သမားတော် တိုက်ပွဲ
Vol. 9 Ch. 894
"သူက ဘယ်သူလဲ…"
များစွာသော ဆေးပညာ အစည်းအရုံး၏ အကြီးအကဲများ၊ တပည့်များမှာ ချန်းဖန်ကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်သွား ခဲ့ကြသည်။ သူတို့သည် ချန်းဖန်ကို ဆေးပညာ အစည်းအရုံးတွင် တစ်ခါမှ မတွေ့မြင်ခဲ့ ဖူးချေ။
ထိုလူငယ်လေးက မည်သူနည်း။ ဟူရှောင်က အဘယ်ကြောင့် စီတုချန်းကို ကျော်လွန်၍ သူ့အား ရွေးချယ်ခဲ့ သနည်း။
အခြား တစ်ဖက်၌ ဆေးပညာ အစည်းအရုံး၏ လူငယ်များမှာမူ အံ့အားသင့် နေကြ၏။ သူတို့သည် ချန်းဖန်အား ကျိန်းသေ မှတ်မိ ကြသည်။
ထိုလူငယ်လေးသည် စာမေးပွဲ ဆယ်ခုကို ရိုးရှင်းသော ဆေးဖော်စပ်နည်းဖြင့် တစ်နေ့တည်း ကျော်ဖြတ်ပြခဲ့သူ ဖြစ်သည်။ သို့သော်လည်း သူ၏ ဆေးပညာက မည်ကဲ့သို့ စီတုချန်းကို ကျော်လွန် နိုင်ပါမည်နည်း။
ရန်ဝူဝမ်၊ ကျင်းဟန်၊ ဝူချင်းယန်နှင့် လင်းမန်ချန်းတို့ အားလုံး မှာလည်း ဆွံ့အ နေခဲ့ကြ၏။
"တူလေးက သူ့ကို ရွေးချင်တာ သေချာလား…."
မဟာ အကြီးအကဲ ရှုယွမ်၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။
"အဲ့ကောင်လေးက ဘယ်သူလဲ မဟာ အကြီးအကဲ… စီတုချန်းက ဆေးသခင်ရဲ့ တပည့်လေ… သူက ဒီမှာ ရှိတဲ့ အကြီးအကဲတွေ အားလုံးနဲ့တောင် ယှဉ်နိုင်စွမ်း ရှိတယ်"
မီးများ ဝန်းရံနေသော အကြီးအကဲ တစ်ယောက်က မေးသည်။
သူ၏ အမည်သည် မဟာ သမားတော် ချန်းယန် ဖြစ်ကာ အကြီးအကဲများ အနက် ခုနစ်ယောက်မြောက် ဖြစ်သည်။ သူသည် မီးထိန်းချုပ်ရာ၌ ကျွမ်းကျင်ကာ မြောက်နတ္ထိနယ်၏ အတော်ဆုံး မီးကျင့်ကြံသူ အဖြစ် ကျော်ကြား၏။
"သူက အစည်းအရုံးရဲ့ ဆေးသမားတော် အသစ် ချန်းပေ့ရွှမ်းပါ…"
ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ပြုံးရင်း ဖြေလိုက်သည်။ သူသည် အကြီးအကဲ တစ်ယောက် ဖြစ်သော်လည်း အဆင့်အတန်း အရာတွင်မူ အကြီးအကဲ ချန်းယန် လောက် မြင့်မားခြင်း မရှိချေ။
"ဆေးသမားတော် တစ်ယောက်က ရတနာ ဆေး တစ်ခု လုပ်နိုင်စွမ်း ရှိမယ် မထင်ဘူး… တူမောင်ဟူရဲ့ ရွေးချယ်မှုက မှားနေပြီ ထင်တယ်…"
အကြီးအကဲ ချန်းယန်က မျက်မှောင် ကြုတ်ရင်း ပြောလိုက်သည်။ အခြားသော အကြီးအကဲများကလည်း ခေါင်းညိတ် ကြလေ၏။
"ဟုတ်တယ်… ဒီနေရာမှာ ရှိတဲ့ အကြီးအကဲတွေ လူငယ် တပည့်တွေ အားလုံးက ဆေးသမားတော်ချန်းထက် ပိုပြီး အစွမ်းထက်ကြတဲ့ သူတွေ ချည်းပဲ… သူက ရတနာဆေးကိုတောင် လုပ်နိုင်မှာ မဟုတ်ဘူး"
အကြီးအကဲ စီတုကလည်း နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။
