အသုတ်လိုက်တွေ့ဆုံခြင်း
Vol. 37 Ch. 364
ပင်မလမ်းမကြီးမှ ဖယ်ခွာလာခဲ့သော်လည်း စုချန်း၏ ရထားလုံးသည် စုအိမ်တော်သို့ ပြန်သွားသည် မဟုတ်ချေ။ မူလဗျူရိုသို့ ဦးတည် မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။
ရထားလုံးအသံကို ကြားသည်နှင့် ကောက်ကျန်းချိန်းက အမောတကောနှင့် ဆီးကြိုနှုတ်ဆက်၏။ သို့သော် ရထားလုံးထဲတွင် ထိုင်နေသူမှာ စုချန်းမှန်း သိလိုက်ရသောအခါ သူက အံ့သြတကြီးနှင့် ပြောလိုက်သည်။
"အသိပညာအတည်ပြုသူစု ဒီကိုလာဖို့တောင် အချိန်ရနေသေးတာလား"
"ကျုပ်က မူလဗျူရိုရဲ့ အသိပညာအတည်ပြုသူပဲ ဒီတော့ ဒီကိုလာတာ ဘာဖြစ်သလဲ"
ပြောပြောဆိုဆို စုချန်းက ပင်မခန်းမဆောင်သို့ ဦးတည်လိုက်လေသည်။ ကောက်ကျန်းချိန်းကလည်း စုချန်း၏ နောက်မှ ကပ်ပါလာ၏။ သူက ပြောလိုက်သည်။
"ကျွန်တော် ဒီသဘောနဲ့ ပြောတာမဟုတ်ပါဘူးဗျာ ကျွန်တော့လို့ အဆင့်နဲ့ အသိပညာအတည်ပြုသူကို ဘယ်တားရဲပါ့မလဲ ကျွန်တော်က တခုခု လုပ်စရာရှိရင် လူကိုယ်တိုင်မလာပဲ ကျွန်တော့ကို ခိုင်းလဲရနေသားပဲ ဆိုတဲ့ သဘောပါ"
ပြောရင်းဆိုရင်းနှင့်ပင် သူ့နဖူးပြင်တွင် ဇောချွေးများပြန်လာ၏။
လျူဝုယာက စုချန်းအား သစ္စာဖောက်ထားကြောင်း သူ သိထားပြီး ဖြစ်သည်။ ထို့ကြောင့် ဤယနေ့တွင် ဘာတွင် ဖြစ်လာမည်မှန်း သူ့အနေနှင့် ကြိုတင်မှန်းဆနိုင်စွမ်း ရှိနေခဲ့လေသည်။ ထိုအတွက်ကြောင့်ပင် စုချန်း မူလဗျူရိုသို့ ရောက်ရှိလာသောအခါ သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခြင်းပင် ဖြစ်သည်။
"အဲဒီလိုလား"
စုချန်းက ရယ်မောရင်း ခြေလှမ်းများကို ရပ်တန့်ကာ ကောက်ကျန်းချိန်းကို ပြောလိုက်သည်။
"အဲဒီလိုဆိုတော့လဲ ကျုပ်အနေနဲ့ ခင်ဗျားကို တာဝန်တခု ပေးချင်တယ်"
"ဟုတ်ကဲ့ ဘာတာဝန်များလဲ သိပါရစေခင်ဗျာ"
ထိုအချိန်တွင် သူတို့နှစ်ယောက်သည် မူလဗျူရို၏ ပင်မခန်းမဆောင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအခါ စုချန်းက မူလက လျူဝုယာ ပိုင်ဆိုင်ခဲ့သော ထိုင်ခုံတွင် မိန့်မိန့်ကြီး ထိုင်ချလိုက်၏။ ၎င်းကိုကြည့်ရင်း ကောက်ကျန်းချိန်း မျက်လုံးပြူးသွားလေသည်။
မူလချီစွမ်းအားပညာရှင်များဟူသည် အချုပ်အချယ်မရှိပဲ စိတ်ထင်ရာလုပ်တတ်ကြသူများ ဖြစ်သည်။ သို့သော် မူလဗျူရိုရှိ ချီစွမ်းအားပညာရှင်များကတော့ ထိုသို့ ပြုလုပ်နိုင်စွမ်း မရှိကြပေ။ ဤနေရာတွင် တာဝန်ထမ်းဆောင်နေကြသည့် ချီစွမ်းအားပညာရှင်တိုင်းလိုလိုသည် ခက်ခဲသောအနေအထားတွင် ရှင်သန်နိုင်ရန် အလေ့အထနှင့် အသားကျနေသူများ ဖြစ်သည်။
