← Chapters

ထိန်းချုပ်ခြင်း

Vol. 37 Ch. 365

ထိန်းချုပ်ခြင်း

Vol. 37 Ch. 365

ယွန်လီယန်သည် လျူဝုယာမှအပ မူလဗျူရိုတွင် တဦးတည်းသော ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် ဖြစ်သည်။

ကြားရသလောက်ကတော့ ယွန်လီယန်သည် လျူဝုယာ၏ နောက်လိုက်မဟုတ်ချေ။ ထို့ကြောင့် သူနှင့် တော်ဝင်မျိုးနွယ်စုများအကြား ဆက်သွယ်မှုမှာလည်း သိပ်မရှိလှပေ။ သို့သော် သူတို့အကြား လုံးဝအဆက်အသွယ်မရှိဟုတော့ တထစ်ချ ပြော၍ မရပေ။ မူလဗျူရိုရှိ ချီစွမ်းအားပညာရှင်တိုင်းလိုလိုသည် တော်ဝင်မျိုးနွယ်စုများထံမှ အကျိုး တခုမဟုတ် တခုတော့ ရနေကြသည်ချည်းပင်။ ထိုသို့မှမဟုတ်လျင်လည်း သူတို့အနေနှင့် ဤပတ်ဝန်းကျင်တွင် နေထိုင်ရန် အဆင်ပြေလိမ့်မည် မဟုတ်ပေ။

ယွန်လီယန်သည်လည်း ထိုလူများထဲမှ တဦးအပါအဝင် ဖြစ်သည်။

သူသည် လျူဝုယာအား အသေအကြေ ထောက်ခံသူမျိုးမဟုတ်သလို တကူးတက ကန့်ကွက်နေသူမျိုးလည်း မဟုတ်ချေ။ တော်ဝင်မျိုးနွယ်စုများထံမှ ရံဖန်ရံခါ ရရှိသည့် အကျိုးအမြတ်များကိုလည်း သူက အပိုဝင်ငွေ ရသည်ဟုသာ သဘောထား၏။ တနည်းအားဖြင့် ယွန်လီယန်သည် ကိုယ့်မူနှင့်ကိုယ် ရပ်တည်နေသူ တဦးပင်။

တဖန် ယွန်လီယန်နှင့် စုချန်းကြား ဆက်ဆံရေးကလည်း သိပ်မကောင်းလှချေ။ သူရရှိမည့် အသိပညာ အတည်ပြုသူရာထူးကို စုချန်း ဝင်လုသွားသည်ဟု ယွန်လီယန် ယူဆထားသည် မဟုတ်ပါလား။

ယွန်လီယန်၏ စွမ်းရည်ကို ကြည့်ပြန်လျင်လည်း ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ရှိ ပညာရှင်တဦး ဖြစ်လေရာ စုချန်းထက် ရာထူးနိမ့်နေသည့်တိုင်အောင် အထင်သေး၍တော့ မရချေ။ ထို့ကြောင့် မည်သို့မဆို စုချန်းအနေနှင့် ယွန်လီယန်ကို ပညာပေးရန် လိုအပ်နေ၏။ သို့မဟုတ်ပါက မူလဗျူရိုကို သူ့အနေနှင့် ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်။ သူ့စကားကိုလည်း မည်သူမှ အရေးစိုက်မည် မဟုတ်ချေ။

ထို့ကြောင့် ယွန်လီယန်သည် စုချန်း နောက်ဆုံး ကျော်ဖြတ်ရမည့် အခက်အခဲတခုပင်။

ကောက်ကျန်းချိန်းကား တကယ်ပင် ပါးနပ်သူ ဖြစ်သည်။ စုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်လိုက်၏။ ထို့ကြောင့် ယွန်လီယန်ကို ချန်ထားခဲ့ပြီး ကျန်လူများကို အသုတ်လိုက်ခွဲကာ စုချန်းနှင့် ဦးစွာ တွေ့ဆုံပေးလိုက်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် စုချန်းသည် ယွန်လီယန်ကို စိတ်အေးလက်အေးနှင့် ရင်ဆိုင်နိုင်ပေလိမ့်မည်။

