စမ်းသပ်မှုအသစ်များ
Vol. 36 Ch. 356
စုအိမ်တော်၏ အိမ်ရှေ့ဝင်းအတွင်းတွင် ဖြစ်သည်။
အစောင့်ဝတ်စုံ ဝတ်ဆင်ထားသော လူများသည် သံမဏိ၏ ညွှန်ကြားချက်အတိုင်း လေ့ကျင့်နေကြ၏။ ၎င်းတို့မှာ စုချန်း ကနဦး ဖမ်းဆီးလာခဲ့သော ဓားပြများပင် ဖြစ်သည်။
"မြှောက်"
"ရှေ့တက်"
"တိုက်"
"နောက်ဆုတ်"
သံမဏိ၏ မာန်ပါလှသော အမိန့်ပေးသံများအောက်ဝယ် သူတို့အားလုံးသည် တညီတညာတည်း လှုပ်ရှားနေကြ၏။
အတိတ်ကာလက ဓားပြများနှင့် ရင်းနှီးကျွမ်းဝင်ဖူးသူများသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက ပါးစပ်အဟောင်းသားပင် ဖြစ်သွားလောက်၏။
စည်းမရှိကမ်းမရှိနှင့် ဗြဲလရမ်းနိုင်လှသော ဓားပြများသည် အချိန်တိုအတွင်းမှာပင် စည်းကမ်းသေဝပ်သော အုပ်စုများအဖြစ် လေ့ကျင့်ခံထားလိုက်ရပြီ မဟုတ်ပါလား။ ဤသည်မှာ နည်းနည်းနောနော အံ့သြစရာတော့ မဟုတ်ပေ။
သို့တိုင်အောင် သံမဏိကား စိတ်ကျေနပ်သေးပုံမရချေ။ သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
"အားထည့်ကြစမ်း ဟေ့ကောင်တွေ အားထည့်ကြစမ်း မင်းတို့ရဲ့ လက်သီးတွေ ဒီထက်ပိုပြီး အားမာန်ပါဖို့လိုတယ် မင်းတို့ ဘာမှစားမလာကြဘူးလား ဒီပုံစံမျိုးနဲ့ ရလိမ့်မယ် မထင်နဲ့ မင်းတို့ ဒီထက်ပိုပြီး ကောင်းကောင်းမလုပ်နိုင်ရင် သိပ်မကြာခင်မှာပဲ သခင်လေးရဲ့ အစမ်းသပ်ခံ ဖြစ်သွားလိမ့်မယ်"
ထိုစကားကို ကြားလိုက်သည်နှင့် ဓားပြများသည် အထူးပင် အားသွန်ခွန်စိုက် လှုပ်ရှားကြတော့သည်။ အပင်ပန်းဆုံးဟု ထင်ရသည့်လူပင် ချက်ချင်းလိုလို စွမ်းအားပြည့်ဝလာသယောင် ထင်ရ၏။
သခင်လေး၏ အစမ်းသပ်ခံ ဖြစ်သွားမည်ဟူသော စကားက သူ့တို့၏ အင်အားအား တိုးမြှင့်ပေးလိုက်သကဲ့သို့ ရှိလေသည်။ စုချန်းအနေနှင့် ဓားပြများ၏ အကြောက်တရားကို ပြောင်းလဲပစ်ရန် စိတ်ကူးမရှိ။ ဓားပြများအတွက် ထိုသို့ လုပ်ရန်မလိုဟု သူ ယူဆထားလေသည်။ အကြောက်တရားဟူသည် ၎င်းတို့ကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းပင် မဟုတ်ပါလား။
သူ့စကားကို နားထောင်ရန် ဓားပြများအနေနှင့် သူ့ကို ကြောက်ရွံ့နေရန် လိုအပ်သည်ဟု စုချန်းက ယူဆထားလေသည်။ အကြောက်တရားသည် ဓားပြများ၏ ရင်ထဲတွင် စွဲမြဲနေစေရန် လိုအပ်၏။ သူ့အကြောင်းကို စဉ်းစားလိုက်သည်နှင့် ဒူးတုန်အောင် ကြောက်ရွံ့နေသည်ကိုပင် စုချန်းက သဘောကျနေသေးသည်။
