သွေးစွန်းသောလမ်း
Vol. 36 Ch. 355
မူလဗျူရိုမှ ထွက်ခွာလာပြီးသည်နှင့် စုချန်းသည် လမ်းမပေါ်သို့ တက်လိုက်၏။
ဘာတွေဖြစ်နေမှန်းကိုတော့ သူ တိတိကျကျ မသိပေ။ သို့သော် လမ်းတလျှောက်လုံး လူသူကင်းမဲ့ကာ တစပြင်ကြီးပမာ ခြောက်သွေ့နေသည်ကိုတော့ စုချန်း တွေ့နေရ၏။
လမ်းမဆီမှ အဝေးသို့ မျှော်ကြည့်လိုက်လျင်တော့ လူတချို့၏ ဦးခေါင်းဖျားများကို နံရံများပေါ်မှ ကျော်၍ မြင်တွေ့နေရလေသည်။ ထိုလူများမှာ စုချန်းအား စောင့်ကြည့်နေသော လူများပင် ဖြစ်သည်။
လမ်း၏ အဆုံးတွင် မတ်တပ်ရပ်နေသော လူတစုသည် စုချန်းကို မြင်သည်နှင့် ချက်ချင်းပင် စတင်လှုပ်ရှားလာ၏။ စုချန်းက နောက်ကို လှည့်ကြည့်လိုက်ရာ နောက်ထပ် လူတစုကလည်း သူ့ဆီသို့ ဦးတည်လာနေကြောင်း သူ တွေ့လိုက်ရသည်။
လမ်းမကြီးအား ဘေးတဖက်တချက်စီမှ အနားသတ်ထားသော နံရံများသည် ထူးထူးခြားခြား တောက်ပနေလေရာ မူလပုံစံကွက်များနှင့် စီရင်ထားကြောင်း သိသာနေသည်။ ဤအတိုင်းဆိုလျင် စုချန်းအနေနှင့် နံရံများပေါ်မှ ကျော်ပြေး၍ မရတော့ပေ။
စုချန်းကား ထွက်ပေါ်မရှိသော ထောင်ချောက်တခုအတွင်းသို့ ကျရောက်နေခဲ့လေပြီ။ ထွက်ပြေးရန် လမ်းမရှိတော့။
အခြေအနေကို စုချန်းက ချက်ချင်းပင် နားလည်လိုက်သည်။
စုချန်းဆီသို့ ဦးတည်လျှောက်လာသော လူစုနှစ်စုအနက် တစုကို ခေါင်းဆောင်လာသူမှာ လူငယ်တဦး ဖြစ်သည်။ သူ့နောက်တွင်တော့ နောက်ထပ် လူတဦး လိုက်ပါလာနေ၏။ ထိုလူမှာ လက်တဖက်သာ ကျန်ရှိတော့သော စန်းမော့ ဖြစ်သည်။
ထိုလူငယ်က စုချန်းရှေ့သို့ ရောက်သည်နှင့် ရယ်မောကာ ပြောလိုက်သည်။
"အသိပညာအတည်ပြုသူ စု ဒီတကြိမ်က ကျုပ်တို့ ပထမဆုံး တွေ့ဖူးတာဆိုတော့ ကျုပ်ကိုကျုပ်ပဲ မိတ်ဆက်ပေးပါရစေ ကျုပ်နာမည် လောင်းရှောက်ယူလို့ ခေါ်တယ် လောင်းမျိုးနွယ်စုရဲ့ သခင်လေးတပါးပဲ ဆိုပါတော့ ကျုပ်တို့ ခုမှသာ တွေ့ဖူးပေမဲ့ အသိပညာအတည်ပြုသူ စုရဲ့နာမည်ကိုတော့ ကြားဖူးနေခဲ့တာ ကြာပြီ မြို့ပြင်က လီမျိုးနွယ်ခြံဝင်းကို သခင်လေးစု ဝယ်ဖို့ ခွင့်ပြုပေးလိုက်တာလည်း ကျုပ်ပဲလေ"
စုချန်းကလည်း ရယ်မောရင်းနှင့်ပင် ပြန်ပြောလိုက်သည်။
"ခင်ဗျားက ကျုပ်ကို ဝယ်ခွင့်ပြုလိုက်တယ် ဟုတ်သလား ကျုပ်တော့ မသိပါလား ကျုပ်သိတာဆိုလို့ တယောက်ယောက်က ဒီအိမ်တော်ကိုရဖို့ ကျုပ်နဲ့ အပြိုင်လုပြီး ဝယ်ယူခဲ့တာကြောင့် ကျုပ်အနေနဲ့ မလိုလားအပ်ပဲ ရွှေစင်အစငါးထောင် ပိုသုံးလိုက်ရတယ် ဆိုတာပဲ"
