← Chapters

အရန်အစီအစဉ်များ

Vol. 37 Ch. 363

အရန်အစီအစဉ်များ

Vol. 37 Ch. 363

ပြင်းထန်သော လက်သီးချက်သည် လျူဝုယာ၏ လည်မြိုကို ဖောက်ထွင်းသွားပြီး အုန်းခနဲ မြည်ကာ ပေါက်ကွဲသွားတော့သည်။

စုချန်းသည် သံချပ်ကာဖောက်ထွင်းရေးဆူးချွန်နှင့် ဒေါသမီးလျံလက်သီးကို တွဲဖက်အသုံးပြုလိုက်ခြင်းပင်တကား။

ပေါက်ကွဲမှုကြောင့် ပြင်းထန်အားပါသော အားလှိုင်းများ လျုဝုယာ၏ ဒဏ်ရာမှ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာသို့ သွေးများ လွင့်စင်သွား၏။ လျူဝုယာ၏ ခေါင်းပြတ်ကြီးမှာလည်း လေထဲသို့ လွင့်စင်သွားတော့သည်။ ထိုအချိန်မှာပင် စုချန်းက လက်အစုံကို လှုပ်ရှားလိုက်ရာ လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး လျူဝုယာ၏ ခေါင်းပြတ်ကြီးကို စုချန်း၏ လက်ထဲသို့ ပြန်လည်သယ်ဆောင်လာ၏။

ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို မဆိုထားနှင့် ၊ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့လျင်ပင် လျူဝုယာအဖို့ ဦးခေါင်းမရှိပဲ တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။

ရုတ်တရက် ခေါင်းပြတ်သွားရရှာသော လျူဝုယာကို ကြည့်ရင်း လောင်းချိန်းကျန်း အကြီးအကျယ် ဒေါသထွက်သွား၏။ သူက စုချန်းက လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

လက်ဝါးရိုက်ချက်သည် ပြင်းထန်လှ၏။ ကောင်းကင်ကြီးတခုလုံးကို ဝါးမြိုထားသည်နှင့်ပင် တူနေသည်။ အရှိန်အဟုန်ကလည်း ကြောက်စရာကောင်းလှသည်။

ယန်ဖွင့်လှစ်ခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နေသူတယောက်၏ စစ်မှန်သော အင်အားကို ဤလက်ဝါးရိုက်ချက်က ညွှန်းဆိုနေ၏။ လက်ဝါးရိုက်ချက်သာ ထိမှန်သွားပါက စုချန်းတယောက် မသေသည့်တိုင် အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။

သို့သော် စုချန်းကား လောင်းချိန်းကျန်း၏ လက်ဝါးရိုက်ချက်ကို ဂရုစိုက်ဟန်မတူ။ ခပ်တည်တည်နှင့် နောက်ဘက်သို့လှည့်ထွက်လိုက်သည်။ ထိုအချိန်မှာဘက် လူရိပ်တရိပ်က ဖြတ်ခနဲ ခုန်ဝင်လာပြီး လောင်းချိန်းကျန်း၏ လက်ဝါးရိုက်ချက်ကို ဝင်ရောက်ခံဆောင်ပေးလိုက်၏။

ထိုလူမှာ ဝေလျန်ချန်းပင် ဖြစ်သည်။

အုန်းခနဲ မြည်သံနှင့်အတူ ဝေလျန်ချန်းသည် နောက်ဘက်သို့ လွင့်စင်သွား၏။ တကယ်တော့ ဝေလျန်ချန်းသည် လောင်းချိန်းကျန်း၏ ပြိုင်ဘက် မဟုတ်ချေ။ သို့သော် ဤတကွက်တွင်တော့ ဝေလျန်ချန်း ဒဏ်ရာပင် မရလိုက်ချေ။

လောင်းချိန်းကျန်း၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

"အော် ဒီတော့ မင်းက သွေးဆူပွက်ခြင်းနယ် မဟုတ်ပဲ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကပေါ့ ဟုတ်လား ဝေလျန်ချန်း မင်း ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားပြီး ငါတို့ မျိုးနွယ်စုထဲ ထိုးဖောက်ဝင်ရောက်လာတာ ဘာသဘောလဲ စုချန်းဘက်ကရော ဘာကြောင့် ဝင်ကူနေတာလဲ"

