ဆွေးနွေးပွဲ
Vol. 36 Ch. 359
တံခါးခေါက်သံ တဒေါက်ဒေါက် ထွက်ပေါ်လာ၏။
"ဝင်ခဲ့ဟေ့"
ကျူးဟုန်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လာရင်း စုချန်း၏ ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။
"သခင်လေး မျိုးနွယ်စုနှစ်စုရဲ့ အိမ်တော်ထိန်းကြီးတွေ ထွက်ခွာသွားပါပြီ ဒါပေမဲ့ လူအတော်များများကိုတော့ အစောင့်ထားခဲ့တာကို တွေ့ရတယ်"
"ဟုတ်လား"
စုချန်းသည် ဖန်ပြွန်ကို ငြင်သာစွာ လှုပ်ခါရင်း စကားထောက်ပေးလိုက်သည်။ ဖန်ပြွန်အတွင်းရှိ အညိုရောင်အရည်များသည် ပူစီဖောင်းများ ထလာပြီး အငွေ့များတလူလူ ထွက်လာ၏။
ကျူးဟုန်သည် ဘာမှမပြောပဲ စုချန်း၏ လှုပ်ရှားမှုကိုသာ ငေးကြည့်နေ၏။ အတန်ကြာမှ သူက နားမလည်ဟန်ဖြင့် မေးလိုက်သည်။
"သခင်လေး သူတို့ကို ဘာဖြစ်လို့ အတွေ့မခံလိုက်တာလဲ သူတို့အိမ်တော်ကလူတွေကို ဖမ်းထားတဲ့အတွက် သူတို့နဲ့ စေ့စပ်ညှိုနှိုင်းတဲ့နေရာမှာ အသာစီးယူနိုင်မယ်မဟုတ်လား"
"မှန်တယ် စေ့စပ်ညှိုနှိုင်းရလိမ့်မယ် ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး"
စုချန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် သူက ထိုအရည်များကို အသင့်ပြင်ဆငိထားသည့် ကျောက်ပြားပေါ်သို့ လောင်းချလိုက်၏။ အရည်များသည် ကျောက်ပြားပေါ်တွင် ထွင်းထုထားသော ချိုင့်ခွက်များအတွင်းသို့ စီးဝင်သွားပြီး အလွန်လှပသော ပန်းချီကားတချပ်ပမာ ဖြစ်ပေါ်လာလေသည်။
"ခုမဟုတ်သေးဘူး ဟုတ်လား သခင်လေး"
ကျူးဟုန်ကား နားမလည်နိုင်ပဲ ဖြစ်နေရှာ၏။
"ဟုတ်တယ် အချိန်မတန်သေးဘူး ဒီမျိုးနွယ်စုနှစ်စုဟာ မာနအင်မတန်ထောင်လွှားပြီး ကျုပ်ကို မျက်လုံးထဲမှာတောင် ရှိကြတာမဟုတ်ဘူး သူတို့ရဲ့စိတ်ထဲမှာ ကျုပ်အနိုင်ရခဲ့တာဟာ အရည်အချင်းကြောင့်မဟုတ်ပဲ ကံတရားကြောင့်လို့ ထင်နေကြတယ် ဒီလို မာနကြီးတဲ့ လူတွေနဲ့ စေ့စပ်လို့အဆင်မပြေနိုင်ဘူးကွ"
"ဒါပေမဲ့ သခင်လေး...."
