တွေ့ဆုံရန်ငြင်းပယ်ခြင်း
Vol. 36 Ch. 358
"သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင် ၆ယောက် ချီစွမ်းအားစုဆောင်းခြင်းပညာရှင် ၁၄ယောက် သံမဏိကိုယ်ထည်ပညာရှင် အယောက်၁၀၀ထိ ရှိတယ် ဝင်ပေါက်ထွက်ပေါက်တွေကိုလည်း ပိတ်ဆို့ထားတယ် ဒါတောင် ဒီကောင်က ထွက်ပြေးသွားနိုင်သေးတယ် ထွက်ပြေးရုံတင်မကဘူး ငါ့သားနဲ့ လျန်အိုရဲ့ သမီးကိုပါ ဖမ်းခေါ်သွားသေးတယ် ဟုတ်လား"
လောင်းချိန်းကျန်းသည် လောင်အိမ်တော် ပင်မခန်းမဆောင်ထဲတွင် ထိုင်နေရင်း မေးလိုက်သည်။
ကျယ်လောင်လှသောအသံသည် စန်းမော့ယွမ်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွား၏။
စန်းမော့ယွမ်က ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်ရင်း ဖြေလိုက်သည်။
"မှန်ပါတယ်ခင်ဗျာ စုချန်းဟာ မီးခိုးထွက်စေတဲ့ ဆေးတမျိုးကို သုံးပြီး ကျွန်တော်တို့ကို ဘာမှ မမြင်ရအောင် လုပ်သွားခဲ့ပါတယ် နောက်တော့ အားလုံးကသောင်းကနင်း ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတော့တာပါပဲ"
လောင်းချိန်းကျန်းသည် မျက်မှောင်ကုတ်ပြီး အချိန်ကြာမြင့်စွာ စဉ်းစားနေ၏။ အတန်ကြာမှ သူက မေးခွန်းထုတ်လိုက်သည်။
"ဒီကောင်...စုချန်း...ဒီကောင် ဘာကောင်လဲ သူ့ နောက်ခံသမိုင်းကြောင်းကို မင်း ဘယ်လောက်သိထားသလဲ"
"စုချန်းဟာ နဂါးကျောင်းတော်က လာတယ်ဆိုတဲ့တချက်ကလွဲပြီး တခြားဘာမှ မသိရသေးပါဘူးသခင်ကြီး ကျွန်တော့အနေနဲ့ ဒီကောင့်ရဲ့ နောက်ကြောင်းကို စုံစမ်းဖို့ ကြိုးစားခဲ့ပါသေးတယ် ဒါပေမဲ့ အသိပညာအတည်ပြုသူ တယောက်လောက်အတွက် ဒီလောက်ထိ ရှုပ်ရှုက်ထွေးထွေး လုပ်နေစရာ မလိုဘူးလို့ သခင်လေးက ပြောပါတယ် အဲဒီနောက်မှာတော့ သူက လူစုပြီး စုချန်းကို သွားတိုက်တော့တာပါပဲ"
လောင်းချိန်းကျန်း ဒေါသထွက်သွား၏။
"ဘာကို လူစုတာလဲ ဒီကောင် စုသွားတဲ့ အင်အားက ဘယ်လောက်ရှိလို့လဲ ကြည့်လေ ဘာကြောင့် မင်းမပါတာလဲ ဘာကြောင့် ဟေးလျန်ဝေ မပါတာလဲ ဘာကြောင့် ဟိုင်ကျင်းမပါတာလဲ ဘာကြောင့် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တချို့နဲ့ သုံးစားမရတဲ့ကောင်တွေချည်းပဲ ခေါ်သွားရတာလဲ"
စန်းမော့ယွမ်က ခေါင်းကိုငုံ့ရင်း ရိုးသေစွာ ဖြေလိုက်သည်။
