တပ်ရင်းများ
Vol. 37 Ch. 366
မြို့တော်အရှင်သခင်၏ အိမ်တော်တွင် ဖြစ်သည်။
"ဟား ဟား ဟား ဒီနေ့ကစပြီး မူလဗျူရိုဟာ အန်း ဆိုတဲ့ အမည်နာမတော်ရဲ့ အောက်ကို ကျရောက်သွားပြီ ဟုတ်လား ကောင်းလိုက်တဲ့ စကား"
အန်စီယွမ် အားရပါးရ ရယ်မောလိုက်၏။ ထို့နောက် သူက နေရာမှ ထပ်ရပ်ပြီး ပြောလိုက်သည်။
"အရင် မူလဗျူရိုရဲ့ အကြီးအကဲ လျုဝုယာက တော်ဝင်မျိုးနွယ်စုတွေကို သစ္စာခံပြီး မူလဗျူရိုကို တရားဥပဒေစိုးမိုးမှုမရှိတဲ့ နေရာ ဖြစ်သွားအောင် ပြောင်းလဲပေးခဲ့တယ် ခုတော့ စုချန်းက လျုဝုယာကို သတ်ပစ်လိုက်ပြီ လျုဝုယာရဲ့ သစ္စာခံတွေကိုလည်း ရှင်းပစ်လိုက်ပြီ ဒီကောင် အလုပ်လုပ်တာ တကယ်တော်တာပဲ"
အန်းစီယွမ်၏ နောက်တွင် မတ်တပ်ရပ်နေသော စာပေသမားဝတ်စုံနှင့်လူက ဝင်ပြောလိုက်သည်။
"မှန်ပါတယ် သခင်ကြီး စုချန်း တကယ်တော်ပါတယ် ဒါပေမဲ့ ဒီကိစ္စကြီးတခုလုံးကတော့ ရှင်းသွားပြီလို့ မဆိုနိုင်သေးဘူး ထင်တယ်"
"အင်း ဒီတော့ မင်း ပြောချင်တာက..."
"ဒီလိုပါ သခင်ကြီး ခုဆိုရင် အသိပညာအတည်ပြုသူစုချန်းဟာ မူလဗျူရိုရဲ့ အကြီးအကဲ ဖြစ်သွားပြီ ဒါပေမဲ့ ဒါက ယာယီပဲ ရေရှည်မှာ တစုံတခု ပြောင်းလဲသွားနိုင်တယ် ဒါကြောင့် ကျွန်တော်တို့ဘက်က သူ့ကို ဒီရာထူးအတွက် တရားဝင်ခန့်အပ်လိုက်တာမျိုး လုပ်သင့်တယ်"
"မင်း ပြောတာ သိပ်မှန်တယ် ယီယန် သိပ်မှန်တယ် ကျုပ် အကြီးအကဲတွေကို အကြောင်းကြားပြီး စုချန်းကို ရာထူးတိုးမြှင့်ပေးဖို့ ပြောလိုက်မယ်"
"စုချန်းဟာ လောင်းမျိုးနွယ်ကို တကြိမ်တခါ အနိုင်ရခဲ့ပြီးပြီ ဒါပေမဲ့ လောင်းမျိုးနွယ်ဘက်ကလည်း ဒီလောက်နဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘူး သခင်ကြီး ရေရှည်မှာဆိုရင် စုချန်း အကြပ်ရိုက်သွားနိုင်တယ် ပြီးတော့ ဒီလူတွေအကုန်လုံးကို သူ တယောက်တည်း ရင်ဆိုင်ဖို့ဆိုတာ သိပ်မလွယ်လှဘူး"
အန်းစီယွမ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်တယ် သူရဲ့ သတင်းပို့ချက်အရ ကျုပ်ကို ဝင်ပါစေချင်ကြောင်း အချက်ပြလိုက်တဲ့ သဘောပဲ အခွင့်အရေးတော့ အတော်ယူတတ်တဲ့ ကောင်လေး တခုတော့ ရှိတာပေါ့ ဒီလိုလုပ်လိုက်တော့ ကျုပ်ဘက်မှာ သူ အပြည့်အဝ ရှိနေတယ်ဆိုတာကို သက်သေပြလိုက်တဲ့ သဘောကို ဆောင်တယ် ဒီလိုဆိုတော့လည်း ကျုပ်ဘက်က သူ့ကို အကူအညီ ပေးရတော့မှာပေါ့ ဒီလိုမှ မကူညီရင် နောင်အခါ ကျုပ်ဘက်က ဘယ်သူမှ ရပ်တည်တော့မှမဟုတ်ဘူး ဒီတော့ ဒီလိုလုပ် ကျုပ်လူတွေထဲက သွေးဝတ်ရုံ တပ်ရင်းနှစ်ရင်းကို စုချန်း လက်ထဲ ထည့်ပေးလိုက်ဗျာ"
