← Chapters

စေ့စပ်ညှိုနှိုင်းခြင်း

Vol. 37 Ch. 361

စေ့စပ်ညှိုနှိုင်းခြင်း

Vol. 37 Ch. 361

နှစ်ရက်ခန့်အကြာ...

စုအိမ်တော်၏ ပင်မခန်းမဆောင်တွင် ဖြစ်သည်။

"........ ကျုပ်တို့ဘက်က လိုလားချက် အကုန်လုံးပါပဲ"

စုကောက်ယဲ့က စုချန်းကို ကြည့်ရင်း ပြောလိုက်သည်။ သူ့မျက်နှာမှာ ပြုံးနေပြီး ခေါင်းကိုမော့ ရင်ကိုကော့ထားလေသည်။

ဤအပြုံးမျိုးကို စုချန်း၏ ရှေ့တွင် ပြုံးပြနိင်ဖို့ စုကောက်ယဲ့တယောက် မှန်ရှေ့တွင် ၂ရက်တိတိ လေ့ကျင့်ခဲ့ရ၏။ သူ့အပြုံးသည် စုချန်းအပေါ် ထိုက်သင့်သလောက် မျက်နှာသာပေးထားဟန် ရှိရမည့်အပြင် တော်ဝင်မျိုးနွယ်စုများ၏ ဂုဏ်သိက္ခာကိုလည်း နှိမ့်ချမိသလို မဖြစ်ရန် လိုပေသည်။

"ဒီတော့ လျန်မျိုးနွယ်စုဘက်ကရော ဒီအတိုင်းပဲ တောင်းဆိုတယ်ဆိုတဲ့ သဘောလား"

စုချန်းက လျန်မျိုးနွယ်၏ အိမ်တော်ထိန်းအကြီးအကဲ လျှိုဘက်ကို လှည့်ကာ မေးလိုက်သည်။

အိမ်တော်ထိန်းလျှိုက ရယ်မောလိုက်သည်။

"ကျုပ်တို့ တော်ဝင်မျိုးနွယ်စုဆယ်မျိုးဟာ အင်မတန် စည်းလုံးညီညွတ်ကြတယ် တိုက်ရင်လည်းအတူတူ ဆုတ်ရင်လည်းအတူတူပဲ ပြီးတော့ ထူးကဲပြီး တောင်းဆိုနေစရာမှလည်း မရှိတာ အခြေအနေချင်းက အတူတူပဲမလား"

တိုက်လည်းအတူ ဆုတ်လည်းအတူဟူသော စကားကို ကြားလိုက်သည်နှင့် စုချန်း၏ နှုတ်ခမ်းထောင့်တွင် ထူးခြားသော အပြုံးတမျိုး ပေါ်ပေါက်လာ၏။

ထို့နောက် သူက တည်ငြိမ်အေးဆေးသော လေသံနှင့် ပြောလိုက်သည်။

"ဟုတ်ပြီ ခင်ဗျားတို့ဘက်က လိုလားချက်တွေကို တညီတညာ တောင်းဆိုပြီးကြပြီတော့ ကျုပ်ဘက်ကလည်း ပြောစရာရှိတာ ပြောရမယ် ကျုပ်အနေနဲ့ အကျဉ်းသားတွေကို လွှတ်ပေးလို့ရတယ် ဒါပေမဲ့ အလကားတော့ မရဘူး ကျုပ်ကို ခင်ဗျားတို့က မူလကျောက်တုံး တသန်းစီပေးရမယ် ပြီးရင် ကျုပ်ကို တောင်းပန်ရမယ် ဒါတင်မကသေးဘူး ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်စာကြည့်တိုက်တွေထဲ ကျုပ်ကို ဝင်ခွင့်ပြုရမယ်"

"မိုက်ရိုင်းလိုက်တဲ့အကောင်"

စုကောက်ယဲ့က ခုံကို လက်ဝါးနှင့် ဖြန်းခနဲ ရိုက်ကာ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။

"စုချန်း မင်းလိုလူစားက ကျုပ်တို့ကို ငွေညှစ်ရဲသလား ကျုပ်တို့ မျိုးနွယ်စုနှစ်စုက မင်းကို မျက်နှာသာပေးတဲ့အနေနဲ့ ပြေပြေလည်လည် ဆက်ဆံဖို့ ကြိုးစားနေတယ်ဆိုတာကို မင်း သဘောပေါက်စမ်းပါ"

"ပြေပြေလည်လည် ဆက်ဆံဖ်ု့ိ ကြိုးစားနေတယ် ဟုတ်လား"