"ဟေးလျန်ဝေက အရှေ့ဘက်လောင်းကစားနယ်မြေမှာ ပြသနာတခုတက်နေလို့ သွားရှင်းနေပါတယ် ဟိုင်ကျင်းကတော့ တောင်ပိုင်းကန္တာရနယ်မြေကို လေ့ကျင့်ရေးကိစ္စနဲ့ ခနသွားနေပါတယ် အစတုန်းကတော့ ကျွန်တော်ကိုယ်တိုင် လိုက်သွားဖို့ပါပဲ ဒါပေမဲ့ ကိစ္စတခုကြောင့် ကျွန်တော်လည်း နောက်ကျသွားတယ် ဒီမှာတင် သခင်လေးက ကျွန်တော့ကို မစောင့်တော့ပဲ ထွက်သွားတော့တာကိုး မိန်းကလေး လျန်ကျာ့အုကလည်း ဘယ်သူ့ကိုမှ မတိုင်ပင်ပဲ ထွက်လာခဲ့တယ်လို့ ဆိုပါတယ် ဒါပေမဲ့ ခြုံငုံကြည့်ရင် သူတို့လူအင်အားဟာ သိပ်တော့ မနည်းလှပါဘူး သခင်ကြီး သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်တည်းကို မဆိုထားနဲ့ ယန်ဖွင့်လှစ်ခြင်းပညာရှင်ကိုတောင် ယှဉ်ဖို့ လုံလောက်ပါတယ် ဒီကောင်လေးက ဒီလို လှည့်ကွက်မျိုး သုံးသွားလို့သာပေါ့"
"ဒီတော့ ငါ့သားဟာ ရန်သူ့ရဲ့ အင်အားကို လျော့တွက်မိတဲ့ အမှားမျိုး ကျူးလွန်ခဲ့တယ်လို့ မင်းက ပြောချင်တာလား"
"ကျွန်တော် သခင်လေးကို အပြစ်မတင်ရဲပါဘူးသခင် အမှန်အတိုင်း တင်ပြပေးတဲ့ သဘောပါ"
"ဘယ်လောက်မှန်မှန် ဒီလို အမှန်တရားမျိုးကတော့ ငါ မကြားချင်ဘူးဟေ့ ဒီတော့ မင်းကို အပြစ်ပေးရမယ်"
လောင်းချိန်းကျန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
စန်းမော့ယွမ်ကား ဘာမှ ပြန်မပြောပဲ ခေါင်းကို ငုံ့လျက်သားရှိလေ၏။ ထိုအခါ လောင်းချိန်းကျန်းက လက်ကို ဝေ့ယမ်းကာ အချက်ပြလိုက်သည်။
"ဟေ့ လာကြစမ်း ဒီကောင့်ကို ကြိမ်ဒဏ်အချက်၅၀ ပေးလိုက်စမ်း"
အမိန့်ပေးသံ ဆုံးသည်နှင့် အစောင့်တချို့ ပေါ်ပေါက်လာပြီး စန်းမော့ယွမ်အား ဆွဲခေါ်သွားကြ၏။ သိပ်မကြာမီ ကြိမ်သံများ တရွှမ်းရွှမ်း ပေါ်လာတော့သည်။ ကြိမ်တုတ်များမှာ ဆေးရည်တမျိုးစိမ်ထားသည် ဖြစ်လေရာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်များပင် အသားများ ပဲ့ထွက်သွားစေနိုင်၏။ ထို့ကြောင့် စန်းမော့ယွမ်တယောက် မချိမဆန့် ခံစားသွားရမည်ကတော့ သေချာနေလေသည်။
ထိုအချိန်မှာပင် ဘေးနားတွင် မတ်တပ်ရပ်နေသော အိမ်တော်ထိန်းက လောင်းချိန်းကျန်းအား မေးလိုက်သည်။
"သခင်ကြီး ကျွန်တော်တို့ သခင်လေးက သူ့လက်ထဲမှာပဲ ရှိသေးတယ် ကျွန်တော်တို့ ဘာဆက်လုပ်ရင်ကောင်းမလဲ"
လောင်းချိန်းကျန်းက မျက်မှောက်ကုတ်ကာ စဉ်းစားလိုက်သည်။ အချိန်အတော်ကြာအောင် စဉ်းစားနေသည်ဖြစ်လေရာ သူ့ပုံစံမှာ အိပ်ပျော်သွားသည်ဟုပင် ထင်မြင်ရ၏။