"ကောင်းပါပြီခင်ဗျာ"
သွေးဝတ်ရုံတပ်ဖွဲ့ဟူသည်မှာ အန်းစီယွန်ကိုယ်တိုင် လေ့ကျင့်ပေးထားသော ထိပ်တန်း အစောင့်တပ်ဖွဲ့များအနက်မှ တဖွဲ့ ဖြစ်သည်။ ၎င်းတပ်ဖွဲ့သည် အရေအတွက်အားဖြင့် နည်းပါးသည်မှန်သော်လည်း တဦးချင်းစီသည် ချီစုဆောင်းခြင်းနယ်ပယ် အဆင့်မြင့်အလွှာရှိ ပညာရှင်များ ဖြစ်ကြပြီး တပ်ရင်းခေါင်းဆောင်များမှာလည်း သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်များ ဖြစ်ကြသည်။ ၎င်းတို့၏ အင်အားမှာ ပျမ်းမျှသာဖြစ်သော်လည်း စုပေါင်းတိုက်ခိုက်ရာတွင် အထူးကောင်းမွန်လှသလို တခြားစွမ်းရည်ကိုယ်စီလည်း ရှိနေကြ၏။ သွေးဝတ်ရုံတပ်သား ဆယ်ယောက်ပူပေါင်းထားလျင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယောက်ကို ကောင်းစွာ ရင်ဆိုင်နိုင်သည် ဖြစ်လေရာ ၎င်းတို့၏ အင်အားကို အထင်သေး၍ မရပေ။
ယခု အန်းစီယွန်က စုချန်း၏ လက်ထဲသို့ သွေးဝတ်ရုံ တပ်ရင်းနှစ်ရင်း ပေးအပ်လိုက်ခြင်းကြောင့် သူ့အနေနှင့် စုချန်းအပေါ် မည်သို့ သဘောထားကြောင်း ပေါ်လွင်နေပေသည်။ ထို့ပြင် သူသည် ဤနည်းအားဖြင့် စုချန်းကို အပြည့်အဝ ကာကွယ်နိုင်မည် ဖြစ်သလို မူလဗျုရိုကိုလည်း ကောင်းကောင်းထိန်းချုပ်သွားနိုင်မည် ဖြစ်သည်။ ခဲတလုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပေတည်း။
"ဒီအတိုင်းဆိုရင်တော့ မူလဗျုရိုကို ဖြတ်တောက်ထားတဲ့ ငွေကြေးကို ကျုပ်တို့ ပြန်ပေးရတော့မယ်"
အန်းစီယွန်က မှတ်ချက်ပြုလိုက်၏။
မြို့တော်၏ အရှင်သခင်တယောက်အနေနှင့် အန်းစီယွန်သည် ရန်ပုံငွေများအပေါ် စီမံခန့်ခွဲပိုင်ခွင့်ရှိနေ၏။ ယခင် မူလဗျူရို၏ အကြီးအကဲ လျူဝုယာသည် အန်းစီယွန်နှင့် မတည့်ချေ။ ထို့ကြောင့် အန်းစီယွန်က မူလဗျူရိုအတွက် အစိုးရ၏ ထောက်ပံ့ငွေကို ဖြတ်တောက်ထားခဲ့၏။ ပြီးခဲ့သည့် ဆယ်နှစ်လုံးလုံးတွင် မူလဗျူရိုသည် တော်ဝင်မျိုးနွယ်စု ဆယ်စု၏ ထောက်ပံ့ငွေဖြင့်သာ ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။ ထိုအချက်သည် လျူဝုယာကို အခက်တွေ့စေခဲ့သည်သာမက အန်းစီယွန်ကိုလည်း ပြန်လည်အကြပ်ရိုက်စေခဲ့၏။ အကြောင်းမှာ လစာမရခြင်းကြောင့် မူလဗျူရိုမှ လူ အတော်များများသည် အန်းစီယွန်၏ အမိန့်ကို မနာခံတော့ခြင်းပင်။ မိမိစားပွဲပေါ်တွင် စားစရာ မတင်ပေးသော လူ၏ အမိန့်ကို မည်သူက နာခံနေအံ့နည်း။
