟာ ဘာမှ အပြစ်ပြောစရာမရှိလောက်အောင် ကောင်းမွန်တဲ့ နည်းစနစ်ပဲဗျ"

"ကောင်းမှာပေါ့ သခင် ဒီနည်းစနစ်ဟာ ပါရမီရှင်အာကင်နာပညာရှင်တိုင်းရဲ့ အနှစ်သက်ဆုံး နည်းစနစ်တမျိုးပဲလေ"

ပိတ်လော့က ထပ်မံ ရှင်းပြလိုက်၏။

နောက်လာသည့်ရက်များတွင်တော့ စုချန်းသည် စုအိမ်တော်တွင်သာ နေထိုင်ရင်း အချိန်ကုန်နေခဲ့လေသည်။ သူသည် စမ်းသပ်စရာ မရှိလျင် တချိန်လုံးလိုလို အာရုံစိုက်ကာ လေ့ကျင့်နေ၏။

ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းလိုပင် လေ့ကျင့်လျက်ရှိ၏။

အပေါ်ယံအမြင်တွင် စုချန်းသည် ထူးထူးခြားခြား လေ့ကျင့်နေခြင်းမျိုး မဟုတ်ပဲ ငြိမ်သက်စွာထိုင်ပြီး တရားထိုင်နေခြင်းသာ ဖြစ်သည်။

သို့သော် သင့်အနေနှင့် အမြင်အာရုံကို မြှင့်တင်ပေးနိုင်သော မူလစွမ်းရည်တမျိုးကို အသုံးပြု၍ ကြည့်ပါက စုချန်း၏ ကိုယ်တွင်းမှ ကြိုးမျှင်ကဲ့သို့သော အရာများ တိုးထွက်နေပြီး လေထဲတွင် ရေဘဝဲတကောင်၏ လက်တံများကဲ့သို့ ကခုန်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

သိပ်မကြာမီ ထိုအမျှင်များသည် စုချန်း၏ တကိုယ်လုံးကို အကာအကွယ်တခုသဖွယ် ရစ်ဖွဲ့ဖုံးအုပ်လာကြ၏။ ဖုန်မှုန့်များသည်ပင် အကာအကွယ်၏ အတွင်းသို့ မဝင်ရောက်နိုင်တော့သည့် အခြေအနေ ဖြစ်သည်။

တနည်းအားဖြင့် စုချန်း၏ တကိုယ်လုံးအား စိတ်ဝိညာဉ် လက်တံများက ရေပက်မဝင်အောင် ကာကွယ်ထားသကဲ့သို့ ရှိလေသည်။

စုချန်းသည် ထိုအခြေအနေကို အားမရသေးချေ။ ထိုအခါ သူက ရုတ်ချည်းပင် ထိုင်ရာမှ ထလိုက်ပြီး ဂျုံမှုန့်တဆုပ်ကို လှမ်းယူကာ လေထဲသို့ လွှင့်ပစ်လိုက်၏။ အနှီ ဂျုံမှုန့်များသည် တဖြည်းဖြည်း အောက်သို့ ပြုတ်ကျလာပြီး အများစုမှာ စိတ်ဝိညာဉ် လှိုင်းလက်တံများပေါ်တွင် ကပ်ြငိကျန်ရစ်လေသည်။ ဂျုံမှုန် အနည်းအကျဉ်းသာလျင် စုချန်း၏ ပုခုံးနှင့် ကုပ်ပေါ်သို့ ပြုတ်ကျလာ၏။ သို့တိုင်အောင် စုချန်း၏ ကိုယ်အပေါ်ပိုင်းတခုလုံး ဖွေးဖွေးဖြူသွားလေသည်။