စုချန်း၏ စကားကြောင့် လောင်းရှောက်ယူ၏ မျက်နှာက မဲခနဲ ဖြစ်သွားသည်။ ထို့နောက် သူက ပြောလိုက်၏။
"ကျုပ် ပြောချင်တာလဲ အဲဒီအတိုင်း အတိအကျပဲဗျ သူရဲခြောက်နေတဲ့ အိမ်ကိုရဖို့ ခင်ဗျားက ကျုပ်နဲ့ လုပြီး ဝယ်သွားခဲ့တယ် အစကတော့ ကျုပ်က ခင်ဗျားနဲ့ ရင်းရင်းနှီးနှီး စကားပြောရုံလောက်ပါ ခင်ဗျားသာ ဖော်ဖော်ရွေရွေရှိရင် ဒီအိမ်ကို လက်လွတ်ခံလိုက်ရတာလောက်ကို ကျုပ်က ဘယ်လိုမှ သဘောမထားတော့ဘူးလို့ တွေးထားတာ ဒါပေမဲ့ ခင်ဗျားကတော့ ခရီးရောက်မဆိုက်မှာပဲ ကျုပ်လူတယောက်ကို ဖမ်းဆီးလိုက်တဲ့အပြင် သူ့လက်ကိုလည်း ဖျက်ဆီးလိုက်တယ် ဒီတခေါက်မှာတော့ ခင်ဗျားကို ကြွေးဟောင်းရော ကြွေးသစ်ရော တခါတည်း ပေးခိုင်းရတော့မှာပဲ"
"အိုး ဒီအကြွေးတွေကို ဘယ်လိုရှင်းလင်းဖို့များ ခင်ဗျား တွေးထားတာလဲဗျ"
စုချန်းက ပြန်မေးလိုက်၏။
"ရှင့်ရဲ့ ပိုင်ဆိုင်မှုကိုတော့ သူ ယူမယ် ရှင့်လူတွေကိုတော့ ကျွန်မ ယူမယ်"
စကားသံကြောင့် စုချန်းက နောက်ကို လှည့်ကြည့်လိုက်သည်။ စကားပြောလိုက်သူမှာ အနီရောင်ဝတ်ဆင်ထားသော မိန်းကလေးတဦး ဖြစ်သည်။ သူမ၏ နောက်မှ လိုက်ပါလာသူကတော့ ယုချန်းရွှေပင် ဖြစ်၏။
"ကျွန်မနာမည် လျန်ကျာ့အိုလို့ ခေါ်တယ် ဒါနဲ့ စကားမစပ် ကျာ့အို ဆိုတာ အလွန့်အလွန် ထွန်းလင်းတောက်ပခြင်းလို့ အဓိပ္ပါယ်ရတယ်နော် စိတ်မကောက်တတ်ဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး မမှားစေနဲ့"
သူမက စုချန်းနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ သူမ၏ လက်ထဲတွင်လည်း ကြိုးတချောင်းကို ကိုင်ထား၏။
စုချန်းက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။
"လျန်မျိုးနွယ်စုမှာ လူသားတွေကို ကျွန်ပြုနိုင်ပြီး သူတို့ကို ထိန်းချုပ်နိုင်တဲ့ နည်းစနစ်တမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ကျုပ် ကြားဖူးတယ် ဒါပေမဲ့ အဲဒီလို ကျွန်ပြုခံရတဲ့ လူတွေဟာ လေးတိလေးကန် ဖြစ်သွားပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းပါ မရှိတော့လို့ သူတို့ရဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းရည် ကျသွားသတဲ့ ခုတော့ ဒီကောလဟလက အမှန်ပဲနဲ့ တူတယ်"
လျန်ကျာ့အိုက ရယ်မောလိုက်၏။