ယွန်လီယန် ရောက်ရှိလာသည့်် အချိန်တွင်တော့ ခန်းမဆောင်တခုလုံး ချီစွမ်းအားပညာရှင်များနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ရှေ့ခြံဝင်းတွင်လည်း သာမာန်သိုင်းပညာရှင်များနှင့် ပြည့်နှက်နေ၏။

များပြားလှသော လူများကို ကြည့်ပြီး ယွန်လီယန် အံ့သြသင့်သွား၏။ လျုဝုယာ၏ ထိုင်ခုံပေါ်တွင် စုချန်း ဝင်ထိုင်နေသည်ကို မြင်ရသောအခါ သူ ပို၍ စိတ်ရှုပ်သွားလေသည်။

"မင်း"

သူက စုချန်းကို လက်ညိုးထိုးပြီး မယုံနိုင်ဟန်ဖြင့် ပြောလိုက်၏။

"မင်း ဘာလုပ်နေတာလဲ စုချန်း"

တဖန် သူက ဘေးဘီဝဲယာကို ငဲ့ကြည့်ရင်း အော်ဟစ်လိုက်ပြန်သည်။

"မင်းတို့ကောင်တွေကရော ဒီမှာ ဘာလုပ်နေကြတာလဲ စုချန်း အကြီးအကဲလျူရဲ့ ထိုင်ခုံမှာ ဝင်ထိုင်နေတာ မင်းတို့ မမြင်ဘူးလား ဘာကြောင့် မောင်းမချပဲ ဒီအတိုင်း ရပ်ကြည့်နေကြတာတုန်း"

စုချန်းက ဝင်ပြောလိုက်၏။

"မလိုတော့ပါဘူး ဆရာယွန် အကြီးအကဲလျူဟာ ဒီထိုင်ခုံမှာ မထိုင်နိုင်တော့ပါဘူး ဒါကြောင့် အသိပညာအတည်ပြုသူ တယောက်အနေနဲ့ ကျုပ်က သူ့နေရာကို ခန ဝင်ယူထားတဲ့ သဘောပါ"

"မင်း ဘာပြောလိုက်တယ်"

ယွန်လီယန်က မယုံနိုင်ဟန်ဖြင့် ထပ်မေးလိုက်သည်။

"အကြီးအကဲလျူက ဘာဖြစ်သွားလို့လဲ"

"သေသွားပြီ"

"သေသွားပြီ ဟုတ်လား"

ယွန်လီယန်ကား သူ့နားကိုယ်သူ မယုံနိင်ပဲ ဖြစ်နေဟန်တူသည်။

"သူ ဘယ်လိုလုပ်သေသွားတာလဲ"

"လောင်းမျိုးနွယ်တွေဟာ ဥပဒေကို ချိုးဖောက်တယ် အကြီးအကဲလျုကို တိုက်ခိုက်တယ် အကြီးအကဲလျူဟာ ဒီလို တိုက်ခိုက်မှုကို မမျှော်လင့်ထားတော့ တခါတည်း အသက်ပါသွားရှာတယ်"

"လောင်းမျိုးနွယ်စု ဟုတိလား"

ယွန်လီယန် အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။ ချက်ချင်းလိုလိုပင် သူက တစုံတရာကို နားလည်သဘောပေါက်သွား၏။

"ဘာလဲ သူ့ကို မင်း သတ်လိုက်တာလား"

စုချန်းက လဖက်ရည်ခွက်ကို စိတ်အေးလက်အေး မော့သောက်ရင်း ပြောလိုက်သည်။

"ဆရာယွန် စကားကို လက်လွတ်စပယ် ပြောတာဟာ ပြသနာအများကြီးကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်တယ်ဗျ လောင်းမျိုးနွယ်စုကြောင့် အကြီးအကဲလျူ သေဆုံးသွားတယ်လို့ ကျုပ် ရှင်းပြပြီးပြီ ဒါကိုမှ အကြီးအကဲကို သတ်တာ ကျုပ်ပါလို့ ခင်ဗျား ထပ်ပြီးစွပ်စွဲနေရင် သိပ်မဟုတ်တော့ဘူးဗျ ခင်ဗျားဟာက ကိုယ့်ထက် ရာထူးကြီးတဲ့လူကို စော်ကားသလို ဖြစ်နေပြီ"

