ဂုဏ်ပြုပွဲ
Vol. 37 Ch. 367
"ဂုဏ်ယူပါတယ်ဗျာ ဂုဏ်ယူပါတယ်"
ဤယနေ့ညတွင်တော့ မြို့တော်အရှင်သခင်၏ အိမ်တော်မှ အောင်ပွဲခံသံများ၊ ဂုဏ်ပြုသံများနှင့် ဆူညံနေ၏။
မူလဗျူရို၏ စွမ်းအင်ချိန်ခွင်လျှာ ပြောင်းလဲသွားသည့်သတင်းသည် ကြည်လင်မြစ်မြို့တော်တခွင်လုံးသို့ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ လူတိုင်းလိုလို၏ ပါးစပ်ဖျားတွင် ထိုသတင်းသည် ရေပန်းစားနေ၏။
မြို့တော်အရှင်သခင်၏ အိမ်တော်ရှိ ဂုဏ်ပြုပွဲအခမ်းအနားသည် ထိုသတင်းကြောင့်ပင် ဖြစ်ကြောင်း လူတိုင်း သိရှိထား၏။ အန်းစီယွန်နှင့် မူလဗျူရို၏ အခြေအနေကို သူတို့အားလုံး နားလည်သဘောပေါက်ထားကြသည် မဟုတ်ပါလား။
ထို့ကြောင့် ဖိတ်ကြားခံထားရသော ဧည့်သည်အများအပြားသည် အန်းစီယွန်ကို ဝိုင်းဝန်းဂုဏ်ပြုနေကြလေသည်။
သို့သော် အန်းစီယွန်ဘက်ကတော့ ဤဧည့်ခံပွဲသည် မူလဗျူရိုအား သူ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့်ဟု ပွင့်ပွင့်လင်းလင်း ပြောမပြနိုင်ပဲ ရှိနေ၏။ အကြောင်းမှာ မယားငယ်၏ မွေးနေ့ပွဲကို အကြောင်းပြ၍ အန်းစီယွမ်က ဤဧည့်ခံပွဲကို ကျင်းပထားခြင်းကြောင့်ပင် ဖြစ်သည်။
ဧည့်သည်များကား ဝင်လာမစဲ တသဲသဲ ရှိကြကုန်၏။ ဂုဏ်ပြုသံ၊ စကားပြောသံများမှာလည်း လှိုင်လှိုင်ပေါ်ထွက်နေလေသည်။
အန်းစီယွန်သည် ပင်မခန်းမဆောင်၏ ထိပ်ရှိ ခုံမြင့်ကြီးပေါ်တွင် အခန့်သား ထိုင်လျက်ရှိသည်။ သူ၏ လက်ဝဲဘက်တွင်တော့ မျက်နှာပြဲပြဲ၊ နှာခေါင်းချွန်ချွန်နှင့် သိမ်းငှက်ခြေသည်းကဲ့သို့ လက်ချောင်းများကို ပိုင်ဆိုင်ထားသည့် လူတယောက် ထိုင်နေ၏။ ထိုလူ၏ နာမည်မှာ လုချိန်ကွမ်းဟု ခေါ်သည်။ သူသည် စီရင်စုရုံး၏ အကြီးအကဲတဦးဖြစ်ပြီး အန်ုးစီယွန်၏ အယုံကြည်ရဆုံး မဟာမိတ်တဦး ဖြစ်သည်။ အန်းစီယွန်၏ ညာဖက်တွင် ထိုင်နေသူကတော့ စုချန်း ဖြစ်သည်။ ၎င်းကို ကြည့်ရုံနှင့် စုချန်းကို ညာလက်ရုံးအဖြစ် အန်းစီယွန်က သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိသာနေလေသည်။
"အသိပညာအတည်ပြုသူစုဟာ တကယ်ကို ထူးချွန်ပါပေတယ် တယောက်တည်းနဲ့ လျန်၊ လောင်း မျိုးနွယ်စုနှစ်စုကို ကောင်းကောင်းကြီး ပညာပေးနိုင်ခဲ့တယ် ပိုပြီး အရေးကြီးတာက သခင်လေးစုဟာ အသက်အရွယ်နဲ့ မလိုက်အောင် သူရဲကောင်းဆန်နေတာပဲ"
