ဆေးပညာ တိုက်ပွဲ စတင်ခြင်း
Vol. 9 Ch. 895
"ဆေးပညာ တိုက်ပွဲ…"
ဆေးပညာ တိုက်ပွဲသည် ဆေးပညာ ဂိုဏ်းများ၊ သမားတော်များ အကြား အရိုးရှင်းဆုံး ပြဿနာရှင်းသည့် နည်းလမ်း ဖြစ်သည်။ အစွမ်းအထက်ဆုံး တန်ခိုးရှင်များသည် အသန်မာဆုံး စွမ်းအားကို ပိုင်ဆိုင်၏။ ထို့အတူ အတော်ဆုံး သမားတော် သာလျှင် ဆေးပညာ နယ်ပယ်၌ အမြင့်ဆုံး အဆင့်အတန်းကို ပိုင်ဆိုင်နိုင်သည်။
ထိုအရာက ကျင့်ကြံခြင်း အဆင့်နှင့် မသက်ဆိုင်ပဲ ဆေးပညာ၌ အသာစီးရသည့် မည်သူ မဆို အနိုင်ရသူ ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း လူတိုင်းကို အံ့အားသင့် ရသည့် အချက်ကား ချန်းဖန်သာည် ဆေးပညာ အစည်းအရုံး တစ်ခုလုံးကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ၎င်းတိုက်ပွဲတွင် စီတုချန်းနှင့် အကြီးအကဲများ အပြင် ဒဏ္ဍာရီလာ ဆေးသခင် ပင်လျှင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည် ဟု အဓိပ္ပာယ် ရသည်။
"ရှင် ရူးနေတာလား…"
ဝူချင်းယန်က အလန့်တကြားဖြင့် ထအော် လိုက်၏။ သူမ၏ မျက်လုံးများကမူ ချန်းဖန်အား စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ယောက် အလား ကြည့်နေခဲ့သည်။
"ချန်းပေ့ရွှမ်း… ငါ မင်းရဲ့ သတ္တိကို အထင်သေး ခဲ့မိတာပဲ… နှစ်တစ်သောင်း အတွင်းမှာ မင်းက ဆေးပညာ အစည်းအရုံးကို စိန်ခေါ်ရဲတဲ့ ပထမဆုံး လူပဲ… ငါ တကယ်ပဲ အံ့အားသင့်ရပါတယ်"
အကြီးအကဲ စီတုက ခေါင်းခါကာ ပြောလိုက်သည်။
အကြီးအကဲ ချန်းယန်ကမူ ဘာမှ မပြောပဲ လက်တစ်ဖက်ကိုသာ ဆန့်ထုတ်ကာ အနက်ရောင်နှင့် အဖြူရောင် မီးများကို ဆင့်ခေါ် လိုက်သည်။ သူသည် ချန်းဖန်၏ စကားများက အဓိပ္ပာယ် မရှိဟု သတ်မှတ်ထားရာ ပြန်လည် ဖြေရှင်းရန် ဆန္ဒ မရှိချေ။
အကြီးအကဲ ချန်းယန် တိုက်ခိုက်လု ဆဲဆဲ အခြေအနေမှာပဲ ရုတ်တရက် ဝမ်ရွှမ်ဖုန်းက ထရပ်ကာ ဆိုလိုက်၏။
"ဟားဟား… ငါ မင်းလို သတ္တိရှိတဲ့ ကျင့်ကြံသူမျိုးကို မတွေ့ရတာ ကြာပြီ… မဟာ အကြီးအကဲ… ကျုပ် အထင် ခင်ဗျားတို့ ဒီစိန်ခေါ်မှုကို လက်ခံ သင့်တယ်… ဒါမှ ဆေးပညာ အစည်းအရုံး ဘယ်လောက် အင်အားကြီး သလဲ ဆိုတာ လူတွေ သိလာကြမှာ… ဝမ်မိသားစုက ခင်ဗျားတို့ ဘက်မှာ ရှိမှာပါ"
