← Chapters

အရိပ်မီးတောက်များ

Vol. 36 Ch. 360

အရိပ်မီးတောက်များ

Vol. 36 Ch. 360

အလင်းနှင့်အမှောင်သည် အမြဲတစေ ဒွန်တွဲနေသော အရာဖြစ်သည်။

ထို့ကြောင့် ကြည်လင်မြစ်မြို့တော်တွင်လည်း တခြားနေရာများကဲ့သို့ပင် ဒုစရိုက်အဖွဲ့အစည်းများ ရှိနေ၏။

ကြည်လင်မြစ်မြို့တော်ရှိ ဒုစရိုက်အဖွဲ့အစည်းများ အားလုံးလိုလိုသည် ကမ်းနားလမ်းဘက်တွင် အခြေစိုက်ထားကြပြီး မြွေစိမ်းအဖွဲ့အပါအဝင် ဒုစရိုက်အဖွဲ့ ၁၀ဖွဲ့အထိ ရှိနေ၏။ အဖွဲ့တိုင်းလိုလိုသည် တော်ဝင်မျိုးနွယ်စုများနှင့် မဟာမိတ်ပြုထားကြပြီး အပြန်အလှန် အကျိုးပြုစေမည့် ကွန်ယက်တခုကို ဖွဲ့စည်းထားကြလေသည်။

အဆိုပါ ဒုစရိုက်အဖွဲ့အစည်းများသည် စစ်တပ်များနှင့် မတူပေ။ သို့သော် အင်အားအထိုက်အလျောက်ရှိသည်ကိုတော့ မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။ ထိုအဖွဲ့များအားလုံးကို စုစည်းနိုင်ခဲ့လျင် အင်အားစုကြီးတရပ် ပေါ်ထွက်လာမည်ဖြစ်သည်။ အဓိက မျိုးနွယ်စုကြီးများ၏ အစေခံများ၊ အစောင့်များ၊ ဧည့်သည်များ၊ စစ်သားများနှင့် နှိုင်းယှဉ်ကြည့်လျင် ၎င်းတို့အင်အားမှာ ပို၍ပင် ကြောက်စရာကောင်းနေသေးသည်ဟု ဆိုနိုင်ပေသည်။

အန်းစီယွမ်အနေနှင့် တော်ဝင်မျိုးနွယ်စုများနှင့် သူ့အကြား အကြပ်အတည်းကို ဖြေရှင်းလိုသော်လည်း ဒုစရိုက်အဖွဲ့များသာ ပါဝင်လာပါက ကသောင်းကနင်း ဖြစ်သွားမည်ကို စိတ်ပူလျက်ရှိသည်။ ထို့ကြောင့်ပင် သူ့အနေနှင့် ဘာမှ မတတ်နိုင်ပဲ ယခုအချိန်ထိ ကြိတ်မှတ်သည်းခံနေရခြင်း ဖြစ်သည်။

၎င်းမှာ စုချန်း ပေါ်မလာခင်ထိသာ ဖြစ်သည်။

စုချန်းသည် ခရီးရောက်မဆိုက်မှာပင် တော်ဝင်မျိုးနွယ်စုဝင်နှစ်ဦးကို ဖမ်းဆီးအပြစ်ပေးခဲ့ပြီး ၎င်းတို့ဘက်မှ ခြုံခိုတိုက်ခိုက်မှုကိုလည်း ဖြိုခွဲနိုင်ခဲ့၏။ ၎င်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုက အန်းစီယွမ်၏မျက်လုံးကို အလင်းပွင့်စေခဲ့လေသည်။

သူ့အနေနှင့် စုချန်းကို ခေါ်ယူတွေ့ဆုံရခြင်းမှာလည်း အရေးယူရန် မဟုတ်ပဲ ဘုံရန်သူ ရှိကြောင်း၊ ရဲဘော်ရဲဘက်အဖြစ် သဘောထားကြောင်း အသိပေးရန်သာ ဖြစ်သည်။

သို့သော် စုချန်းကို ထိထိရောက်ရောက် ဘာအကူအညီမှ မပေးနိုင်သောကြောင့် သူ့အသိပေးချက်က သေးသိမ်ရာပင် ရောက်နေသေး၏။ ဤသည်မှာလည်း သူ့အနေနှင့် စုချန်း၏ အကြောင်းကို ဂဃနဏ မသိသေး၍သာ ဖြစ်သည်။ သူအနေနှင့် စုချန်းအပေါ် အချိန်ယူ၍ စောင့်ကြည့်ရပေအုံးမည်။