ပြီးမှ သူက ပြောလိုက်သည်။
"သူက ကျုပ်သားကို ဖမ်းထားတယ်ဆိုတော့ ကျုပ်တို့နဲ့ စေ့စပ်ညှိုနှိုင်းလိုစိတ်ရှိမှန်း သိသာနေတယ် သူ့မှာ ဒီလိုစိတ်မျိုး ရှိနေသ၍ ကျုပ်သားရဲ့ အသက်အန္တရာယ်က စိတ်ပူစရာ မလိုသေးဘူးလို့ ယူဆရတယ် ဒီတော့ စုကောက်ယဲ့ မင်းအနေနဲ့ ဘာကြောင့် စုအိမ်တော်ကိုသွားပြီး သူတို့ကို လွှတ်ပေးဖို့ သွားမပြောသေးတာလဲ ကျုပ်သားကို လွှတ်ပေးရင် အရင်က ဖြစ်ခဲ့သမျှကို ကျုပ် မေ့ပစ်မယ်လို့ သူ့ကို ပြောလိုက်ပါ တခုတော့ရှိတယ် သူ့အနေနဲ့ အဖမ်းခံထားရတဲ့လူတွေ အထိအခိုက်မရှိမှန်း အာမခံချက်ပေးရမဲ့အပြင် ကျုပ်တို့ မျိုးနွယ်စုနှစ်စုကိုလည်း အနူးအညွတ် တောင်းပန်ရလိမ့်မယ် ဒါမှသာ ကျုပ်တို့ သိက္ခာဆယ်နိုင်မှာပေါ့ မဟုတ်ဘူးလား အဲဒါလေး လုပ်ပေးရင်တော့ သူ ဘေးကင်ပါပြီ"
အိမ်တော်ထိန်းကြီးက မြှောက်ပင့်လိုက်သည်။
"သခင်ကြီးဟာ သဘောထားကြီးမြတ်လှပါပေတယ် ဒါပေမဲ့ သခင်ကြီး ဒီကောင်စုချန်းက ဒီကမ်းလှမ်းချက်ကို လက်သင့်ခံပါ့မလား"
လောင်းချိန်းကျန်းက အိမ်တော်ထိန်းကြီးကို သဘောမကျဟန်ဖြင့် စိုက်ကြည့်လိုက်၏။
"ကျုပ်ရဲ ကမ်းလှမ်းချက်က မလုံလောက်သေးဘူးလို့ မင်းက ယူဆနေတာလား"
အိမ်တော်ထိန်းကြီး၏ ကိုယ်ခန္ဓာမှာ ဆတ်ခနဲ တုန်လှုပ်သွား၏။
"ဒီလိုပြောတာ မဟုတ်ပါဘူး သခင်ကြီး...သခင်ကြီးရဲ့ ကမ်းလှမ်းချက်က လုံလောက်တာထက်တောင် ပိုနေပါသေးတယ် ဒါပေမဲ့ ကိုယ့်အခြေအနေကို ကိုယ်တိုင်နားမလည်တဲ့ လူဆိုတာ နေရာတိုင်းမှာ ရှိတတ်လို့ပါ ကြည့်ရတာတော့ အသိပညာအတည်ပြုသူစုဟာ ဒီလို လူစားမျိုးုဖြစ်ဖို့ များနေပါတယ် ဒီလိုသာမဟုတ်ရင် သူဟာ ဒီပြသနာကိုတောင် ရှာခဲ့မှာမာုတ်ပါဘူး"
"အိုး မင်းပြောတာလည်း ဟုတ်ပေသားပဲ"
လောင်းချိန်းကျန်းက အတန်ကြာအောင် စဉ်းစားနေ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒီလိုဆိုရင်လည်း ပြသနာရဲ့ အစဖြစ်တဲ့ စန်းမော့နဲ့ ယုချန်းရွှေတို့ကိုပါ မင်းနဲ့အတူ ခေါ်သွားပြီး သူ့လက်ထဲ ထည့်ပေးလိုက်ကွာ ဒါဆိုရင် တော်ဝင်မျိုးနွယ်စုတွေဟာ ဥပဒေကို လေးစားလိုက်နာကြောင်း သက်သေပြရာ တခါတည်းရောက်သွားတာပေါ့"
စန်းမော့ယွမ်က မဝံ့မရဲနှင့် မေးလိုက်ပြန်သည်။
"ဒါဆိုရင် တောင်းပန်ခိုင်းတဲ့ကိစ္စကျတော့ရောသခင်ကြီး"