"ရှင့်ရဲ့ စူးစမ်းနိုင်စွမ်းကတော့ အံ့သြစရာပဲ သိပ်တော့လည်း စိတ်မပူပါနဲ့ ရှင် ငြိမ်ငြိမ်လေးနေပေးရင် အလွယ်တကူ အောင်မြင်သွားမှာပါ"
"ငြိမ်ငြိမ်လေးနေပေးရအုံးမယ် ဟုတ်လား သေချာပေါက် အောင်မြင်ဖို့ အာမခံချက် မရှိဘူးပေါ့ တော်တော်ဆိုးတဲ့ လျှို့ဝှက်နည်းစနစ်ပဲဗျ"
လျန်ကျာ့အို၏ မျက်နှာက မဲခနဲ ဖြစ်သွားသည်။
"တကြိမ်လောက် မြည့်ကြည့်လိုက်ရင် ကျွန်မတို့နည်းစနစ်ရဲ့ အရသာကို ရှင် ကောင်းကောင်းသိသွားလိမ့်မယ်"
ထိုစဉ် လောင်းရှောက်ယူက ဝင်ပြောလိုက်သည်။
"စကားပြောနေတာ အချိန်ကုန်တယ် မြန်မြန်လက်စသတ်လိုက်ရအောင်"
စကားဆုံးသည်နှင့် သူက အချက်ပြလိုက်လေရာ သူနှင့်အတူပါလာသော အစောင့်များ စတင်လှုပ်ရှားလာကြတော့သည်။ အစောင့်များအားလုံးသည် သံမဏိကိုယ်ထည်အဆင့်သာ ရှိနေသော်လည်း အရေအတွက်ကတော့ များလှ၏။ ထို့ကြောင့် သူတို့ကို အထင်သေး၍ မရပေ။
ထို့ပြင် ၎င်းအစောင့်များအပြင် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင် ၈ယောက်နှင့် ချီစုဆောင်းခြင်းပညာရှင် ၁၄ယောက်ထိပါလာသည်ကို တွေ့မြင်နေရလေရာ စုချန်းကို ရန်သူများအနေနှင့် ပေါ့ပေါ့တန်တန် သဘောမထားဝံ့ကြောင်း သိသာနေလေသည်။
သို့တိုင်အောင် စုချန်းက အားရပါးရ ရယ်မောလိုက်လေသည်။
"မင်းတို့သာ ငါ့ကို ဖမ်းနိုင်ရင် စိတ်ကြိုက်သာ လုပ်ကြစမ်းကွာ"
ပြောပြောဆိုဆို သူက လက်စွပ်အတွင်းမှ ဆေးပုလင်ကို ထုတ်ယူကာ မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်၏။ အုန်းခနဲ မြည်သံနှင့်အတူ မီးခိုးငွေ့များ တလူလူ ထွက်ပေါ်လာ၏။ မျက်စေ့တမှိတ်အတွင်းမှာပင် အနှီ မီးခိုးငွေ့များသည် စုချန်းကိုသာမက ပတ်ဝန်းကျင်တခုလုံးကိုပါ ဖုံးလွှမ်းသွားတော့သည်။
လောင်းရှောက်ယူ မျက်လုံးပြူးသွား၏။ သူက ကပျာကယာ အော်ဟစ်လိုက်သည်။
"ဟာ အခြေအနေမကောင်းဘူး ဒီကောင် ထွက်ပြေးပြီနဲ့တူတယ်"
လျန်ကျာ့အိုကလည်း ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
"ထွက်ပေါက်တွေကို ပိတ်ဆို့ထားစမ်း ဘာကြီးပဲ ဖြစ်နေပါစေ သူ့ကို လုံးဝ ထွက်မပြေးစေနဲ့"
ထွက်ပေါက်များရှိ အစောင့်များသည် အမိန့်ပေးသံကြောင့် ကမူးရှုးထိုးနှင့် ပြေးဝင်လာကြ၏။ ထိုအချိန်မှာပင် နောက်ထပ်ဆေးပုလင်း ၂လုံး ထပ်မံပေါက်ကွဲသွားပြီး တလမ်းလုံး မီးခိုးများနှင့် ပလူပျံသွာတော့သည်။
"ဘာမှမမြင်ရတော့ဘူး"
