အသက်ကယ်ခြင်း
Vol. 37 Ch. 369
စုအိမ်တော်သို့ ပြန်ရောက်သည်နှင့် အိမ်တော်ထိန်းလျှိုက သူ့အား စောင့်ကြိုနေကြောင်း စုချန်း တွေ့လိုက်ရသည်။
"မင်္ဂလာပါ အသိပညာအတည်ပြုသူစု"
"အင်း"
စုချန်းက ခေါင်းတချက်ညိတ်ပြရင်း ထိုင်ခုံတွင် ဝင်ထိုင်ကာ သံမဏိကို အမိန့်ပေးလိုက်သည်။
"သံမဏိ သခင်မလေးလျန်ကို ခေါ်ခဲ့ပါအုံးကွာ"
"ကောင်းပါပြီသခင်"
သံမဏိက စုချန်း၏ အမိန့်ကို ရိုသေစွာ နာခံလိုက်၏။
သိပ်မကြာမီ သံမဏိက လျန်ကျာ့အိုအား ခေါ်ဆောင်လာလေသည်။
လျန်ကျာ့အိုအား တွေ့လိုက်သည်နှင့် အိမ်တော်ထိန်းလျှိုက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။
"သခင်မလေး သခင်မလေး ဝမ်းသာလိုက်တာဗျာ ဒီရက်ပိုင်းတွေမှာ သခင်မလေး အတော်ကို ဒုက္ခရောက်ခဲ့မှာပဲနော်"
လျန်ကျာ့အို၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာ၏။
"ဒီရက်ပိုင်း ဟုတ်လား ကျွန်မ ဒီကို ရောက်နေတာ ဘယ်နှစ်ရက် ရှိသွားပြီလဲ ဘာဖြစ်လို့ ကျွန်မ လုံးဝ မမှတ်မိပဲ ဖြစ်နေရတာလဲ"
"ဗျာ"
အိမ်တော်ထိန်းလျှို ကြက်သေသေသွားသည်။ ထို့နောက် သူက စုချန်းကို ဒေါသတကြီးနှင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။
"မင်း ငါတို့ သခင်မလေးကို ဘာလုပ်ထားတာလဲ"
"ဘာမှ သိပ်အများကြီး မလုပ်ပါဘူးဗျာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မှတ်ညဏ်တချို့ကို ဖျက်ပစ်လိုက်ရုံလောက်ပါ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိတယ်လေ ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေကို အပြင်ရောက်မသွားစေချင်ဘူးဗျ ကျုပ်သဘောထားကို ခင်ဗျားတို့ နားလည်မယ်ထင်တယ်"
"စုချန်း"
လျန်ကျာ့အိုက ဒေါသတကြီးနှင့် ထအော်လိုက်၏။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ မှတ်ညဏ်များ ပျောက်ဆုံးသွားပြီ ဖြစ်လေရာ လျန်ကျာ့အိုအနေနှင့် စုချန်းကို ကြောက်ရွံ့မနေတော့ချေ။
"ရှင်က ကျွန်မကို ဒီလို လုပ်ရဲသလား ရှင့်ကို ဒီအတိုင်း လွှတ်ပေးလိမ့်မယ် မထင်နဲ့"
"ထားလိုက်ပါ သခင်မလေး ပြောမနေပါနဲ့တော့"
အိမ်တော်ထိန်းလျှိုသည် ကြောက်ကြောက်လန့်လန့်နှင့် လျန်ကျာ့အိုအား အပြင်သို့ ဆွဲခေါ်နေရှာ၏။
"ဘာရှင့် ကျွန်မတို့ လျန်မျိုးနွယ်က သူတို့ကို ကြောက်နေရမှာလား"
ထိုအချိန်ထိ လျန်ကျာ့အိုသည် စုချန်းကား လက်တုံ့ပြန်ရန် ကြိုးစားနေသေး၏။ သို့သော် အိမ်တော်ထိန်းလျှိုက လျန်ကျာ့အိုကို လုံးဝ လက်မလွတ်ပေ။ နောက်ဆုံး မည်သို့မှ မထိန်းချုပ်နိင်သော အခြေအနေသို့ ဆိုက်ရောက်လာ၍ အိမ်တော်ထိန်းကြီးက လျန်ကျာ့အို၏ နားသို့ တိုးတိုးလေးကပ်ရင်း ပြောလိုက်သည်။