ပမာဏတွေ့ဆုံခြင်းအတွက် အန်းစီယွမ်၏ ရည်ရွယ်ချက်မှာ စုချန်း၏ သဘောထားကို အကဲခတ်ရန်သာ ဖြစ်သည်။

တဖက်တွင်လည်း အန်းစီယွမ်၏ သဘောထားကြောင့် စုချန်းအတွက် လုပ်ရကိုင်ရ ပို၍ လွယ်ကူသွားစေ၏။ အန်းစီယွမ်လို လူစားမျိုး သူ့ဘက်တွင် ရှိနေသည်ဟူသော အတွေးက အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာအရ များစွာ အထောက်အကူ ဖြစ်စေသည် မဟုတ်ပါလား။

အတန်ကြာအောင် စကားပြောဆိုပြီးနောက် စုချန်းသည် အန်းစီယွမ်ကို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

တရွေ့ရွေ့ ထွက်ခွာသွားသော စုချန်း၏ ကျောပြင်ကို ကြည့်ရင်း အန်းစီယွမ်က မျက်မှောင်တချက်ကုတ်ကာ နောက်လှည့်မေးလိုက်သည်။

"အတော်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ မင်း ဘယ်လို သဘောရသလဲ"

အန်းစီယွမ်၏ နောက်တွင် မတ်တပ်ရပ်နေသော စာပေသမားဝတ်စုံနှင့်လူက ဦးညွှတ်ကာ ကောက်ချက်ချလိုက်သည်။

"သူဟာ အရှင်သခင်ဆီက ဘာမှ တောင်းဆိုမသွားဘူး ဒါက အမိန့်နာခံတတ်တဲ့ သူ့စရိုက်ကြောင့်လည်း ဖြစ်နိုင်ပါတယ် တကယ်လို့ ဒီလိုသာ မဟုတ်ဘူးဆိုရင်တော့ လျှို့ဝှက်ချက် အတော်များများ ရှိနေပြီး အစစ အရာရာ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါပဲ သခင်"

အန်းစီယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

"ဒီကောင်လေးက သေချာပေါက် အမိန့်နာခံတတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး"

"ကျွန်တော်လည်း အဲဒီအတိုင်းပဲ ထင်ပါတယ် သခင်"

"ဒါဆိုရင်တော့ သူ ဘာဆက်လုပ်မလဲ ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့"

____________×××_____________×××__________

အပြန်လမ်းတွင် မည်သည့် အန္တရာယ်မှမတွေ့ပဲ စုချန်းတယောက် စုအိမ်တော်သို့ ချောချောမောမောပင် ရောက်ရှိလာခဲ့၏။

သူ့အနေနှင် လောင်းမျိုးနွယ်၊ လျန်မျိုးနွယ်များနှင့် စေ့စပ်ဆွေးနွေးခြင်းကို ပယ်ချထားသော်လည်း အနည်းငယ်မှ အလျင်လိုနေခြင်းမရှိ။

အချိန်ကြာကြာ စောင့်နိုင်လေလေ အခွင့်အရေးကောင်းများကို ဖန်တီးနိုင်လေလေဟု စုချန်း ယူဆထားသည် မဟုတ်ပါလား။

သိပ်မကြာမီတွင်တော့ စုချန်းတယောက် ထုံစံအတိုင်း သူ၏ သုတေသနလုပ်ငန်းများထဲတွင် နစ်မြုပ်ပျော်ဝင်သွားပြန်သည်။