ယွန်လီယန်က ခံစားချက်ကို ထိန်းချုပ်လိုက်၏။ ထို့နောက် သူက ကျန်လူများကိုပါ လှည့်မေးလိုက်သည်။

"ဒီတော့ မင်းတို့အားလုံးလည်း အဲဒီအတိုင်းပဲ ယူဆကြတယ်ပေါ့ ဟုတ်လား"

ထိုအချိန်တွင် ချီစွမ်းအားပညာရှင်တယောက်က ယွန်လီယန်၏ မေးခွန်းကို ဝင်ဖြေလိုက်သည်။

"အသိပညာအတည်ပြုသူစုက ကျုပ်တို့အားလုံးကို ရှင်းပြပြီးပါပြီ အဲဒီအတိုင်းပါပဲခင်ဗျာ"

စကား ဝင်ပြောလိုက်သူမှာ တွန့်ဖန်း ဖြစ်သည်။ မူလဗျူရိုရှိ သူ့အဆင့်အတန်းမှာ သိပ်မမြင့်လှချေ။ သူသည် မူလကတည်းက လျူဝုယာနှင့် မတည့်လှသူ ဖြစ်လေရာ လျူဝုယာ သေဆုံးပြီးနောက် စုချန်း၏ အနေအထားကို ပထမဆုံး အသိအမှတ်ပြုခဲ့သူမှာလည်း သူပင် ဖြစ်သည်။

တွန့်ဖန်း၏ ဆုံးဖြတ်ချက်မှာ အတော်ပင် ရဲတင်းလှ၏။ အခြေအနေ မတည်ငြိမ်သေးခင်တွင် စုချန်းဘက်က ရပ်တည်လိုက်ခြင်းမှာ သူ့အတွက် မကောင်းလှပေ။ တစုံတခုသာ ပြောင်းလဲသွားပါက သူ့အခြေအနေမှာ ဆိုးဝါးသွားနိင်၏။ တော်ဝင်မျိုးနွယ်စုများ၏ အနေအထားကို ထည့်မတွက်နှင့်အုံး။ ယွန်လီယန်တယောက်တည်းနှင့်ပင် သူ့အတွက် အလားအလာ မကောင်းလှချေ။ အကြောင်းမှာ ယွန်လီယန်သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင် ရှိနေပြီး စုချန်းကတော့ သွေးဆူပွက်ခြင်းနယ်ပယ်တွင် ရှိနေလေရာ သူတို့နှစ်ဦးး၏ အဆင့်အတန်းမှာ ကွာဟနေသည် မဟုတ်ပါလား။

သို့သော် တွန့်ဖန်းကတော့ စုချန်းဘက်မှ ရပ်တည်ရန် ဆုံးဖြတ်ထားခဲ့ပြီးလေပြီ။

သူသည် လျူဝုယာ၏ ဘက်တော်သား သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်ကို စုချန်းက တချက်တည်းနှင့် သုတ်သင်ပစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်မဟုတ်ပါလား။ စုချန်း၏ အရည်အချင်းအရ ကိုယ်သေတွင်း ကိုယ်တူးနေခြင်းတော့ မဟုတ်တန်ရာ။

ထိုအတွက်ကြောင့်ပင် တွန့်ဖန်းက စုချန်းဘက်မှ ပြတ်ပြတ်သားသား ရပ်တည်လိုက်ခြင်းပင် ဖြစ်သည်။

ယွန်လီယန်၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်လှုပ်သွား၏။

"ကျန့်ဟွားလီ လျူတုန်းနဲ့ တခြားလူတွေကော သူတို့ ဘာကြောင့် ဒီနေရာမှာ မရှိတာလဲ"

"သူတို့လည်း အဲဒီတုန်းက အကြီးအကဲလျူနဲ့ ရှိနေခဲ့ကြတယ် ဒီတော့ အကြီးအကဲလျူနောက်ကို လိုက်သွားကြပြီ"

ယွန်လီယန် မျက်လုံးပြူးသွား၏။

တယ်လဲရက်စက်တဲ့ ကောင်ပါကလား...

