ကျောက်တုံးတံတားပေါ်မှ တိုက်ပွဲ
Vol. 37 Ch. 368
ရထားလုံးသည် မိန်းလမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ မောင်းနှင်နေ၏။
အနီနှင့်အနက်ရောင် ဝတ်ဆင်ထားသည့် အစောင့်များသည် ရထားလုံးကို ဝန်းရံကာ ချီတက်လာကြလေသည်။ အနီရောင် ဝတ်ဆင်ထားသူများမှာ သွေးဝတ်ရုံတပ်ဖွဲ့ဝင်များ ဖြစ်ပြီး အနက်ရောင်ဝတ်ဆင်ထားသူများကတော့ မူလဗျူရိုမှ သိုင်းပညာရှင်များ ဖြစ်ကြကုန်၏။
"ရပ်လိုက်စမ်း"
ကျောက်တုံးတံတားအနီးသို့ ရထားလုံး ရောက်လာသည်နှင့် စုချန်းက ကောက်ခါငင်ခါ အမိန့်ပေးလိုက်သည်။
စုချန်း၏ အမိန့်သံ ထွက်ပေါ်လာသည်နှင့် ရထားလုံးမှာ တုံ့ခနဲ ရပ်တန့်သွား၏။ စုချန်းက ရထားလုံးပေါ်မှ ဆင်းပြီး တံတားဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
တံတားပေါ်တွင် လူတယောက် မတ်တပ်ရပ်လျက် ရှိ၏။ ဝေလျန်ချန်းပေတည်း။
ဝေလျန်ချန်းသည် တံတားပေါ်တွင် လက်နောက်ပစ်ကာ မတ်တပ်ရပ်နေပြီး မြစ်ထဲတွင် ကူးခတ်နေသော ငါးများကို ငေးကြည့်လျက်ရှိသည်။
စုချန်း ရောက်ရှိလာသည်ကို တွေ့သည်နှင့် ဝေလျန်ချန်းက လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
"အသိပညာအတည်ပြုသူစု ကျုပ်တို့ မတွေ့တာ ၂ရက်ပဲ ရှိသေးတယ် မင်းရဲ့ သတင်းတွေကတော့ဟိုးလေးတကြော်ကြော် ဖြစ်နေပြီ ဒီတခါ သတင်းပျံ့တာ အတော်ကို မြန်တာပဲ"
"ကျုပ်အဖို့ ထူးထူးခြားခြား စွမ်းဆောင်လိုက်ရတာဆိုလို့ ဘာမှ မရှိပါဘူးဗျာ ဘဝရဲ့ ခရီးလမ်းဆိုတာကတော့ အင်မတန်ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသလို ဥပဒေကို ကျူးလွန်ဖောက်ဖျက်တဲ့ လူဆိုတာကလည်း နေရာတိုင်းမှာ ရှိနေတတ်တာမျိုးပဲလေ ဒီတော့ ကျုပ်တို့လို ဥပဒေဘက်တော်သားတွေက ဒီလို လူဆိုးတွေကို ဖမ်းပေးရတာ ဘာမှ မထူးဆန်းပါဘူးလေ ဒါနဲ့ ဆရာဝေ ခင်ဗျားကျတော့ရော ဘာထူးလို့လဲ လောင်းမျိုးနွယ်စုနဲ့ ရန်သူတွေ ဖြစ်နေတာတောင် နေ့ခင်းကြောင်တောင် လမ်းလျှောက်နေရဲသေးတာပဲကိုး ခင်ဗျားရဲ့ မျက်လုံးထဲမှာ တော်ဝင်မျိုးနွယ်စုတွေကို ဂရုစိုက်စရာလို့တောင် မမြင်ဘူးနဲ့တူတယ်"
ဝေလျန်ချန်း အားရပါးရ ရယ်မောလိုက်သည်။