"ဟုတ်တယ် မဟာ အကြီးအကဲ… သမားတော် စီတုကို ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားနဲ့ ဆေးပညာ တိုက်ပွဲကို တစ်ခု စီစဉ် ပေးသင့်တယ်… တကယ်လို့ သမားတော် စီတုသာ နိုင်ရင် သူ့မှာ ကျုပ်တို့ရဲ့ နဝမ အသွင် ပြောင်းခြင်း ဝိညာဉ်ဆေးကို ဖော်စပ်နိုင်တဲ့ အရည်အချင်း ရှိတယ် လို့ သတ်မှတ်လို့ ရတာပေါ့"
ဟူရှောင်က ပြောသည်။ ခရမ်းရောင် လနတ်သမီးကလည်း ထိုအဆိုကို ခေါင်းညိတ် ထောက်ခံ၏။
"သူ့ရဲ့ တောင်းဆိုမှုကို လက်ခံ လိုက်ကြတာပေါ့… မဟာအကြီးအကဲ… ကျုပ်တို့ ဆေးပညာ အစည်းအရုံးက ဘာလို့ မြေရိုင်းနယ်ရဲ့ လူငယ်လေး တစ်ယောက်ကို ကြောက်နေရမှာလဲ"
အကြီးအကဲ စီတုကလည်း မျက်မှောင် ကြုတ်ကာ ဆိုလိုက်သည်။
"ကျွန်တော်က ဆေးပညာ တိုက်ပွဲ ရင်ဆိုင်ဖို့ ဆန္ဒ ရှိပါတယ်"
စီတုချန်းကလည်း ရှေ့သို့ တစ်လှမ်း တိုးကာ ပြောလိုက်သည်။
"ကောင်းပြီလေ…"
နောက်ဆုံး၌ အများ၏ ဆန္ဒ အတိုင်း မဟာ အကြီးအကဲ ရှုယွမ်က မတ်တပ်ရပ်ကာ ကြေညာလိုက်သည်။
"သမားတော်ချန်း… ဆေးပညာ အစည်းအရုံးက မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ်… သမားတော် စီတုက ဒီတိုက်ပွဲမှာ ငါတို့ကို ကိုယ်စား ပြုလိမ့်မယ်…"
"ငါ့စကားက မဆုံးသေးဘူး…"
ချန်းဖန်က တစ်ချက် ပြုံးကာ ဆက်ပြော လိုက်သည်။
"ငါ မင်းတို့ကို အခွင့်အရေး ငါးခု ပေးမယ်… ဆိုလိုတာက ငါ မင်းတို့နဲ့ တိုက်ပွဲ ငါးခု ယှဉ်ပြိုင်မယ်… မင်းတို့ တစ်ပွဲ နိုင်တာနဲ့ ငါ ရှုံးပြီလို့ သတ်မှတ်ပြီး အသတ်ခံမယ်… ငါ နိုင်ရင်တော့ မင်းတို့ကို မသတ်ဘူး… မင်းတို့ ငါ တောင်းဆိုတာကို လက်ခံမယ် ဆိုတဲ့ ကတိ တစ်ခုပဲ ပေးရမယ်"
"ကောင်းပြီလေ… လက်ခံတယ်"
မဟာ အကြီးအကဲ ရှုယွမ်က ခေါင်းညိတ် လိုက်သည်။ သူသည် ဆေးပညာ အစည်းအရုံး အနိုင်ရမည်ဟု ကျိန်းသေ တွက်ထားရာ ချန်းဖန်၏ တောင်းဆိုချက်ကို မေးမနေတော့ချေ။
…
ဆေးပညာ တိုက်ပွဲကား နောက်သုံးရက် နေလျှင် စတင်မည် ဖြစ်သည်။ ထိုတိုက်ပွဲ၌ ဆေးပညာ အစည်းအရုံးသည် ပေ့ဟန်နယ်မှ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားနှင့် ရင်ဆိုင် ပေလိမ့်မည်။
ထိုသတင်းက ဆေးပညာ အစည်းအရုံးမှ တစ်ဆင့် ဆေးမြို့တော် ပတ်ဝန်းကျင်ကို လျှင်မြန်စွာပင် ပျံ့နှံ့ သွားသည်။ တစ်နေ့ အတွင်းမှာပင် ရှေးဟောင်းဆေး ပြည်နယ်ရှိ လူတိုင်းမှာ ထိုသတင်းကို ကြားသိကာ ဆွံ့အ သွားကြ၏။
"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား ဆိုတာ ဘယ်သူလဲ… ငါလည်း တစ်ခါမှ မကြားဖူးပါလား"