အန်းစီယွန်က သူ့ခွက်ကို စုချန်းဘက်သို့ မြှောက်ပြပြီး အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
"မြို့တော် အရှင်သခင်ရဲ့ ဂုဏ်ပြုမှုကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"
စုချန်းကလည်း သူ့ခွက်ကို ပြန်မြှောက်ပြရင်း ပြောလိုက်သည်။
"ဒါပေမဲ့ ဒီနေ့ကစပြီး စုချန်းဟာ လျန်၊ လောင်း မျိုးနွယ်စုနှစ်စုတင် မကဘူး တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးနဲ့ ရင်ဆိုင်ရတော့မယ် မြို့တော်အရှင်သခင်ရဲ့ အကူအညီကိုသာ မရရင် စုချန်းတယောက်တည်း ဒါကို မလုပ်နိုင်ပါဘူး ခင်ဗျာ"
အစောပိုင်းတိုက်ပွဲသည် စုချန်းနှင့် မျိုးနွယ်စုနှစ်စုအကြား ပုဂ္ဂိုလ်ရေးတိုက်ပွဲမျှသာ ဖြစ်သည်။ ကျန်မျိုးနွယ်စုများ ပါဝင်လာခြင်းမရှိ။ သို့သော် မူလဗျုရိုကို လက်ပြောင်းယူလိုက်ပြီး အန်းစီယွန်၏ မဟာမိတ်အဖြစ် စုချန်း ရပ်တည်လိုက်ကတည်းက အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မူလဗျုရိုမှာ မျိုးနွယ်စုနှစ်စုနှင့်သာ ဆိုင်သည်မဟုတ်။ တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်း၏ ဤတကွက်ကတော့ တော်ဝင်မျိုးနွယ်စု ဆယ်စုလုံးကို အတိုက်အခံ လုပ်လိုက်သည်နှင့် တူနေလေသည်။ တနည်းအားဖြင့် ပွင့်ပွင့်လင်းလင်း စစ်ကြေငြာလိုက်သည့် သဘောပင်။
"ဒါနဲ့ အသိပညာအတည်ပြုသူစု"
တချိန်လုံး ငြိမ်နေသည့် လုချိန်ကွမ်းက ဝင်မေးလိုက်၏။
"ကျုပ်နားမလည်တာ တခုရှိသေးတယ်ဗျ"
"ဟုတ်ကဲ့ အမိန့်ရှိပါ ခေါင်းဆောင်လု"
"ပြီးခဲ့တဲ့ တိုက်ပွဲမှာ အသိပညာအတည်ပြုသူစုဟာ လျုဝုယာကို သတ်ပစ်နိုင်ခဲ့တယ် လောင်းချိန်းကျန်းရဲ့ လက်ထဲက အထိအခိုက်မရှိပဲ ထွက်ပြေးလာနိုင်ခဲ့တယ် ဒီစွမ်းဆောင်ရည်ဟာ တကယ်ကို အံ့သြစရာကောင်းတယ် ဒါပေမဲ့ အသိပညာအတည်ပြုသူစုအနေနဲ့ ဒါကို ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာကို ကျုပ် နားမလည်ဘူး ဖြစ်နေတယ် ရှင်းပြပေးနိင်မလား"
စုချန်းက ခေတ္တ စဉ်းစားဟန် ပြုလိုက်သည်။ ထို့နောက် သူက ခေါင်းတချက်ညိတ်ကာ ပြောလိုက်၏။
"ကောင်းပြီလေ လျှို့ဝှက်ထားရမဲ့ အချိန်မှ မဟုတ်တော့တာ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ့မယ် ဒီအဖြစ်အပျက်ကြီး တခုလုံးဟာ လီမျိုးနွယ် အိမ်တော်ကနေ စတင်ခဲ့တာလို့ ပြောရင် ပိုမှန်လိမ့်မယ်ဗျ...."