"ဒီစကားကို ကျုပ်က ပြောရမှာ မင်းလုပ်ခဲ့တာက ကျုပ်ထက်တောင် ပိုဆိုးသေးတယ်လေ"
"ကျုပ်က အစိုးရအရာရှိတယောက်အနေနဲ့ ကိုယ့်အလုပ်ကို လုပ်ရတဲ့ သဘောသက်သက်ပါပဲဗျာ တမင်တကာ အတိုက်အခံ လုပ်တာမှ မဟုတ်တာ"
"စကားပြောတာကောင်းတယ် အေးလေ အသိပညာအတည်ပြုသူစုမှာလည်း ကျုပ်လိုပဲ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် ရှိမှာပေါ့ ဘာပဲပြောပြော မင်းကို ကျုပ် တကြိမ်ကူညီခဲ့ပြီးပြီ ဒီတော့ ကျုပ် ပြောထားတဲ့ ပစ္စည်းကို ကျုပ်လက်ထဲ အပ်လိုက်ပေတော့"
စကားဆုံးသည်နှင့် ဝေလျန်ချန်းက လက်ဝါးဖြန့်ကာ သတ္တုတုံးကို တောင်းလိုက်၏။
"ဒါလား"
စုချန်းက သတ္တုတုံးကို ဆွဲထုတ်ကာ ဝေလျန်ချန်းထံသို့ ပစ်ပေးလိုက်သည်။ ဝေလျန်ချန်းက သတ္တုတုံးကို ဖမ်းယူလိုက်ပြီး စစ်ဆေးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါက ကွဲနေပါလား"
သူက ခေါင်းခါယမ်းပြီး ခါးသီးစွာ ရယ်မောလိုက်သည်။
"အင်းလေ ကွဲသင့်ပါတယ် မကွဲရင်လဲ ဒီလို ဖြစ်ရပ်တွေ ဘယ် ဖြစ်လာနိုင်ပါ့မလဲ"
ထို့နောက် သူက စုချန်းကို ပြောလိုက်၏။
"ဒီပစ္စည်းကို ကျုပ်လက်ထဲ ပြန်ထည့်ပေးတဲ့အတွက် ကျးဇူးတင်ပါတယ် အသိပညာအတည်ပြုသူစု ဒီတော့ ကျုပ်တို့ကိစ္စ ပြီးပြီပေါ့"
"ကိစ္စမရှိပါဘူးဗျာ ဒါပေမဲ့ ခင်ဗျားရဲ့ အပြန်ခရီးက နည်းနည်းတော့ ကသိကအောင့် ဖြစ်သွားတော့မဲ့ပုံပဲ ဒီပစ္စည်းကိုကော ကောင်းကောင်း ထိန်းသိမ်းနိုင်ပါ့မလား သံသယဖြစ်စရာပဲ"
စုချန်း၏ စကားကြောင့် ဝေလျန်ချန်း ကြောင်အန်းအန်း ဖြစ်သွား၏။ ပြီးမှ သူက တစုံတရာကို သဘောပေါက်သွားဟန်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ထိုစဉ် များပြားလှသော လူအုပ်ကြီး သူတို့ဆီသို့ ဦးတည်ပြေးဝင်လာကြောင်း သူ တွေ့ရှိလိုက်ရ၏။
"လောင်းမျိုးနွယ်က ခွေးမသားတွေ ကျုပ်ကို ရှာတွေ့သွားတာ မြန်လှချည်လား"
ဝေလျန်ချန်းက ဟက်ခနဲ ရယ်မောရင်း ပြောလိုက်သည်။
စုချန်းက သတိပေးလိုက်၏။
"ဒီတကြိမ်တော့ သူတို့ ကြိုတင်ပြင်ဆင်လာကြတာ သေချာတယ် ခင်ဗျား ဟိုတခေါက် အသုံးပြုခဲ့တဲ့ နည်းလမ်းက ဒီတခါတော့ အလုပ်မဖြစ်တော့ဘူးနဲ့ တူတယ်"
"ကျုပ် သိပါတယ်"
ဝေလျန်ချန်းက ပြန်ပြောလိုက်သည်။