"သေစမ်း သူဘယ်မှာလဲဟ ငါ ဘာမှမမြင်ရပါလား"
"ထွက်စမ်း မီးခိုးတွေကြားက မြန်မြန်ထွက်စမ်း"
"ထွက်လို့မရဘူးဗျို့ မီးခိုးတွေက သိပ်ပြီးထူနေတယ် ဒါ ရိုးရိုးမီးခိုးမဟုတ်ဘူး အဂ္ဂိရပ်ပညာရှင်တယောက် ဖန်တီးထားတဲ့ မီးခိုးမျိုးပဲ လေပွေတခုလို ကျုပ်တို့ကို အထဲ ဆွဲသွင်းနေတယ်"
"ရတဲ့နည်းနဲ့သာ အမြန်ဆုံး ထွက်ကြတော့ဟေ့"
ထိုအချိန်မှာပင် လူအုပ်များကြားထဲမှ လေတိုးသံတချက်ပေါ်လာပြီး တချိန်တည်းမှာပင် လူတယောက်၏ နာကျင်စွာ အော်ဟစ်သံ ပေါ်ပေါက်လာ၏။ အော်သံမှာ ကြောက်စရာကောင်းလှ၏။ တစုံတရာက သူ့အား လှီးဖြတ်သွားသည့် အသံမျိုး ဖြစ်သည်။ ၎င်း၏ အသံကို နောက်တယောက်က မှတ်မိသွားဟန်ဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
"အစ်ကိုကြီးဟွမ် အစ်ကိုကြီး ဟွမ် ခင်ဗျား အဆင်ပြေရဲ့လား"
မည်သည့် တုံ့ပြန်မှုမျိုးမှ ထွက်ပေါ်လာခြင်းမရှိ။
တကယ်တော့ ထိုအချိန်တွင် နာကျင်စွာ အော်ဟစ်လိုက်သူသည် ကျောပြင်ဆီမှ စူးရှသော နာကျင်မှုကြောင့် အော်ဟစ်မိလိုက်ခြင်း ဖြစ်သည်။ သူက ခေါင်းကို ငုံ့ကြည့်လိုက်မိစဉ်တွင်တော့ ထက်မြက်သော ဓားသွားတချောင်းက သူ့ကျောမှ ရင်ဝသို့တိုင် ဖောက်ထွက်လာကြောင်း တွေ့မြင်လိုက်ရလေသည်။
သူက နောက်တကြိမ် ထပ်မံအော်ဟစ်ရန် ကြိုးစားလိုက်၏။ သို့သော် လက်တစုံက သူ့ပါးစပ်ကို လာပိတ်သောကြောင့် သူ၏ ကြိုးစားမှုမှာ အထမြောက်မသွားရှာပေ။ ထို့နောက်တွင်တော့ သူ့ပါးစပ်အား ပိတ်ထားသူသည် သူ့အား မြေကြီးပေါ်သို့ ငြင်သာစွာ ချပေးလိုက်လေသည်။
စုချန်းသည် ဓားကို ငြင်သာစွာ ဆွဲနှုတ်ပြီး မီးခိုးများအကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
တကယ်တော့ စုချန်းတယောက် ထွက်ပြေးခြင်း မဟုတ်ပေတကား။ သူသည် မီးခိုးငွေ့များကို အကာအကွယ်ယူကာ သူ့ရန်သူများအား အမှဲ့ချွေ ချွေနေခြင်းသာ ဖြစ်သည်။
သူသည် ကနဦးကတည်းက သွေးဆူပွက်ခြင်းပညာရှင်များနှင့် ချီစုဆောင်းခြင်းပညာရှင်များ၏ တည်နေရာကို မှတ်သားထားပြီး ဖြစ်သည်။ သူ့အနေနှင့် ၎င်းတို့အား တဦးချင်းစီ လိုက်လံရှာဖွေပြီး သတ်ဖြတ်သွားမည်ဖြစ်သည်။
ဤသည်မှာပင် စုချန်းက သူ့ရန်သူများအား ရင်ဆိုင်ရန် ရွေးချယ်လိုက်သည့် နည်းလမ်းပေတည်း။
ထို့နောက်တွင်တော့ သူသည် ညဘက်တွင်သာ အမဲလိုက်တတ်သည့် တောမုဆိုးသဖွယ် သူ့ရန်သူများအား တဦးချင်းစီ လိုက်လံဇီဝိန်ချွေနေတော့သည်။