ကျူးဟုန်က တစုံတရာကို ပြောဆိုရန် အားယူလိုက်သည်။ ထိုအချိန်မှာပင် စုချန်းက ကျုးဟုန်ကို လှည့်ကြည့်ကာ ပြုံးစိစိနှင့် မေးလိုက်သည်။
"ဘာလဲ တကယ်တမ်းသာဆိုရင် သူတို့ဟာ ကျုပ်တို့ထက် အင်အားကြီးနေသေးတာပဲလို့ မင်းက ပြောမလို့လား"
ကျူးဟုန် ခေါင်းငုံ့သွား၏။
"ပြန်ပြောမိတဲ့အတွက် ကျူးဟုန်ကို ခွင့်လွှတ်ပါ သခင်လေး"
"အပြစ်တင်စရာမရှိပါဘူးကွာ"
စုချန်းက ပုံမှန်လေသံနှင့် ဖြေလိုက်သည်။
"မင်းပြောတာကလည်း မှားမှမမှားပဲဟာကို ကျုပ်တို့က သူတို့ထက် အင်အားနည်းတာကလည်း အမှန်ပဲလေ ဒါကြောင့်ကိုပဲ ကျုပ်တို့က အချိန်နည်းနည်းစောင့်ဖို့ လိုနေတာကွ"
"ဘယ်လို အခွင့်အရေးမျိုးလဲ သခင်လေး"
"တချီတည်းနဲ့ ချက်ကောင်းကို ထိုးနှက်နိုင်မဲ့ အခွင့်အရေးမျိုးပေါ့ကွာ ဒီလိုနေရာမျိုးမှာ ကျုပ်တယောက်တည်းနဲ့ သူတို့ကို ရင်ဆိုင်လိမ့်မယ်လို့ မင်းက ထင်နေတာလား"
စုချန်းက ကျောက်ပြားအတွင်း စီးကျသွားသော အရည်များကို ဂရုတစိုက်နှင့် စောင့်ကြည့်နေရင်း ပြောလိုက်သည်။
အညိုရောင်အရည်များ ကျောက်ပြားကို ဖြတ်စီးသွားသည်နှင့် ပါးလွှာသော ပုံစံကွက် အလွှာပါးတခု ပေါ်ပေါက်လာ၏။ စုချန်းက ထိုအလွှာပါးကို ဂရုတစိုက်နှင့် ဆွဲခွာလိုက်သည်။ သူ့မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်သော အပြုံးတမျိုး ပေါ်ပေါက်လာ၏။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။
"နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ"
"ဘာကို အောင်မြင်သွားတာလဲ သခင်လေး"
ကျူးဟုန်က စိတ်ရှုပ်ထွေးဟုန်ဖြင့် မေးလိုက်သည်။
"စမ်းသပ်မှုလား ဒါမှမဟုတ် ခုနက သခင်လေးပြောလိုက်တဲ့ အခွင့်အရေးလား"
"နှစ်ခုလုံးပဲပေါ့ကွာ"
ထိုအချိန်မှာပင် တံခါးဝမှ လီရှု၏ မျက်နှာကြီး ပေါ်ပေါက်လာ၏။
"သခင်လေး မြို့တော်အရှင်သခင်အန်းက သခင်လေးကို တွေ့ချင်နေပါသတဲ့ သခင်"
____________×××_____________×××__________
ကြည်လင်မြစ်မြို့တော်အရှင်သခင်၏ အိမ်တော်တွင် ဖြစ်သည်။
"ဟား ဟား ဟား ခုခေတ် လူငယ်တွေဟာ မဆိုးဘူးပဲ အလားအလာ အတော်ကို ကောင်းကြတာကိုး"
ဗဟိုခန်းမဆောင်အတွင်းဝယ် အရှင်သခင် အန်းစီယွမ်တယောက် အားရပါးရ ရယ်မောနေ၏။
တကယ်တော့ အန်းစီယွမ်၏ ပုံစံသည် ခပ်ကြမ်းကြမ်း သိုင်းပညာရှင်တယောက်နှင့်သာ ပို၍ တူနေလေသည်။ သူ့ဦးခေါင်းမှာကား ဆံပင်ဟူ၍ တပင်မှမရှိပဲ ပြောင်လက်တောက်ပနေ၏။ သူ့ရယ်သံမှာလည်း ကြမ်းရှအက်ကွဲကာ အုံးအုံးထနေလေသည်။
အန်းစီယွမ်က စကားဆက်လိုက်သည်။