ဝေလျန်ချန်းက အေးတိအေးစက် ပြန်ပြောလိုက်သည်။

"ပစ္စည်း မရမချင်း ခင်ဗျားကြောင့် သူ သေသွားလို့မရဘူး"

"မင်းက ကျုပ်ကို တားနိုင်မယ် ထင်နေသလား"

ပြောရင်းဆိုရင်းနှင့်ပင် လောင်းချိန်းကျန်းသည် ပို၍ ဒေါသထွက်လာ၏။ ထို့နောက် သူက အော်ဟစ်အမိန့်ပေးလိုက်သည်။

"အစောင့်တွေ ဒီကောင့်ကို ဖမ်းကြစမ်း"

လောင်းချိန်းကျန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ကြိုတင်စောင့်ဆိုင်းနေသော အစောင့်များအားလုံးသည် တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

ဝေလျန်ချန်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်၏။ သူ့လက်ထဲတွင် ထူးခြားသော အဆောင်လက်ဖွဲ့သင်္ကေတပုံစံတခု ပေါ်ပေါက်လာသည်။ သူက ၎င်းကို မြေကြီးပေါ်သို့ ပစ်ပေါက်ချလိုက်၏။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အနက်ရောင်မီးခိုးငွေ့များ ဟိုမှသည်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တခုလုံး မဲမဲမှောင်သွားတော့သည်။

"ဒါမျိုး ထပ်လုပ်ပြန်ပြီ"

လောင်းချိန်းကျန်းက ဒေါသတကြီးနှင့် ဟစ်ကြွေးလိုက်သည်။

"ဒီလိုနည်းလမ်းမျိုးနဲ့ ကျုပ်ကို ရင်ဆိုင်လို့ ရမယ်ထင်သလားကွ"

ထိုအချိန်တွင် မီးခိုးငွေ့များကြားမှ ဝေလျန်ချန်း၏ အသံ ပြန်လည်ထွက်ပေါ်လာ၏။

"လောင်းမျိုးနွယ် သခင်ကြီး ခင်ဗျား အထင်မှားနေပြီ ကျုပ်နည်းလမ်းက အသိပညာအတည်ပြုသူစုရဲ့ နည်းလမ်းနဲ့ မတူဘူးဗျ သူ အသုံးပြုတာက တကယ့် မီးခိုးတွေ ဒါပေမဲ့ ကျုပ်အသုံးပြုတာကတော့ မီးခိုးအစစ်တွေ မဟုတ်ဘူးဗျ"

"ဘာကွ"

လောင်းချိန်းကျန်း အံ့သြတုန်လှုပ်သွား၏။

ထိုအချိန်မှာပင် မီးခိုးငွေ့များအကြားမှ အစောင့်တယောက်၏ စူးရှသော အော်သံ ထွက်ပေါ်လာသည်။ အော်သံကြောင့် လူတိုင်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ အော်သံနှင့် ကပ်လျက် ထွက်ပေါ်လာသည်မှာကား တစုံတခုကို တကျွတ်ကျွတ်နှင့် ဝါးစားသံပင် ဖြစ်သည်။ လူတိုင်း၏ ကျောထဲတွင် စိမ့်ခနဲ ခံစားလိုက်ကြရ၏။

တဆက်တည်းမှာပင် အစောင့်များ၏ အဆက်မပြတ် အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာတော့သည်။

"မီးခိုးတွေထဲမှာ တခုခု ရှိနေတယ်"

"သတ္တဝါကြီး သတ္တဝါကြီး ဘာသတ္တဝါကြီးလဲ မသိဘူး"

"မလုပ်ပါနဲ့ မလုပ်ပါနဲ့...အား..."

အော်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။

ထိုအချိန်တွင် စုချန်းမှာ ရထားလုံးအတွင်းသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူက သံမဏိကို အချက်ပြလိုက်၏။ သံမဏိက လောင်းရှောက်ယူကို မီးခိုးငွေ့များအတွင်းသို့ လွှင့်ပစ်လိုက်လေသည်။

ထို့နောက် စုချန်းက အော်ပြောလိုက်သည်။

"လောင်းအိမ်တော်သခင်ကြီး ကျုပ်စုချန်းက ကတိတည်တဲ့လူပါ ခင်ဗျားတို့ကို ပြန်ပေးမယ်လို့ ပြောတဲ့လူကို ကျုပ် ပြန်ပေးလိုက်ပြီ ဒါပေမဲ့ သူ သေတာ ရှင်တာတော့ ကျုပ်နဲ့ မဆိုင်ဘူး သူ့ကို မြန်နိုင်သမျှ မြန်အောင်သာ ကယ်ပေတော့"