ထို့နောက် စုချန်းသည် သူ နဂါးကျောင်းတော်တွင် ရှိနေစဉ်က လီအိမ်တော်မှ ထူးဆန်းသော ဖြစ်ရပ်များကို ကြားသိခဲ့ရကြောင်း ပြန်ပြောပြလိုက်၏။
"ဒီအကြောင်းကို ကျုပ်ကြားတော့ ဒီအဖြစ်အပျက်တွေကို အနီးကပ် စုံးစမ်းနိုင်ဖို့ လီအိမ်တော်ကို ဝယ်လိုက်ရင် ကောင်းမယ်လို့ တွေးမိလာတယ် အဲဒါနဲ့ ဒီကို လူတယောက်လွှတ်ပြီး လီအိမ်တော်ကို ဝယ်ခိုင်းလိုက်တယ် ဒါပေမဲ့ ဒီအိမ်ကို ကျုပ်နဲ့ အပြိုင် လုဝယ်မဲ့ လူ ပေါ်လာလိမ့်မယ်လို့ ကျုပ် လုံးဝ မျှော်လင့်မထားခဲ့ဘူး.."
ထို့နောက် စုချန်းသည် ဖြစ်ပျက်ခဲ့သည့် အကြောင်းချင်းရာများကို ကျကျနနပင် ရှင်းပြလိုက်၏။ ခန်းမထဲတွင် လူများလှသော်လည်း စုချန်းက အသံကို ထိန်း၍ ပြောနေခြင်း ဖြစ်သည်။ ထို့ကြောင့် အန်းစီယွန်၊ လုချိန်ကွမ်းနှင့် အန်းစီယွန်၏ ဦးနှောက်ဟု တင်စားခံရသော စာပေသမားထိုက်ယန်မှတပါး အခြား မည်သူမှ မကြားရပေ။
စုချန်း၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်ပုံကို ကြားရသောအခါ လုချိန်ကွမ်းက အာလုတ်သံကြီးနှင့် ချီးကျူးလိုက်သည်။
"သခင်လေးစုရဲ့ အတွေးအခေါ်က တိကျလှပါပေတယ် ကျုပ်ဖြင့် မချီးကျူးပဲကို မနေနိုင်တော့ဘူးဗျို့"
"ဒါနဲ့ ဝေလျန်ချန်းဆိုတာက ဘယ်သူလဲ သူက ဘယ်လိုလုပ် လီအိမ်တော်ရဲ့ ပြသနာမှာ ဝင်ပါလာတာလဲ"
အန်းစီယွန်က စိတ်ရှုပ်ထွေးဟန်ဖြင့် ဝင်မေးလိုက်သည်။
စုချန်းက ခေါင်းခါပြလိုက်သည်။
"ကျုပ်လည်း အတိအကျတော့ မသိသေးဘူး ဒါပေမဲ့ ဒီလူဟာ သတ္တုတုံးကို လိုချင်နေတယ် ဒီတော့ အနှေးနဲ့အမြန်ဆိုသလို ကျုပ်ကို လာတွေ့လိမ့်မယ် အဲဒီအချိန်ကျရင်တော့ သဲသဲကွဲကွဲ သိရမှာပါ"
"အင်း ဒါလဲ ဟုတ်တာပဲ"
အန်းစီယွန်က ခေါင်းညိတ်ရင်း ထောက်ခံလိုက်သည်။
ထိုကိစ္စသည် အန်းစီယွန်နှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိ။ ထို့ကြောင့် သူ့အနေနှင့် ဆက်လက် မေးမြန်းုခင်းမရှိတော့ပဲ ပါးစပ်ပိတ်ထားလိုက်၏။
ဝိုင်သုံးခွက်မျှ ကုန်သွားချိန်တွင် အချိန်အတော်လင့်သွားပြီ ဖြစ်၍ စုချန်းက အပြန်ခရီးကို စတင်လိုက်သည်။ သို့သော် ဤတကြိမ်တွင် စုချန်းတယောက်တည်း မဟုတ်တော့။ စုချန်း၏ ဘေးနားတွင် သွေးဝတ်ရုံ အဖွဲ့သားများအပြင် မူလဗျူရိုမှ ချီစွမ်းအားပညာရှင်သုံးဦး၊ သိုင်းပညာရှင် အယောက် ၂၀တို့ပါ ကိုယ်ရံတော်များအဖြစ် လိုက်ပါလာကြ၏။ ဤတကြိမ်တွင် စုချန်း၌ လူအင်အားမရှိဟူ၍ မည်သူမှ ပြောဝံ့တော့မည် မဟုတ်ပေ။