ရွှီခနဲ မြည်သံနှင့်အတူ ဓားသွားသည် နောက်ထပ် အစောင့်တယောက်၏ လည်မြိုကို ဖောက်ထွင်းသွားပြန်၏။ သွေးများ ဖြာခနဲ ပန်းထွက်လာပြီး မီးခိုးငွေ့များသည်ပင် အနီရောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်ရသည်။ စုချန်း၏ ဓားသည် နောက်တကြိမ် ထပ်မံလှုပ်ရှားသွားပြီး နောက်ထပ် ရန်သူတယောက် အသက်ပျောက်သွားပြန်၏။ ရန်သူများအလယ်တွင် စုချန်း တယောက်တည်းသာ ရှိနေလေရာ သူ့အနေနှင့် မိတ်ဆွေများအား မှားယွင်းတိုက်ခိုက်မိမည်ကို စိတ်ပူနေရန် မလိုတော့။
အတန်ကြာသော် လူတိုင်းလိုလိုသည် သူတို့ အမဲလိုက်ခံနေရပြီဖြစ်ကြောင်း နားလည်သဘောပေါက်လာကာ ကြောက်လန့်တကြားနှင့် အော်ဟစ်ကြတော့သည်။
"ဒီကောင် ထွက်ပြေးတာ မဟုတ်ဘူးဟေ့"
"လူတိုင်း သတိထားကြ ဒီကောင် ငါတို့ကို အမဲလိုက်နေတာ"
"မြန်မြန် ဒီမီးခိုးတွေကို အမြန်ဆုံး ပျောက်အောင် လုပ်ကြစမ်းပါ"
ထိုအချိန်မှာပင် အစောင့်တယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်လိုက်၏။
"တိမ်လှိုင်းတွေကွ"
သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် မီးခိုးငွေ့များသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေရာ ထိုနေရာတခုလုံး၏ မြင်ကွင်းမှာ ရှင်းလင်းသွားတော့သည်။
"ဟုတ်ပြီကွ"
လူတိုင်းက စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်ကြသည်။
ထူးခြားသော နည်းစနစ်ကို အသုံးပြုကာ မီးခိုးငွေ့များအား ရှင်းလင်းလိုက်သော ထိုလူက ဝမ်းသာအားရနှင့် ရယ်မောလိုက်သည်။ သူ့အနေနှင့် အရေးပါသော စွမ်းဆောင်မှုတခုကို ဆောင်ရွက်လိုက်နိုင်ငည် မဟုတ်ပါလား။
ထိုအချိန်မှာပင် နောက်ထပ် ဆေးပုလင်း ၃ပုလင်း ထပ်မံ ပေါက်ကွဲသွားပြီး တလမ်းလုံး မီးခိုးဖုံးသွားပြန်သည်။ ထိုအချိန်မှာပင် လူရိပ်တရိပ် သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာကြောင်း မီးခိုးငွေ့များကြားမှာပင် သူတို့ မြင်တွေ့လိုက်ရ၏။ တိမ်လှိုင်းနည်းစနစ်ကို ကနဦး အသုံးပြုလိုက်သော လူကလည်း သူ့လက်များကို အပေါ်သို့ မြောက်ပြီး နောက်တကြိမ် ထိုနည်းစနစ်ကို ထုတ်ဖော်လိုက်ပြန်သည်။
ပတ်ဝန်းကျင်တခုလုံး ကြည်လင်သွားပြန်သည်။ ထိုအခိုက်မှာပင် ခေါင်းပြတ်တလုံး လေထဲသို့ လွင့်စင်သွားကြောင်း သူတို့အားလုံး သဲသဲကွဲကွဲ မြင်လိုက်ရ၏။ ခေါင်းပြတ်မှာ တိမ်လှိုင်းနည်းစနစ်ပိုင်ရှင် အစောင့်၏ ခေါင်းပြတ်ပေတည်း။