"အား"

လောင်းရှောက်ယူ၏ အော်သံ ထွက်ပေါ်လာ၏။ မူလက စုချန်းနောက်သို့ လိုက်ရန် ဟန်ပြင်ထားသော်လည်း လက်ရှိ အခြေအနေတွင်တော့ လောင်းချိန်းကျန်းအဖို့ သူ့သား၏ အသက်ကို ကယ်တင်ရန်သာ ကြိုးစားရတော့သည်။

ဝုန်းဒိုင်းကျဲနေသော နေရာမှ ထွက်ခွာသွားသော စုချန်းကို ဝေလျန်ချန်းက အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်နေ၏။ ထို့နောက် သူက ပြောလိုက်သည်။

"အသိပညာအတည်ပြုသူစု ကျုပ်အပေါ် မင်း အကြွေးတခု တင်နေပြီဆိုတာ သတိရပါ"

"ဒါပေါ့ ခင်ဗျား စုအိမ်တော်ကို ရောက်လာမဲ့အချိန်ကို ကျုပ်စောင့်နေမှာပါ"

အဝေးဆီမှ စုချန်း၏ အသံက ဝေလျန်ချန်း၏ နားထဲသို့ ဝင်ရောက်လာ၏။

ထို့နောက်တွင်တော့ ရထားလုံးသည် အေးအေးဆေးဆေးပင် ထွက်ခွာသွားလေ၏။ ဆူညံပွက်လောရိုက်နေသော အသံများမှာ ရထားလုံး၏ နောက်ဘက်တွင် ကျန်ရစ်ခဲ့လေသည်။

သို့သော် သိပ်မကြာမှီပင် စုချန်းတို့၏ ရထားလုံးသည် လမ်းဘေးတွင် ရပ်နေသော လူတယောက်နှင့်် ဆုံတွေ့မိလေသည်။

ထိုလူမှာ အိမ်တော်ထိန်းလျှိုပင် ဖြစ်သည်။

စုချန်းကပင် ရယ်မောရင်း စတင်နှုတ်ဆက်လိုက်၏။

"အိမ်တော်ထိန်းလျှိုပါလား"

အိမ်တော်ထိန်းလျှိုက သက်ပြင်းချရင်း ပြောလိုက်သည်။

"အသိပညာအတည်ပြုသူစု ဒီပွဲမှာ မင်းနိုင်ပါတယ် အိမ်တော်အကြီးအကဲတွေကိုယ်စား ကျုပ်တို့ကို ယုံကြည်လို့ရတယ်ဆိုတာ ကျုပ်က ထပ်လောင်းပြောကြားချင်တယ်"

စုချန်းက ရယ်မောလိုက်သည်။

"အိမ်တော်ထိန်းလျှိုက တကယ် ကြင်နာတတ်တာပဲ ဒီတော့ ကျုပ်တို့ သဘောတူထားတာက..."

"အပိုဆောင်းသဘောတူညီချက်အတိုင်း ဆက်လုပ်ကြတာပေါ့"

"ကောင်းတာပေါ့ဗျာ"

စကားဆုံးသည်နှင့် စုချန်းသည် ရထားလုံးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ အိမ်တော်ထိန်းလျှိုကလည်း အလိုက်တသိပင် ရထားလုံး ထွက်ခွာနိုင်စေရန် လမ်းဖယ်ပေးလိုက်လေသည်။

ရထားလုံး ထွက်ခွာသွားသည်ကို ကြည့်နေရင်း အိမ်တော်ထိန်းလျှို၏ စိတ်ထဲတွင် လွန်ခဲ့သော နှစ်ရက်က စုချန်းနှင့် တွေ့ဆုံခဲ့ပုံကို ပြန်လည်သတိရလာ၏။

"လာမဲ့နှစ်ရက်မှာ ကျုပ်နဲ့ လောင်းမျိုးနွယ်တို့ အလှဲအထပ် လုပ်ကြမယ် လောင်းမျိုးနွယ်အနေနဲ့ ဒီကိစ္စကို သဘောတူထားပေမဲ့ ကိစ္စပြီးတာနဲ့ သူတို့ သစ္စဖောက်လိမ့်မယ်လို့ ကျုပ် ယူဆထားတယ် ဒါပေမဲ့ ကျုပ်ဘက်ကလဲ ကြိုတင်ပြင်ဆင်ထားတဲ့အတွက် သူတို့လက်ထဲက လွတ်မြောက်နိုင်မယ်လို့တော့ ယုံကြည်ထားတယ် ဒါပေမဲ့ အရန်အစီအစဉ်တွေ ရှိထားတော့ ပိုကောင်းတာပေါ့"