သူသည် အကြီးအကဲများ အနက် ဒုတိယ နေရာတွင် ရှိနေကာ စီတုချန်း၏ မိသားစုမှ ဖြစ်သည်။ သူနှင့် အကြီးအကဲ ချန်းယန်တို့၏ စကားများသည် ဟူရှောင်၏ ရွေးချယ်မှုကို လုံးဝ ပယ်ချနေ၏။
ထိုအချိန်၌ ဆေးသခင်လေး စီတုချန်းမှာ အံ့အားသင့် နေရာမှ ပြန်လည် သတိဝင်ကာ နောက်တစ်ဖန် ပြန်လည် တည်ငြိမ် နေခဲ့ပြီ ဖြစ်သည်။ သူသည် သူ့ကိုယ်သူ ချန်းဖန်ထက် အဆ များစွာ သာလွန်ကြောင်း ယုံကြည်ချက် ရှိသည်။
အခြားသော အကြီးအကဲများကလည်း ဟူရှောင်၏ ရွေးချယ်မှုမှာ မှားနေကြောင်း ထောက်ပြ ပြောဆိုကြသည်။ ဝမ်ရှင်း တန်ခိုးရှင် ပေ့ဟောင်ပင်လျှင် စီတုချန်းကိုသာ ရွေးချယ် သင့်ကြောင်း ဝင်ရောက် အကြံပေး နေခဲ့၏။
သို့သော်လည်း ဟူရှောင်မှာ အပြုံး မပျက်ချေ။ သူက ချန်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။
"ကြည့်ရတာ ဆေးပညာ အစည်းအရုံးရဲ့ လူတွေက သမားတော်ချန်း ဘယ်သူလဲ ဆိုတာ မသိကြသေးတဲ့ ပုံပဲ…"
"မင်းက ဘာကို ဆိုလိုတာလဲ…"
မဟာ အကြီးအကဲနှင့် အခြား လူများက မေးလိုက် ကြသည်။ ဝူချင်းယန်နှင့် ရန်ဝူဝမ် တို့မှာလည်း စိတ်ဝင်စား သွားကြ၏။ သမားတော်ချန်းတွင် အခြား အဆင့်အတန်း တစ်ခု ရှိနေသေးသည်လား။
"သမားတော်ချန်းက သာမန် ဆေးသမားတော် တစ်ယောက် မဟုတ်ဘူး… သူ့မှာ အခြား နာမည် တစ်ခု ရှိသေးတယ်… အဲဒါက ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား တဲ့"
ဟူရှောင်က အေးဆေးစွာ ပြုံးရင်း ဆိုလိုက်သည်။ သို့သော်လည်း များစွာသော လူများမှာ ထိုနာမည်ကို မကြားဖူး ကြရာ သံသယ ဖြစ်သွားကြသည်။
"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက ဘယ်သူလဲ…"
"ငါလည်း မကြားဖူးဘူး… ဒါပေမဲ့ ဝမ်ရှင်း တန်ခိုးရှင် ဆိုတော့ သမားတော်ချန်းက ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်နေပြီလား… သူက ဒီလောက် ငယ်ငယ်လေးနဲ့ ရွှေအမြုတေကို ဖွဲ့စည်း ပြီးသွားပြီလား"
ရန်ဝူဝမ် အပါအဝင် အချို့လူများမှာမူ တစ်စုံတစ်ခုကို သတိရ သွားကြသည်။ သူတို့သည် မြေရိုင်းနယ်များမှ လာသူများ ဖြစ်ရာ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားကို ကြားဖူးကြသည်။ ရန်ဝူဝမ်က ခေါင်းကိုမော့ကာ သံသယ အပြည့်ဖြင့် ချန်းဖန်အား ကြည့်လိုက်၏။
"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်သလို မြောက်ဘက် နယ်တွေရဲ့ အတော်ဆုံး သမားတော်လည်း ဖြစ်တယ်… အဲဒီလို ပုဂ္ဂိုလ်မျိုးက နဝမ အသွင်ပြောင်းခြင်း ဝိညာဉ် ဆေးကို လွယ်လွယ်လေး လုပ်နိုင်တာပေါ့"