စုချန်းသည် လျူဝုယာကို သတ်ပစ်ရုံမက ၎င်း၏ အမာခံ ဘက်တော်သားများကိုပါ အချိန်တိုအတွင်း ရှင်းပစ်ခဲ့လေပြီ။ စုချန်း၏ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် မြန်ဆန်လှသော လှုပ်ရှားမှုကို ယွန်လီယန်ပင် လိုက်မမီနိုင်တော့။

ဤနေရာတွင် ယွန်လီယန်အတွက် မေးခွန်းတခု ပေါ်လာ၏။

မေးခွန်းမှာ စုချန်းတယောက် မည်သို့ လုပ်ဆောင်ခဲ့သနည်း။

စုချန်းသည် သွေးဆူပွက်ခြင်းနယ်ပယ်တွင်သာ ရှိနေသေးသည်။ သို့တိုင်အောင် လျူဝုယာအပါအဝင် ကျန်လူများအားလုံးကို ရှင်းပစ်နိင်ခဲ့သည်။ ဤသည်မှာ အတော်ပင် အံ့သြစရာ ကောင်းလှသည်။

ထိုအခါ သူက အနီးရှိ ချီစွမ်းအားပညာရှင်တယောက်ကို လှမ်းကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်ကလည်း ယွန်လီယန်၏ သဘောထားကို ချက်ချင်းပင် နားလည်လိုက်သည်။ ဖြစ်ပျက်ခဲ့သမျှ အကြောင်းချင်းရာများကို ခပ်တိုးတိုး ပြောပြလိုက်၏။

၎င်းကို စုချန်းကလည်း ကောင်းစွာ မြင်လိုက်သည်။ သို့သော် သူက ဟန့်တားခြင်းမပြုပဲ ၎င်း ချီစွမ်းအားပညာရှင်၏ မျက်နှာကိုသာ ကျကျနန မှတ်သားထားလိုက်လေသည်။

အဖြစ်အပျက်ကို ယွန်လီယန် နားလည်သွားလေပြီ။ ထိုအခါ သူက ကောက်ကျန်းချိန်းကို ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် လှမ်းကြည့်ပြီး အော်လိုက်သည်။

"ဟေ့ကောင် ကောက်ကျန်းချိန်း"

ချီစွမ်းအားပညာရှင်များကို အသုတ်လိုက်ခွဲပြီး စုချန်း ရှေ့တော်မှောက်သို့ သွင်းပေးခဲ့သူမှာ ကောက်ကျန်းချိန်းမှန်း ယွန်လီယန် သဘောပေါက်သွားပြီ မဟုတ်ပါလား။

ကောက်ကျန်းချိန်းကား ကြောက်လွန်း၍ ခေါင်းပင်မဖော်ရဲတော့။ စုချန်းတွင် ယွန်လီယန်ကို ဆုံးမရန် အကြံအစည် တခုခု ရှိနေပါစေဟုသာ သူ ဆုတောင်းနေမိလေသည်။ စုချန်းသာ ရှုံးနိမ့်သွားပါက သူလည်း ခေါင်းပြတ်ဖွယ်ရာ ရှိနေကြောင်း ကောက်ကျန်းချိန်း သဘောပေါက်သွားလေပြီ။

ယွန်လီယန်က စုချန်းကို လှမ်းကြည့်ပြီး မေးလိုက်ပြန်သည်။

"ဒီတော့ အသိပညာအတည်ပြုသူစုက မူလဗျူရိုကို စီမံခန့်ခွဲရတဲ့ တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဆိုပါတော့"

စုချန်းကလည်း ခပ်တည်တည်နှင့်ပင် ပြန်ဖြေလိုက်သည်။

"ကျုပ်အနေနဲ့ အဲဒီလိုလုပ်ဖို့ တာဝန်ရှိတယ်လို့ ခံယူထားတယ်"

ယွန်လီယန်က ထပ်မေးလိုက်ပြန်သည်။

"ဒီတော့ အသိပညာအတည်ပြုသူစုအနေနဲ့ ဒီတာဝန်ကို ယူပြီးတဲ့နောက်မှာ ဘယ်လိုများ ဆက်လုပ်ဖို့ အစီအစဉ် ဆွဲထားတာ ရှိသလဲ"

