အလှဲအလှယ်
Vol. 37 Ch. 362
စုကောက်ယဲ့သည် လောင်းအိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူနှင့်အတူ စုချန်းထံမှ တောင်းဆိုချက်များလည်း အတူ ပါလာခဲ့လေသည်။
စုကောက်ယဲ့ ထွက်ခွာသွားသည်နှင့် စုချန်းသည် အိမ်တော်ထိန်းလျှိုနှင့်် လက်ခံ တွေ့ဆုံပြန်၏။ အတန်ကြာအောင် ညှိုနှိုင်းဆွေးနွေးပြီးနောက်တွင်တော့ အိမ်တော်ထိန်းလျှိုသည်လည်း စိတ်သက်သာရကာ သူ့အိမ်တော်သို့ ပြန်သွားခဲ့လေသည်။
အိမ်တော်ထိန်းနှစ်ယောက်လုံး၏ စိတ်ထဲတွင် စုချန်းနှင့် ပထမဆုံး တွေ့ဆုံခဲ့သည်မှာ သူတို့ပင်ဖြစ်သည်ဟု ယုံကြည်ထားကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးသည် ကိုယ့်အတွေးနှင့်ကိုယ် စိတ်သက်သာရကုန်ကြလေသည်။
လောင်းအိမ်တော်ဘက်ခြမ်းတွင်တော့ စုချန်းက အဘယ်ကြောင့် ဝေလျန်ချန်းကို တောင်းဆိုမှန်း လောင်းချိန်းကျန်းကိုယ်တိုင် နားမလည်ပဲ ဖြစ်နေ၏။ သို့သော် အနည်းငယ်မျှ စဉ်းစားလိုက်ရုံနှင့် သူက ထိုတောင်းဆိုချက်ကို လက်ခံသဘောတူလိုက်၏။
ဝေလျန်ချန်းသည် လောင်းအိမ်တော်၏ သာမာန်အစောင့်တယောက်သာ ဖြစ်သည်။ ၎င်းကို စုချန်း လက်ထဲသို့ ထည့်ပေးလိုက်ခြင်းသည် အိမ်တော်စာကြည့်တိုက်ထဲသို့ ဝင်ခွင့်ပေးရသည်ထက်စာလျင် များစွာ တော်သေးသည် မဟုတ်ပါလား။ သို့သော် ထိုအလဲအထပ်ကို ပြုလုပ်ရန် နှစ်ရက်တော့ အချိန်ယူရပေအုံးမည်။ ဝေလျန်ချန်းသည် တာဝန်တခုဖြင့် အပြင်သို့ ရောက်ရှိနေသည် မဟုတ်ပါလား။
အကျဉ်းသားလှဲလှယ်ရေးကို ထိုအချိန်ကျမှ ဆောင်ရွက်ရပေလိမ့်မည်။ ထို့နောက်တွင်တော့ လျူဝုယာက စုချန်းအား တောင်းပန်ရပေလိမ့်မည်။
ဆုံးဖြတ်ချက်မှာ အတည်ဖြစ်သွားပေပြီ။ စုကောက်ယဲ့ ခါးသီးစွာ ရယ်မောလိုက်၏။ လူငယ်ကား ရည်မှန်းချက်ကြီးလှသည်ဟု သူ ထင်နေမိလေသည်။ မည်သို့ဆိုစေ ဤလူငယ်သည် သူလိုချင်သည့်အရာများကို အခိုက်အတန့်သာ ရရှိနိုင်ပေလိမ့်မည်။
ပန်းဟူသည် ပွင့်ပြီး သိပ်မကြာခင်မှာပင် ကြွေသွားတတ်မှန်း လူငယ် သဘောမပေါက်သေးချေတကား။ လောင်းချိန်းကျန်း၏ စိတ်ထဲတွင်တော့ စုချန်းကို သတ်ပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ထိုအစီအစဉ်သည် လျူဝုယာက စုချန်းအား တောင်းပန်သည့်အချိန်တွင် စတင်အကောင်အထည် ပေါ်လာမည် ဖြစ်သည်။ လျူဝုယာသည် စုချန်းအား တောင်းပန်ပြီးသည်နှင့် တပြိုင်တည်း စုချန်း၏ ရင်ဘတ်အား ဓားနှင့် ထိုးလိုက်ရမည် ဖြစ်သည်။