ဟူရှောင်က အပြုံးဖြင့် ဆိုလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများတွင်မူ အေးစက်မှု တစ်ခု ရှိနေခဲ့၏။
"သူက မြောက်ပိုင်းနယ်တွေရဲ့ အတော်ဆုံး သမားတော်လား…"
လူတိုင်းမှာ ဆွံ့အ သွားကြသ၏။ ထိုစကားက အနည်းငယ် လွန်မင်း နေသည်။
မြောက်ပိုင်းနယ် များတွင် မြေရိုင်းနယ်များ အပြင် မြောက်နတ္ထိနယ် နှင့် အခြား ကောင်းကင်နယ်များလည်း ပါရှိသည်။ မြောက်ပိုင်းနယ်၏ အတော်ဆုံး သမားတော် ဟူသော ဂုဏ်ပုဒ်ကို ဆေးသခင်ပင် မခံယူဝံ့ချေ။
"မြောက်ပိုင်းနယ်တွေရဲ့ အတော်ဆုံး သမားတော်… ပြိုင်ဘက်ကင်း ပါရမီရှင်…"
အကြီးအကဲ ချန်းယန်က နှာခေါင်းရှုံ့ လိုက်သည်။ သူ၏ မျက်လုံးများကမူ မီးဝင်းဝင်းတောက်လာ နေခဲ့၏။
"ဟားဟား… ငါတို့လို အစည်းအရုံး သေးသေးလေးမှာ ဒီလို ပြိုင်ဘက်ကင်း သမားတော် တစ်ယောက် ရှိနေတာ မသိခဲ့ဘူး… အောင်ပွဲတောင် ခံရတော့မယ့် ပုံပဲ"
အကြီးအကဲ စီတုကလည်း ရယ်မောရင်း လှောင်ပြောင် လိုက်သည်။
ထိုအခိုက်အတန့်၌ အခြေအနေများကို အတုံးအဆုံး လူပင် ခန့်မှန်း နိုင်ပေလိမ့်မည်။ အများ အမြင်၌ ဟူရှောင်သည် ချန်းဖန်ကို မြှောက်ပင့် နေခြင်း ဖြစ်သော်လည်း အမှန်တွင်မူ အများ၏ ဘုံရန်သူ ဖြစ်အောင် တွန်းပို့နေခြင်းသာ ဖြစ်သည်။
"သမားတော်ချန်း… တစ်ခုခုများ ပြောစရာ စကား ရှိမလား"
ဟူရှောင်က ဖော်ရွေသော အပြုံးဖြင့် ချန်းဖန်အား မေးလိုက်သည်။
လူတိုင်းကလည်း ချန်းဖန်အား ကြည့်လိုက် ကြ၏။ အကယ်၍ သူသာ ပါးနပ်သော လူတစ်ယောက် ဖြစ်ပါက မြောက်ပိုင်းနယ်များ၏ အတော်ဆုံး သမားတော် ဆိုသည့် ဂုဏ်ပုဒ်ကို ငြင်းဆန် လိမ့်မည် ဖြစ်သည်။
"ဟုတ်တယ်… ငါက ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား ဆိုတာ အမှန်ပဲ…"
ချန်းဖန်က မျက်ခုံးပင့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"နောက်ပြီး မြောက်ပိုင်းနယ်တွေရဲ့ အတော်ဆုံး သမားတော် ဆိုတာ… အမှန်အတိုင်း ပြောရရင် အဲဒါကလည်း အမှန်ပဲ… မကြွားမဝါ ဆိုရရင် ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာ ငါလောက် တော်တဲ့ သမားတော် ရှိမှာ မဟုတ်ဘူး"
ချန်းဖန်သည် အမှန်တရားကိုသာ ပြောခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအမှန်တရားက မည်မျှ လှုပ်ခတ်သွားမည်ကိုမူ သူ ထည့်မစဉ်းစား ခဲ့ချေ။
"ဟမ့်…"