"ဒီအခိုက်အတန့်ကို မင်းစောင့်နေမှန်းကိုလည်း ကျုပ်က သိထားသေးတာပဲ"
"ကျုပ်က ခင်ဗျား ဘယ်လိုလူစားမှန်း သိချင်ရုံပါဗျာ ဒါနဲ့ ဒီသတ္တုတုံးကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ကျုပ်ကို ပြန်ပေးလိုက်လေ ကျုပ်က ခင်ဗျားအတွက် ထိန်းသိမ်းထားပေးမယ်"
စုချန်း၏ စကားကြောင့် ဝေလျန်ချန်းက တွေခနဲ စဉ်းစားလိုက်သည်။ ထို့နောက် သူက သတ္တုတုံးကို စုချန်းဆီသို့ ပစ်ပေးရင်း ပြောလိုက်သည်။
"ကောင်းပြီလေ ဒီကောင်တွေ ကျုပ်ကို လာရှာတာပဲ ဒီတော့ သတ္တုတုံးကို မင်းပဲ ပြန်ယူထားလိုက် ပြန်လာယူနိင်မဲ့ အခွင့်အရေး ရှိခဲ့ရင် ကျုပ် ပြန်လာယူမယ်"
ထို့နောက် သူက စုချန်းကို ကျောခိုင်းကာ လောင်းမျိုးနွယ်များဆီသို့ ဦးတည်လျှောက်သွားလိုက်လေသည်။
လောင်းမျိုးနွယ်များအနက် ရှေ့ဆုံးမှ လျှောက်လာသူမှာ မုတ်ဆိတ်မွှေးထူလပြစ်နှင့် လူတယောက်ဖြစ်ပြီး ဟေးလျန်ဝေဟု ခေါ်၏။ သူ့နောက်တွင်လည်း သွေးဆူပွက်ခြင်းနယ်ပယ်နှင့် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင် အများအပြား ပါလာသည်။ ၎င်းတို့၏ နောက်တွင်တော့ သာမန်သိုင်းပညာရှင် ရာနှင့်ချီ၍ ပါဝင်လာလေသည်။ တချိန်တည်းမှာပင် လမ်း၏ ဘေးဘယ်ညာနှင့် စုချန်း၏ နောက်ဘက်တွင်ပါ ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင် တယောက်စီခေါင်းဆောင်သည့် လောင်းမျိုးနွယ်ဝင်များ ပေါ်ပေါက်လာ၏။ လူတိုင်းလိုလိုသည် သူတို့အား ဝန်းရံထားကြလေပြီတည်း။
ဝေလျန်ချန်းကိုတွေ့လိုက်သည်နှင့် ဟေးလျန်ဝေ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ယှက်သန်းလာ၏။
"ဟေ့ ဝေလျန်ချန်း အေးအေးဆေးဆေး အဖမ်းခံပြီး သခင်လေးရဲ့ ကျိန်စာကို ဖယ်ရှားပေးရင် မင်းကို စိတ်အေးလက်အေးနဲ့ သေခွင့်ပြုလိုက်မယ်"
ဝေလျန်ချန်း ဟက်ခနဲ ရယ်မောလိုက်သည်။
"ဟဲ ဟဲ မင်းအနေနဲ့ ငါ့ကို စိတ်အေးလက်အေး သေခွင့်ပြုစရာလည်း မလိုဘူး လွှတ်ပေးနေစရာလည်း မလိုပါဘူးကွာ"
စကားဆုံးသည်နှင့် ဝေလျန်ချန်းသည် ဟေးလျန်ဝေထံသို့ ရိပ်ခနဲ ခုန်ဝင်လိုက်၏။
"မင်း သေချင်နေပြီကိုး"
ဟေးလျန်ဝေက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။