ယခု မူလဗျူရို စုချန်းလက်အောက်သို့ ရောက်သွားသည်နှင့် တပြိုင်နက် အန်းစီယွန်ကလည်း ထိုထောက်ပံ့ငွေများကို ချက်ချင်းပင် ထုတ်ပေးလိုက်၏။ ထိုငွေများက စုချန်းကို ထိရောက်စွာ ကူညီနိုင်ပေလိမ့်မည်။ တဖက်တွင်လည်း လူထု၏ အမြင်ကို ပြောင်းလဲလာစေရန် စွမ်းဆောင်ပေးနိုင်မည် ဖြစ်သည်။ အကြမ်းဖက်သော နည်းလမ်းသည် ရေတိုနည်းလမ်းသာ ဖြစ်ပြီး ရေရှည်တွင်မူ စေ့စပ်ညှိုနှိုင်းသော နည်းလမ်းကသာ အလုပ်ဖြစ်သည်ဟု အန်းစီယွန်က ယူဆထား၏။
တဖက်တွင်လည်း ထိုထောက်ပံ့ငွေများကြောင့် မူလဗျူရိုအနေနှင့် တော်ဝင်မျိုးနွယ်စုများကို အားကိုးနေရန် မလိုတော့ချေ။
အန်းစီယွန်က ပြောလိုက်၏။
"အရာရှိစို့ကို ပြောလိုက် နက်ဖြန် ပွဲတပွဲလောက် စီစဉ်ပေးလို့ ကျုပ်အနေနဲ့ စုချန်းကို ဂုဏ်ပြုဖို့လိုတယ်"
"ကောင်းပါပြီ သခင်ကြီး"
____________×××_____________×××___________
"ယူအာ ယူအာ "
လောင်းချိန်းကျန်းသည် အိပ်ယာပေါ်တွင် လဲလျောင်းနေသော သားဖြစ်သူကို ကြည့်ပြီး ခါးသီးနာကြင်စွာ အော်ခေါ်နေ၏။
လောင်းရှောက်ယူသည် ကုတင်ပေါ်တွင် ပက်လက်လှန်လျက် သတိမေ့နေခြင်း ဖြစ်သည်။ သူ့မျက်နှာသည်ကား အနက်ရောင်ချီလှိုင်းများ တွန်းကန်မှုကြောင့် မဲနက်နေ၏။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုချီလှိုင်းများ စုဝေးလာတိုင်း လောင်းရှောက်ယူ၏ မျက်နှာပေါ်တွင် ပုံရိပ်အမျိုးမျိုးကို ဖြစ်ပေါ်နေစေခြင်းပင်။ ထိုချီလှိုင်းများသည် တခါတရံတွင် မကောင်းဆိုးဝါးတကောင်ကဲ့သို့ ဖြစ်ပေါ်လာပြီး တခါတရံတွင် သွေးစွန်းနေသော စစ်မြေပြင်ကဲ့သို့ ထင်ရ၏။ တနည်းအားဖြင့် ထိုအရိပ်များကြောင့် သူ့တကိုယ်လုံးတွင် ပြဇတ်ကပြနေသကဲ့သို့ ထင်မှတ်ရလေသည်။
အနက်ရောင်မီးခိုးများကြားမှ လွတ်မြောက်လာကတည်းက လောင်းရှောက်ယူတယောက် ဤအခြေအနေဆိုးမျိုးနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ လောင်းချိန်းကျန်းအနေနှင့် သူ့သားကိုယ်တွင်းရှိ အနက်ရောင်ချီအားလှိုင်းများကို မည်သို့ ထုတ်ယူရမည်ကို စဉ်းစားမရပဲ ဖြစ်နေရှာ၏။ ဤအတိုင်းဆိုလျင် လောင်းရှောက်ယူတယောက် ထာဝရ မေ့မြောနေတော့မည့် ပုံပင်။