ကံကောင်းသည်မှာ စုချန်းသည် ထိုအခွင့်အရေးမျိုးကို ရရှိရန် အထူးတလည် လုပ်ဆောင်နေရန် မလိုအပ်ခြင်းပင် ဖြစ်သည်။ ညအချိန်ရောက်သည်နှင့် သူ့အခန်းထဲမှ ထွက်ပေါ်လာတတ်သည့် အော်ဟစ်ငြီးငြူသံများ၊ အလောင်းများကြောင့် ဓားပြများက သူ့ကို မြင်သည်နှင့်ပင် ကြောက်ရွံ့နေခဲ့လေပြီ။
အစတုန်းကတော့ ဓားပြများသည် စုချန်းအား ပုန်ကန်ရန် စဉ်းစားကြသေး၏။ သို့သော် သိပ်မကြာမီပင် သူတို့အနေနှင့် ပုန်ကန်ရန် အခွင့်အရေးမရှိမှန်း ဓားပြများက မြန်မြန်ဆန်ဆန်ပင် နားလည်သဘောပေါက်သွားကြလေသည်။
စုချန်းကိုယ်တိုင်ကလည်း ဓားပြများအား ဆက်ဆံရာတွင် အနည်းငယ်မှ သနားညှာတာခြင်းမရှိ။ သူရွေးချယ်လိုက်သော ဓားပြအဖို့ သေဆုံးခြင်းမှတပါး တခြားလမ်းမရှိချေ။ ခေါင်းမာသော ဓားပြများသည် စုချန်း၏ အစမ်းသပ်ခံများ ဖြစ်ကုန်ကြပြီး အမိန့်နာခံသော ဓားပြများမှာကား လေ့ကျင့်ပေးခြင်းခံရကာ အသက်ချမ်းသာရကုန်ကြ၏။
ဤနည်းအားဖြင့် နောက်ဆုံးတွင် ဓားပြများအားလုံး ငြိမ်ဝပ်ပိပြားကုန်ကြလေသည်။
ယခုအချိန်တွင် သံမဏိက အနောက်ဘက်သို့ သွားရန် အမိန့်ပေးလိုက်သည်နှင့် အရှေ့ဘက်သို့ သွားရဲသည့် ဓားပြဟူ၍ တယောက်မှမရှိတော့။ တကယ်တော့ လက်ရှိအချိန်တွင် ဓားပြများအား လွတ်လွတ်လပ်လပ် သွားခွင့်ပြုလိုက်လျင်ပင် သွားရဲသော ဓားပြဟူ၍ အတော်ပင် နည်းသွားလေပြီ။
စုချန်း၏ ကြောက်စရာကောင်းလှသော ဖိအားအောက်တွင် ဓားပြအများစုက ပြန်လည်တိုက်ခိုက်ရန် လက်လျှော့လိုက်ကြပြီ ဖြစ်သည်။
ဓားပြများ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာပင် လူရိပ်တရိပ် ဘွားခနဲ ပေါ်ပေါက်လာ၏။ ထိုလူရိပ်မှာ စုချန်းပင် ဖြစ်သည်။ သူ့လက်ထဲတွင်လည်း လူနှစ်ယောက်ကို ဂုတ်မှပင် ဆွဲကိုင်ထားလေသည်။
စုချန်း ရောက်ရှိလာသည်ကို မြင်သည်နှင့် ဓားပြများသည် မြေကြီးပေါ်တွင် ပြားပြားဝပ်ကုန်ကြ၏။ သူတို့ပုံစံမှာလည်း အထူးပင် ကြောက်လန့်တုန်လှုပ်နေကြောင်း သိသာနေသည်။ ထိုအချိန်တွင် သူတို့ အကြောက်ဆုံးအရာမှာ
"ဒီတယောက် ငါနဲ့ လိုက်ခဲ့စမ်း" ဟု စုချန်းက ခေါ်လိုက်မည်ကိုပင်။
စုချန်းကို မြင်သည်နှင့် သံမဏိက မေးလိုက်၏။
"သူတို့ စလှုပ်ရှားပြီလား သခင်"
"အင်း လျုဝုယာက ငါ့ကို လောင်းမျိုးနွယ်နဲ့ လျန်မျိုးနွယ်တို့ဆီ ရောင်းစားလိုက်တယ်ကွ သူတို့ ငါ့ကို လမ်းမှာ ဖြတ်တိုက်ကြတယ် ဒီတော့ ငါ့အနေနဲ့လည်း လောင်းရှောက်ယူနဲ့ လျန်ကျန့်အိုတို့ကို ပြန်ဖမ်းသင့်တယ်မလား"
"ကျွန်တော် ရှေ့တံခါးကို ပိတ်ပြီး မူလပုံစံကို အသက်သွင်းထားဖို့ အမိန့်ပေးထားလိုက်မယ်သခင်"