"ဝင်ကြစမ်း ဒါပေမဲ့ အသေတော့ မလုပ်ကြနဲ့ ဒီကောင့်ကို အသက်ရှင်လျက် ဖမ်းမိဖို့ လိုတယ်"
"ဟိုင်းယား"
အစောင့်များအားလုံး မာန်သွင်းသံပြုပြီး တဟုန်ထိုး ခုန်ဝင်လိုက်ကြ၏။ ထိုအချိန်တွင် ချီစုဆောင်းခြင်းနယ်ပယ် ပညာရှင်များကလည်း ၎င်းတို့လက်ထဲရှိ ပုလဲလုံးများကို လေထဲသို့ လွှင့်ပစ်လိုက်ရာ တောက်ပဝင်းလက်သော အလင်းရောင်တန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တခုလုံး လင်းထိန်သွားတော့သည်။ ဝေလျန်ချန်း ပထမတိုက်ပွဲတွင် အသုံးပြုခဲ့သည့် နည်းဗျူဟာကို တန်ပြန်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
သို့သော် ဤတကြိမ်တွင်တော့ ဝေလျန်ချန်းက ယခင်နည်းဗျုဟာကို ထုတ်မသုံးတော့ပေ။
ထိုအစား သူက ညာဖက်ခြမ်းရှိ လူအုပ်ထဲသို့ ခုန်ဝင်သွား၏။ ထိုအချိန်မှာပင် သူ့လက်ထဲ၌ သံမဏိဓားတချောင်း ပေါ်ပေါက်လာသည်။ သူ့လက်ထဲရှိ ဓားသည် လျင်မြန်စွာ လှုပ်ရှားသွားလေရာ နှင်းငွေ့ကဲ့သို့ ဖြူဖွေးသော အလင်းရောင်များ ထွက်ပေါ်လာပြီး ရှေ့ဆုံးတန်းရှိ လူတယောက်မှာ နှစ်ပိုင်းပြတ်ထွက်သွား၏။ သို့သော် ဝေလျန်ချန်းကာ ဓားကို အဆက်မပြတ် ဝေ့ယမ်းပြီး လူအုပ်ထဲသို့ ဖြတ်ပြေးသွားလေသည်။
ပတ်ဝန်းကျင်တခုလုံး သွေးများဖြင့် ရဲရဲနီကုန်၏။
ဝေလျန်ချန်း၏ တိုက်ခိုက်ပုံမှာကား ကျားတကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည်။ သူ၏ ဓားကွက်များမှာလည်း ပြင်းထန်လှပြီး လှုပ်ရှားမှုကလည်း သွက်လက်မြန်ဆန်လှသည်။ ဓားချက်တိုင်းသည် လူ တယောက်ချင်းစီ၏ အသက်ကို နှုတ်ယူလျက် ရှိသည်။
စက္ကန့်ပိုင်းအတွင်း ဝေလျန်ချန်း၏ ဓားချက်ကြောင့် လူဆယ်ယောက်ခန့် အသက်ပျောက်သွားလေပြီ။
သို့သော် ဟေးလျန်းဝေကား ယခုအချိန်ထိ အေးတိအေးစက်နှင့်သာ စောင့်ကြည့်လျက်ရှိသည်။ ထိုလူများကို သူ လုံးဝ အရေးမထား။ သူ့အဖို့တော့ ထိုလူများသည် ဝေလျန်ချန်း၏ အဆင့်အတန်းကို စမ်းသပ်ရန်နှင့် ၎င်းထံမှ နည်းလမ်းသစ်များ ထွက်ပေါ်လာခြင်း ရှိမရှိ စမ်းသပ်ရန်သာ ဖြစ်သည်။
ထိုအချိန်တွင် ဘေးတဖက်တချက်ရှိ ချီစွမ်းအားပညာရှင်များက ဝေလျန်ချန်းကို စတင် တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် ဝေလျန်ချန်းထက် စွမ်းအင်အဆင့်နိမ့်ကြသည်မှန်သော်လည်း ပူးပေါင်းတိုက်ခိုက်ကြခြင်း ဖြစ်လေရာ အထင်သေး၍တော့ မရပေ။