လောင်းရှောက်ယူကို ကုသပေးနေသည့် သမားတော်က စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါရင်း ပြောလိုက်သည်။
"ကျုပ်ကိုက ညံ့လွန်းပါတယ်လေ ဒီလိုရောဂါမျိုးကို ကျုပ်ဖြင့် တခါမှ မတွေ့ဖူးပါဘူးဗျာ"
"ဆရာကျန်း ခင်ဗျားဟာ ကြည်လင်မြစ်မြို့တော်မှာ အတော်ဆုံး သမားတော်ပဲ တခုခု လုပ်စမ်းပါအုံးဗျာ"
လောင်းချိန်းကျန်းက စိုးရိမ်ပူပန်စွာနှင့် ပြောလိုက်၏။
ဆရာကျန်းက ခေါင်းခါပြလိုက်၏။
"ဒီလို ရောဂါမျိုးကို ကျုပ်မှ မတွေ့ဖူးပဲ ဘာလုပ်နိုင်အုံးမှာတုန်းဗျ လောင်းသခင်ကြီး ခင်ဗျားအနေနှင့် ကျုပ်ထက် ထူးချွန်တဲ့ သမားတော်တယောက်ကိုသာ ရှာလိုက်ပါတော့ဗျာ"
စကားဆုံးသည်နှင့် သူက အိမ်ပြန်ရန် ပစ္စည်းပစ္စယများကို ကောက်ယူသိမ်းဆည်းနေတော့သည်။
လောင်းချိန်းကျန်းက အံကြိတ်ရင်း ပြောလိုက်ပြန်သည်။
"ခင်ဗျားက ဒီမြို့မှာ အတော်ဆုံး သမားတော်ပဲလေ ဆရာကျန်း ခင်ဗျားတောင် ဘာမှ မတတ်နိုင်ဘူးဆိုရင် တခြား ဘယ်သူကော တတ်နိုင်အုံးမှာလဲဗျ"
လောင်းချိန်းကျန်း၏ စကားကြောင့် ဆရာကျန်းက စိတ်မရှည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
"ခင်ဗျား ကျုပ်ကို ဒီလို မပြောပါနဲ့ဗျ ခင်ဗျားလည်း မြင်နေသားပဲ ဒါ ရောဂါမှ မဟုတ်တာ ထူးဆန်းတဲ့ မူလစွမ်းရည် တမျိုးမျိုးကြောင့် ရရှိလာတဲ့ ဒဏ်ရာပဲဟာကို ဒီကမ္ဘာကြီးပေါ်မှာ မူလစွမ်းရည် မျိုးစုံ ရှိတယ်ဗျ အဲဒီထဲကမှ အများစုကို ဆေးပညာနဲ့ ကုသလို့မရဘူး အဲဒီထဲမှာ ဒီလို ကျိန်စာမျိုးလည်း ပါတာပေါ့ ဒီတော့ ဒီကျိန်စာကို ကျုပ် မကုသပေးနိုင်ဘူး ခင်ဗျားတို့အနေနဲ့ သူ့ကို ဒဏ်ရာရစေခဲ့တဲ ပုဂ္ဂိုလ်ကိုပဲ ဦးစားပေးရှာသင့်တယ်"
စကားဆုံးသည်နှင့် ဆရာကျန်းသည် သူ့ပစ္စည်းများကို ကောက်ယူကာ တချိုးတည်း ထွက်ခွာသွားလေသည်။
လောင်းချိန်းကျန်း ဘာမှ မတတ်နိုင်တော့။ ထိုအခါသူက ခြံဝင်းထဲသို့ ဆင်း၍ အစောင့်များကို အော်ခေါ်လိုက်၏။
"ဟေ့ အစောင့်တွေ လာကြစမ်း"
"အမိန့်ရှိပါ သခင်ကြီး"
ထူးသံနှင့်အတူ စန်းမော့ယွမ်တယောက် အပြေးတပိုင်းနှင့် ရောက်ရှိလာ၏။
"ရှိသမျှလူတွေ အကုန်စုစည်းပြီး စုအိမ်တော်ကို ချီတက်ခိုင်းစမ်းကွာ ဒီနေ့ပဲ စုချန်းဆိုတဲ့ကောင်ကို အပြတ်ရှင်းပစ်မယ်"