သွေးနီဥပြိုကွဲဆေးမင်ကို ဖန်တီးအောင်မြင်သွားသော်လည်း စုချန်းသည် ထိုသုတေသနကို ရပ်တန့်ခြင်းမရှိသေးချ။ ပုံစံသစ်တမျိုးကို ဖန်တီးနိုင်ရန် ဆက်လက်ကြိုးစားလျက်ရှိနေ၏။ ်ူမူလဆေးမင်ပုံစံဟောင်းသည် စွမ်းအားကြီးမားသော်လည်း ကြီးမားသော အားနည်းချက်တခု ရှိနေ၏။ ၎င်းမှာ ဆေးမင်ကို မျက်နှာပါမကျန် အသုံးပြုမည့်သူ၏ တကိုယ်လုံးတွင် ရေးထိုးရခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်း၏ အရိပ်အစေခံများသည် အမြဲတစေ လူမမြင်ကွယ်ရာတွင်သာ နေထိုင်ရလေ့ရှိသည်။ လူမြင်ကွင်းသို့ ထွက်၍ မရပေ။ ထို့ကြောင့် စုချန်းက ထိုဆေးမင်ကို သူကိုယ်တိုင်အတွက် အသုံးပြုခြင်းမရှိချေ။ တကယ်တော့ အသုံးပြုနိုင်ခဲ့လျင်လည်း စုချန်းလို လူစားမျိုးကတော့ သုံးလိမ့်မည် မဟုတ်ချေ။

ထိုအတွက်ကြောင့်ပင် စုချန်းက သွေးနီဥပြိုကွဲဆေးမင်ကို ပုံစံအသစ်တမျိုးနှင့် အသုံးပြုနိုင်ရန် ကြိုးစားဖော်ထုတ်နေခြင်းပင်။

စုချန်း၏ ရည်ရွယ်ချက်မှာကား ထိုဆေးမင်ကို မူလစွမ်းအင်အဆောင်လက်ဖွဲ့များကဲ့သို့ အလုပ်ဖြစ်နိုင်စေရန်ပင် ဖြစ်သည်။ ယနေ့ခေတ်သုံး မူလစွမ်းရည်များ အားလုံးလိုလိုသည် မူလစွမ်းအင်အဆောင်လက်ဖွဲ့အပေါ်တွင် အခြေခံ၏။ မူလစွမ်းအင်အဆောင်လက်ဖွဲ့ကို ပြန့်ကားထွက်စေခြင်းဖြင့် မူလစွမ်းရည်ကို ဖော်ထုတ်ကြရခြင်း ဖြစ်သည်။ သွေးနီဥပြိုကွဲဆေးမင်ကိုလည်း ထိုပုံစံအတိုင်း ဖော်ထုတ်နိုင်စေရန် စုချန်းက ဆက်လက်ကြိုးစားနေခြင်း ဖြစ်သည်။

တနည်းအားဖြင့် လျပ်စစ်ဓာတ်လိုအပ်ချိန်တွင် ပလပ်ကြိုးကို ပလပ်ပေါက်တွင် တပ်ဆင်လိုက်ပြီး မလိုအပ်ချိန်တွင် ဖြုတ်ထားသည့် ဥပမာနှင့် တူနေ၏။

စုချန်း ရေးဆွဲနိုင်ရန် ကြိုးစားနေသည့် ပုံစံမှာ သွေးနီဥပြိုကွဲဆေးမင် ၂.၀ ပင် ဖြစ်သည်။

သို့သော် အောင်မြင်မှုရရှိရန် စုချန်းအနေနှင့် ခရီးရှည်ကြီးကို လျှောက်လှမ်းရအုံးမည်တကား။

အတန်ကြာသော် စုချန်းသည် အသင့်ပြင်ဆင်ထားသည့် အရေပြားလွှာလေးကို သူ့ကိုယ်ပေါ်တွင် ကပ်လိုက်၏။ စက္ကန့်ပိုင်းအတွင်း အရေပြားမှာ သူ့ကိုယ်တွင်းသို့ ပျော်ဝင်သွားကြောင်း စုချန်း တွေ့လိုက်ရသည်။ တချိန်တည်းမှာပင် စွမ်းအင်လှိုင်းတခု ပေါ်ပေါက်လာကြောင်း စုချန်း ခံစားလိုက်ရ၏။

"အင်း ဒီဆေးမင်ရေးထိုးထားတဲ့ အလွှာပါးလေးကို လူ့ကိုယ်ခန္ဓာက အပြည့်အဝ စုပ်ယူနိုင်တဲ့အပြင် စွမ်းအားကိုလည်း ဆယ်ပုံသုံးပုံလောက်ထိ ဖော်ထုတ်ပေးနိုင်တယ် ဒါ အောင်မြင်နိုင်ချေတော့ရှိတယ် ဒါပေမဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့တော့ လိုအပ်နေသေးတယ်"