ဤအစီအစဉ်ကို အနည်းငယ်မှ လွဲချော်မခံနိုင်။ ထို့ကြောင့် လောင်းချိန်းကျန်သည် စီရင်စုရုံး၊ မြို့တော်အရှင်သခင်၏ အိမ်တော်နှင့် လင်းယွန်ရေတပ်တို့ကို စောင့်ကြည့်ရန် အဖွဲ့ငယ်များခွဲ၍ စေလွှတ်လိုက်တော့သည်။
စုချန်းအနေနှင့် အကူအညီများ ရစရာရှိလာလျင် ထိုအကူအညီသည် အုပ်ချုပ်သူများထံမှသာ လာလိမ့်မည်ဟု လောင်းချိန်းကျန်းက ယူဆထားသည် မဟုတ်ပါလား။ ထိုအခြေအနေမျိုးသာ ပေါ်ပေါက်လာပါက တဖက်မှာ ဒုစရိုက်အဖွဲ့အစည်းများလည်း ဝင်ပါလာပြီး ကသောင်းကနင်း ဖြစ်ရပ်များကို ဖန်တီးကြပေလိမ့်မည်။
ဘယ်လိုအခြေအနေမျိုးတွင်မဆို စုချန်းကတော့ မုချ သေရပေလိမ့်မည်။
လူတိုင်းလိုလိုသည် ကိုယ့်အကြံနှင့်ကိုယ် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။
_____________×××____________×××__________
နှစ်ရက်ခန့်အကြာ...
မြို့တော်၏ အပြင်ဘက် အနောက်ဘက် ဆယ်ကီလိုမီတာအကွာတွင် ဖြစ်သည်။
လောင်းမျိုးနွယ် အစောင့်များသည် မည်သူမှ လက်လွတ် ထွက်ပြေး၍မရအောင် နေရာအနှံ့တွင် မျက်လုံးဒေါက်ထောက်၍ စောင့်ကြည့်နေကြ၏။တချို့ကလည်း မည်သည့် မူလပုံစံထောင်ချောက်မှ ရှိမနေအောင် လိုက်လံရှာဖွေနေကြ၏။ သူတို့ဘက်မှတော့ လူအင်အား လုံလောက်သည်ထက်ပင် ပိုနေသေးလေရာ ထိုသို့ ထောင်ချောက်မျိုး ပြင်ဆငထားရန် မလိုအပ်ပေ။
စုချန်း၏ ရထားလုံးသည် သတ်မှတ်ထားသော နေရာသို့ တရွေ့ရွေ့နှင့် ချည်းကပ်လာ၏။ စုချန်း ရောက်ရှိလာသည်ကို မြင်သည်နှင့် ရုတ်ချည်းဆိုသလို တလမ်းလုံး လူသူကင်းရှင်းသွားလေသည်။
ယာယီတဲနန်းဆောင်အတွင်းတွင်တော့ လောင်းချိန်းကျန်းနှင့်အတူ လျူဝုယာပါ ရှိနေသည်။ သူတို့၏ နောက်တွင်တော့ စန်းမော့ယွမ်နှင့် မူလချီစွမ်းအားပညာရှင်ဆယ်ယောက်သည် သားကောင်ကို ချောင်းမြောင်းနေသည့် ကျားများ၏ ရက်စက်ကြမ်းကြုတ်သော ဟန်ပန်ဖြင့် မတ်တပ်ရပ်နေကြ၏။
မည်သို့ဆိုစေ လောင်းချိန်းကျန်းဘက်မှ အစစအရာရာ ကြိုတင်ပြင်ဆင်ထားကြောင်း သိသာနေ၏။
ရထားလုံးသည် တရွေ့ရွေ့နှင့် ရပ်တန့်သွား၏။ သံမဏိက ရထားလုံးတံခါးကို ဖွင့်ပေးလိုက်ရာ စုချန်း၏ မျက်နှာ ပေါ်ပေါက်လာသည်။ သူ့နောက်တွင်တော့ လောင်းရှောက်ယူ ရှိနေလေသည်။ အချုပ်အနှောင်မှ လွတ်မြောက်သွားသည်နှင့် လောင်းရှောက်ယူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဖေ သူ့ကိုသတ် သူ့ကိုသတ်"
"မင်းပါးစပ်ကို ပိတ်ထားစမ်း အသုံးမကျတဲ့ကောင်"