ဂုဏ်ပြုပွဲကား ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော် လုချိန်ကွမ်းကား မပြန်သေးပဲ အိမ်တော်နောက်ဘက်သို့ အန်းစီယွန်နှင့်အတူ လိုက်ပါသွား၏။ ထို့နောက် သူတို့နှစ်ယောက်သည် လဖက်ရည်သောက်ရင်း စကားစမြည် ပြောကြပြန်သည်။
အန်းစီယွန်က စကားစလိုက်၏။
"ချိန်ကွမ်း မင်းအနေနဲ့ အသိပညာအတည်ပြုသူစုကို ဘယ်လို သဘောရသလဲ"
လုချိန်ကွမ်းက ခေတ္တစဉ်းစားကာ ပြန်ဖြေလိုက်သည်။
"ကျုပ်တို့ သိထားသလောက်ဆိုရင် လောင်းရှောက်ယူဟာ ပြီးခဲ့တဲ့ တိုက်ပွဲမှာ ထူးဆန်းတဲ့ ကျိန်စာတမျိုး ရသွားပြီး သတိမေ့နေသတဲ့ ခုချိန်ထိ သတိမရသေးပဲ သေရင်တောင် သေသွားနိုင်တယ်လို့ ကြားရတယ် ဒါကို ကြည့်ရင် သူဟာ ဟိုဖက်က လူတော့ မဟုတ်ဘူးဆိုတာ သေချာနေတယ်"
အန်းစီယွန် ရယ်မောလိုက်၏။
"မင်းက အတွေးလွန်နေတာကိုး ဒီကိစ္စကိုတော့ ကျုပ်ဖြင့် သံသယမရှိဘူးဗျ ဒါပေမဲ့ ခုနက အသိပညာ အတည်ပြုသူစု ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြောသွားလိမ့်မယ်လို့ ကျုပ် မထင်ခဲ့မိဘူး ဒါ အံ့သြစရာကောင်းတယ်လို့ ခင်ဗျား မထင်ဘူးလား"
"မြို့တော်အရှင်သခင် ဆိုလိုတာ..."
"ဝေလျန်ချန်းဟာ သာမာန်လူ မဟုတ်ဘူး အဲဒီလိုပဲ သတ္တုတုံးဟာလည်း သာမာန်ပစ္စည်း မဟုတ်မှန်း သိသာနေတယ် ဒီလို အခြေအနေမှာ စုချန်းက ဖြစ်ကြောင်းကုန်စင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြသွားတယ် ဒါ နည်းနည်းတော့ ထူးဆန်းတယ်လို့ ကျုပ် ထင်တယ် ဟေ့ ထိုက်ယန် မင်းဟာ လိမ်ညာမှုဖော်ထုတ်တဲ့ နည်းစနစ်ကို ကျွမ်းကျင်သားပဲ သူ ပြောသွားတာ မှန် မမှန် မင်း မစစ်ဆေးနိုင်ဘူးလား"
ထိုက်ယန်က ပြန်ဖြေလိုက်သည်။
"သူပြောသွားတာ ဘာအလိမ်အညာမှ မပါဘူး အမှန်တွေချည်းပါပဲ သခင်ကြီး"
"တွေ့လား ဘယ်လောက်တောင် ရိုးသားနေလိုက်သလဲဆိုတာ"
အန်းစီယွန်က မှတ်ချက်ပြုလိုက်၏။
လုချိန်ကွမ်းက နဝေတိမ်တောင်နှင့် ဝင်မေးလိုက်သည်။
"နို့ ဒါ မကောင်းဘူးလား မြို့တော်အရှင်သခင်က ဘာကြောင့် ဒီလို ပြောနေတာတုန်း"
အန်းစီယွန်က ချောင်းတချက်ဟန့်ရင်း ပြောလိုက်သည်။
"သစ္စာတရားဆိုတာ လူတိုင်းမှာ မရှိတဲ့ အရာပဲ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ လူတွေသာလျင် သစ္စာတရားကို အလေးထားတတ်ကြတယ် ချိန်ကွမ်း စုချန်းဟာ ဒီလို လူစားမျိုးလို့ မင်း ထင်သလား"
လုချိန်ကွမ်းက ပြန်ဖြေလိုက်သည်။