"သူက မြေရိုင်းနယ်က မဟာ သမားတော် အသစ် တစ်ယောက်တဲ့… သူ့ကိုယ်သူ ကြေညာတာတော့ သူက မြောက်ပိုင်းနယ်တွေရဲ့ အတော်ဆုံး သမားတော် ဆိုပဲ… သူက သခင်ကြီးဟောင် ဘုန်းကြီးမုနဲ့ ဝမ်ရှင်း တန်ခိုးရှင် ကျူးတန့် တို့ကို တောင် ဆေးပညာ တိုက်ပွဲ စိန်ခေါ်ပြီး အနိုင်ယူခဲ့တယ် တဲ့… ဒါပေမဲ့ အဲဒါက အမှန်လား ဆိုတာတော့ ငါလည်း မသေချာဘူး"
"သူ ဘယ်လောက်ပဲ တော်ပါစေ စီတုချန်း ကိုတော့ နိုင်မယ် မထင်ဘူး… ကျုပ် သိသလောက် ဆိုရင် စီတုချန်းက မဟာ သမားတော် ဖြစ်နေပြီတဲ့လေ"
ထိုရက်များ အတောအတွင်း၌ ဆေးမြို့တော် တစ်ခုလုံးရှိ လူများသည် ဆေးပညာ တိုက်ပွဲ အကြောင်းကို ပြောဆို နေကြသည်။ တစ်ချိန်တည်း၌ ချန်းဖန်၏ နောက်ကြောင်းမှာလည်း လူအများကြား၌ ပျံ့နှံ့နေပြီ ဖြစ်၏။
သူသည် မြောက်နတ္ထိ နယ်သို့ မဝင်ခင် ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား အမည်ဖြင့် မြေရိုင်းနယ်များ၌ လှည့်ပတ် သွားလာကာ အခြား သမားတော်များနှင့် ယှဉ်ပြိုင်ခဲ့သည်။ မြောက်နတ္ထိနယ်သည် မြေရိုင်းနယ်များနှင့် ဆက်စပ်နေရာ ထိုအရာကို အလွယ်တကူပင် စုံစမ်း နိုင်ခဲ့သည်။
ထို့အပြင် ချန်းဖန် မျှော်စင် ထိပ်ဆုံးထပ်၌ ပြောခဲ့သော စကားများ ကလည်း လူများကို ပို၍ စိတ်ဝင်စားစေသည်။
"သူက သူ့ကိုယ်သူ ပေ့ဟောင်နယ်ရဲ့ အစွမ်း အထက်ဆုံး သမားတော်လို့ ပြောခဲ့တာတဲ့… ဆေးသခင်နဲ့ ရှေးဟောင်းဆေး ကောင်းကင် အရှင်တောင် သူ့လောက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိဘူး"
"ဟုတ်တယ်… သူက တကယ့်ကို မာနကြီးပြီး မောက်မာတဲ့ လူပဲ"
"သူ့ရဲ့ အစွမ်းက သူ့စကားကို မှီမလား စောင့်ကြည့်ရ သေးတာပေါ့"
ရှေးဟောင်းဆေး ပြည်နယ်၏ များစွာသော လူများမှာမူ ချန်းဖန် ရှုံးနိမ့်လိမ့်မည် ဟုသာ တွေးထားကြသည်။ လောင်းကစားတိုက်များသည် တိုက်ပွဲ အတွက် စတင်ကာ လောင်းကြေးများ ဖွင့်ကြ၏။ ချန်းဖန် ဘက်မှ လောင်းသူသည် သူ တစ်ပွဲ အနိုင်ရသည်နှင့် အဆ တစ်ထောင် ရရှိလိမ့်မည် ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ တိုက်ပွဲ ငါးပွဲလုံး အနိုင်ရလျှင်မူ အဆ တစ်သိန်း ရရှိမည် ဖြစ်သည်။
ထိုရက်များ အတွင်း၌ ချန်းဖန်သည် သူ၏ ကိုယ်ပိုင် မျှော်စင် အတွင်းတွင်သာ ထိုင်နေခဲ့သည်။