"သခင်မလေးက ပြီးခဲ့တဲ့ အကြောင်းတွေကို မမှတ်မိတော့ မသိဘူး စုချန်းဟာ လျူဝုယာကို သတ်ပစ်ပြီး မူလဗျူရိုကို ထိန်းချုပ်လိုက်ပြီ မြို့တော်အရှင်သခင်နဲ့လည်း မဟာမိတ်ဖြစ်သွားပြီ လောင်းရှောက်ယူကိုယ်တိုင်လည်း ကျိန်စာမိပြီး သေမလား ရှင်မလား မသိရဘူး လောင်းမျိုးနွယ်စုအဖို့တော့ ရှုံးပြီးရင်း ရှုံးရင်းပဲ သူတို့ အဖွဲ့ဝင်တွေလည်း အတော်များများ သေကုန်ကြပြီ ဒါတွေအားလုံးဟာ စုချန်းကြောင့်ပဲ သခင်မလေး"
"ဘာ"
လျန်ကျန့်အိုက စုချန်းကို မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။ စုချန်းကား လဖက်ရည်ကို စိတ်အေးလက်အေး သောက်နေ၏။ ပြီးမှ သူက ပြောလိုက်သည်။
"တခြား ဘာကိစ္စမှ မရှိဘူးဆိုရင် ခင်ဗျားတို့ သွားနိုင်ပြီ ကျုပ်တို့ သဘောတူထားတာကို မမေ့ပါနဲ့"
"လျန်မျိုးနွယ်စုက ဒီကတိကို တည်အောင်ထိန်းမှာပါ"
ပြောပြောဆိုဆို အိမ်တော်ထိန်းကြီးလျှိုသည် စုချန်းအား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုပြီး လျန်ကျာ့အိုအား ခေါ်၍ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
စုချန်းက ခေါင်းပင်မမော့ပဲ ရေရွတ်လိုက်သည်။
"ခင်ဗျားတို့ ကတိမတည်လည်း ကျုပ် ဂရုမစိုက်ပါဘူးလေ"
စုချန်း၏ စကားသံမှ မကျယ်လှ။ သို့သော် စကားသံသည် အိမ်တော်ထိန်းလျှို၏ နားအတွင်းသို့ ပီသကြည်လင်စွာ တိုးဝင်လာလေသည်။ အိမ်တော်ထိန်းကြီး ဆတ်ခနဲ တုန်လှုပ်သွား၏။ အိမ်ပြန်ရောက်သည်နှင့် လျန်ကျာ့အို၏ ကိုယ်ခန္ဓာကို ဂရုတစိုက် စစ်ဆေးရန်လည်း စိတ်ထဲတွင် တေးထားလိုက်၏။
သူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို စုချန်း ငြိမ်သက်စွာ စိုက်ကြည့်နေ၏။ ထို့နောက် အတန်ကြာအောင် စဉ်းစားနေပြီးနောက် ထိုင်ရာမှ ထရပ်ကာ သုတေသနအခန်းထဲသို့ ဝင်လာခဲ့လေသည်။
အခန်းထဲသို့ ရောက်သည်နှင့် သူက ဆေးတချို့ကို ဖော်စပ်ပြီး အသင့်ပြင်ဆင်ထားသည့် လူတယောက်၏ မျက်နှာပုံစံ မိုအတွင်းသို့ ဆေးရည်များကို လောင်းချလိုက်၏။ ဆေးခြောက်သွားသည်နှင့်် လူတယောက်၏ မျက်နှာပုံစံ အရေပြားလွှာတခုကို ရရှိလာလေသည်။
စုချန်းက မျက်နှာတုကို သူ့မျက်နှာပေါ်တွင် ဂရုတစိုက်နှင့် တပ်ဆင်လိုက်၏။ တဖန် မှန်ရှေ့တွင် မတ်တပ်ရပ်ပြီး ဆံပင်ကို ပုံစံပြောင်းလိုက်ပြန်သည်။ အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင်လိုက်၏။
ထို့နောက် သူသည် အမှောင်ရိပ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
_____________×××____________×××__________
လောင်းအိမ်တော်တွင် ဖြစ်သည်။
လောင်းချိန်းကျန်းသည် သားဖြစ်သူ၏ အိပ်ယာဘေးတွင် ထိုင်နေ၏။ သားဖြစ်သူ၏ လက်ကိုလည်း တယုတယ ဆုပ်ကိုင်ထားလေသည်။ သူ့မျက်နှာမှာလည်း အထူးပင် စိုးရိမ်ပူပန်နေဟန် ပေါ်နေ၏။