"အသိပညာအတည်ပြုသူစုက ဒီကိစ္စမှာ ကျုပ်တို့ ဝင်ကူစေချင်တာလား ဒါသိပ်မကောင်းဘူးထင်တယ်နော် ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ဟာ ဆွေမျိုးတွေ မဟုတ်ကြပေမဲ့ လူများ အမြင်မှာတော့ ရန်သူတဦးတည်းကို ရင်ဆိုင်နေရတဲ့ မဟာမိတ်တွေပဲလေ"

"ကျုပ်က ခင်ဗျားတို့ မျိူးနွယ်စုတွေ အချင်းချင်း တိုက်ခိုက်ခိုင်းနေတာ မဟုတ်ပါဘူးလေ အဲဒီလိုပဲ ခင်ဗျားတို့က လောင်းမျိုးနွယ်ထက် ကျုပ်ကို လာတွေ့ဖို့ နောက်ကျသွားတာလဲ ကျုပ်အပြစ်လို့တော့ မဆိုနိုင်ဘူးပေါ့ စည်းမျဉ်းအရတော့ သူတို့ ကျုပ်ကို အရင်လာတွေ့တဲ့အတွက် သူတို့နဲ့ အရင် အလှဲအလှယ် လုပ်ရမှာပဲဗျ ဒါပေမဲ့ အလှဲအလှယ် လုပ်နေတုန်းမှာ ကျုပ်သေသွားခဲ့ရင် ခင်ဗျားတို့ သခင်မလေးကို ခင်ဗျားတို့ ဘယ်လို လိုက်ရှာကြမလဲ ဒါကိုတော့ ထည့်တွေးထားအုံးနော်"

"ဟင်..စုချန်း...မင်း မင်း ကျုပ်တို့ကို လာလိမ်နေတာပဲကွ"

"ခင်ဗျား ကျုပ်ပြောတာကို သေချာနားမထောင်ဘူးထင်တယ် ကျုပ်ပြောတာကို ပြန်စဉ်းစားကြည့်လေ ကျုပ်လိမ်နေတာ ဟုတ်မဟုတ်ဆိုတာ ခင်ဗျား သိလာလိမ့်မယ်"

အိမ်တော်ထိန်းလျှို ပါးစပ်ပိတ်သွား၏။ စုချန်းက ထပ်ပြောလိုက်ပြန်သည်။

"ဒီတော့ ခင်ဗျား ကျုပ်ပြောတာ ဘယ်လို သဘောရသလဲ"

"ကောင်းပြီလေ ဒီလိုဆိုရင် မင်း ထွက်ပြေးနိုင်အောင် ကျုပ်တို့ ကူညီပေးမယ် ဒါပေမဲ့ တခုတော့ရှိတယ် ဒီကိစ္စကြောင့် ကျုပ်တို့နဲ့လောင်းမျိုးနွယ်အကြားမှာ ပြသနာတက်လာနိုင်တယ် ဒါကို ကျုပ်တို့အကြီးအကဲက ကိုင်တွယ်နိုင်မှာကတော့ သေချာတယ် မင်းဘက်က ဒါကို အကြောင်းပြုပြီး ဘာမှ ထပ်ပြသနာမရှာခဲ့ရင်ပေါ့"

"ကောင်းပြီလေ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်သလဲ"

"ကျုပ်က မေးရုံမေးကြည့်တာပါလေ စိတ်မဆိုးပါနဲ့ တကယ်လို့ ကျုပ်ဘက်က ခင်ဗျားတို့ရဲ့ အကူအညီကို မလိုဘူး ဆိုရင်ကော"

"ဒါကျတော့..."