ဂျုံမှုန့်များ အားလုံး မြေပေါ်သို့ ပြုတ်ကျသွားသည်နှင့် စိတ်ဝိညာဉ်လှိုင်းလက်တံများမှာလည်း ပျောက်ကွယ်သွား၏။ စုချန်းက သက်ပြင်းတချက်ချရင်း စိတ်ဝိညာဉ်တည်ငြိမ်ခြင်းဆေးရည် တပုလင်းကို ထုတ်ယူပြီး ဂွတ်ခနဲ မော့သောက်ချလိုက်သည်။ သို့မှသာ ကုန်ဆုံးသွားသည့် စိတ်ဝိညာဉ်စွမ်းအားများ မြန်မြန်ဆန်ဆန် ပြန်လည်ပြည့်ဖြိုးလာမည် မဟုတ်ပါလား။

လေ့ကျင့်ခန်းမှာ တိုးတောင်းလှ၏။ သို့သော် အသုံးပြုလိုက်ရသည့် စိတ်ဝိညာဉ်စွမ်းအား ပမာဏမှာကား များပြားလှသည်။

မည်သို့ဆိုစေ ပိတ်လော့ သူ့ကို သင်ပေးလိုက်သည့် နည်းစနစ်မှာ ထူးခြားလှသည်ကိုတော့ စုချန်း ဝန်ခံရပေလိမ့်မည်။ ရက်အနည်းငယ်လောက် ကြိုးစားလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ သိသိသာသာပင် တိုးပွားလာသည် မဟုတ်ပါလား။

အမှန်တော့ ထိုအနေအထားထိ တိုးပွားလာခြင်းမှာလည်း စုချန်းက ဝိညာဉ်တည်ငြိမ်ခြင်းဆေးဝါး၏ အကူအညီကို ရယူခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ပိတ်လော့က သူ့အား စိတ်ဝိညာဉ်စွမ်းအားကို တိုင်းတာသည့် နည်းစနစ်ကိုပါ သင်ပေးခဲ့လေရာ လေ့ကျင့်ခန်း ပြီးဆုံးသည်နှင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ယူနစ်၅၀မှ ၁၀၀ထိ တိုးပွားလာခဲ့ပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်သည်။

"အင်း နောက်ဆုံးတော့ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ ယူနစ်၁၀၀ထိ ရောက်လာခဲ့ပြီပဲကိုး"

စုချန်းက သက်ပြင်းချရင်း တီးတိုးရေရွတ်လိုက်၏။

တိုးတက်မှုမှာကား မြန်ဆန်လှချေသည်တကား။

သို့သော်..

ထိုအတွက် ကုန်ကျစရိတ်ကလည်း မနည်းလှပေ။ ရက်အနည်းငယ်အတွင်း ကုန်ကျစရိတ် ၅သောင်းအထိ ရှိသွားခဲ့ပေပြီ။

"အင်း ဒီနည်းစနစ်က ကောင်းတာတော့ အမှန်ပဲ ဒါပေမဲ့ ကုန်ကျစရိတ်က များလွန်းတယ် ဒီအတိုင်း ရေရှည်ထိန်းထားနိုင်ဖို့ မလွယ်လှဘူး"

ကံကောင်းသည်မှာ စုချန်း၏ မူလရည်ရွယ်ချက်ကိုက စိတ်ဝိညာဉ်စွမ်းအား ယူနစ်၁၀၀ထိ တိုးပွားလာရန်သာ ဖြစ်လေရာ ကုန်ကျစရိတ် ထပ်၍ မရှိနိုင်တော့။ ယူနစ်၁၀၀နှင့် ပရမတ်လောကကြီးကို သူ ထိတွေ့နိုင်ပြီ မဟုတ်ပါလား။

ထိုအချိန်မှာပင် သူ့နောက်ကျောမှ လီရှု၏ အသံပေါ်လာ၏။

"သခင်လေး"

"ဘာကိစ္စလဲ"

"ဗျူရိုအကြီးအကဲလျူ ပြန်ရောက်ပြီး သခင်လေးကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

"ကောင်းပြီ သွားဖို့လာဖို့ ကျုပ်ကို ကူညီပြီး ပြင်ဆင်ပေးပါအုံး လီရှု"

___________×××_____________×××____________

နာရီဝက်ခန့်အကြာတွင်တော့ စုချန်းတယောက် မူ ဗျူရိုသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့၏။