ကျောပြင်ပေါ်သို့ ပြင်းထန်လှသော ဖိအား ကျရောက်လာကြောင်း ဝေလျန်ချန်း ခံစားလိုက်ရသည်။ သူ့လှုပ်ရှားမှုများမှာလည်း ရုတ်တရက် နှေးကွေးသွား၏။ လေးလံလာ၏။ ဓား၏ ရွေ့လျားမှုမှာလည်း တုံ့ဆိုင်းသွားလေသည်။
ထိုစဉ် ရွှီခနဲ မြည်သံနှင့်အတူ ဖြူဖွေးသော အလင်းရောင်တန်းနှစ်ခု ပေါ်ပေါက်လာသည်။
ပထမ အလင်းရောင်မှာ ဝေလျန်ချန်း၏ ဓားချက်ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုဓားချက်နှင့်ပင် သူသည် ရန်သူကို သုတ်သင်နိုင်လိုက်၏။ နောက်ထပ် အလင်းရောင်မှာကား လောင်းမျိုးနွယ်ဝင်တဦး၏ ဓားချက် ဖြစ်သည်။ ထိုဓားချက်သည် ဝေလျန်ချန်း၏ ကျောပြင်ကို တည့်မတ်စွာ ကျရောက်လာ၏။ မိမိတို့ဘက်မှ တိုက်ခိုက်မှု ရန်သူကို ထိမှန်သွားကြောင်း မြင်တွေ့လိုက်ရ၍ လောင်းမျိုးနွယ်များဘက်မှ သြဘာသံများ ထွက်ပေါ်လာ၏။
တချိန်တည်းမှာပင် နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများသည် ပို၍ ရက်စက်ကြမ်းကြုတ်လာ၏။
ပတ်ဝန်းကျင်တခုလုံးကား သွေးများနှင့် ကြဲပက်ထားသကဲ့သို့ပင် ထင်ရသည်။ တချို့သွေးများမှာ လောင်းမျိုးနွယ်များဘက်မှ ဖြစ်ပြီး တချို့မှာ ဝေလျန်ချန်း၏ ကိုယ်ပေါ်မှ စီးကျလာသော သွေးများဖြစ်သည်။
ဒဏ်ရာ အတော်များများ ရရှိထားသော်လည်း ဝေလျန်ချန်းကား နာကျင်ဟန်မရှိ။ ယုတ်စွအဆုံး အပြုံးပင်မပျက်ချေ။
ဝေလျန်ချန်း၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရသည်နှင့် ဟေးလျန်ဝေ ကြက်သီးထသွားသည်။ ထို့နောက် သူက အော်ဟစ်လိုက်၏။
"ဝေလျန်ချန်း မင်း မတော်သေးဘူးလား ဒီအတိုင်း ဆက်တိုက်နေရင် မင်း သေသွားလိမ့်မယ်"
"ဒါကမှ ငါ မျှော်လင့်နေတာ အတိအကျပဲကွ သေခြင်းတရားဆိုတာ မင်းတို့ ထင်သလို အဆုံးမဟုတ်ဘူးကွ ငါပြောတာ မင်းတို့ကောင်တွေ ဘယ်တော့မှ သဘောပေါက်မှာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် ဝေလျန်ချန်း၏ လှုပ်ရှားမှုမှာ ရုတ်ချည်း မြန်ဆန်လာ၏။ အားမာန်မှာလည်း ချက်ချင်းဆိုသလို ပြန်လည် ပြည့်ဝလာဟန်တူသည်။ မြန်ဆန်လှသော သူ့ဓားချက်ကြောင့် ချီစွမ်းအားပညာရှင်နှစ်ဦး အသက်နှင့်ကိုယ် အိုးစားကွဲသွား၏။ သူ့ဘယ်ဖက်လက်သီးချက်ကြောင့် နောက်ထပ် ချီစွမ်းအားပညာရှင်တဦး ဦးခေါင်းခွံ ကြေမွသွားလေသည်။