လောင်းချိန်းကျန်းက သားဖြစ်သူကို လှမ်းဆဲလိုက်သည်။ သူ့မျက်နှာတခုလုံးမှာလည်း မဲမဲမှောင်နေ၏။ ထိုအချိန်တွင် သံမဏိက လောင်းရှောက်ယူ၏ လည်မြိုကို သူ၏ ကြီးမားသော လက်ချောင်းကြီးများနှင့် ဖမ်းညှစ်ထားလိုက်လေသည်။
လောင်းချိန်းကျန်းက စုချန်းကို ပြုံးပြပြီး မျက်နှာချိုသွေးလိုက်၏။
"အသိပညာအတည်ပြုသူစု မင်းဟာ ရဲရင့်သလို အစွမ်းအစရှိတာကိုလည်း တွေ့ရတယ် တခါတလျေကျရင် မင်းရဲ့ နည်းလမ်းတွေဟာ စိတ်ဆိုးစရာကောင်းပေမဲ့ ကျုပ်ကတော့ မချီးကျူးပဲကို မနေနိုင်တော့ဘူး မင်းအနေနဲ့ အကြီးအကဲလျူလိုပဲ ကျုပ်တို့ကို ကူညီမယ်ဆိုရင် အရင်က ဖြစ်ခဲ့တာတွေကို မေ့ပစ်ပြီး ကျုပ်တို့ ပေါင်းသင်းဆက်ဆံသွားလို့ရတယ် ဒီတော့ မင်း ဘယ်လိုသဘောရသလဲ ပြောပါအုံး"
ယခု လောင်းချိန်းကျန်း ပြောလိုက်သောစကားက တကယ်ပင် သဘောရိုးနှင့် ပြောဟန်တူ၏။ အကြောင်းမှာ မူလအစီအစဉ်နှင့် လွဲချော်နေသော စကားကို လောင်းချိန်းကျန်း ပြောလိုက်၍ အိမ်တော်ထိန်းစုနှင့် လျူဝုယာတို့ကိုယ်တိုင်ပင် အံ့သြသင့်သွားကြသောကြောင့်ပင်။
သို့သော် စုချန်းကတော့ သူ့မူလလမ်းကြောင်းမှ သွေဖီသွားဟန် မရှိပေ။ သူက ခေါင်းခါပြရင်း ပြောလိုက်၏။
"ကျုပ် လက်မခံနိုင်ပါဘူးခင်ဗျာ ကျုပ်အနေနဲ့ ကိုယ့်ကိုယ်ကို ရောင်းစားဖို့ စိတ်မဝင်စားပါဘူး"
လောင်းချိန်းကျန်း၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်ဟန် ပေါ်လာသည်။
"အစိုးရရဲ့ လက်အောက်မှာ အမှုထမ်းတာကရော ကိုယ့်ကိုယ်ကို ရောင်းစားတာနဲ့ အတူတူပဲမလား ကွာသွားတာဆိုလို့ အစိုးရမဟုတ်တော့ပဲ ကျုပ် ဖြစ်သွားတာပဲ ရှိတယ် ပြီးတော့ ကျုပ်လက်အောက်မှာဆိုရင် ပိုပြီး အခွင့်အရေး ရလာလိမ့်မယ်"
လောင်းချိန်းကျန်း မည်မျှပင် ဆွဲဆောင်နေစေကာမူ စုချန်း၏ အမူအရာကတော့ ပကတိ တည်ငြိမ်လျက်ရှိသည်။ ထိုအခါ လောင်းချိန်းကျန်းက လက်တဖက်ကို ဝေ့ယမ်းရင်း ပြောလိုက်၏။
"ကြည့်ရတာ သခင်လေးစုက စိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ထားဟန် ရှိတယ် ကဲ ရှိစေတော့ ပစ္စည်းတွေ ချကြစမ်းဟေ့"
လောင်းချိန်းကျန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် အစောင့်တချို့က သေတ္တာတလုံးကို မလာပြီး စုချန်း၏ ရှေ့တွင် ချပေးလိုက်၏။
မူလကျောက်တုံး တသန်း ထည့်ထားသော သေတ္တာပေတည်း။
စုချန်းက သေတ္တာကို ဖွင့်၍ပင် မကြည့်ပဲ လက်စွပ်အတွင်းသို့ ထည့်လိုက်၏။ ထို့နောက် သူက မေးလိုက်သည်။