ယွန်လီယန်အနေနှင့် စုချန်းကို ပွင့်ပွင့်လင်းလင်း အတိုက်အခံလုပ်ခြင်းမဟုတ်ပဲ ဆက်လုပ်မည့်အစီအစဉ်များကို သိလို၍ မေးမြန်းလိုက်သည့် သဘောဖြစ်သည်။ လူတိုင်းက ယွန်လီယန်၏ စိတ်ကူးကို နားမလည်နိုင်ပဲ ဖြစ်နေကြလေသည်။

စုချန်းကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

"ကျုပ်အနေနဲ့ ကျုပ်ရဲ့ အချိန်တွေကို ဒီအလုပ်ထဲမှာပဲ မြှုုပ်နှံပြီး ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့ တာဝန်ထမ်းဆောင်ဖို့ စိတ်ကူးထားတယ်"

ထိုစကားကို ကြားလိုက်သည်နှင့် ယွန်လီယန်သည် ထူးထူးဆန်းဆန်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။

အတန်ကြာမှ သူက ပြောလိုက်သည်။

"ကျုပ် မင်းကို သဘောမကျဘူး"

ထိုစကားကြောင့် လူတိုင်း၏ နှလုံးသားထဲတွင် တင်းကျပ်စွာ ခံစားလိုက်ရ၏။

ပတ်ဝန်းကျင်တခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားပြန်သည်။ အတန်ကြာမှ ယွန်လီယန်က ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် မင်းဟာ တရားဝင် အသိပညာအတည်ပြုသူပဲ အကြီးအကဲ မရှိတော့ဘူးဆိုရင် အသိပညာအတည်ပြုသူဟာ မူလဗျူရိုရဲ့ အကြီးအကဲအဖြစ် ယာယီ တာဝန်ထမ်းဆောင်ပေးရမယ် ဒါ ဥပဒေနဲ့ ညီတယ် ဒါကြောင့် ကျုပ်အနေနဲ့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"

လူတိုင်းလိုလိုသည် နဝေတိမ်တောင် ဖြစ်ကုန်ကြပြန်သည်။

ယွန်လီယန်က စကားဆက်ပြန်၏။

"အကြီးအကဲလျူ ဘယ်လိုသေသွားတယ် သူ့ကို ဘယ်သူ သတ်သွားတယ်ဆိုတာ ကျုပ် မသိချင်ဘူး သိစရာလည်းမလိုအပ်ဘူး တရားခံကို ရှာဖွေဖို့ဆိုတာ အစိုးရရဲ့ လုပ်ငန်းပဲ ကျုပ်နဲ့ မဆိုင်ဘူး လျူဝုယာ အကြီးအကဲဖြစ် တာဝန်ယူခဲ့စဉ်တုန်းက ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ် ကျုပ်က သူ့ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်ပေးခဲ့တယ် သူ့အမိန့်တွေဟာ ကျိုးကြောင်းဆီလျော်မှုရှိနေသမျှ ကျုပ်က သူ့အမိန့်ကို နာခံခဲ့တယ် ခုလည်း အဲဒီအတိုင်းပဲ မင်းက ကျိုးကြောင်းဆီလျော်တဲ့ အမိန့်တွေ ထုတ်ပြန်နေသေးသမျှ ကျုပ် အမိန့်နာခံမယ် ဒီလိုပြောလို့ မင်းကို ထောက်ခံတယ်လို့တော့ မထင်နဲ့ မတရားတဲ့ အမိန့်တွေကို ကျုပ် လိုက်နာမှာမဟုတ်ဘူး ဒါ့အပြင် ကျုပ်ဟာ မူလဗျူရိုက အမှုထမ်းတဦး ဖြစ်တယ် ဘယ်အုပ်စုနဲ့မှ မဟာမိတ်ဖွဲ့ထားခြင်းမရှိတော့ ဒါကြောင့် တစုံတယောက်နဲ့ တိုက်ခိုက်စရာ ပေါ်လာရင် ကိုယ့်ဟာကိုယ် ရင်ဆိုင်ပါ ကျုပ်ကို ဆွဲမထည့်ပါနဲ့ ကဲ အသိပညာအတည်ပြုသူစု ကျုပ်ပြောတာကိုဟမင်းအနေနဲ့ ကန့်ကွက်စရာများ ရှိသလား"