စုချန်း၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"ခင်ဗျားတို့ ပြေပြေလည်လည် မဆက်ဆံတော့ကော ကျုပ်က ဂရုစိုက်ရမှာလား"

စုချန်း၏ စကားကြောင့် အိမ်တော်ထိန်းကြီးနှစ်ယောက် အံ့သြတုန်လှုပ်ကုန်ကြ၏။

"ခင်ဗျားတို့ တိုက်ခိုက်ချင်တယ်ဆိုရင် ကျုပ်ကလည်း ပြန်တိုက်ဖို့ ဝန်မလေးဘူး ဒီလိုမှမဟုတ်ပဲ ခင်ဗျားတို့လူကို ပြန်လိုချင်ရင်တော့ တန်ရာတန်ကြေး ပေးရမယ် တကယ်တော့ ခင်ဗျားတို့ တောင်းဆိုချက်တွေက ရှက်စရာကောင်းတယ် ကျုပ်အနေနဲ့ လက်ခံဆွေးနွေးဖို့တောင် မထိုက်တန်ဘူး ဒီတော့ အပိုတွေ ပြောမနေတော့ပဲ ကျုပ်တို့ တိုက်ခိုက်လိုက်ကြတာ ပိုကောင်းမယ် ဒါမှမဟုတ် ဆက်ပြီး ဆွေးနွေးမှာလား ဒါဆိုရင်တော့ ကျုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ဖြစ်ရမယ်"

"စုချန်း မင်း ဒါမျိုး စဉ်းတောင်မစဉ်းစားနဲ့ကွ......."

"ကျုပ် ဘယ်လို စဉ်းစားတယ်ဆိုတာ ကျုပ်ကိစ္စပါလေ ခင်ဗျားတို့အနေနဲ့ ကိုယ့်ကိစ္စပဲ ကိုယ်စဉ်းစားသင့်တယ် ဒီတော့ ခင်ဗျားတို့နှစ်ယောက်ထဲက အရင်ဆုံး သဘောတူတဲ့လူကို ကျုပ်က လိုက်လိုက်လျောလျော စဉ်းစားပေးမယ်ဗျာ ဒီလိုမှ မဟုတ်ပဲ ခေါင်းမာနေရင်တော့ ခင်ဗျားတို့ လူတွေရဲ့ အလောင်းကိုသာ စောင့်နေကြပေတော့"

"မင်း"

စုကောက်ယဲ့ကား ဒေါသထွက်လွန်း၍ စကားပင် မပြောနိုင်တော့။

စုချန်းကလည်း ဂရုမစိုက်တော့ချေ။ သူက အမိန့်ပေးလိုက်သည်။

"လီရှု ဧည့်သည်တွေကို ပြန်ပို့လိုက်ပါ"

အိမ်တော်ထိန်းနှစ်ယောက်ကား တလမ်းလုံး ဆဲဆဲဆိုဆိုနှင့် ပြန်လာကြလေသည်။

"ဒီကောင် တော်တော်များသွားပြီ"

စုကောက်ယဲ့က စုအိမ်တော်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

"အစ်ကိုလျှို ဒီကောင် မဟုတ်သေးဘူး ကျုပ်တို့ ဒီကောင်ပြောတဲ့အတိုင်း လိုက်လျောပေးလို့ မဖြစ်ဘူးဗျ"

"ဟုတ်တယ်ဗျို့"

အိမ်တော်ထိန်းလျှိုကလည်း ထောက်ခံလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် စိတ်ဆိုးမာန်ဆိုးနှင့် သက်ဆိုင်ရာ အိမ်တော်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြလေသည်။

_____________×××______________×××_________

လောင်းအိမ်တော်တွင် ဖြစ်သည်။

လောင်းချိန်းကျန်း၏ မျက်နှာမှာ မဲမဲမှောင်နေ၏။

"ဒီကောင်က ဒီအတိုင်းပဲ ပြောသလား"

"ဟုတ်ပါတယ်သခင် ဒီကောင် စုချန်းက ပြောပါတယ် သူက ပြေပြေလေလေ ဆက်ဆံတာမျိုးကို ဂရုမိစိုက်ဘူးတဲ့ လူလွှတ်ပေးစေချင်ရင် ငွေပေးရမှာပဲတဲ့ ခင်ဗျ သခင့်အနေနဲ့ သူ့ကို မကျေနပ်လို့ ချက်ချင်းတိုက်ခိုက်ရင်တော့ သူ့ဘက်ကတော့ ပြန်တိုက်မှာပဲတဲ့"

စုကောက်ယဲ့သည် သူ့ ကြုံခဲ့ရသည့်အခြေအနေအား သာသာထိုးထိုးနှင့် ပြောပြလိုက်လေသည်။

"တောက် မာနထောင်လွှားလှချည်လားကွ"