လောင်းရှောက်ယူ၏ ကိုယ်ခန္ဓာမှာ တရက်ထက် တရက် အားနည်းလာခဲ့ပြီ ဖြစ်သည်။ ထူးဆန်းသော အနက်ရောင်မီးခိုးပုံရိပ်များကလည်း နေ့တဓူဝ ပုံစံမျိုးစုံ ပြောင်းလဲနေပြီး လောင်းရှောက်ယူ၏ အသက်စွမ်းအားကို စုပ်ယူလျက် ရှိသည်။
ဝေလျန်ချန်းကား သေဆုံးသွားပြီ ဖြစ်သည်။ ဝေလျန်ချန်းမရှိပဲ ဤကျိန်စာကို အဘယ်သို့ ပြန်လည်ဖြေဖျောက်မည်နည်း။
လောင်းချိန်းကျန်းအဖို့ ရှိသမျှ မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်ရမည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် လောင်းချိန်းကျန်းတယောက် အထူးပင် ဝမ်းနည်းကြေကွဲလျက် ရှိသည်။ ထိုအချိန်မှာပင် အိမ်တော်ထိန်းကြီးက အခန်းပြင်မှ လှမ်းဝင်လာပြီး လောင်းချိန်းကျန်းကို သတင်းပို့လိုက်သည်။
"သခင်ကြီးကို တွေ့ချင်လို့တဲ့ ဧည့်သည်တယောက် ရောက်နေပါတယ် သူက သခင်လေးရဲ့ ဝေဒနာကို ကုသပေးချင်ပါသတဲ့"
"ဝင်ခွင့်ပြုလိုက်ကွာ"
လောင်းချိန်းကျန်းက ပြန်ပြောလိုက်သည်။ သို့သော် သူ့လေသံမှာကား အားလျော့လှ၏။ သူသည် ကြည်လင်မြစ်မြို့တော်မှ နာမည်ကြီး သမားတော်များစွာကို ဖိတ်ခေါ်၍ လောင်းရှောက်ယူ၏ ဝေဒနာကို ကုသခိုင်းခဲ့ပြီး ဖြစ်သည်။ မည်သူမှ ကုသနိုင်စွမ်းမရှိခဲ့။ ထို့ကြောင့် လောင်းချိန်းကျန်း စိတ်ပျက်နေသည်မှာ သိပ်တော့မဆန်း။
သို့သော် တဖက်တွင်လည်း မရဲတရဲ မျှော်လင့်နေသည် ဖြစ်လေရာ လောင်းချိန်းကျန်းက သမားတော်အသစ်အား လှိုက်လှိုက်လှဲလှဲပင် ကြိုဆိုလိုက်သည်။
သမားတော်သည် သက်လတ်ပိုင်းအသက်အရွယ်ခန့်ရှိပြီး အသားအရေမှာ မဲနက်နေ၏။ ရုပ်ရည်ကလည်း သာမာန် ရွက်ကြမ်းရေကျိုသာ ဖြစ်သည်။ ကျောပေါ်တွင် ဆေးအိတ်တအိတ်ကို လွယ်ထား၏။
လောင်းချိန်းကျန်းက သမားတော်ကို တရိုတသေပင် ဆီးကြိုနှုတ်ဆက်လိုက်သည်။
"သိခွင့်များရှိရင် ဆရာ့နာမည်လေးများ သိခွင့်ရှိမလား"
"ရပါတယ် ကျုပ်နာမည် ချန်းရှုလို့ ခေါ်ပါတယ်"
ချန်းရှုအမည်ရှိ သမားတော်က လောင်းချိန်းကျန်း၏ မေးခွန်းကို ပြန်ဖြေကာ အိပ်ယာပေါ်ရှိ လောင်းရှောက်ယူကို အကဲခတ်လိုက်၏။ သူ့အသံမှာကား ကြမ်းရှနေလေသည်။
ချန်းရှု၏ အမူအရာကိုကြည့်ရင်း လောင်းချိန်းကျန်း အားတက်လာ၏။ သူက ပြောလိုက်သည်။
"ဆရာချန်း အထဲကို ကြွပါခင်ဗျာ"
ချန်းရှုကား စကားအပို ပြောနေခြင်းမရှိ။ လောင်းချိန်းကျန်း၏ ခွင့်ပြူချက် ရလိုက်သည်နှင့် လောင်းရှောက်ယူဆီသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်၏။ လုပ်စရာရှိသည်ကို အချိန်မဖြုန်းပဲ လုပ်လိုက်သည့် သဘောပင်။
လောင်းချိန်းကျန်းကား မည်သို့မှ သဘောမထားသည့်အပြင် ချန်းရှု၏ လုပ်ပုံကိုင်ပုံကို ကြည့်ရင်း ပို၍ အားတက်လာ၏။ ယခင်သမားတော်များဆိုလျင် စကားများ ဖောင်ဖွဲ့လောက်အောင် ပြောကာ နောက်ဆုံးတွင် လက်မှိုင်ချ၍ ပြန်ကုန်ကြသည် မဟုတ်ပါလား။