စုချန်းက ရယ်မောလိုက်သည်။

"ဒီအတိုင်းဆိုရင် ဘာမှ ကန့်ကွက်စရာ မရှိပါဘူးဗျာ ဒီတော့ ဆရာယွန် ဘာမှစိတ်မပူပါနဲ့ ကျုပ် ဒီတာဝန်ကို အကောင်းဆုံး ထမ်းဆောင်မှာပါ"

"ကောင်းပြီလေ ဒါဆိုရင်လည်း ကျုပ်ကို သွားခွင့်ပြုပါအုံး"

စကားဆုံးသည်နှင့် ယွန်လီယန်သည် ချာခနဲလှည့်ကာ ကျောခိုင်းထွက်ခွာသွားလေသည်။ စုချန်းကလည်း တားဆီးခြင်းမရှိပဲ အသာပင် စောင့်ကြည့်နေ၏။

ယွန်လီယန်တယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် စုချန်းက မေးလိုက်သည်။

"ပြသနာတွေတော့ ရှင်းသွားပြီ ဒီတော့ ကျုပ် ဒီတာဝန်ကိုယူတာ ကန့်ကွက်ချင်တဲ့လူ ရှိသေးလား မရှိရင် အားလုံး ပြန်နိုင်ပြီ"

စုချန်း၏ စကားဆုံးသည်နှင့် လူတိုင်းသည် အချုပ်အနှောင်မှ လွတ်မြောက်သွားသည့်ပမာ အလုအယက်နှင့် ထွက်ခွာသွားကြကုန်၏။

သိပ်မကြာမီ တခန်းလုံး လူသူကင်းရှင်းသွားတော့သည်။

ထိုအခါကျမှ စုချန်းက ပြောလိုက်၏။

"ကောင်းပြီ မင်းတို့အားလုံး ထွက်လာနိုင်ပြီ"

အရိပ်အစေခံငါးယောက် တဖြည်းဖြည်း ထွက်ပေါ်လာ၏။

ကွေ့တာရှန်းက ပြောလိုက်သည်။

"သခင် ခုနက ကြည့်ရတာ ယွန်လီယန် ကျွန်တော်တို့ ရှိနေမှန်း သတိထားမိသွားဟန် တူတယ်"

"မှန်တယ် ဒီလူမှာ အန္တရာယ်ကို ထောက်လှန်းနိုင်တဲ့ စွမ်းရည်တမျိုး ရှိနေဟန် ပေါ်တယ် ကြည့်ရတာ နောက်ဆိုရင် မင်းတို့ဆီက ထွက်နေတဲ့ အန္တရာယ် အငွေ့အသက်တွေကို ဖုံးကွယ်ထားနိုင်မဲ့ နည်းလမ်းတမျိုးမျိုးတော့ ဖော်ထုတ်ထားဖို့ လိုနေပြီ"

ငါးယောက်သား ဝမ်းသာကုန်ကြ၏။

စုချန်းက ထပ်မံ၍ အမိန့်ပေးလိုက်ပြန်သည်။

"ပြသနာတွေလည်း ရှင်းပြီဆိုတော့ မင်းတို့ ပြန်ပြီး လေ့ကျင့်ကြပေတော့ တယောက်ကတော့ ယွန်လီယန်ကို စောင့်ကြည့်ထား အန္တရာယ်အငွေ့အသက်ကို မပေါ်စေပဲ သာမာန်ပဲ စောင့်ကြည့် ဒါဆိုရင် မင်းတို့ကို သူ မထောက်လှန်းနိုင်ဘူး တယောက်ကတော့ မြို့တော်အရှင်သခင်ရဲ့ အိမ်တော်ကို သွားပြီး သတင်းပို့ချေ မြို့တော်အရှင်သခင်ကို ဘာပြောရမလဲဆိုတော့....."

စုချန်းက စကားကို ခေတ္တရပ်ပြီးမှ ပြန်ပြောလိုက်သည်။

"ဒီနေ့ကစပြီး မူလဗျုရိုဟာ 'အန်း' ဆိုတဲ့ အမည်နာမရဲ့အောက်ကို ကျရောက်သွားပြီလို့ ပြောလိုက်ပါ"

All Chapters