လောင်းချိန်းကျန်း ပေါက်ကွဲသွားလေပြီ။ သူ့ ဒေါသကြောင့် လက်ဖက်ရည်ခွက်မှာ မွမွကြေသွား၏။

"ခုချက်ချင်း ကျုပ်က ဒီကောင့်ကို ခေါင်းဖြတ်လိုက်မှာကို ဒီကောင် မကြောက်ဘူးတဲ့လား"

"သူ့လက်ထဲမှာ သခင်လေးနဲ့ သခင်မလေးတို့ ရှိနေသေးတယ်လေ သခင် ဒီကောင် သေသွားတာက အရေးမကြီးဘူး ဒါပေမဲ့ သခင်လေးတို့ရဲ့ အသက်နဲ့ အလဲအထပ်လုပ်ရမှာကတော့ မတန်ဘူးသခင်"

စုကောက်ယဲ့က ဒေါပွနေသော လောင်းချိန်းကျန်းကို ဖြောင်းဖြလိုက်၏။

ထိုစကားကို ကြားလိုက်မှ လောင်းချိန်းကျန်း ငြိမ်သက်သွားလေသည်။ သူဂရုမစိုက်၍သာ သားတော်မောင် သူတပါးလက်ထဲသို့ ရောက်သွားရသည် မဟုတ်ပါလား။

"ဒီတော့ ကျုပ်တို့က ဘာလုပ်ရမှာလဲ ဒီကောင် ငွေညှစ်တာကို ဒီအတိုင်း လည်စင်းခံပေးရတော့မှာလား"

"ဒါကတော့...."

စုကောက်ယဲ့ စဉ်းစားနေ၏။ ပြီးမှ သူက ပြောလိုက်သည်။

"ဒီကောင် စုချန်းရဲ့လေသံဟာ တခုခုကို ညွှန်ပြနေသလိုပဲ သခင် သူဆိုလိုတာက ကျွန်တော်တို့ဘက်ကသာ ညှိုနှိုင်းချင်စိတ်ရှိရင် အဆင်ပြေနိင်သေးတယ်ဆိုတဲ့ သဘောပဲ ဒါပေမဲ့ သူနဲ့ စေ့စပ်ညှိုနှိုင်းမယ်ဆိုရင် ကျွန်တော်တု့ိဘက်က...."

"ကျုပ်တို့ဘက်က ဘာဖြစ်သလဲ ဆက်ပြောလေ"

စုကောက်ယဲ့က မပြောရဲပဲ တွန့်ဆုတ်နေ၏။ ပြီးမှ သူက အားတင်းကာ ပြောလိုက်သည်။

"ကျွန်တော်တို့ ကိုယ့်ဖာသာကိုယ်ပဲ သွားပြီး ညှိုနှိုင်းသင့်တယ် သခင်"

"ဘာကြောင့်လဲ"

"စုချန်းက ပြောတယ်သခင် ကျွန်တော်တို့ထဲက ပထမဆုံး သဘောတူတဲ့လူကို သူ့ဘက်က လိုက်လိုက်လျောလျော စဉ်းစားပေးမတဲ့ဗျ"

လောင်းချန်းကျိန်း တွေဝေသွား၏။ သို့သော် သူက ချက်ချင်းပင် စုချန်း၏ ရည်ရွယ်ချက်ကို နားလည်သွားလေသည်။

"ဒီကောင် ကျုပ်တို့ကို သွေးခွဲဖို့ ကြိုးစားနေတာပဲကွ"

အမှန်တကယ်လည်း စုချန်း၏ ရည်ရွယ်ချက်က တော်ဝင်မျိုးနွယ်စုများကို သွေးခွဲရန် ကြိုးစားနေခြင်း ဖြစ်သည်။

တော်ဝင်မျိုးနွယ်စုများသည် အမြဲတစေ ပူးပေါင်းဆောင်ရွက်လေ့ရှိသည် ဆိုသော်လည်း ၎င်းမှာ အာဏာပိုင်များနှင့် အတိုက်အခံ ပြုလုပ်ရသည့် အချိန်မျိုးတွင်သာ ဖြစ်သည်။ နောက်ကွယ်တွင်ကား အချင်းချင်း တည့်ကြသည်မဟုတ်။ မျိုးနွယ်စု တစုထဲမှာပင် အာဏာကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လေ့ရှိရာ မျိုးနွယ်စုဆယ်စု မတည့်ကြသည်မှာလည်း သိပ်တော့မဆန်းချေ။