"ဝေလျန်ချန်း ဘယ်မှာလဲ"
"သူ့ကိုခေါ်လာပါစမ်းဟေ့"
အမိန့်သံ ထွက်ပေါ်လာသည်နှင့် အစောင့်တချို့က ဝေလျန်ချန်းအား ခေါ်လာ၏။ ၎င်းမှာ သက်လတ်ပိုင်းအရွယ်ခန့်ရှိပြီး မည်သည့် ထူးခြားချက်မှ မရှိပေ။ ယုတ်စွအဆုံး ၎င်းသည် ချီစွမ်းအားပညာရှင်ပင် မဟုတ်ပဲ သာမာန်လူတယောက်နှင့်သာ တူနေ၏။
၎င်းအား မူလပုံစံကွက်ကို အသုံးပြု၍ ဖမ်းချုပ်ခေါ်ဆောင်လာခြင်း ဖြစ်သည်။ ၎င်းသည် စုချန်းအား အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်နေပြီး ပါးစပ်ကို တင်းတင်းစေ့ထား၏။
"ဝေလျန်ချန်းကို အသိပညာအတည်ပြုသူစုရဲ့ လက်ထဲကို ထည့်ပေးလိုက်မယ် ဒါပေမဲ့ ကျုပ်က မေးခွန်းနည်းနည်းတော့ မေးချင်သေးတယ်"
"သူ့ကို ဘာကြောင့်လိုချင်သလဲ မေးမလို့မလား"
"ဟုတ်တယ် ကျုပ်သိထားသလောက် ဒီကောင်နဲ့ သခင်လေးစုရဲ့ ကြားထဲမှာ ဘာပတ်သက်မှုမှ မရှိတာပဲ"
"သူက လီအိမ်တော်ကို ကျုပ်နဲ့အပြိုင် ဝယ်ယူဖို့ လောင်းရှောက်ယူကို တိုက်တွန်းခဲ့တာဗျ သူ့ကြောင့် ကျုပ် ပိုက်ဆံအပိုကုန်သွားတယ်"
လောင်းချိန်းကျန်း အံ့သြသွား၏။
ဘာလဲဟ...
ဒီကောင့်ရဲ့ အကြောင်းပြချက်ကလဲ...
ထိုအချိန်မှာပင် စုချန်းက ဝေလျန်ချန်းကို လှည့်မေးလိုက်သည်။
"ဒါ တိုက်ဆိုင်မှုလို့ မင်း မပြောနဲ့ ပြောစမ်း လီအိမ်တော်ရဲ့အကြောင်းကို မင်းဘယ်လောက်ထိ သိထားသလဲ"
ဝေလျန်ချန်းက တည်ငြိမ်သော လေသံနှင့် ဖြေလိုက်သည်။
"ကျွန်တော် ဘာမှမသိပါဘူးလို့ ဖြေရင် ဘာဆက်ဖြစ်မှာလဲ"
"မင်းလေသံကို နားထောင်တာနဲ့ အကုန်လုံး သိထားမှန်း သိသာနေတယ် ထားတော့ မသိဘူးလို့ မင်း ငြင်းလို့ရတယ် ဒါပေမဲ့ ကျုပ်ပြောတဲ့နှစ်ချက်ကို အရင်နားထောင်အုံး"
ထို့နောက် စုချန်းက လက်ညိုးတချောင် ထောင်ပြရင်း စကားဆက်သည်။
"နံပါတ်တစ် မင်း လီအိမ်တော်မှာ ရှာနေတဲ့ပစ္စည်းကို ကျုပ်တွေ့ထားပြီးပြီ အဲဒါ သတ္တုတုံး တတုံးမလား"
ဝေလျန်ချန်း၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး ရက်စက်ကြမ်းကြုတ်ဟန် ပေါ်လာ၏။ သူ့မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။
"ဟုတ်ပြီ"
စုချန်းက ခေါင်းတချက်ညိတ်ရင်း စကားဆက်ပြန်သည်။
"ဒုတိယအနေနဲ့ အဲဒါဟာ ခုလောလောဆယ်မှာ ကျုပ်နဲ့အတူ ပါမလာဘူး ပြီးတော့ လီအိမ်တော်မှာလည်း မရှိတော့ဘူး"
ထိုစကားကို ကြားလိုက်သည်နှင့် ဝေလျန်ချန်း၏ ဒေါသမှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားဟန်တူသည်။ သူ့မျက်လုံးထဲတွင် ယှက်သန်းနေသော ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များမှာလည်း ချက်ချင်း ပျောက်ကွယ်သွား၏။