သို့သော်လည်း ဆေးပညာ အစည်းအရုံး၏ လူများသည် သူ ထွက်ပြေးမည်ကို စိုးရိမ်သည့် အလား မျှော်စင် တစ်ဝိုက်၌ အစီအရင်များစွာ လာရောက် ခင်းကျင်း ထားခဲ့သည်။ အကယ်၍ ချန်းဖန်သာ ကောင်းကင် အရှင် တစ်ယောက် မဟုတ်ပါက မည်သို့မျှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
ပထမည၌ ကျို့ကျို့သည် သူ့ထံသို့ မျက်ရည်များဖြင့် ရောက်ရှိ လာခဲ့၏။
"အကိုကြီး… အကိုကြီးက တကယ်ပဲ ဆေး သခင်လေးနဲ့ ဆေးပညာ တိုက်ပွဲ ရင်ဆိုင်မှာလား…"
"ဟုတ်တယ်…"
ချန်းဖန်က ပြုံးရင်း ပြန်ဖြေ လိုက်သည်။
"ဘာဖြစ်လို့လဲ ကျို့ကျို့… ဘာလို့ ငိုနေတာလဲ… သူငယ်ချင်းတွေက ဘာလုပ် လို့လဲ"
ကျို့ကျို့က ခေါင်းကို ငုံ့ကာ ခပ်တိုးတိုး ပြန်ဖြေ လိုက်သည်။
"သူတို့က အကိုကြီး ရှုံးမှာတဲ့… အကိုကြီးက ဆေးသခင်လေးကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးတဲ့… နောက်ပြီး ဆေးသခင်က အကိုကြီးကို လွှတ်ပေးမှာ မဟုတ်ဘူးလို့လည်း သူတို့ ပြောသေးတယ်"
"စိတ်မပူနဲ့… အကိုကြီးက ဆေးသခင်လေးကို ဘယ်လို အနိုင်ယူ မလဲ ဆိုတာသာ စောင့်ကြည့်နော်"
ချန်းဖန်က ပြောလိုက်သည်။
"အင်း…"
မိန်းကလေးက မျက်ရည်များကို သုတ်ကာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက အဆောင်သို့ပင် မပြန်တော့ပဲ ချန်းဖန်နှင့်သာ အတူနေ တော့သည်။
သို့သော်လည်း ကံမကောင်းစွာပင် နှစ်ရက်မြောက် နေ့၌ ကျို့ကျို့၏ အဘိုးသည် တုန်းယန်မြို့မှ ရောက်ရှိလာကာ ခေါ်ဆောင် ခဲ့သည်။
ချန်းဖန်ကလည်း ထိုအရာကို စိတ်ထဲ မထားခဲ့ချေ။ ယခု အချိန်၌ သူသည် ဆေးပညာ အစည်းအရုံး၏ ရန်သူသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ထိုအဘိုးအို ကျို့ကျို့ အပေါ် စိုးရိမ်ခြင်းက ဖြစ်သင့်ပေသည်။
"အကိုကြီး… ဂရုစိုက်နော်…"
ကျို့ကျို့မှာ ချန်းဖန်ကို တဖွဖွ မှာပြီးမှသာ သူမ၏ အဘိုးနှင့် ပြန်လည် လိုက်ပါ သွားခဲ့သည်။
ထို့နောက် မည်သည့် ဧည့်သည်မျှ သူ့ထံ ရောက်ရှိ မလာခဲ့ချေ။ တစ်ချိန်က ချန်းဖန်အား ဖိတ်ခေါ်ခဲ့သည့် မိသားစုများ၊ ဂိုဏ်းများမှာလည်း ဘယ်ဝောာ့မှ ပေါ်မလာဝောာ့ချေ။
တတိယမြောက်နေ့၌ စာတစ်စောင် ချန်းဖန်ထံ ရောက်ရှိ လာခဲ့သည်။
ထိုစာထဲ၌ စီတုချန်း လေ့ကျင့်သော နည်းစနစ်များနှင့် အခြား အသေးစိတ် အချက်အလက် အချို့ကို မှတ်တမ်းတင် ထားသည်။ လက်ရေးမှ တစ်ဆင့် ချန်းဖန်သည် ထိုစာပိုင်ရှင်မှာ ဝူချင်းယန် ဖြစ်ကြောင်း သိရှိ လိုက်သည်။
ဤသို့ဖြင့် သုံးရက်ကြာပြီးနောက် ပထမဆုံး ဆေးပညာ တိုက်ပွဲကား စတင်ခဲ့ပြီ ဖြစ်လေ၏။
***