ယခု လျူဝုယာ၏ ထိုင်ခုံတွင် စုချန်း ဝင်ထိုင်လိုက်သည့် လုပ်ရပ်ကတော့ အတော်ပင် ပစ္စလက္ခနိုင်လွန်း၏။ ထို့ကြောင့် ကောက်ကျန်းချိန်းသည် ဘာမှမပြောရဲသော်လည်း စိတ်ထဲတွင်တော့ အတော်မသတ်နိုင်အောင် တွေးတောနေတော့သည်။
စုချန်းက ထိုင်ခုံပေါ်တွင် ဆက်ထိုင်နေရင်း အမိန့်ပေးလိုက်သည်။
"ကောင်းပြီ ခင်ဗျား မူလဗျူရိုမှာ တာဝန်ထမ်းဆောင်နေတဲ့ လူတိုင်းကို ဒီနေရာမှာ လာရောက်စုစည်းခိုင်းလိုက်ပါ လူတိုင်းနော် တယောက်မှ မကျန်စေနဲ့"
ကောက်ကျန်းချိန်းက ခါးကိုင်းအရိုအသေပြုကာ အမိန့်နာခံလိုက်၏။
"ကောင်းပါပြီခင်ဗျာ ကျွန်တော် ခုပဲ လူစုလိုက်ပါမယ်"
အမိန့်သာ နာခံနေရသည်။ ကောက်ကျန်းချိန်း၏ စိတ်ထဲတွင်တော့ အဆက်မပြတ် တွေးတောနေ၏။
သူ လူတွေ စုခိုင်းနေတယ်...ဘာကြောင့်လဲ
သို့သော် စုချန်း၏ ရဲတင်းသော အမူအရာ၊ လျူဝုယာ၏ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သော လုပ်ရပ်တို့ကို ပြန်တွေးမိသောအခါ ကောက်ကျန်းချိန်း၏ စိတ်ထဲတွင် ဖြစ်နိုင်ဖွယ်ရာတချို့ကို တွေးတောမိလာ၏။
အဆိုးဆုံးအခြေအနေတခုကို သုံးသပ်မိသောအခါ သူ၏ ခြေလက်များသည် ပျော့ခွေလာ၏။ ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်နိုင်အောင် မနည်းတင်းခံထားရလေသည်။
ထိုအချိန်တွင် စုချန်းက အော်ဟစ်လိုက်၏။
"နေအုံး"
"အမိန့်ရှိပါခင်ဗျာ"
စုချန်းက ထပ်မံ အမိန့်ပေးလိုက်၏။
"သူတို့အကုန်လုံးကို တပြိုင်တည်း မခေါ်နဲ့ သုံးသုတ်ခွဲပြီး ခေါ် ခေါ်တဲ့အခါမှာလည်း တယောက်နဲ့တယောက် ဘာဆက်ဆံရေးမှမရှိတဲ့ လူတွေပဲ ဖြစ်ပါစေ ပြီးတော့ ကျုပ်နာမည်ကို မသုံးနဲ့ အကြီးအကဲလျူရဲ့ နာမည်ကို သုံးပါ"
ကောက်ကျန်းချိန်း ရိုသေစွာ အမိန့်နာခံလိုက်သည်။
"ကောင်းပါပြီခင်ဗျာ အဲဒီအတိုင်း ဆောင်ရွက်လိုက်ပါမယ်"
၎င်း၏ အမူအရာကို ကြည့်ပြီး စုချန်းက ရယ်မောလိုက်သည်။
"ဒီလူ အတော်ညဏ်ကောင်းတာပဲ"
ထို့နောက် သူသည် လျူဝုယာ၏ စားပွဲပေါ်ရှိ လဖက်ရည်ခွက်ကို ယူကာ သောက်ချလိုက်တော့သည်။
_____________×××____________×××___________
ကောက်ကျန်းချိန်းကား တာဝန်ကျေလှသည်။ သိပ်မကြာမီပင် မူလဗျူရိုလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော ချီစွမ်းအားပညာရှင်အချို့နှင့် စစ်သားအချို့ စုရုံးရောက်ရှိလာ၏။