စမ်းသပ်နေရင်းနှင့်ပင် စုချန်းသည် အထက်ပါအတိုင်း တတွတ်တွတ် ပြောဆိုရေးမှတ်နေ၏။

ထို့နောက် သူသည် ဘေးဘက်ရှိ သိုင်းပညာလေ့ကျင့်ရေးခန်းမသို့ ဝင်ရောက်လာခဲ့၏။ အခန်းထဲသို့ ရောက်သည်နှင့် စုချန်းက လက်တဖက်ကို မြှောက်လိုက်ရာ မီးတောက်မီးလျံများ စတင် ထွက်ပေါ်လာ၏။ ကြည့်နေရင်းနှင့်ပင် အနှီ မီးတောက်မီးလျံများသည် တဖြည်းဖြည်း ပုံစံပြောင်းလာတော့သည်။ ဤတကြိမ်တွင်တော့ အဆိုပါ မီးလျံများသည် သိမ်းငှက်တကောင် ပုံစံသို့ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ လူသားတယောက်၏ ပုံစံအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာကား စုချန်း၏ လက်ပေါ်ရှိ မီးလျံလူပုံသဏ္ဍာန်သည် မျက်စေ့တမှိတ်အတွင်းဝယ် ဖောင်းခနဲ ပေါက်ကွဲသွားခြင်းပင်တည်း။

"အင်း သွားရှာပြန်ပြီ"

စုချန်းက တီးတိုးရေရွတ်လိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင်တော့ စိတ်ပျက်သည့်အမူအရာများ အနည်းငယ်မှပင် ပေါ်ပေါက်လာခြင်း မရှိ။ သုတေသနလုပ်ငန်းတွင် စမ်းသပ်မှု မအောင်မြင်ခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာ မဟုတ်ပါလား။

လက်ရှိတွင် စုချန်း၏ အဆင့်အတန်းမှာ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ထိုနယ်ပယ်နှင့် သင့်တော်မည့် မူလစွမ်းရည်တမျိုးမျိုးကို စုချန်း လိုအပ်လျက်ရှိသည်။ ဤသည်မှာပင် လတ်တလော သုတေသနလုပ်ငန်းများ၏ ဦးစားပေး ရည်မှန်းချက်ဟုလည်း ဆိုနိုင်ပေသည်။

ပိတ်လော့၏ စကားအရ လေထဲရှိ မီးလျံနှင့်ဆိုင်သည့် မူလပစ္စည်းပေါင်းစုံကို စုဆောင်းနိုင်သည့် နည်းစနစ်တမျိုး ရှိကြောင်း စုချန်း သိရှိထား၏။ ထိုနည်းစနစ်နှင့်သာဆိုလျင် အသုံးပြုသူသည် မီးတောက်မီးလျံများနှင့် ပြုလုပ်ထားသည့် လူသားတယောက်ကဲ့သို့ ဖြစ်လာနိုင်သည် ဟူ၏။ ထိုနည်းစနစ်၏ နာမည်မှာကား မီးလျံဓာတ်ဆင့်ခေါ်ခြင်းပင် ဖြစ်သည်။ ထိုခေတ်ထိုအခါက အာကင်နာများသည် ၎င်းတို့၏ မူလစွမ်းရည်များကို ဓာတ်ကြီးလေးပါး ဖြစ်သည့် လေ၊ ရေ၊ မြေ၊ မီး စသည်တို့ကို အစွဲပြုကာ အမည်ပေးလေ့ရှိကြ၏။

အနည်းငယ် စဉ်းစားကြည့်ရုံနှင့် ဓာတ်ကြီးလေးပါးကို မူတည်၍ ခွဲခြားသည့်စနစ်မှာ မလုံလောက်ကြောင်း စုချန်းက သဘောပေါက်ပြီး ဖြစ်သည်။ ကမ္ဘာကြီး၏ အရင်းအမြစ်များမှာ ပြောမကုန်လောက်အောင် များပြားလှပေရာ ဤမျှ ရိုးရှင်းလွယ်ကူသည့် နည်းစနစ်နှင့် ခွဲခြားခြင်းမှာ မည်သို့မှ မလုံလောက်ပေ။