မျက်နှာပေါ်တွင် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများ ထူထပ်စွာ ပေါက်ရောက်နေသော မူလဗျူရို၏ အကြီးအကဲဖြစ်သူ လျူဝုယာသည် သူ့ရှေ့တွင် မတ်တပ်ရပ်လျက် ရှိ၏။

လျူဝုယာအနေနှင့် မြို့တော်သို့ ပြန်ရောက်ရောက်ချင်း စုချန်းကို အလျင်စလို ခေါ်ရသည်မှာ အလကားတော့ မဟုတ်တန်ရာ။ အကြောင်းထူး တခုခု ရှိ၍ပင် ဖြစ်ပေလိမ့်မည်။

တယောက်နှင့်တယောက် အပြန်အလှန် မိတ်ဆက်ပြီးသည်နှင့် အကြီးအကဲလျူက စကားစလိုက်သည်။

"ကောင်းပြီ အသိပညာအတည်ပြုသူစု မင်းဟာ ဟိုတနေ့က စန်းမော့နဲ့ ယုချန်းရွှေတို့ကို ဖမ်းဆီးလာခဲ့တယ်ဆို"

ထိုကိစ္စကို ပြောလာမည်မှန်း စုချန်းကလည်း ကြိုတွေးထားပြီးသားပင်။

"မှန်ပါတယ် သူတို့နှစ်ယောက်ဟာ ဈေးထဲမှာ ရန်ဖြစ်တယ် သူတို့ရဲ့ တိုက်ပွဲကြောင့် အပြစ်မဲ့တဲ့ အရပ်သားတွေ အများကြီး ထိခိုက်ကုန်တယ် အဘွားကြီးတယောက်ဆိုရင် သေတောင်သေသွားရှာတယ် ကျုပ်ဟာ ဒီမြို့ရဲ့ အသိပညာအတည်ပြုသူ ဖြစ်တဲ့အတွက် ဒီလို မြင်ကွင်းမျိုးကို ဥပေက္ခာ မပြုနိုင်ပါဘူးဗျာ"

စုချန်း၏ စကားကြောင့် လျုဝုယာက ခေါင်းခါရင်း ခါးသီးသော လေသံဖြင့် ရယ်မောလိုက်သည်။

"အင်း လူငယ်တွေ လူငယ်တွေ မင်းတို့ဟာ တကယ်ကို သတ္တိကောင်းကြတာပဲ ခုပဲ ရောက်တယ် ခုပဲ ကျုပ်အတွက် သေးလည်းမသေး ကြီးလည်းမကြီးတဲ့ ပြသနာမျိုး ရှာထားလိုက်ပြီကိုး"

ပါးစပ်ကသာ ပြသနာဟု ပြောနေသည့်တိုင် ထိုကိစ္စအတွက် လျူဝုယာ စိတ်အနှောင့်အယှက် ဖြစ်ပုံမရချေ။

စုချန်းကလည်း ၎င်း၏ လေသံကို ကောင်းစွာ သဘောပေါက်လိုက်၏။ ထိုအခါ သူက မေးလိုက်သည်။

"လောင်းမျိုးနွယ်နဲ့ လျန်မျိုးနွယ်စုတို့ အကြီးအကဲကို လာရှာပါသလား"

"ရှာတယ် ဘယ်နေ့ ပြန်လွှတ်ပေးမလဲ သူတို့ သိချင်နေကြတယ်"

လျူဝုယာက ရေနွေးကြမ်းကို အရသာခံကာ သောက်ရင်း ပြောလိုက်၏။

"ဒီတော့ ကျုပ်ကို ပြောစမ်းပါ ဒါ ပြသနာလားလို့"

စုချန်းက ရယ်မောလိုက်သည်။

"တော်ဝင်မျိုးနွယ်စုတွေက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တယားကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ဘယ်တုန်းက ရှိသွားတာလဲ"