အတော်များများသည် ဘာဖြစ်နေမှန်း မသိကြလေရာ သို့လောသို့လောဖြစ်ပြီး တီးတိုးသဖန်းပိုး လုပ်နေကြကုန်၏။
"ဘာတွေ ဖြစ်နေတာလဲ ဘာဖြစ်လို့ ငါတို့ကို ဒီခေါ်လိုက်တာလဲ"
"အစ်ကိုကြီးလျှို ခင်ဗျားလည်း ဒီရောက်နေတာကိုး ကျုပ်က ပထမဆုံး အခေါ်ခံရတဲ့လူ ထင်နေတာ"
"ဟေ့ ကောက်ကျန်းချိန်း ဘာဖြစ်လို့ ကျုပ်ကို အတင်းလာခေါ်တာတုန်း ကျုပ် လေ့ကျင့်နေတာ ပျက်သွားပြီ ဘာမှအကြောင်းမထူးရင်တော့ ခင်ဗျား သေဖို့သာပြင်"
"ဟေ့ ဟေ့ ဘာဖြစ်လို့ ကျုပ်ကို အပြစ်တင်နေတာတုန်းကွ ခေါ်ခိုင်းတာက တခြားလူမဟုတ်ဘူး အသိပညာအတည်ပြုသူစုပဲ ဒီတော့ မင်းတို့ ဘာကိစ္စလဲ သိချင်ရင် သူ့ကိုသာ မေးပေတော့"
ပင်မခန်းမဆောင်အတွင်း ပထမဆုံး ရောက်ရှိလာသော ချီစွမ်းအားပညာရှင်သုံးယောက်သည် သူတို့အပေါ်တွင် ထိုင်နေသူမှာ စုချန်းမှန်း သိလိုက်ရသောအခါ မျက်နှာများ ပျက်ကုန်ကြ၏။
မာရေကျောရေနိုင်သော တယောက်က ပြောလိုက်သည်။
"မင်းက အသစ်ရောက်လာတဲ့ အသိပညာအတည်ပြုသူပဲ ဟေ့ အဲဒါ မင်းထိုင်ရမဲ့ ခုံမဟုတ်ဘူးကွ အဲဒါ အကြီးအကဲလျူရဲ့ နေရာ အဲဒီခုံကနေ မြန်မြန် ဖယ်ပေးလိုက်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်"
နောက်တယောက်ကလည်း ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။
"အသိပညာအတည်ပြုသူစု မင်း ဘာဖြစ်လို့ ကျုပ်တို့ကို ခေါ်တာလဲ"
စုချန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"ခင်ဗျားတို့ကို ဒီကို ခေါ်ရတာ ဆွေးနွေးစရာတခုရှိလို့ပါ ဒါပေမဲ့ မဆွေးနွေးခင် ခင်ဗျားတို့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါအုံး ကျုပ် ခင်ဗျားတို့အားလုံး ဘယ်သူဘယ်ဝါဆိုတာကို သိချင်တယ်"
ထိုအခါ စုချန်းအား ထိုင်ခုံမှ ဖယ်ပေးရန် ပထမပြောလိုက်သော ချီစွမ်းအားပညာရှင်ကပင် ထပ်ပြောလိုက်ပြန်သည်။
"မိတ်ဆက်ပေးရမယ် ဟုတ်လား ဘာမိတ်ဆက်နေစရာ လိုသလဲ ဒီမယ် စုချန်း အဲဒီထိုင်ခုံဟာ မင်းထိုင်ဖို့ မဟုတ်ဘူးလို့ ကျုပ် ပြောပြီးပြီ မင်း နားကန်းနေသလား အဲဒီထိုင်ခုံဟာ အကြီးအကဲလျူ ထိုင်ဖို့ကွ"
စုချန်းက ထိုသူကို ကြည့်ရင်း မေးလိုက်သည်။
"မင်းကို ကြည့်ရတာ အကြီးအကဲလျူကို အတော် လေးစားဟန်ပေါ်တယ်"
"ဒါပေါ့ ဘယ်သူက သူ့ကို မလေးစားပဲ နေရဲမှာလဲ"
ကျန်နှစ်ယောက်ကလည်း တပြိုင်တည်း ဝင်ပြောလိုက်ကြသည်။