"သာမာန်လူတွေတောင် သူတို့ရဲ့ အစီအစဉ်တွေကို ခုမှ တွေ့တဲ့လူတွေကို ပွင့်ပွင့်လင်းလင်း ပြောပြမှာ မဟုတ်ဘူး စုချန်းဟာ ဒီထက်တော့ အများကြီး လိမ္မာပါးနပ်တယ်လို့ ကျုပ်ကတော့ ထင်တာပဲ"
"မှန်တယ်"
အန်းစီယွန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"လောင်းမျိုးနွယ်စုကို လှလှပပကြီး ပညာပေးခဲ့နိုင်တဲ့ စုချန်းလိုလူစားက သူ့အစီအစဉ်ကြီးတခုလုံးကို ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း ပြောပြသွားတာ ထူဆန်းတယ်လို့ မင်း မထင်ဘူးလား"
"ကျုပ်တို့နဲ့ ယုံကြည်မှုတည်ဆောက်ချင်လို့ ဒီလိုပြောသွားတာကော မဖြစ်နိုင်ဘူးလား"
"မဟုတ်ဘူးကွ"
အန်းစီယွန်က ခေါင်းခါလိုက်သည်။
"ဒါ မင်းအနေနဲ့ သူ့အကြောင်းကို မသိသေးလို့ ပြောနေတာ ဒီလိုလူစားက ယုံကြည်မှု တည်ဆောက်ချင်လို့ ကျုပ်တု့ိရဲ့ မေးခွန်းတွေကို ထိုင်ဖြေပေးနေမဲ့ လူစားမျိုး မဟုတ်ဘူး ကျုပ်တို့က သူ့သစ္စာရှိမှုကို မေးခွန်းထုတ်လာရင် ဒီကောင်က သူ့လျှို့ဝှက်ချက်တွေကိုတော့ ပြောပြမှာ မဟုတ်ဘူး အဲဒီအစား လောင်းချိန်းကျန်းရဲ့ ခေါင်းကိုပဲ မရ ရအောင် ဖြတ်ပေးလိမ့်မယ်"
"ဒီတော့ သခင်ကြီး ဆိုလိုတာ..."
အန်းစီယွန်က ခေါင်းခါပြလိုက်သည်။
"သူ ဘာကြောင့် ဒီလို ပြောသွားမှန်းတော့ ကျုပ်မသိဘူး ဒါပေမဲ့ ဝေလျန်ချန်းဆိုတဲ့ကောင်ဟာ သာမာန်မဟုတ်မှန်းတော့ ကျုပ် သိနေတယ် ပြီးတော့ စုချန်းရဲ့ စိတ်ထဲမှာ ဒီကောင့်ရဲ့ နောက်ကြောင်းကို သံသယဝင်နေပုံပေါ်တယ် ဒီကောင်နဲ့ပတ်သက်ပြီး စိုးရိမ်နေတာလည်း ဖြစ်ရင်ဖြစ်မယ် ဒါကြောင့်မို့လို့ စုချန်းက ဝေလျန်ချန်းနဲ့ ပတ်သက်ပြီး ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်း ပြောပြသွားတာပဲ သဘောကတော့ ဝေလျန်ချန်းအကြောင်း ကျုပ်တို့က စုံစမ်းပေးစေချင်တဲ့ သဘောပဲ ပြီးတော့ သူ့ကိုယ်စား ဝေလျန်ချန်းကို ကျုပ်တို့ ကြားဝင်ရင်ဆိုင်ပေးစေချင်တဲ့ သဘောပဲ ကျုပ်ကတော့ အဲဒီလိုပဲ ထင်တယ်"
လုချိန်ကွမ်း အံ့သြသွား၏။
"ဒါဆိုရင် ဝေလျန်ချန်းနဲ့ ပတ်သက်ပြီး သူ စိုးရိမ်နေကြောင်း ကျုပ်တို့ကို ဘာဖြစ်လို့ ပွင့်ပွင့်လင်းလင်း ပြောမသွားတာလဲ ပြီးတော့ ရှိသေးတယ် တော်ဝင်မျိုးနွယ်စုတွေကိုတောင် မကြောက်တဲ့ သူ့လိုလူက ဝေလျန်ချန်းကို ကြောက်နေတယ်ဆိုတာ...ဒါ ဖြစ်နိုင်ပါ့မလား"
"ဖြစ်နိုင်တာပေါ့ ဆိုလိုတာက သူဟာ တော်ဝင်မျိုးနွယ်စုတွေထက်ပိုပြီး ဝေလျန်ချန်းကို ပိုစိုးရိမ်နေတယ်လို့ ကျုပ် ထင်တယ်"