"ဒါကြောင့်မို့လို့ ကျုပ်က အပိုဆောင်းသဘောတူညီချက်လေး နည်းနည်းထပ်လုပ်ဖို့ အကြံပြုချင်နေတာပေါ့"

"အပိုဆောင်းသဘောတူညီချက် ဟုတ်လား"

"လွယ်ပါတယ် ငြိမ်းချမ်းရေးပေါ့ ကျုပ်ပြောတဲ့ အပိုဆောင်းသဘောတူညီချက်ဆိုတာ ငြိမ်းချမ်းရေးပဲ ကျုပ်က ခင်ဗျားတို့ သခင်မလေးကို ပြန်လွှတ်ပေးမယ် ဘာမှ ထပ်ပြီး မတောင်းဆိုတော့မဲ့အပြင် လျန်မျိုးနွယ်ကိုပါ လူသိရှင်ကြား တောင်းပန်ပေးမယ် ဒီအတွက် ခင်ဗျားတို့ မျိုးနွယ်အနေနဲ့ ကျုပ်ကို ထပ်ပြီး ဒုက္ခမပေးတော့ပါဘူးလို့ သစ္စာပြုရမယ်"

_____________×××______________×××_________

စုချန်း ပြောဆိုခဲ့သည့် စကားများသည် အိမ်တော်ထိန်းလျှို၏ နားထဲတွင် ပဲ့တင်ထပ်သကဲ့သို့ ပြန်လည်ကြားယောင်လျက်ရှိ၏။ ထိုအခါ သူက ခေါင်းကို လေးတွဲ့စွာ ခါယမ်းပြီး သက်ပြင်းချလိုက်သည်။

"အိမ်တော်ထိန်းလျှို သူ့ကို ဘယ်လို ထင်သလဲ"

အိမ်တော်ထိန်းလျှို၏ နောက်ဘက်မှ တစုံတယောက်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

အိမ်တော်ထိန်းလျှိုက အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။

"သာမာန်လူတော့ မဟုတ်ဘူး"

"သေချာတာပေါ့ သူဟာ လောင်းချိန်းကျန်းရဲ့ လက်ထဲက အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့တယ် ဘာနည်းပရိယာယ်မှ ထည့်မတွက်ရင်တောင် သူ့မှာ ပင်ကိုယ်အရည်အချင်း ရှိနေတာကတော့ သေချာတယ်"

အိမ်တော်ထိန်းလျှိုက ပြန်ပြောလိုက်သည်။

"ပင်ကိုယ်အရည်အချင်းရှိတဲ့လူ အများကြီးကို ကျုပ် မြင်ဖူးသားပဲ ဒါပေမဲ့ အဆင့်တိုင်းကို အသေးစိတ် စီစဉ်ထားပြီး အရန်အစီအစဉ် အများကြီး ကြိုတင်ပြင်ဆင်ထားနိုင်တာမျိုးကတော့ အလွန်ရှားတယ် ချင်းလိုင် စုချန်းမှာ ကျုပ်တို့အပြင် တခြား အရန်အစီအစဉ်တွေ မရှိဘူးလို့များ မင်း တွေးနေတာလား"

"တခြားအရန်အစီအစဉ်တွေ ဟုတ်လား"

ချင်းလိုင် အံ့သြသွား၏။

"သူ့မှာ တခြား အရန်အစီအစဉ်တွေ ရှိနေသေးတယ်လို့ ခင်ဗျား ထင်တယ်ပေါ့ ဟုတ်လား"

"ဟုတ်တယ်ကွ သူဟာ လောင်းမျိုးနွယ်စုရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားရင် ဘာမှ မဆန်းဘူး ခုကတော့ အလွယ်တကူ လွတ်မြောက်သွားတဲ့အပြင် သူ့အင်အားကို အစွမ်းကုန် မထုတ်ရသေးမှန်း ကျုပ် အလိုလို သိနေတယ် ဒါ အတော်ကို ဆိုးရွားတဲ့ အချက်ပဲ"

အိမ်တော်ထိန်းလျှိုက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။

"သူ ဘာတွေများ ကြိုပြင်ထားပါလိမ့်"

"ဒါတော့ ဘယ်သိမလဲကွ ဒါပေမဲ့ သူ့ရဲ့ အရန်အစီအစဉ်ကို ထုတ်သုံးစေတာ ကျုပ်တို့ လျန်မျိုးနွယ် မဖြစ်တာပဲ ပိုကောင်းလိမ့်မယ်"

"အိမ်တော်ထိန်းလျှို ဆိုလိုတာ"

"ရှင်းပါတယ်ကွာ သူက ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတော့ ကျုပ်တို့က သူ့ကို ငြိမ်းချမ်းရေး ပေးလိုက်ကြတာပေါ့"

All Chapters