မည်သို့ဆိုစေ မီးလျံဓာတ်ဆင့်ခေါ်ခြင်းနည်းစနစ်က စုချန်းကို စိတ်ကူးစိတ်သန်း အသစ်တို့ကို ပေးစွမ်းနိုင်ခဲ့သည်ကတော့ အမှန်ပင်တည်း။

သို့သော် ဤနည်းစနစ်က အလွန်ရှုပ်ထွေးလှသည့် ရှေးဟောင်းအာကင်နာနည်းစနစ်တရပ် ဖြစ်နေ၏။ စုချန်းအနေနှင့် လက်တွေ့အသုံးချနိုင်ဖို့ နေနေသာသာ နားလည်အောင်ပင် မနည်းကြိုးစားရအုံးမည် ဖြစ်သည်။

ယနေ့ခေတ်တိုက်ပွဲများဟူသည် အာကင်နာခေတ်နှင့် မတူတော့။ အဝေးမှ တိုက်ခိုက်သည်ထက်စာလျင် အနီးကပ်တိုက်ပွဲများ ပိုများလာ၏။ အမြန်နှုန်းကိုလည်း ယခင်ကထက်စာလျင် များစွာ အလေးထားလာကြသည်။ ၎င်းမှာ လူသားတို့၏ ကိုယ်ခန္ဓာက အာကင်နာများထက်စာလျင် များစွာ ပို၍ အကြမ်းခံနိုင်သည်နှင့်လည်း ဆိုင်နေပေသည်။

ထို့ကြောင့် ပိတ်လော့၏ မီးလျံဓာတ်ဆင့်ခေါ်ခြင်းနည်းစနစ်မှာ ယနေ့ခေတ် မူလစွမ်းရည်များနှင့် များစွာ ကွာခြားနေတော့သည်။

သို့သော် စုချန်းအတွက်ကတော့ ထိုကိစ္စမှာ ပြသနာကြီး မဟုတ်ဟု ယူဆနိုင်စရာ ရှိနေ၏။ အကြောင်းမှာ စုချန်းသည် ယခင်ကလည်း ရှေးဟောင်းအာကင်နာနည်းစနစ်ပေါင်းများစွာကို ဘရုခ်ပုံသေနည်းနှင့် ဖြေရှင်းကာ သူ့ကိုယ်ပိုင်နည်းစနစ်များအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့သည် မဟုတ်ပါလား။

သို့သော် အဖြစ်မှန်တွင်တော့ ပိတ်လော့၏ နည်းစနစ်က စုချန်း ယခင် ကြုံတွေ့ခဲ့ရသည့် နည်းစနစ်များနှင့် များစွာ ကွာခြားနေ၏။ ထို့ကြောင့် ယခင် အတွေ့အကြုံများမှာ အသုံးမဝင်တော့။ စုချန်းအဖို့ ဤတကြိမ်တွင်တော့ အစမှ ပြန်စရတော့မည် ဖြစ်သည်။

စမ်းသပ်မှုကား နောက်တကြိမ် ရှုံးနိမ့်သွားခဲ့ပြန်လေပြီ။ သို့သော် စုချန်း ဂရုမစိုက်။ အသေးစိတ် ပြန်လည် တွက်ချက်ပြီး နောက်တကြိမ် ပြန်လည် စမ်းသပ်ပြန်၏။

ဤတကြိမ်တွင်တော့ မီးလျံများ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် သူ့လက်သည် နာကျင်လာကြောင်း စုချန်း ခံစားလိုက်ရသည်။ ဆေးမင်၏ အဆိပ် အစွမ်းပြလာခြင်း ဖြစ်သည်။ အဆိပ်မှာ မပြင်းထန်လှ။ သူ့အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားပေလိမ့်မည်။

ထိုအခါ စုချန်းက စိတ်အာရုံများကို လက်ထဲသို့ ပို့ဆောင်ထားလိုက်၏။ တချိန်တည်းမှာပင် ထူးခြားသော အမြင်အာရုံကို ဖော်ထုတ်ပြီး စွမ်းအင်အတက်အကျကို လိုအပ်သလို ချိန်ညှိပေးလျက်ရှိလေသည်။

နောက်ဆုံးတွင်တော့ စုချန်း၏ လက်ထဲတွင် လူပုံသဏ္ဍာန် မီးတောက်အရိပ်တရိပ် ပီပီပြင်ပြင် ပေါ်ပေါက်လာတော့လေသတည်း။

All Chapters