"အတော်လေး လွှမ်းမိုးနိုင်စွမ်းတော့ ရှိကြတာ အမှန်ပဲကွ"

လျူဝုယာက ခံစားချက်မရှိသော လေသံနှင့် ပြောလိုက်သည်။

"ဘယ်လောက်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိရှိ အစိုးရလက်အောက်က အဖွဲ့အစည်းတခုကို သူတို့ ပေါ်တင် တိုက်ခိုက်ရဲကြလို့လား"

"ပေါ်တင်တော့ မတိုက်ရဲကြဘူးပေါ့ကွာ ဒါပေမဲ့ လူဆိုတာက ပြောရတော့ ခက်သားပဲ မင်းအနေနဲ့ ရန်သူ မဖြစ်ထိုက်သူတွေနဲ့ ရန်သူ ဖြစ်မိရင် ညဘက် လမ်းလျှောက်တာတောင် သတိထားသင့်တာပေါ့ကွာ"

"ညဘက်ဆိုတော့ မှောင်ပါတယ် ဒီတော့ တကယ်တမ်း ထွက်ပြေးရမဲ့သူ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်တာပေါ့ အကြီးအကဲ"

ထိုစကားကို ကြားလိုက်သည်နှင့် လျုဝုယာက ငြီးငြူလိုက်သည်။

"လူငယ်တွေဟာ တကယ်ပဲ သတ္တရှိကြတာကိုး ကြည့်ရသလောက် နဂါးကျောင်းတော်ရဲ့ ကျောင်းဆင်းတွေဟာ သာမာန်မဟုတ်ဘူးဆိုတာ ကျုပ် လက်ခံရတော့မှာပဲ"

"ခေါင်းမာမိတာကို အကြီးအကဲ အပြစ်မတင်တာနဲ့တင် စုချန်း ကံကောင်းလှပါပြီ"

"တကယ်လည်း အပြစ်မတင်ပါဘူးကွာ မင်းပြောသလိုပဲ မူလဗျူရိုဟာ ချီစွမ်းအားပညာရှင်တွေအကြား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ တာဝန်ရှိနေတယ်ဆိုတာ အမှန်ပဲလေ ဒါပေမဲ့ ဒီက အခြေအနေကိုတော့ အရင်ဆုံး မင်းနားလည်ထားရလိမ့်မယ် ကျုပ်တို့မှာ လူအင်အားက နည်းနည်းပဲရှိတယ် ဒီအင်အားနဲ့ဆိုရင် ပြသနာအသေးစားတွေလောက်ကိုပဲ ကိုင်တွယ်နိုင်လိမ့်မယ် အရမ်း ကြီးမားတဲ့ ပြသနာမျိုးနဲ့ ကြုံရပြီဆိုရင်တော့ ကျုပ်တို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး တော်ဝင်မျိုးနွယ်စုတွေကတော့ အင်အားများတယ် ကျွမ်းကျင်ပညာရှင်တွေ ပြည့်နှက်နေတယ် သူတို့အင်အားက သာမာန်ပြသနာမျိုးကို မပြောနဲ့ မူလဗျူရိုတခုလုံးကို ညက်ညက်ကြေသွားအောင် လုပ်နိုင်တယ် ဒီတော့ မင်းဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ ကျုပ် နားလည်ပေးသလို ကျုပ် ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုလည်း မင်း နားလည်ပေးဖို့ လိုလိမ့်မယ်"

"အကြီးအကဲ ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာ နားလည်ပေးရမယ် ဟုတ်လား"

စုချန်းက လွှတ်ခနဲ မေးမြန်းလိုက်၏။

သို့သော် အကြီးအကဲလျူက သက်ပြင်းတချက်ချရင်း ပြောလိုက်သည်။

"ကဲ ကျုပ်တို့ တွေ့လို့ပြီးပြီဆိုတော့ မင်း ပြန်နိုင်ပါပြီ အသိပညာအတည်ပြုသူ စု ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ကိုယ့်နောက်ကျောကိုယ်ကို သတိထားပါ"

All Chapters