အတန်ကြာသော် ဆရာချန်းသည် လောင်းရှောက်ယူ၏ လက်ကို လွှတ်လိုက်၏။ ထို့နောက် မျက်ခွံကို လှန်ကြည့်ပြန်သည်။ တဖန် လျှာကို ထုတ်၍ စစ်ဆေးပြန်သည်။ ထိုမျှနှင့် ဆရာချန်းက အားရသေးဟန် မတူ။ လောင်းရှောက်ယူ၏ အကျီ ၤကို ချွတ်ပြီး တကိုယ်လုံးကို စေ့စေ့စပ်စပ် ကြည့်ရှုပြန်သည်။
ဆရာချန်း၏ လူနာစမ်းသပ်ပုံက ယခင်သမားတော်များနှင့် မတူပဲ ထူးခြားလှသည် ဖြစ်လေရာ လောင်းချိန်းကျန်း ပို၍ အားတက်လာ၏။
လောင်းရှောက်ယူ၏ တကိုယ်လုံးကို အားရအောင် စစ်ဆေးပြီးသကာလ ဆရာချန်းက သက်ပြင်းတချက်ချကာ ပြောလိုက်သည်။
"လက်စသတ်တော့ ဒါကြောင့်ကိုး"
"ဆရာချန်း ဘာတွေများ စမ်းသပ်မိသလဲဗျ"
လောင်းချိန်းကျန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"ဒါ ထူးခြားတဲ့ ကျိန်စာတမျိုးပဲဗျ"
ထိုစကားကြောင့် လောင်းချိန်းကျန်း စိတ်ပျက်သွား၏။
"ဟုတ်တယ်လေ ဒါ ကျုပ် သိပြီးသားပဲဟာကို"
"ဒါ ဘယ်လို ကျိန်စာမျိုးလဲဆိုတာ အကြီးအကဲ သိလို့လား"
ဆရာချန်း၏ မေးခွန်းကြောင့် လောင်းချိန်းကျန်း ပါးစပ်ပြဲသွားလေသည်။
"လျှို့ဝှက် နည်းစနစ်တခုကြောင့် ကိုယ်တွင်းကို ပရမတ်အမှုန်တွေ ဝင်ကုန်တာကြောင့် ဖြစ်လာတဲ့ ကျိန်စာမျိုးပဲဗျ"
ဆရာချန်းက ရှင်းပြလိုက်လေသည်။
"ပရမတ်အမှုန် ဟုတ်လား"
"ဟုတ်တယ်ဗျ အလွန်သေးငယ်ပြီး သာမာန်မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်ပရမတ်အမှုန်တမျိုးပဲ ဒီအမှုန်ဟာ အင်မတန် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းရည်ရှိတယ် လျှို့ဝှက်နည်းစနစ်ကို သုံးထားတဲ့အတွက် ဒီအမှုန်ဟာ လူနာရဲ့ အသက်ဓာတ်ကို တဖြည်းဖြည်း စုပ်ယူနေတဲ့ သဘောမှာရှိတယ် ဒီသခင်လေး ခုချိန်ထိ အသက်ရှင်နေရတဲ့ တခုတည်းသောအကြောင်းက သခင်ကြီးက သူ့ကို အားတိုးဆေးတွေနဲ့ အသက်ဆက်ပေးနေလို့ပဲ ကျုပ်ပြောတာ ဟုတ်ရဲ့လား လုံလောက်တဲ့ ဆေးပမာဏနဲ့သာ အားဖြည့်ပေးထားရင် သူ့အသက်ကို အတိုင်းအတာတခုထိ ဆွဲဆန့်ထားပေးနိုင်တယ် ဒါပေမဲ့ တရက်ထက် တရက် ကျိန်စာက ပိုအားကောင်းလာတာနဲ့အမျှ ဘယ်ဆေးမှ သူ့အသက်ကို ဆွဲဆန့်နိုင်တော့မှာ မဟုတ်ဘူးဗျ"
"အဲဒီလိုကိုး"
လောင်းချိန်းကျန်း ဝမ်းပမ်းတနည်းနှင့် ရေရွတ်လိုက်သည်။
"ဒီအတိုင်းဆိုရင် ကျုပ်သားကို ဘယ်လိုမှ ကုသလို့မရတော့ဘူးပေါ့"
"အဲဒီလိုလည်း တထစ်ချပြောလို့မရသေးဘူးဗျ"
ချန်းရှုက ပြန်ဖြေလိုက်သည်။
မျှော်လင့်ချက်ရောင်ခြည် သန်းလာခြင်းကြောင့် လောင်းချိန်းကျန်း လှိုက်ခနဲ ဝမ်းသာသွား၏။ ယ
"ဒါ ဒါဆိုရင် ကျုပ်သားကို ကယ်လို့ရသေးတယ်ပေါ့နော် ဆရာချန်း"
"ဟုတ်တယ်ဗျ"
ချန်းရှုက ခေါင်းညိတ်ပြလိုက်သည်။
"နည်းလမ်းနှစ်မျိုး ကျုပ် တွေးမိတယ်"
နည်းလမ်းနှစ်မျိုးတောင် ရှိနေတယ် ဆိုပါကလား...