စန်းမော့နှင့် ယုချန်းရွှေတို့ လူပုံအလယ်တွင် ခိုက်ရန်ဖြစ်ပွားနေကြသည်ကို ကြည့်လျင်ပင် ၎င်းကို မြင်သာ၏။ ထိုသို့သော ရန်ပွဲများသည် မျိုးနွယ်စုများအကြားတွင် အမြဲတစေ ဖြစ်ပွားနေလေ့ရှိသည်။ သို့သော် အဏာပိုင်တစုံတယောက်က သူတို့ကို ဖိနှိပ်ရနိ ကြိုးစားလာသည်နှင့် ၎င်းတို့အချင်းချင်း ချက်ချင်းဆိုသလို ပြန်လည်စည်းလုံးသွားကြပြန်သည်။

ထို့ကြောင့် စုချန်းအတွက် လိုအပ်သည်ဟူ၍ မျိုးနွယ်စုနှစ်စုအကြား အပေါ်ယံ စည်းလုံးမှုကို ဖြိုခွဲလိုက်ရုံသာ ဖြစ်သည်။

စုချန်းနှင့် ဆွေးနွေးလိုသလား။ အချိန်မရွေး ကြွခဲ့ပါ။ သို့သော် စည်းကမ်းအတိုင်း လိုက်နာရမည်။ ပထမဆုံး လာရောက်ဆွေးနွေးသူက ပို၍ မျက်နှာသာပေးခြင်း ခံရမည် ဖြစ်သည်။

မိမိတို့၏ သားသမီးများ ဖမ်းဆီခံထားရသည့်အခြေအနေတွင် မျိုးနွယ်စုနှစ်စုအနေနှင့် စုချန်းကို အဘယ်မှာ လစ်လျူရှုထားနိုင်အံ့နည်း။ ထို့ကြောင့် အိမ်တော်ထိန်းနှစ်ယောက်အနေနှင့် အပြန်လမ်းတွင် စုချန်း၏ သဘောအတိုင်း လိုက်လျောခြင်းမပြုရန် တိုင်ပင်လာကြသော်လည်း သူတို့အနေနှင့် ရွေးစရာလမ်း မရှိမှန်းကိုတော့ သိထားကြပြီးသားပင်။

၎င်းမှာ စုချန်း ဖမ်းဆီးထားသည့် အကျဉ်းသားများက သူတို့အတွက် အလွန် တန်ဖိုးကြီးမားနေသောကြောင့်ပင်။ မည်သို့ဆိုစေ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချနိင်သည့် အဆင့်မဟုတ်သောကြောင့် ပြသနာသည် နောက်ဆုံးတွင်တော့ မျိုးနွယ်စု အကြီးအကဲထံသို့သာ ပြန်လည်ရောက်ရှိလာခဲ့ခြင်းပင်။

အချိန်အတော်ကြာအောင် စဉ်းစားနေပြီးနောက် လောင်းချိန်းကျန်းသည် အိမ်တော်ထိန်းစုအား စုချန်းနှင့် ညှိုနှိုင်းရန် စုအိမ်တော်သို့ ပြန်လည်စေလွှတ်လိုက်ပြန်သည်။ လျန်မျိုးနွယ်များ ရောက်မလာမီ သူတို့ဘက်မှ လက်ဦးထားဖို့ လိုသည် မဟုတ်ပါလား။

အိမ်တော်ထိန်းစုသည် လျန်မျိုးနွယ်များကို ရှောင်ကွင်းနိုင်စေရန် ညအချိန်တွင်မှ စုအိမ်တော်သို့ ထွက်ခွာလာခဲ့၏။ စုအိမ်တော်သို့ ရောက်သည်နှင့် စုချန်းတယောက် သုတေသနလုပ်နေသဖြင့် အိမ်နောက်ဘက်ပန်းခြံတွင် စောင့်ဆိုင်းနေရန် လီရှုက သူ့အား အကြောင်းကြားလာ၏။ အိမ်တော်ထိန်းစုလည်း ဘာမှမတတ်နိင်ပဲ ပန်းခြံထဲတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတော့သည်။

ထိုအချိန်တွင် နံရံတဖက်ခြမ်းဆီမှ အသံသဲ့သဲ့ ကြားလိုက်ရ၍ စုကောက်ယဲ့က နံရံကြားမှ ချောင်းကြည့်လိုက်၏။ ထိုအခါ သူရှိရာဘက်သို့ ဦးတည်လာနေသော အိမ်တော်ထိန်းလျှိုကို တွေ့လိုက်ရလေသည်။

တောက်!!! ဒီအဖိုးကြီးလည်း ရောက်လာပြီကိုး...