စုချန်းက ဟက်ခနဲ ရယ်မောရင်း မေးလိုက်သည်။
"မင်းရဲ့ အနှောင်အဖွဲ့တွေကို ဖြုတ်ဖို့ရာ ကျုပ်ကူပေးဖို့ လိုသေးသလား"
စုချန်း၏ စကားကြောင့် ဝေလျန်ချန်းက ဟင့်ခနဲ အသံပြုပြီး လည်ပင်ကို ချိုးကာ အညောင်းဖြေဟန် ပြုလိုက်၏။ ထိုအချိန်မှာပင် သူ့ကိုယ်ခန္ဓာဆီမှ တကျွတ်ကျွတ် အသံမျိုးစုံ ထွက်ပေါ်လာပြီး မူလပုံစံလှောင်အိမ်မှာ ပြိုကွဲသွား၏။ မျက်စေ့တမှိတ်အတွင်း ဝေလျန်ချန်းကား ချုပ်နှောင်ခံထားရာမှ လွတ်မြောက်သွားလေပြီ။
၎င်းကို ကြည့်ရင်း လောင်းချိန်းကျန်းကိုယ်တိုင်ပင် အံ့သြသင့်သွား၏။
"ဝေလျန်ချန်း မင်း ဘယ်သူလဲ"
သို့သော် စုချန်းက စကားဖြတ်ပြောလိုက်၏။
"ဒီကိစ္စ လောင်းအိမ်တော်နဲ့ မဆိုင်တော့ပါဘူးဗျာ နောက်ဆုံးကိစ္စကို ဆက်ပြောရအောင်"
ထိုစကားကို ကြားသည်နှင့် လျူဝုယာက မတ်တပ်ရပ်ကာ ပြုံးပြရင်း ပြောလိုက်သည်။
"အသိပညာအတည်ပြုသူစု အစောပိုင်းဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် မင်းကို ကျုပ် တောင်းပန်ပါတယ်ကွာ"
"ဘာ ဘာဗျ ခင်ဗျား ဘာပြောလိုက်တယ် တိုးလွန်းတယ် ကျုပ် မကြားရဘူး"
စုချန်းက လက်ဟန်ခြေဟန်ဖြင့် မကြားရဟန်ပြုကာ ပြောလိုက်၏။
လျူဝုယာ၏ မျက်နှာပေါ်တွင် ဒေါသထွက်ဟန် ပေါ်လာသည်။ သူက စုချန်း၏ ဘေးနားသို့ လှမ်းကပ်လိုက်သည်။ သူ့လက်မှာကား ဓားလက်ကိုင်ပေါ်သို့ ရောက်နေ၏။ ထို့နောက် သူက စုချန်းကို နောက်တကြိမ် တောင်းပန်လိုက်ပြန်သည်။
"အသိပညာအတည်ပြုသူစု ကျုပ် တောင်းပန်ပါတယ် အရင်ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ ကျုပ် မှားသွားခဲ့တယ်"
လျူဝုယာ၏ တောင်းပန်မှုကို လက်ခံလိုက်ဟန်ဖြင့် စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ ခင်ဗျားက ခုတောင်းပန်ပြီဆိုတော့ ကျုပ်ဘက်ကလည်း ပြောစရာ ရှိသေးတယ် ဒါက တော်တော်လေးကို..."
ဤနေရာသို့ အရောက်တွင် စုချန်း၏ အသံမှာ ရုတ်တရက် တိမ်ဝင်သွားလေရာ နောက်ဆုံးစကားကို လျူဝုယာ သဲသဲကွဲကွဲ မကြားလိုက်ချေ။
"ဘာ..ဘာပြောလိုက်တယ်"
စုချန်းက လျုဝုယာ၏ နားရွက်အနီးသို့ တိုးတိုးလေး ကပ်ရင်း ပြောလိုက်သည်။
"သံချပ်ကာဖောက်ထွင်းရေးဆူးချွန်"
စကားဆုံးသည်နှင့် စုချန်းသည် လျူဝုယာ၏ လည်မြိုကို လက်သီးနှင့် ဆတ်ခနဲ လှမ်းထိုးလိုက်တော့သည်။