"ဒါကတော့ လွှတ်ပေးလို့မရဘူးကွ သူ တောင်းပန်ရလိမ့်မယ် ဒီလိုမတောင်းပန်ဘူးဆိုရင် နောင် ကျုပ်တို့မျက်နှာ ဘယ်နားမှာ သွားထားမလဲ ဒီတော့ မင်းသွားကွာ လိုအပ်ရင် တခြား မျိုးနွယ်စုတွေရဲ့ နာမည်ကိုပါ လိုအပ်သလိုသုံး မင်းကို ကျုပ် လုပ်ပိုင်ခွင့် အပြည့်အဝ ပေးလိုက်မယ် အဆင်ပြေအောင် ဆောင်ရွက်ခဲ့ပေတော့"
"ကောင်းပါပြီ သခင်"
အိမ်တော်ထိန်းကြီးက သခင်ဖြစ်သူကို ကြောက်၍သာ ဟုတ်ကဲ့လိုက်ရသည်။ သူ့စိတ်ထဲတွင်တော့ စေ့စပ်ညှိုနှိုင်းခြင်း အောင်မြင်လိမ့်မည်ဟု ယူဆထားခြင်းမရှိ။ ယုတ်စွအဆုံး သူ့အနေနှင့် စုချန်းကို တွေ့ရလိမ့်မည်ဟုပင် မျှော်လင့်ထားခြင်း မရှိချေ။
____________×××_____________×××__________
"ဘာ စုချန်းက ကျုပ်ကို မတွေ့ချင်ဘူး ဟုတ်လား"
နောက်တနေ့ မနက်တွင် ဖြစ်သည်။
အိမ်တော်ထိန်းကြီးသည် စုအိမ်တော်၏ ရှေ့တွင် မတ်တပ်ရပ်လျက် ရှိလေ၏။
"ကျုပ်ဟာ လောင်းမျိုးနွယ်စုရဲ့ အိမ်တော်ထိန်းကြီးဆိုတာ သူ့ကို မပြောလိုက်ဘူးလား"
အိမ်တော်ထိန်းကြီးအား ဟန့်တားနေသူမှာ ဓားပြတယောက် ဖြစ်သည်။ ဓားပြအဖို့ကား စုချန်းထံမှ ပြတ်သားသော ညွှန်ကြားချက်များကို ရရှိထားပြီး ဖြစ်၏။ သူက စိတ်မရှည်သော လေသံနှင့် ပြောလိုက်သည်။
"ခင်ဗျားကို ကျုပ်ပြောပြီးပြီပဲ သခင်လေးအနေနဲ့ ခုလောလောဆယ်မှာ ဘယ်သူနဲ့မှ မတွေ့ချင်သေးဘူးလို့ ဒီတော့ ခင်ဗျား တွေ့ချင်ရင် နောက်နှစ်ရက်မှ ပြန်လာခဲ့ပါ"
အိမ်တော်ထိန်းကြီး၏ မျက်နှာမှာ မဲခနဲ ဖြစ်သွားသည်။
"အသိပညာအတည်ပြုသူစုက လောင်းအိမ်တော်က လူတွေကို ဖမ်းထားတယ် ဒါပေမဲ့ စေ့စပ်ညှိုနှိုင်းတာကိုကျတော့ လက်မခံဘူး ဒါက ဘာသဘောလဲ"
"ဘာသဘောလဲဆိုတာ ကျုပ်ကို မမေးနဲ့လေ နှစ်ရက်မှ ပြန်လာခဲ့ဆိုရင် နှစ်ရက်မှ ပြန်လာခဲ့ သခင်လေးက မတွေ့ချင်ဘူးဆိုရင် ခင်ဗျားကိုမှ မဟုတ်ဘူး ဟော ဟိုမှာကြည့် လျန်မျိုးနွယ် အိမ်တော်ထိန်းအကြီးအကဲကို တွေ့လား သူ့ကိုလည်း သခင်လေးက ပယ်ချလိုက်တာပဲ"
အိမ်တော်ထိန်းကြီးက ဓားပြ၏ ညွှန်ပြရာကို လှမ်းကြည့်လိုက်၏။ ထိုအခါ မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် လူတယောက် မတ်တပ်ရပ်နေကြောင်း သူတွေ့လိုက်ရသည်။ ထိုလူ၏ နောက်တွင် သေးငယ်သော ရထားလုံးတလုံး ရှိနေ၏။ ထိုလူမှာ လျန်မျိုးနွယ် အိမ်တော်ထိန်းအကြီးအကဲလျိုပင် ဖြစ်လေသည်။ ထိုအခါ သူက အိမ်တော်ထိန်းလျိုကို လှမ်းနှုတ်ဆက်လိုက်၏။