အကြီးအကဲ ချန်းယန်၏ မျက်နှာက ရှုံ့မဲ့ သွားသည်။ အကြီးအကဲ စီတုနှင့် အခြား အကြီးအကဲများမှာလည်း ဒေါသထွက် သွားကြ၏။ အခန်း အတွင်းရှိ လူငယ်များကလည်း ချန်းဖန်ကို အော်ဟစ် ရှုံ့ချကြသည်။ လင်းမန်ချန်း ကဲ့သို့ ချန်းဖန်အား လေးစားသည့် လူငယ် အချို့ ပင်လျှင် ယခု အချိန်၌ စိတ်ပျက် နေကြပြီ ဖြစ်သည်။
"ဒါက ဉာဏ်ရှိတဲ့ လုပ်ရပ် တစ်ခု မဟုတ်ဘူး…"
ဝူချင်းယန်က မျက်မှောင်ကြုတ်ကာ ရေရွတ် လိုက်၏။
သူမသည် ချန်းဖန်အား အမြဲတမ်း သဘောကျခဲ့သူ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ ယခု လုပ်ရပ်ကိုမူ သူမ လုံးဝ နားမလည်နိုင်ချေ။ ထိုအရာက အလွန် မောက်မာ လွန်းလှ၏။
"မဟာ အကြီးအကဲရှု… ကြည့်ရတာ ခင်ဗျားတို့ လူက နည်းနည်းများ စိတ်ဖောက် နေသလား"
ဝမ်ရွှမ်ဖုန်းက ချန်းဖန်အား ကြည့်ရင်း စိတ်ပျက်လက်ပျက် ဆိုလိုက်၏။
ချန်းဖန်မှာ ထိုစကားကို ကြားသော်လည်း ပြုံးနေဆဲ ဖြစ်သည်။ သူသည် ထိုအရာကို စိတ်ထဲထားပုံ မရချေ။
"ဒါက ကျုပ် အမှားပါ… ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့…"
မဟာ အကြီးရှုက ဝမ်ရွှမ်ဖုန်းအား တောင်းပန်ကာ ချန်းဖန် ဘက်သို့ လှည့်လိုက်၏။
"သမားတော်ချန်း… မင်း ဘယ်က လာလဲ ဘာတွေ ကြံနေလဲ ဆိုတာ ငါ ဂရု မစိုက်ဘူး… ဒါပေမဲ့ ဆေးပညာ အစည်းအရုံးက သစ္စာရှိတဲ့ တပည့်တွေကိုပဲ အလိုရှိတယ်… မင်းလို ပေါ့ပျက်ပျက်နဲ့ မောက်မာတဲ့ လူမျိုးကို လက်မခံနိုင်ဘူး"
"တရား စီရင်ရေး အကြီးအကဲ ဘယ်ရောက် နေလဲ… သူ့ရဲ့ ဆေးသမားတော် ဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်ရုတ်သိမ်းပြီး အစည်းအရုံး ကနေ ထုတ်ပယ်လိုက်… နောက်ပြီး သူ့ကို တပည့် အဖြစ် လက်မခံဖို့ အခြား ဂိုဏ်းတွေ၊ အဖွဲ့တွေ၊ မိသားစုတွေကိုပါ အကြောင်းကြားလိုက်"
ရှုယွမ်သည် ဂိုဏ်း၏ ကိစ္စ အဝဝကို တာဝန်ယူ ထားရသည့် မဟာ အကြီးအကဲ ဖြစ်ရာ သူ၏ အမိန့်ကို လူတိုင်း နာခံ ရသည်။ သို့ဖြစ်ရာ သူ၏ အမိန့်မှာ ဧကရာဇ်၏ နှုတ်ထွက်စကား ကဲ့သို့ တည်သည်။
များစွာသော လူငယ်များမှာ ချန်းဖန်ကို သနားစွာ ကြည့်လိုက် မိကြ၏။ ထို ရူးမိုက်သော ကောင်လေးကား ယနေ့မှ စ၍ ဆေးသမားတော် တစ်ယောက် ဖြစ်တော့မည် မဟုတ်ချေ။ ထိုအရာက ဘဝ သေဆုံးသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ အနာဂတ်တွင် သူ့အား မည်သူမှ လေးစားတော့မည် မဟုတ်ချေ။
"တွေးကြည့်တာနဲ့တင် တကယ် ကြောက်ဖို့ ကောင်းတာပဲ…"
လူငယ်အချို့က ခေါင်းခါ လိုက်ကြသည်။