ပြောပြောဆိုဆိုပင် သံမဏိသည် နောက်လှည့်ပြီး လုပ်စရာရှိသည်တို့ကို စတင်လုပ်ဆောင်တော့သည်။
နဂါးကျောင်းတော်မှ မထွက်ခွာမီ စုချန်းသည် မူလပုံစကွက်များ ဖန်တီးသည့်နည်းလမ်းကို ကျန့်ဟန်ဖန်းနှင့် တခြားလူများအား မေးမြန်းခဲ့၏။ ထိုလုပ်ရပ်က ဤနေရာတွင်တော့ များစွာ အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
ထိုအခါ စုချန်းက ပြန်ပြောလိုက်၏။
"မလိုသေးဘူး မူလပုံစံတွေက လူအနည်းငယ်လောက်ကိုပဲ တားဆီးနိုင်မယ် ကြီးမားတဲ့ စစ်တပ်မျိုးနဲ့ ရင်ဆိုင်ရရင်တော့ အသုံးမဝင်တော့ဘူး သူတို့သာ ငါ့တု့ိကို အင်အားသုံးချင်တဲ့ စိတ်မျိုးရှိရင် ဒီပုံစံကွက်တေ ဖန်တီးထားရင်လည်း အလကားပဲ ဖြစ်နေလိမ့်မယ် မင်းလူတွေကို လုပ်စရာရှိတာသာ ဆက်လုပ်ခိုင်းထားလိုက် လောင်းရှောက်ယူနဲ့ လျန်ကျာ့အိုတို့ ငါ့လက်ထဲမှာ ရှိနေသ၍ ဒီကောင်တွေ ဒီလောက် အရဲမစွန့်ရဲပါဘူးလေ"
"ကောင်းပါပြီသခင်"
သံမဏိက လေးစားသော အမူအရာနှင့် ပြန်ပြောလိုက်သည်။
ထိုအခါ စုချန်းသည် လောင်းရှောက်ယူနှင့် လျန်ကျန့်အိုတို့အား သူ၏ စမ်းသပ်ခန်းအတွင်းသို့ သယ်ယူသွားလေသည်။
ထိုအချိန်မှာပင် သံမဏိက
"သခင်"
"ဘာကိစ္စရှိသေးလို့လဲ"
သံမဏိက အကျဉ်းသားနှစ်ယောက်အား လှမ်းကြည့်ပြီး မရဲတရဲနှင့် မေးလိုက်သည်။
"သူတို့ကို....ဘာများလုပ်ဖို့ စီစဉ်ထားသေးလဲ သခင်"
"သူတို့ကို ဟုတ်လား"
သံမဏိ၏ မေးခွန်းကြောင့် စုချန်းက ရယ်မောလိုက်သည်။
"ဘာလုပ်ရမှာလဲ အရင်အတိုင်းပဲပေါ့ မေးခွန်း နည်းနည်းပါးပါး မေးမယ် နည်းနည်းပါးပါး စမ်းသပ်မယ် ဒါပဲလေ"
နောက်ထပ် စမ်းသပ်အုံးမယ်ဆိုပါလား...
တော်ဝင်မျိုးနွယ်စုဝင်နှစ်ယောက်ကို စမ်းသပ်ရလောက်အောင် စုအိမ်တော်တွင် မည်သည့် အကာအကွယ်မျိုးမှ ခင်းကျင်းထားခြင်းမရှိချေ။
စုချန်းကလည်း သံမဏိ၏ အတွေးကို ချက်ချင်းပင် နားလည်သဘောပေါက်လိုက်၏။
"စိတ်မပူပါနဲ့ကွ သူတို့ မသေစေရပါဘူး"
ထိုသို့ ပြောဆိုပြီးသည်နှင့် သူသည် အိမ်တော်အတွင်းသို့ ပြန်ဝင်သွားလေ၏။
စုချန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း ဓားပြများမှာ ကြောက်ဒူးတုန်နေကြလေသည်။
အကျဉ်းသားနှစ်ယောက်သည် သာမာန်မဟုတ်။ တော်ဝင်မျိုးနွယ်စုဝင်များ ဖြစ်သည်။ သို့သော် စုချန်း၏ မျက်လုံးထဲတွင်တော့ ၎င်းတို့ကို ကြည့်ရသည်မှာ သာမာန်အစမ်းသပ်ခံအဖြစ်သာ မြင်ပုံပေါ်သည်။
စုချန်းကား တကယ့်ကို သုတေသန သားရဲတကောင်ပေတကား။