"ဟာ အိမ်တော်ထိန်းကြီးလျှို ခင်ဗျားက စောစောစီးစီးရောက်လို့ အနားတောင်ယူနေပါရော့လား"
အိမ်တော်ထိန်းလျှိုက ခါသီးစွာ ရယ်မောလိုက်သည်။
"အိမ်တော်ထိန်းစု ခင်ဗျားလည်း ဒီကို ရောက်နေမှတော့ ကျုပ် ရောက်နေတာ ဘာဆန်းသလဲဗျ ဒါနဲ့ ခင်ဗျားနဲ့ စုချန်းဟာ မျိုးနွယ်စုနာမည်တူနေတာဆိုတော့ ဆွေမျိုးနီးစပ်တော်နေတာပဲ ကျုပ်တို့ သခင်မလေးကို ဖမ်းထားပြီး ကျုပ်တို့ကို အတွေ့မခံတာ ဘာသဘောလဲ ခင်ဗျား သိသလား"
အိမ်တော်ထိန်းကြီးစုက ကမန်းကတန်း လက်ကာပြရင်း ပြောလိုက်သည်။
"ဟေ့ ဟေ့ အဲဒီလိုတော့ မပြောနဲ့ကွ ဘယ်ကလာ ဆွေမျိုးနီးစပ်တွေ ဖြစ်ရမှာလဲ ကျုပ်ဖြင့် သူ့ကိုတောင် မမြင်ဖူးဘူး ကျုပ်တို့က မျိုးရိုးနာမည်ချင်းလောက်ပဲ တူတာပါဗျာ"
"အေးဗျာ သူက အတော်ကို အံ့သြစရာကောင်းနေပြီ အသိပညာအတည်ပြုသူ တယောက်အနေနဲ့ သူ့မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတော့ ရှိနေသင့်တယ် ဒါပေမဲ့ ခရီးရောက်မဆိုက် တော်ဝင်မျိုးနွယ်စုတွေကို ပြသနာရှာတယ်ဆိုတော့ သူ့မှာ အသက်ရှည်ရှည်နေချင်စိတ်များ မရှိတော့ဘူးလားပဲ"
"သူ့စိတ်ကိုတော့ ကျုပ်မသိဘူး ဒါပေမဲ့ ဒီကိစ္စကြောင့် ကျုပ်တော့ ခေါင်းကိုက်နေပြီ ဘာပဲဖြစ်ဖြစ် သခင်လေးနဲ့ သခင်မလေးတို့ လွတ်လာဖို့ လိုတယ် ခု သူက ကျုပ်တို့ကိုအတွေ့တောင်မခံတော့ အကြီးအကဲတွေကို ဘယ်လို သတင်းပြန်ပို့ရမှန်းတောင် မသိတော့ဘူး"
အိမ်တော်ထိန်းလျှိုက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်သည်။
"သူဘာတွေ ကြံစည်နေမှန်း ကျုပ်တို့ မသိဘူး ဒါပေမဲ့ ဖြစ်သမျှအကြောင်းကို အမှန်အတိုင်း ပြန်သတင်းပို့ဖို့ပဲ ရှိတော့တာပေါ့ ကျုပ်တို့ တတ်နိုင်တာ ဒါပဲမလား"
"အေးပါ့ ဒါပဲ ရှိတော့တာကိုး"
ထို့နောက် သူတို့နှစ်ယောက်သည် ထိုနေရာတွင် ရပ်လျက် စကားပြောဆိုနေကြလေသည်။ အတန်ကြာသော် အိမ်တော်ထိန်းအကြီးအကဲလျှိုက တစုံတခုကို တွေးတောမိဟန်ဖြင့် လွှတ်ခနဲ ပြောလိုက်သည်။
"ဒါနဲ့ သူ ထွက်ပြေးဖို့များ ကြံစည်နေတာလား"
"ထွက်ပြေးဖို့ဟုတ်လား"
အိမ်တော်ထိန်းစုက မျက်မှောင်ကုတ်သွား၏။
"ဖြစ်တော့မဖြစ်နိုင်ဘူး ဒါပေမဲ့ လိုရမယ်ရ အစောင့်ချထားရင်တော့ ပိုကောင်းမယ်"
ထို့နောက် သူတို့နှစ်ယောက်သည် စုအိမ်တော်အား မျက်ချေမပြတ် စောင့်ကြည့်ရန် စီမံထားပြီးမှ ပြန်လာခဲ့ကြလေသည်။