ထိုအချိန်တွင် လှံရှည်တချောင်းက ဝေလျန်ချန်းကို ခါးလည်ကို လာစိုက်၏။ သို့သော် ဝေလျန်ချန်းက ၎င်းကို လစ်လျုပြီး သူ့ရှေ့ရှိ ချီစွမ်းအားပညာရှင်၏ လက်မြိုကို သံမဏိဓားနှင့် ဖြတ်တောက်လိုက်လေသည်။
တဆက်တည်းမှာပင် နောက်ထပ် ချီစွမ်းအားပညာရှင်တယောက်၏ လက်ဝါးရိုက်ချက်က ဝေလျန်ချန်း၏ ရင်ဝသို့ ကျရောက်လာ၏။ ဝေလျန်ချန်းကလည်း ၎င်း၏ လည်မြိုကို ဘယ်ဖက်လက်ဖြင့် ဖမ်းဆုတ်ထားလိုက်သည်။ ထိုအချိန်တွင် ဓားချက်တချက်က ဝေလျန်ချန်း၏ ဘက်ဖက်လက်ပေါ်သို့ ကျရောက်လာလေရာ သူ့အနေနှင့် ရန်သူကို လည်ပင်းညှစ်သတ်ရန် မစွမ်းဆောင်နိုင်တော့။ ထိုအစား သူက ဒဏ်ရာရထားသော လက်နှင့်ပင် ရန်သူ၏ လည်မြိုကို အားရပါးရ ထိုးချလိုက်တော့သည်။
လောင်းမျိုးနွယ်ဘက်မှ လူအင်အား များပြားလှပေရာ ဝေလျန်ချန်းမှာ လက်မလည်အောင်ပင် တိုက်ခိုက်နေရ၏။ ချီစွမ်းအားပညာရှင်များနှင့် တိုက်ခိုက်နေစဉ်မှာပင် သာမာန်သိုင်းပညာရှင်သုံးယောက်က ဝေလျန်ချန်းကို နောက်ကျောမှ တိုက်ခိုက်လာပြန်သည်။ လှံသုံးချောင်းသည် ဝေလျန်ချန်း၏ နောက်ကျောသို့ စိုက်ဝင်သွား၏။ ထိုအထဲမှ တယောက်သည် အတော်ပင် အင်အားကြီးမားသူ ဖြစ်လေရာ ၎င်း၏ လှံသွားသည် ဝေလျန်ချန်း၏ တကိုယ်လုံးကို ထုတ်ချင်းခတ်ပင် ဖောက်ဝင်သွားလေသည်။ သို့သော် ဝေလျန်ချန်းက ထိုဒဏ်ရာများကို အနည်းငယ်မှ ဂရုစိုက်ခြင်းမရှိပဲ ဓားကို နောက်ပြန် ဝေ့ယမ်းလိုက်လေရာ ခေါင်းပြတ်သုံးလုံး လေထဲသို့ လွင့်စင်သွား၏။
ထိုအချိန်တွင် လက်ဝါးရိုက်ချက်နှစ်ချက်က ဝေလျန်ချန်း၏ ကိုယ်ပေါ်သို့ ကျရောက်လာပြန်သည်။ ပထမလက်ဝါးရိုက်ချက်က ၎င်း၏ ရင်ဝသို့ ကျရောက်လာခြင်း ဖြစ်ပြီး ဒုတိယလက်ဝါးရိုက်ချက်က ၎င်း၏ ဦးခေါင်းကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။
"ရပ်လိုက်စမ်း"
အဝေးဆီမှ လောင်းချိန်းကျန်း၏ ဟန့်တားသံ ပေါ်လာသည်။