ထိုစဉ် သံမဏိက ဓားပြများအား အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းတို့အားလုံး တွေ့ကြတယ်နော် ဒါ သခင့်ရဲ့ ရန်သူတွေအားလုံး ကြုံတွေ့ရမဲ့ ကံကြမ္မာပဲ မင်းတို့လည်း ငါ့စကားကို နားမထောင်ဘူးဆိုရင် ဒီကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်"
"ဟုတ်ကဲ့ ကျွန်တော်တို့အားလုံး သခင့်အပေါ် သစ္စာစောင့်သိကြပါမယ်ခင်ဗျာ"
ဓားပြများအားလုံး သံပြိုင်အော်ဟစ်လိုက်ကြ၏။
____________×××______________×××_________
သတိလစ်နေရာမှ နိုးထလာသည်နှင့် သူမသည် ရေခဲတမျှ အေးစက်နေသော သံကုတင်ကြီးပေါ်တွင် တုပ်နှောင်ခံထားရကြောင်း လျန်ကျာ့အို သိလိုက်ရ၏။ သူမအား ချုပ်နှောင်ထားသော အခန်းမှာလည်း မှောင်မဲနေလေသည်။ သူမ ထိတ်လန့်သွား၏။
စုချန်းကား သူမ၏ ဘေးတွင် မတ်တပ်ရပ်လျက်ရှိ၏။ အခန်းမျက်နှာကြက်ပေါ်မှ အလင်းရောင်သည် ဖြာဆင်းလျက်ရှိသည်။ သို့သော် စုချန်းသည် အရိပ်အောက်တွင်သာ မတ်တပ်ရပ်လျက်ရှိရာ သူ့ပုံစံမှာ တမျိုးတဖုံ ကြောက်စရာကောင်းနေ၏။
"ရှင်...ရှင်...ဘာလုပ်မလို့လဲ"
လျန်ကျာ့အို ကြောက်လန့်တကြားနှင့် အော်ဟစ်ရုန်းကန်လိုက်သည်။
အနေအထားမှာ လူဆိုးတယောက်က မိန်းမပျိုတဦးအား ချုပ်နှောင်ပြီး မတော်မတရားကြံစည်ရန် ဟန်ပြင်နေသည်နှင့်ပင် တူနေသေးသည်။
သို့သော် စုချန်းကား အနည်းငယ်မျှပင် လှုပ်ရှားလာခြင်း မရှိပေ။
ထိုအစား သူက အေးဆေးသော လေသံနှင့် ပြောလိုက်သည်။
"မင်းတို့မျိုးနွယ်စုရဲ့ လူတွေကို ကျေးကျွန်အဖြစ် ပြောင်းလဲတဲ့ နည်းစနစ်ကို ငါ လိုချင်တယ်"
"ဒါ ကျွန်မတို့ မျိုးနွယ်စုရဲ့ သွေးဗီဇမူလစွမ်းရည်ပဲ ဒါကို ရှင်က ဓားပြတိုက်ရဲသလား လျန်မျိုးနွယ်စုက ရှင့်ကို တစစီ ဆွဲဖြဲပစ်မှ ရှင်မကြောက်ဘူးလား"
ကနဦး သူမ ခံစားခဲ့ရသည့် ကြောက်လန့်မှုများမှာ ယခုအချိန်တွင် အဝေးသို့ လွင့်စင်သွားပြီ ဖြစ်သည်။ လျန်ကျာ့အိုသည် သူမကို သူမ အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်လာပြီး စုချန်းအား ရဲရဲတင်းတင်းပင် ပြန်လည်တုံ့ပြန်လိုက်၏။
စုချန်းအနေနှင့် လျန်မျိုးနွယ်စုနှင့် ရင်ဆိုင်ဝံ့လိမ့်မည်မဟုတ်ဟု သူမ တထစ်ချ ယုံကြည်လိုက်ခြင်းဟဖြစ်သည်။ သို့သော် ထိုယုံကြည်ချက်မှာ စက္ကန့်ပိုင်းအတွင်းတွင် ပြယ်လွင့်သွား၏။
အကြောင်းမှာ စုချန်းက သတ္တုတုံးကို ဆွဲထုတ်ပြီး အောက်ပါအတိုင်း ပြောလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။