"ဘာပဲဖြစ်ဖြစ် သူလုပ်တာကလည်း တရားလွန်တယ်… သူက ဧည့်သည်တွေရဲ့ ရှေ့မှာ အစည်းအရုံး ကို သက်သက် နာမည်ဖျက် နေတာ… ထျန်းဟောင်ဂြိုဟ် ပေါ်မှာ အတော်ဆုံး ဟုတ်လား… ဆေးသခင်တောင် အဲ့လို မကြွားဝါရဲဘူး… အဲဒီ စကားက အစည်းအရုံးကို ရန်မီးတွေ ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ"
သို့သော်လည်း လူအနည်းငယ်ကသာ ချန်းဖန် အတွက် စိတ်မကောင်း ဖြစ်မိကြပြီး အများစုမှာမူ ကြိတ်ကာ ဝမ်းသာ နေကြသည်။ ချန်းဖန်သည် စာမေးပွဲ ကိုးခုကို နေ့ဝက် အတွင်း ဖြေဆိုကာ စံချိန်တင်ခဲ့ပြီး များစွာသော လူများကို မနာလို ဖြစ်စေခဲ့သည်။ ယခု သူ၏ ကျဆင်းမှုက ထိုလူများ အတွက် စိတ်ကျေနပ်စရာ တစ်ခု ဖြစ်လာခဲ့ပေသည်။
"ချန်းပေ့ရွှမ်း… ကျေးဇူးပြုပြီး ဆေးပညာ အစည်းအရုံးကနေ ခုချက်ချင်း ထွက်ခွာ သွားပေးပါ"
အကြီးအကဲ ချန်းယန်က ချန်းဖန်၏ အနားသို့ လျှောက်လာကာ ပြောလိုက်သည်။ တစ်ချိန်တည်း၌ သူက ရွှေအမြုတေ ထိပ်ဆုံး အဆင့်၏ အရှိန်အဝါကို ထုတ်ဖော်ကာ ချန်းဖန်အား ဖိအား ပေး၏။
သို့သော်လည်း ချန်းဖန်က ချန်းယန်ကို ဂရုမစိုက်ပဲ မဟာ အကြီးအကဲ ရှုယွမ်ကိုသာ ကြည့်လိုက်သည်။
"မဟာ အကြီးအကဲရှု… ကျုပ် ဒီကို လာတာကလည်း ခင်ဗျားတို့ကို နှုတ်ဆက် ဖို့ပဲ… ကျုပ်က ဆေးပညာ အစည်းအရုံးက ထွက်သွားတော့မှာ"
ချန်းဖန်၏ စကား မဆုံးခင်မှာပင် အကြီးအကဲ စီတုက ဖြတ်ပြောလိုက်သည်။
"မင်းရဲ့ အမှားကို ဝန်ခံဖို့ အချိန်က နောက်ကျ သွားပြီ… ခုနက မင်းပြောခဲ့တာ မေ့သွားပြီလား"
"အမှားကို ဝန်ခံတာ ဟုတ်လား…"
ချန်းဖန်က အနည်းငယ် ရယ်မောကာ ခေါင်းခါ လိုက်သည်။
"မင်း နားလည်မှု လွဲနေပြီ… ငါ့ အတွက် ဆေးပညာ အစည်းအရုံး ဆိုတာက ပုရွက်ဆိတ်သိုက်ထက် မပိုဘူး… ငါသာ ဆန္ဒ ရှိရင် မင်းတို့ အားလုံးကို အလွယ်လေး သတ်ပစ်လို့ ရတယ်"
"ငါ ဒီကို လာတာကလည်း ရှုယွမ်နဲ့ အလဲအလှယ် လုပ်ဖို့ အတွက်ပဲ… အခုတော့ ငါ စိတ်ပြောင်း သွားပြီ… မင်းတို့ကို လွယ်လွယ်နဲ့ လွှတ် မပေးနိုင်တော့ဘူး"
"မင်းက ဘာလုပ်ချင်လို့လဲ…"
မဟာ အကြီးအကဲ ရှုယွမ်က မျက်မှောင် ကြုတ်ကာ မေးလိုက်၏။
"ငါ မင်းတို့ ဆေးပညာ အစည်းအရုံးကို ဆေးပညာ တိုက်ပွဲ ရင်ဆိုင်ဖို့ စိန်ခေါ်တယ်… အနိုင်ရသူကပဲ ဆက်ပြီးတော့ ရှင်သန် နိုင်တယ်"
ချန်းဖန်က တိုတောင်းစွာ ဆိုလိုက်သည်။
"ဆေးပညာ တိုက်ပွဲ…"
လူတိုင်းမှာ ဆွံ့အ သွားကြ၏။ ခန်းမ တစ်ခုလုံး မှာလည်း ရုတ်ချည်း တိတ်ဆိတ် သွားတော့သည်။
***