သူ့လက်အောက်ငယ်သားတယောက် ခေါင်းပြတ်သွားသည်ကို မြင်တွေ့လိုက်ရ၍ လောင်းရှောက်ယူ အကြီးအကျယ် ဒေါသထွက်သွား၏။
"ခွေးမသား မင်းကိုငါ သတ်မယ်ကွ သတ်ပစ်မယ်"
"ငါ ဒီမှာကွ"
သူ့နောက်ကျောဆီမှ စုချန်း၏ အသံထွက်ပေါ်လာ၍ လောင်းရှောက်ယူက ဓားနှင့် ပြန်တွက်လိုက်သည်။
ဓားချက်ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာပြန်၏။ လောင်းရှောက်ယူ ဖြတ်ခနဲ ဝမ်းသာသွားလေသည်။ ပြီးမှ သူ အကြီးအကျယ် စိတ်ပျက်သွား၏။ အကြောင်းမှာ ထိုအော်သံသည် သူ့လက်အောက်ငယ်သားတယောက်၏ အော်သံမှနိး လောင်းရှောက်ယူ မှတ်မိလိုက်သောကြောင့်ပင်။
လက်စသတ်တော့ သူ့ဓားက အချင်းချင်း ပြန်ခုတ်မိခြင်းပေတကား။
အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီမှန်း လောင်းရှောက်ယူ သဘောပေါက်လိုက်၏။ ထိုအချိန်မှာပင် သူ့နောက်စေ့ကို လက်သီးနှင့် အထိုးခံလိုက်ရပြီး မျက်ဖြူလန်ကာ လောင်းရှောက်ယူတယောက် မေ့လဲသွားတော့သည်။
ထိုအချိန်တွင် မီးခိုးငွေ့များအကြား ရောက်နေသော လူအုပ်မှာလည်း သွေးပျက်ကုန်ကြပြီ ဖြစ်သည်။ သူတို့သည် စုချန်း၏ အငိုက်ဖမ်းမှုကို မခံရလေအောင် ဓားများကို အသကုန် ဝေ့ယမ်းနေကြလေရာ အချင်းချင်း ပြန်ခုတ်မိပြီး အများအပြား ဒဏ်ရာရကုန်ကြ၏။
အခြေအနေကို လျန်ကျာ့အို သဘောပေါက်လိုက်ပေပြီ။ ထိုအခါ သူမက အော်ဟစ်အမိနိ့ပေးလိုက်၏။
"ဆုတ်ကြ အမြန်ဆုံး ဆုတ်ခွာကြ"
"မင်း ဘယ်မှ ထွက်ပြေးလို့ မရပါဘူးကွာ"
စကားပြောသံနှင့်အတူ သူမအနီးသို့ စုချန်း ရုတ်တရက် ရောက်ရှိလာ၏။
လျန်ကျာ့အို ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်၏။ သို့သော် နောက်ကျသွားလေပြီ။ မီးပင်လယ်ကြီးက သူမတကိုယ်လုံးအား မီးလျံများအတွင်းသို့ ဆွဲသွင်းသွားပြီးသကာလ သူမ၏ အမြင်အာရုံတခုလုံး မှောင်အတိ ကျသွားတော့သည်။
နောက်ဆုံးတွင်တော့ မီးခိုးငွေ့များအားလုံး ပျောက်ကွယ်သွား၏။
ထိုအခါကျမှ သွေးပျက်နေသော လူများက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြလေသည်။
လမ်းမပေါ်တွင်ကား အလောင်းများ ပြန့်ကျဲနေကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။
အဆိုးဆုံးမှာ လောင်းရှောက်ယူနှင် လျန်ကျာ့အိုတို့ ပျောက်ဆုံးနေခြင်းပင် ဖြစ်သည်။