စုကောက်ယဲ့ကား တဖြည်းဖြည်း ဒေါသထွက်လာ၏။

လျန်မျိုးနွယ်တွေ မယုံရမှန်း ငါ အစကတည်းက သိသားပဲ...

ထိုအချိန်မှာပင် စုကောက်ယဲ့၏ နောက်ကျောဆီမှ ချောင်းဟန့်သံသဲ့သဲ့ ထွက်ပေါ်လာ၏။ စုကောက်ယဲ့က နောက်ကို လှည့်ကြည့်လိုက်ရာ သူ့ကို ပြုံးစိစိနှင့် ကြည့်နေသော စုချန်းကို တွေ့လိုက်ရသည်။

စုကောက်ယဲ့၏ နှလုံးသားမှ ဆတ်ခနဲ တုန်လှုပ်သွား၏။ သူက လေသံကို နှိမ့်၍ နှုတ်ဆက်ကာ ဦးညွတ်လိုက်သည်။

"ကောက်ယဲ့ သခင်လေးစုကို နှုတ်ခွမ်းဆက်သပါတယ်ခင်ဗျာ"

စုချန်းကလည်း ဘေးနားရှိ ကျောက်သားထိုင်ခုံတလုံးကို ညွှန်ပြကာ လောကဝတ်ပြုလိုက်၏။

"ထိုင်ပါ အိမ်တော်ထိန်းကြီးစု ထိုင်ပါ"

"ကျုပ် ဒီကိုလာတာ သခင်လေးစုနဲ့ စေ့စပ်ညှိုနှိုင်းချင်လို့ပါ"

စုကောက်ယဲ့က ကျီးကန်းတောင်မှောက် ကြည့်ရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ခင်ဗျားပြောတာ သူ မကြားနိုင်ပါဘူး"

စုချန်းက စုကောက်ယဲ့၏ အမူအရာကို သဘောပေါက်ဟန်ဖြင့် နှစ်သိမ့်ပေးလိုက်၏။

ထိုအခါ စုကောက်ယဲ့က သက်ပြင်းချရင်း စကားစသည်။

"ကျုပ်တု့ိရဲ့ သခင်ကြီးက ပြောပါတယ် သူ့အနေနဲ့ သခင်လေးစုကို မူလကျောက်တုံးတွေ ပေးဖို့ သဘောတူတယ် ဒါပေမဲ့ တောင်းပန်ဖို့နဲ့ အိမ်တော်စာကြည့်တိုက်ထဲတော့ ဝင်ကြည့်ဖို့ကိုတော့ သဘောမတူနိုင်ပါဘူးတဲ့"

မူလကျောက်တုံးဟူသည်မှာကား ပြန်လည်အစားထိုး၍ ရ၏။ တောင်းပန်၍ သိက္ခာကျခြင်းကတော့ စုချန်းကို သတ်လိုက်သည့်တိုင် ပြန်လည် အဖတ်ဆယ်နိုင်တော့မည် မဟုတ်။

စုချန်းကလည်း ပြန်ဖြေလိုက်သည်။

"မတောင်းပန်လည်း ရပါတယ် ဒါပေမဲ့ ခင်ဗျားတို့ဘက်က ကျုပ်ကို နှစ်ခုတော့ ကူညီရမယ်"

"ဘာတွေလဲ"

"ပထမတခုကတော့ လျူဝုယာ ကျုပ်ကို တောင်းပန်ရမယ်"

"လျူဝုယာက သခင်လေးစုကို တောင်းပန်ရမယ် ဟုတ်လား"

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဘာပဲပြောပြော လျူဝုယာဟာ မူလဗျူရိုရဲ့ အကြီးအကဲပဲလေ သူ့အနေနဲ့ အမှားကို ပြန်လည်ပြင်ဆင်သင့်တာပေါ့"

"ဒါ အဓိပ္ပါယ်ရှိတယ် ကျုပ် သခင်ကြီးကို ပြန်သတင်းပို့ပေးပါမယ်"

စုကောက်ယဲ့က သဘောတူလိုက်၏။

"ဒုတိယတခုကတော့ ခင်ဗျားတို့ဘက်က လူတယောက်ကို ကျုပ်လက်ထဲ ထည့်ပေးရမယ်"

"စန်းမော့ကို သခင်လေးစုလက်ထဲ ကျုပ်တို့ ထည့်ပေးပြီးပြီပဲလေ"

"စန်းမော့ကို ကျုပ်မလိုချင်ဘူး ကျုပ်လိုချင်တာ နောက်တယောက်"

"ဘယ်သူလဲ"

"ဝေလျန်ချန်း"

All Chapters