"မင်းဟာ ကြည်လင်မြစ်မြို့တော်ကို ရောက်ရောက်ချင်းမှာပဲ လောင်းမျိုးနွယ်နဲ့ လျန်မျိုးနွယ်တို့ကို ပညာပေးနိုင်ခဲ့တယ် နန်းယန်လမ်းတိုက်ပွဲမှာလည်း ကောင်းကောင်းတိုက်ပွဲဝင်နိုင်ခဲ့တယ်"
သူ၏ ရိုးရှင်းသော စကားလုံးများက ထိုအခြေအနေကို မည်သို့ သဘောထားကြောင်း ဖော်ပြနေလေသည်။
"စုချန်းအနေနဲ့ ဒီရောက်ရောက်ချင်း ပြသနာရှာခဲ့တဲ့အတွက် မြို့တော်အရှင်သခင်အနေနဲ့ အပြစ်မတင်ဘူးလား"
"ဟဲ ဟဲ တော်ဝင်မျိုးနွယ်စု ဆယ်စုကို မင်းအနေနဲ့ ဒုက္ခများများ ပေးနိုင်လေလေ ကျုပ်က ပိုသဘောကျလေလေပဲကွ"
အန်းစီယွမ်က အောက်ကလိအာနိုင်သော အသံနှင့် ရယ်မောပြီး ပြောလိုက်သည်။
စုချန်းက ဟက်ခနဲ ရယ်မောလိုက်သည်။
"ဒီလိုကြားလိုက်ရတော့ ကျွန်တော့အတွက် ပိုပြီး စိတ်သက်သာရသွားပြီ"
အမှန်တကယ်လည်း အန်းစီယွမ်က တော်ဝင်မျိုးနွယ်စုများကို မကြောက်ရွံ့ချေ။ တော်ဝင်မျိုးနွယ်စုများ၏ အင်အားသည် အာဏာပိုင်များအပေါ် အတိုင်းအတာတခုထိသာ လွှမ်းမိုးနိုင်စွမ်း ရှိသည်မဟုတ်ပါလား။
ထို့ကြောင့် မြို့တော်အရှင်သခင်ဖြစ်သော အန်းစီယွမ်က တော်ဝင်မျိုးနွယ်စုများအပေါ်တွင် အတိုင်းအတာတခုထိ ထိန်းချုပ်နိုင်စွမ်းရှိနေ၏။ သို့သော် အပြည့်အဝ မထိန်းချုပ်နိုင်သည်ကိုပင် အန်းစီယွမ်တယောက် မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီ။ ထပ်ပြောရလျင် အန်းစီယွမ်ကိုယ်တိုင်လည်း သွေးဗီဇမပါသော မိသားစုမှ ဆင်းသက်လာသူပင် မဟုတ်ပါလား။
သွေးဗီဇမပါသူတယောက် မြို့တော်၏ အရှင်သခင် ဖြစ်လာသည်ကို ကြည့်ရုံနှင့် အန်းစီယွမ်သည် မည်သို့လူစားမျိုးဖြစ်ကြောင်း သိသာနေခဲ့လေပြီ။ ကံမကောင်းအကြောင်းမလှသည်မှာ သူ့အင်အားသည် အကန့်အသတ်နှင့်သာ ဖြစ်နေခဲ့ခြင်းပင်။ သွေးဗီဇမပါသော အန်းစီယွမ်အဖို့ ဘယ်သောအခါမှ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်။
ကြည်လင်မြစ်မြို့တော်သို့ မရောက်ခင်ကတည်းက အန်းစီယွမ်နှင့် တော်ဝင်မျိုးနွယ်စုများအကြား အဖုအထစ် ရှိနေကြောင်း စုချန်းက ကြိုတင်သိရှိထားပြီးသားပင်။ သူတို့၏ ဆက်ဆံရေးသည် လူအများရှေ့တွင် ယဉ်ကျေးမှုအရ ဟန်ဆောင်ဆက်ဆံနေကြသော အဆင့်မျှသာ ဖြစ်သည်။ ဤသည်မှာပင် သွေးဗီဇမပါသာ မြို့တော်အရှင်သခင်နှင့် တော်ဝင်မျိုးနွယ်စုများအကြား အင်အားချိန်ခွင်လျှာ ပဋိပက္ခဟု ဆိုနိုင်လေသည်။
အန်းစီယွမ်က စကားဆက်လိုက်ပြန်သည်။
"ကံဆိုးတာပဲ အသိပညာအတည်ပြုသူ စုလိုမျိုး ဘယ်သူမှ သတ္တိမရှိကြဘူး တော်ဝင်မျိုးနွယ်စုတွေကို ဘယ်သူမှ အံမတုရဲကြဘူးလေ"
ထိုအခါ စုချန်းက ပြန်ဖြေလိုက်သည်။