သူ့အနေနှင့် ဝေလျန်ချန်းကို အရှင် ဖမ်းမိလိုခြင်း ဖြစ်သည်။ အသေမဟုတ်။ ိသို့သော် သေရေးရှင်ရေးတိုက်ပွဲတွင် ရန်သူကို အရှင်ဖမ်းမိရန်မှာ အလွန်ခက်ခဲ၏။ ဤအနေအထားတွင် မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် အမိန့်ပေးနေသည့်တိုင် လူတိုင်း လိုက်နာရန် ခက်ခဲ၏။ လိုက်နာသူအဖို့မှာလည်း အသက်ကို ဖက်နှင့်ထုပ်ထားရမည့် အခြေအနေပင် ဖြစ်သည်။
တိုက်ပွဲမှာ ပို၍ ပြင်းထန်လာ၏။ လောင်းမျိုးနွယ်ဘက်မှ အတော်များများ အသက်ပျောက်ကုန်ပြီ ဖြစ်သလို ဝေလျန်ချန်းကိုယ်တိုင်လည်း ခြေတဖက် လက်တဖက်သာလျင် အကောင်းအတိုင်း ကျန်တော့သည်။ ထိုအခါ သူသည် မြေကြီးပေါ်တွင် ရပ်တည်နိုင်ရန်ပင် မနည်း ကြိုးစားနေရ၏။
သို့သော် ဝေလျန်ချန်းကား ယခုအချိန်ထိ လက်လျော့မည့်ပုံ မပေါ်သေး။ သူသည် လေထဲသို့ အားကုန် ခုန်တက်ကာ လက်ထဲရှိ ဓားကို စက်ဝိုင်းပုံသဏ္ဍာန် ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာတော့သည်။
ဝေလျန်ချန်း၏ ဓားချက်ကြောင့် လူသုံးယောက် ခေါင်းပြတ်သွား၏။ ဝေလျန်ချန်းကိုယ်တိုင်လည်း မြေကြီးပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျလာတော့သည်။
ဤတကြိမ်တွင်တော့ သူ့ကိုယ်ခန္ဓာသည် အနည်းငယ်မှ လှုပ်ရှားမှု မရှိတော့ပဲ ငြိမ်သက်သွားလေသည်။
"မဟုတ်ဘူး"
ဝေလျန်ချန်း သေဆုံးသွားသည်ကို မြင်လိုက်သည်နှင့် လောင်းချိန်းကျန်း အူသည်းလှိုက်သည်း အော်ဟစ်လိုက်သည်။
"မင်းသေသွားရင် ငါ့သားကို ဘယ်သူကုပေးမှာလဲ ငါကကော ဘာဆက်လုပ်ရမှာလဲ"
စုချန်းသည် ပြင်းထန်လှသော တိုက်ပွဲကြီးကို အဝေးမှနေ၍ တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေ၏။
အချိန်အတော်လေးကြာမှ သူက ပြောလိုက်သည်။
"တိုက်ပွဲပြီးသွားပြီ ကျုပ်တို့ ပြန်ကြမယ်"
ထို့နောက် သူက ရထားလုံးပေါ်သို့ တက်လိုက်၏။
ရထားလုံးသည် လမ်းမကြီးအတိုင်း ဖြေညှင်းစွာ မောင်းနှင်သွားလေသည်။
ယခုအချိန်ထိ စုချန်းတို့၏ ရထားလုံးအား လောင်းမျိုးနွယ်မှ အစောင့်များစွာက ဝန်းရံထားလျက် ရှိနေသေး၏။ သို့သော် မည်သူမှ စတင်လှုပ်ရှားလာခြင်း မရှိပေ။
ရထားလုံးသည် တဖြည်းဖြည်းနှင့် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။