"ပထမနည်းလမ်းကတော့ ဒီဒဏ်ရာကို ရစေခဲ့တဲ့ လူကို ရှာပြီး ကျိန်စာကို ပြန်ဖြေခိုင်းဖို့ပဲ အဲဒီလူသာ သူ အသုံးပြုထားတဲ့ လျှို့ဝှက်နည်းစနစ်ကို ပယ်ဖျက်လိုက်တာနဲ့ ပရမတ်အမှုန်ဟာလည်း သူ့အလိုလို ပြိုကွဲပျောက်ကွယ်သွားလိမ့်မယ် နည်းစနစ်တွေက အမျိုးမျိုး ရှိနေတော့ ဘယ်နည်းစနစ်ကို သုံးထားမှန်းမသိပဲ ကျုပ်တို့က ဝင်ကုသပေးဖို့ သိပ်ခက်တယ်ဗျ"
လောင်းချိန်းကျန်း ခေါင်းခါပြလိုက်သည်။
"ဒါပေမဲ့ အဲဒီလူက သေဆုံးသွားခဲ့ပြီ ဆရာချန်းရဲ့"
"ဒါဆိုရင်တော့ ဒုတိယနည်းလမ်းပဲ ရှိတော့တာပေါ့ ဒီနည်းလမ်းမှာတော့ ကျိန်စာကို ဘယ်လို ဖန်တီးထားသလဲဆိုတာ သိဖို့ မလိုတော့ဘူး လူနာရဲ့ ကိုယ်ထဲက ပရမတ်အမှုန်ကို တိုက်ရိုက်ဖြိုခွဲဖို့ပဲ"
"ခင်ဗျား ဒါကို လုပ်ဆောင်နိင်ပါသလား ဆရာချန်း"
လောင်းချိန်းကျန်းက အလောတကြီးနှင့် မေးလိုက်သည်။ ချန်းရှုက စဉ်းစားဟန်ပြုကာ ပြန်ဖြေလိုက်၏။
"လုပ်လို့တော့ရတယ် ဒါပေမဲ့ ဒီလို ပရမတ်အမှုန်မျိုးကို ကျုပ် တခါမှ မမြင်ဖူးဘူး သင့်တော်တဲ့ ဆေး ဖော်စပ်ဖို့ အချိန်ယူရအုံးမယ် ဒီကြားထဲမှာ သခင်လေး ရုတ်တရက် သေမသွားအောင်တော့ ကျုပ် လုပ်ပေးနိုင်တယ်"
ထို့နောက် ချန်းရှုက ဆေးသုံးပုလင်းကို အိပ်ကပ်ထဲမှ ဆွဲထုတ်ပြီး လောင်းချိန်းကျန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒီဆေးတွေက သခင်လေးရဲ့ အသက်ကို ဆွဲဆန့်ပေးနိုင်လိမ့်မယ် တရက်ကို ဆေးတလုံးစီပဲတိုက် ဒီထက် ပိုမတိုက်နဲ့ ဆေးတပုလင်းကို ခုနှစ်ရက် ခံမယ် ၂၁ရက် ပြည့်တဲ့နေ့မှာ ကျုပ် ပြန်လာခဲ့မယ်"
လောင်းချိန်းကျန်းကား အလွန်ပင် ကျေးဇူးတင်နေရှာ၏။ ချန်းရှုကို အထပ်ထပ် အခါခါ ဦးညွတ်ရင်း ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်"