"တကယ်တော့ ကျွန်တော့အနေနဲ့ တော်ဝင်မျိုးနွယ်စုတွေကို ပြသနာရှာမယ်ရယ်လို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါဘူးခင်ဗျာ မူလဗျူရိုရဲ့ အသိပညာ အတည်ပြုသူ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့တဲ့ သဘောသက်သက်ပါ တော်ဝင်မျိုးနွယ်စုတွေရဲ့ စိတ်ထဲမှာ သူတို့ဟာ ချမ်းသာကြွယ်ဝတယ် အင်အားကြီးမားတယ် ဒါကြောင့် ဥပဒေကို မထီမေ့မြင် လုပ်လို့ရတယ်လို့ ထင်နေကြတယ် ဒီလိုလူစားတွေကို ပညာပေးဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို ဖမ်းဆီးဖို့ပါပဲခင်ဗျာ နန်းယန်လမ်းတိုက်ပွဲကိုကြည့်ရင် သူတို့ဟာ ဥပဒေအထက်မှာ ရှိနေတယ်ဆိုတဲ့ နောက်ထပ် ဥပမာတခုပါပဲခင်ဗျာ"
"အင်း မင်းပြောတာ မှန်တယ်"
အန်းစီယွမ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဘယ်သူက ဘာကြီးပဲ ဖြစ်နေပါစေ သူတို့ဟာ နိုင်ငံသားတွေပဲ ဒါကြောင့် စည်းကမ်းကို လိုက်နာရမယ် ခုတော့ ဒီလိုမဟုတ်ဘူးကွ တချို့လူတွေက သူတို့ကိုယ်သူတို့ ဥပဒေရဲ့အထက်မှာ ရှိတယ်လို့ ထင်နေကြတယ် ကျုပ်အနေနဲ့ ဒီလိုလူစားတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ချင်ပေမဲ့ ကျုပ်တယောက်တည်းဆိုတော့ အားမတန်မာန်လျှော့နေရသလို ဖြစ်နေတယ်"
စုချန်းက ရယ်မောလိုက်သည်။
"မြို့တော်အရှင်သခင်အနေနဲ့ ဘာကြောင့် ဒီလောက်ထိ အာ့လျော့နေရတာလဲခင်ဗျာ ဒီကမ္ဘာကြီးမှာ အစိုးရအရာရှိတွေအဖို့ ကိုင်တွယ်လို့ရတဲ့ အရာတွေ အများကြီးပါ"
"ဒါပေမဲ့ ကြည်လင်မြစ်မြို့တော်ကတော့ တမျိုးတဘာသာလို့ ပြောရမလိုပဲကွ ဒီနေရာက တော်ဝင်မျိုးနွယ်စုတွေရဲ့ ကစားကွင်းလိုမျိုး ဖြစ်နေတယ်"
အန်းစီယွမ်က ပြန်ပြောလိုက်သည်။
"ဒီမယ် အသိပညာအတည်ပြုသူစု မင်းကိုကျုပ် တည့်တိုးပဲ ပြောတော့မယ် သူတို့ ဘာကြောင့် ဒီလောက်ထိ မာနထောင်လွှားနေရတယ် ထင်သတုန်း သူတို့မှာ လှည့်ကွက်တွေ ရှိနေလို့လား တကယ်တော့ မဟုတ်ဘူးကွ တကယ်တော့ သူတို့ဟာ သူတို့မျိုးနွယ်စုတွေရဲ့ အင်အားကို ထိန်းချုပ်ထားနိုင်ရုံတင်မကဘူး အစိုးရအရာရှိတွေရဲ့ အကူအညီကိုလည်း တဖက်တလမ်းကနေ ရနေကြလို့ပဲ ဥပမာကွာ လျူဝုယာပဲ ဆိုပါတော့ ဒီကောင်ဟာ မူလဗျူရိုရဲ့ အကြီးအကဲပဲလေ ဒါပေမဲ့ လျူဝုယာကိုယ်တိုင် သူတို့ဘက်ပါနေတာ မင်းကိုယ်တိုင်လည်း မြင်ခဲ့ရသားပဲ အဲဒီအခြေအနေမှာ မင်း ထက်မြက်နေလို့သာ သူတို့ကို သတ်ပစ်နိုင်ခဲ့တာပဲ ကျုပ် အန်းစီယွမ်ကတော့ မင်းလောက်တောင် အသုံးမကျပါဘူးကွာ ဒီကောင်တွေကို အရေးမယူနိုင်ခဲ့ဘူး"
မူလဗျူရို၏ အကြီးအကဲဖြစ်သူ လျူဝုယာမှာ ထိပ်ပိုင်းမှ ခန့်အပ်ထားသူ ဖြစ်သည်။ ထို့ကြောင့် အန်းစီယွမ်အနေနှင့်် မကျေနပ်သော်လည်း အံကြိတ်နေရုံမှအပ တခြားမရှိချေ။