မျိုးနွယ်စုနှစ်စုလက်ထဲသို့ စုချန်းကို လျူဝုယာ ရောင်းစားထားကြောင်း သူတို့အားလုံး သိထားပြီးသားပင်။ ထို့ကြောင့် လျူဝုယာနှင့် စုချန်းအကြား ဆက်ဆံရေးမှာလည်း မည်သို့မှ မကောင်းမွန်နိုင်ကြောင်း သူတို့အားလုံး နားလည်ထား၏။
ထပ်ပြောရလျင် စုချန်းသည် လျူဝုယာ၏ ထိုင်ခုံတွင် ခပ်တည်တည်နှင့် ဝင်ထိုင်နေပြီး သူတို့အားလုံးကို အလျင်စလို ခေါ်ခိုင်းနေသည်ကို ကြည့်လျင် တခုခုတော့ ကြီးကြီးမားမား ဖြစ်နေခဲ့ပြီမှန်း သိသာနေသည်။ သို့သော် ဘာဖြစ်နေမှန်းတော့ သူတို့အနေနှင့် တိတိကျကျ မပြောနိုင်။
သူတို့ကိုကြည့်ရင်း စုချန်းက ခပ်ပြုံးပြုံးနှင့် ပြောလိုက်သည်။
"သိပ်ကောင်းတဲ့ စိတ်ထားပေါ့ ကိုယ့်အကြီးအကဲတယောက်ကို ဒီလိုပဲ သဘောထားသင့်တယ် ဒါပေမဲ့ ခက်တာက မြို့တော်ရဲ့ အကြီးအကဲတယောက် ဖြစ်နေရင်တောင် ကောင်းကင်ဘုံကိုတော့ လက်ဖက်တည်းနဲ့ မအုပ်ချုပ်နိုင်ဘူးမလား"
"သေစမ်း စုချန်း မင်း ဘာကို ပြောပြဖို့ ကြိုးစားနေတာလဲ"
အမြဲတစေ ထိပ်ဆုံးက ဝင်ပြောနေသော ချီစွမ်းအားပညာရှင်ကပင် ထအော်လိုက်သည်။ သူ့ပုံစံမှာလည်း တခုခု ထလုပ်တော့မည့်ဟန် ပေါ်ပေါက်လာသည်။
"မင်းတို့ကို ဘာဖြစ်လို့ ဒီကို ခေါ်လိုက်ရသလဲဆိုတာ တကယ်ပဲ မင်းတို့ သိချင်သလား ကောင်းပြီ ကျုပ်ပြောပြမယ်"
စုချန်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။
"မင်းတို့ကို ဒီကို ခေါ်လိုက်ရတဲ့ အကြောင်းပြချက်က တခုပဲ ရှိတယ် အဲဒါက ဘာလဲဆိုတော့ မင်းတို့ရဲ့ အကြီးအကဲ လျုဝုယာ သေသွားပြီကွ"
"ဘာကွ"
သူတို့သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
စုချန်းက ထပ်ပြောလိုက်သည်။
"ဟုတ်တယ် လျူဝုယာ သေသွားပြီ ဒါကြောင့် မူလဗျူရိုဟာ နောက်ထပ်အကြီးအကဲသစ် မခန့်အပ်နိုင်ခင်ထိ အသိပညာအတည်ပြုသူဖြစ်တဲ့ ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားပြီ မင်းတို့ ဘာမေးစရာရှိသလဲ"
"မင်း လျှောက်ပြောနေတာ အကြီးအကဲလျူ ဘာမှမဖြစ်နိုင်ဘူး"
ပထမ ချီစွမ်းအားပညာရှင်ကပင် ဝင်ရောက်ကန့်ကွက်လိုက်ပြန်သည်။
"မင်း မယုံဘူးလား မယုံရင် မင်းကိုယ်တိုင် သူ့ကို သွားမေးလေကွာ"
"ကျုပ်ကိုယ်တိုင် သွားမေးရမယ် ဟုတ်လား ဘယ်လို မေးရမှာလဲ"
"မပူနဲ့ မင်းကို ကျုပ်ကိုယ်တိုင် အရောက်ပို့ပေးလိုက်မယ်"
စကားဆုံးသည်နှင့် စုချန်း၏ လက်ထဲမှ မီးလျံသိမ်းငှက်တကောင် ထွက်ပေါ်လာပြီး ချီစွမ်းအားပညာရှင်၏ ရင်ဘတ်ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။ ပြင်းထန်လှသော ပေါက်ကွဲအားကြောင်း ချီစွမ်းအားပညာရှင်၏ တကိုယ်လုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