လောင်းချိန်းကျန်း၏ အသံသည် သွေးဆာနေဟန်ရှိ၏။
"ဖြစ်ပါ့မလား သခင်ကြီး"
စန်းမော့ယွမ်က ခေါင်းကိုငုံ့ကာ မဝံ့မရဲနှင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲကွ"
စန်းမော့ယွမ်က သူသိထားသည့် သတင်းကို တင်ပြလိုက်၏။
"စုချန်းက ဒီကနေအပြန်မှာ စုအိမ်တော်ကို မသွားပဲ မူလဗျူရိုကို သွားခဲ့တယ်လို့ သိရတယ် သခင်ကြီး"
"မူလဗျူရို ဟုတ်လား"
လောင်းချိန်းကျန်းက တစုံတရာကို စဉ်းစားမိသွားသဖြင့် ထအော်လိုက်သည်။
"ဟာ သေစမ်း ဒါဆိုရင် ဒီကောင်....."
"ဟုတ်ပါတယ် သခင်ကြီး ဒီကောင်စုချန်းဟာ လျူဝုယာရဲ့ လက်အောက်မှာရှိတဲ့ ချီစွမ်းအားပညာရှင်တွေနဲ့ သိုင်းပညာရှင်တွေ အကုန်လုံးကို သိမ်းသွင်းပြီး လျူဝုယာရဲ့ နေရာကို ဝင်ယူလိုက်ပါပြီ ပြီးတော့ လျူဝုယာရဲ့ အမာခံဘက်တော်သားတွေ အကုန်လုံးကို ဒီကောင် သတ်ပစ်လိုက်တယ်လို့ သိရပါတယ် ဒါတင်မကဘူး ဒီကောင်ဟာ ယွန်လီယန်ကိုပါ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ် နောက်ဆုံးမှာတော့ မူလဗျူရိုကို သူ ထိန်းချုပ်နိုင်ခဲ့ပြီလို့ စုချန်းက အန်းစီယွန်ဆီ သတင်းပို့ခဲ့ပါတယ်"
"ခွေးမသား"
လောင်းချိန်းကျန်း ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။ သူ့ထံမှ ထွက်ပေါ်လာသည့် အားလှိုင်းများကြောင့် အနီးရှိ နှစ်တရာသက်တမ်းရင့် သစ်ပင်ကြီးပင် ဝုန်းခနဲ လဲပြိုသွားတော့သည်။
"ဒီကောင့်ကို ငါ သတ်ပစ်မယ်"
သူ နောက်ထပ်ပြောမည့် အကြောင်းအရာကဟလောင်းချိန်းကျန်းကို ပို၍ ဒေါသထွက်စေလိမ့်မည်မှန်း စန်းမော့ယွမ် သိထား၏။ ထို့ကြောင့် သူက အားလှိုင်းများကို ကိုယ်လုံးအနှံ့ လှည့်လည်နေစေပြီးမှ ထပ်ပြောလိုက်သည်။
"အန်းစီယွန်ကလည်း ဒီသတင်းကို ကြားတာနဲ့ သွေးဝတ်ရုံ တပ်ရင်းနှစ်ရင်းကို စုချန်းလက်ထဲ ထည့်ပေးလိုက်ပါတယ်"
လောင်းချိန်းကျန်း ပေါက်ကွဲသွားလေပြီ။ ဒေါသထွက်လာလျင် နီးစပ်ရာလူကို ရိုက်နှက်တတ်သော သူ့သဘာဝကြောင့် စန်းမော့ယွမ်ခမျာ လက်သီးနှင့် အထိုးခံလိုက်ရကာ လေထဲသို့ လွင့်စင်သွား၏။ နံရိုးနှစ်ချောင်းမှာလည်း သွင်သွင်ကျိုးသွားလေသည်။
လောင်းချိန်းကျန်းက စန်းမော့ယွမ်ကို ဒေါသတကြီးနှင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"ဒီတော့ မင်းက ငါ့အနေနဲ့ စုချန်းကို သတ်ချင်ရင်တောင် သတ်နိုင်စွမ်းမရှိတော့ဘူးလို့ ပြောနေတာပေါ့ ဟုတ်လား"