အန်းစီယွမ်၏ စကားကြောင့် စုချန်း အတော်လေး အံ့သြသွား၏။ သူက ခေတ္တ စဉ်းစားပြီး မေးလိုက်၏။
"ဒါပေမဲ့ နိုင်ငံတော်အပေါ် သစ္စာရှိပြီး မြို့တော်အရှင်သခင်ရဲ့ အမိန့်ကို နာခံတဲ့ လူတချို့တော့ ကျန်သေးတယ်မလား"
"ရှိတာပေါ့"
အန်းစီယွမ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"စီရင်စုရုံးကတော့ နိုင်ငံတော်အပေါ်မှာ အမြဲတမ်း သစ္စာရှိတယ် ပြီးတော့ လင်းယွမ်ရေတပ်ကိုလည်း ကျုပ်က အာမခံနိုင်တယ်ကွ မူလဗျူရိုနဲ့ ထောက်လှမ်းရေးအဖွဲ့ကတော့ ကျုပ်အမိန့်ကို မနာခံတာ အတော်ကို ကြာပြီ လျှို့ဝှက်အဖွဲ့ကျတော့ တမျိုးကွ သူတို့က ဘုရင့်ရဲ့ အမိန့်ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှ မနာခံဘူး"
စီရင်စုရုံးသည် မြို့တော်တွင်း ပြသနာများကို ကိုင်တွယ်ရန် တာဝန်ယူရလေ့ရှိသည်။ လင်းယွမ်ရေတပ်ကတော့ ကြည်လင်မြစ်မြို့တော်တခုတည်းအတွက် မဟုတ်ပဲ ကျီးကန်းနယ်မြေတခုလုံးနှင့် ဆိုင်လေသည်။ ထို့ကြောင့် ၎င်းတို့၏ အင်အားကလည်း စီရင်စုရုံးထက် များစွာ သာလွန်နေ၏။ အနှီ အင်အားစုနှစ်စုကို ထိန်းချုပ်နိုင်ထားသောကြောင့်သာလျင် ယခုအချိန်ထိ အန်းစီယွမ်တယောက် ကြံ့ကြံ့ခံနိုင်ခြင်း ဖြစ်သည်။
မူလဗျူရိုသည်ကား ချီစွမ်းအားပညာရှင်များအကြား အငြင်းပွားမှုများကို ဖြေရှင်းပေးရလေ့ရှိပြီး ထောက်လှမ်းရေးအဖွဲ့ကတော့ ဒုစရိုက်မှုများကို စုံစမ်းထောက်လှမ်းရန် တာဝန်ယူရလေသည်။ ထိုအင်အားစုများကိုတော့ အန်းစီယွမ် ထိန်းချုပ်နိုင်စွမ်းမရှိချေ။ လျှို့ဝှက်အဖွဲ့ကတော့ အန်းစီယွမ် ပြောခဲ့သလိုပင် မည်သူ့အမိန့်ကိုမှ နာခံခြင်းမရှိ။ ဘုရင့်အမိန့်ကိုသာ ဦးထိပ်ထားလေသည်။ သူတို့အား နှောင့်ယှက်သူ မှန်သမျှသည်လည်း မုချ အသက်ပျောက်ရပေလိမ့်မည်။
တကယ်တော့ အထက်တွင် ဖော်ပြခဲ့သည့် အင်အားစုနှစ်စုကို အန်းစီယွမ် ထိန်းချုပ်နိုင်ရသည့် အကြောင်းပြချက်မှာလည်း တော်ဝင်မျိုးနွယ်စုဆယ်စုအနေနှင့် ဘုရင့်မိသားစု၏ မကျေမနပ်ဖြစ်ခြင်းကို ရှောင်ကြဉ်လို၍သာ ဖြစ်လေသည်။ တနည်းအားဖြင့် လက်ရှိ အနေအထားလောက်နှင့် မြို့တော်ကို ထိန်းချုပ်ရန် လုံလောက်နေ၍ လက်ရှောင်နေခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်၏။
သို့တိုင်အောင် စုချန်းက ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။
"အရှင်သခင်အန်းအနေနဲ့ အခြား အဖွဲ့တချို့ကို ထိန်းချုပ်ချင်ပေမဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထားထိ မရောက်ဘူး ဖြစ်နေတယ်ထင်တယ် ဟုတ်ရဲ့လား"
"မင်းဆိုလိုတာ....."
"ဒုစရိုက်အဖွဲ့တွေလေဗျာ"