၎င်းကို ကြည့်ပြီး ကျန် ချီစွမ်းအားပညာရှင်နှစ်ယောက်မှာ အထူးပင် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
စုချန်းကား ရက်စက်ကြမ်းကြုတ်လှချေသည်တကား။
"ကဲ မင်းတို့နှစ်ယောက်ကော နောက်ထပ် ဘာမေးစရာရှိသေးလဲ"
စုချန်းက ပြုံးစိစိနှင့် မေးလိုက်သည်။ ချီစွမ်းအားပညာရှင်နှစ်ယောက်လည်း ထိတ်ထိတ်လန့်လန့်နှင့် ခေါင်းခါလိုက်ကြ၏။
စုချန်းက ထပ်မံအမိန့်ပေးလိုက်၏။
"ဒါတွေ တယောက်ယောက် လာရှင်းလိုက်စမ်းဟေ့"
စက္ကန့်ပိုင်းအတွင်း အခန်းတခုလုံး ရှင်းလင်းသွားပြန်သည်။
သိပ်မကြာမီ နောက်ထပ် တဖွဲ့ ထပ်မံ ဝင်ရောက်လာပြန်၏။ စုချန်းကလည်း ပထမပုံစံအတိုင်း ထိုအဖွဲ့ကို ထပ်မံ ထိန်းချုပ်လိုက်ပြန်သည်။
တကယ်တော့ မူလဗျူရိုတခုလုံးကို တော်ဝင်မျိုးနွယ်စုများက ထိန်းချုပ်ထားသည် ဆိုသော်လည်း လူတိုင်းကတော့ ၎င်းတို့နှင့် မဟာမိတ်များ မဟုတ်ပေ။ တော်ဝင်မျိုးနွယ်စုများအနေနှင့် လူတိုင်းကို ငွေပေးဝယ်ရန်ကလည်း တန်ဖိုးထက် လက်ခက ပိုများနေ၏။ ထိုသို့ ပြုလုပ်နေရန်လည်း မလိုအပ်ပေ။ လျူဝုယာကို ထိန်းချုပ်နိုင်ခြင်းသည် မူလဗျူရိုကို ထိန်းချုပ်နိုင်ခြင်းနှင့် အတူတူပင် မဟုတ်ပါလား။ လျူဝုယာအနေနှင့်လည်း လူတိုင်းကို သူ့ဘက်ပါအောင သိမ်းသွင်းထားသည် မဟုတ်ပေ။ လူတချို့ကိုသာ သိမ်းသွင်းထားခြင်း ဖြစ်သည်။
ထို့ကြောင့် စုချန်းအနေနှင့် လက်ရှိတွင် လျူဝုယာ၏ ဘက်တော်သားများအား ခွဲထုတ်ရှင်းလင်းပစ်ရန်သာ လိုအပ်လေသည်။ ထိုလူများကို အသုတ်လိုက် ခွဲဝင်ခိုင်းလိုက်သောအခါ ၎င်းတို့သည် တယောက်နှင့်တယောက် ကူညီနိုင်စွမ်းမရှိတော့ပဲ စုချန်း၏ လက်ထဲသို့ ကြက်ကလေး ငှက်ကလေးသဖွယ် ကျရောက်သွားခြင်းပင်။
နောက်ဆုံးတွင်တော့ လျူဝုယာ၏ ဘက်တော်သားများ ဖြစ်ကြသော မူလချီစွမ်းအားပညာရှင်ခြောက်ယောက်သည် သွေးအိုင်ထဲတွင် တုံးလုံးပက်လက်နှင့် လဲလျောင်းနေခဲ့ကြလေပြီ။ ကျန်လူများကား ကြောက်ကြောက်လန့်လန့်နှင့်ပင် စုချန်းကို မူလဗျူရို၏ ယာယီခေါင်းဆောင်အဖြစ် လက်ခံသဘောတူလိုက်ကြ၏။
၎င်းမှာ အဆုံးသတ်မဟုတ်သေးမှန်း စုချန်း ကောင်းကောင်းသဘောပေါက်၏။ ထိုလူများအားလုံး သူ့စကားကို နားထောင်လာစေရန် စုချန်းအနေနှင့် နောက်ဆုံး စမ်းသပ်မှုတခုကို လုပ်ဆောင်ရပေအုံးမည်။
၎င်းစမ်းသပ်မှုမှာ ယွန်လီယန်အပေါ် မူတည်နေလေသည်။