သွေးဝတ်ရုံအဖွဲ့သားများသည် အင်အားကိုသာ ကိုယ်စားပြုသည်မဟုတ်။ အစိုးရကိုလည်း ကိုယ်စားပြုလေသည်။ မည်သို့ဆိုစေ လောင်းချိန်းကျန်းအနေနှင့် စုချန်းကို သတ်လိုက သတ်နိုင်သေး၏။ သို့သော် ထိုသို့ သတ်လိုက်ပါက စစ်ကြေငြာလိုက်သည်နှင့် အတူတူသာ။
ဖြစ်လာမည့် အကျိုးဆက်မှာကား မနည်းလှပေ။
လောင်းချိန်းကျန်း၏ မေးခွန်းကို စန်းမော့ယွမ်က ပြန်မဖြေတော့ပဲ ပါးစပ်ပိတ်ထားလိုက်သည်။ သူ့အနေနှင့် ပြောစရာရှိသည်တို့ကို ကုန်စင်အောင် ပြောပြီးသွားပြီ ဖြစ်သည်။ ဆုံးဖြတ်ရမည်က လောင်းချိန်းကျန်း၏ တာဝန်သာ ဖြစ်သည်။
လောင်းချိန်းကျန်းသည် အတန်ကြာအောင် စဉ်းစားနေ၏။ ပြီးမှ သူက ပြောလိုက်သည်။
"ကျုပ်တို့ အရင်ဆုံး ဝေလျန်ချန်းကို အရင်ရှာကြမယ် ယူအာရဲ့ ဝေဒနာနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက ဒီကောင့်ကိုပဲ အရင်ဆုံး တာဝန်ယူခိုင်းရမယ်"
စန်းမော့ယွမ်က ပြန်ဖြေလိုက်သည်။
"ဒါကို ကျွန်တော်တို့ အစောကြီးကတည်းက လုပ်နေပါတယ် ဒါပေမဲ့ ဝေလျန်ချန်းဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် ဖြစ်နေတယ် သူသာ ဆန္ဒရှိရင် ဒီမြို့ကနေ အချိန်မရွေး ထွက်ပြေးသွားလို့ရတယ် သူ့ကို ဖမ်းမိဖို့တော့ အလွန်ခက်ပါတယ် သခင်ကြီး"
လောင်းချိန်းကျန်း ထပ်မံဒေါသထွက်လာပြန်သည်။
"ဒီတော့ မင်းတို့က ဒီကောင် ဝေလျန်ချန်းကိုတောင် တွေ့အောင်မရှာနိင်ဘူးပေါ့ ဟုတ်လား"
ဤတကြိမ်တွင်တော့ စန်းမော့ယွမ်က ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်သည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး သခင်ကြီး အစောပိုင်းတုန်းက ဝေလျန်ချန်းဟာ စုချန်းဆီက ပစ္စည်းတခု လိုချင်နေတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ရတယ် ဒါကြောင့် စုချန်းဘက်က သူ ဝင်ကူတာပဲ ပစ္စည်းမရသေးခင် စုချန်းကို သူ မသေစေချင်ဘူးလေ"
"ဒီတော့ မင်းဆိုလိုတာ..."
"ဒါကြောင့် ဝေလျန်ချန်းဟာ စုချန်းဆီကို သေချာပေါက် ပြန်လာလိမ့်မယ် စုချန်းကိုသာ မျက်စေ့ဒေါက်ထောက် ကြည့်ထားရင် ကျွန်တော်တို့အနေနဲ့ ဝေလျန်ချန်းကို တွေ့နိုင်မှာပဲ သခင်ကြီး"
"ကောင်းတယ် အဲဒီအတိုင်းသာ ဆောင်ရွက်ပေတော့ ဒီတခါတော့ ကျုပ်ကို စိတ်မပျက်စေနဲ့ကွာ"