"ထားပါတော့ ဒါနဲ့ စကားမစပ် ငါ့အနေနဲ့ မင်းကို နည်းနည်းပါးပါး စမ်းသပ်ရလိမ့်မယ် ဒီသတ္တုတုံးက လီမျိုးနွယ် ရေတွင်းထဲက ငါ ရှာတွေ့လာတာပဲ ငါစမ်းသပ်ကြည့်သလော နတ်ဆိုးက ကလေးများ ပို့ဆောင်ခြင်းဆိုတဲ့ ဖြစ်ရပ်ဟာ ဒီသတ္တုထဲက ထွက်လာတဲ့ အမှုန်တချို့နဲ့ ဆိုင်နေတယ် ဒါကို အတည်ပြုဖို့ အရင်တုန်းက ငါ့မှာ အစမ်းသပ်ခံ အမျိုးသမီး မရှိခဲ့ဘူး ခုတော့ မင်း ဒီကိုရောက်လာတော့ အတော်ပဲဖြစ်သွားတယ် ဒါကြောင့် မင်းကိုငါ စမ်းသပ်ရလိမ့်မယ်"
စကားဆုံးသည်နှင့် သူက သတ္တုတုံး၏ အပိတ်ကို ဆွဲဖြုတ်လိုက်လေရာ အတွင်းမှ အနက်ရောင်အမှုန်များ အပြင်သို့ တိုးထွက်လာလေသည်။ ထိုအခါ စုချန်းက စိတ်ဝိညာဉ်လှိုင်းတံများအား အသုံးပြုပြီး ထိုအမှုန်များကို လျန်ကျာ့အို၏ ကိုယ်တွင်းသို့ ပို့ဆောက်လိုက်၏။
လျန်ကျာ့အိုအနေနှင့် ဘာဖြစ်နေမှန်း တိတိကျကျ မသိသော်လည်း စုချန်း၏ ရဲရဲတောက်နေသော အကြည့်ကို မြင်၍ တစုံတခု ထူးခြားနေမှန်း သဘောပေါက်လိုက်လေသည်။
"မလုပ်နဲ့"
လျန်ကျာ့အိုသည် ကြောက်လန့်တကြား အော်ဟစ်ကာ အသည်းအသန် ရုန်းကန်ရှာ၏။ သို့သော် အနက်ရောင်အမှုန်များကို သူမအနေနှင့် အဘယ်မှာ တားနိုင်စွမ်း ရှိမည်နည်း။
လျန်ကျာ့အို၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အနက်ရောင်အမှုန်များသည် မြန်မြန်ဆန်ဆန်ပင် စုဝေးလာကြောင်း စုချန်း အတိုင်းသား တွေ့မြင်နေရ၏။ ဘာဖြစ်နေမှန်း တိတိကျကျ မပြောနိုင်သည့်တိုင် အနက်ရောင်အမှုန်အစုအဝေးဆီမှ မှိန်ဖျော့ဖျော့အလင်းရောင်များ ထွက်ပေါ်နေရာ အခြေအနေမှာ ဓားပြကို စမ်းသပ်ခဲ့သည်နှင့် မတူကြောင်းကိုတော့ စုချန်း သဘောပေါက်လိုက်သည်။
"ဒီအမှုန်တွေဟာ မိန်းကလေးတွေပေါ်မှာပဲ သက်ရောက်မှုရှိတာကတော့ သေချာသွားပြီ"
လီမျိုးနွယ်စုဝင် မိန်းကလေးများအပေါ် ကျရောက်လာသည့် ကံကြမ္မာမျိုး လျန်ကျာ့အိုအပေါ် ကျရောက်လာခြင်း ရှိမရှိကိုတော့ စုချန်းအနေနှင့် နောက်ထပ် ၂လ စောင့်ကြည့်ရအုံးမည်သာ။
၂လ...
အတော်လေး ကြာမြင့်သည့်အချိန်ဖြစ်သည်။ ဤကြားထဲ ပြသနာပေါ်မလာဟု မပြောနိုင်။
ထိုအခါ စုချန်း၏ စိတ်ထဲတွင် ပိတ်လော့ကို သတိရလာ၏။
ပိတ်လော့သည် သက်ရှိပုံစံများ ဖန်တီးရာတွင် ကျွမ်းကျင်သည် မဟုတ်ပါလား...
ကလေးမွေးဖွားမည့်အချိန်ကိုသာ တိုးမြှင့်နိုင်ခဲ့လျင်...
သန္ဓေသား ကြီးထွားနှုန်းတမျိုးမျိုးကို ပိတ်လော့ထံတွင် မေးမြန်းရန် စုချန်းက ဆုံးဖြတ်လိုက်လေသည်။