← Chapters

အဖြေ

Vol. 37 Ch. 370

အဖြေ

Vol. 37 Ch. 370

လောင်းချိန်းကျန်းက အိမ်တော်တွင် ဆက်လက်နေထိုင်ရန် အတင်းတိုက်တွန်းသော်လည်း ချန်းရှုကတော့ အဖြေရှာရန်သာ စိတ်ဝင်စားနေဟန်ရှိသည်။ နှုတ်ဆက်စကားပြောဆိုပြီး အဆောတလျင်ပင် ထွက်ခွာသွားလေသည်။

တကယ်တော့ ဖြစ်နိုင်လျင် လောင်းချိန်းကျန်းက ဆရာချန်းအား ဖမ်းပင် ဖမ်းထားလိုက်ချင်သေး၏။ သိုသော် သင့်လျော်မည့် ဆေးဝါးများ ထပ်မံဖော်စပ်ရန်ဟူသော ဆရာချန်း၏ အကြောင်းပြချက်က ကောင်းမွန်နေလေရာ ဘာမှမတတ်နိုင်ပဲ လွှတ်ပေးလိုက်ရလေသည်။

လောင်းချိန်းကျန်းသည် ဆရာချန်း၏ လက်ထဲသို့ ရွှေစင်ပြား ရာနှင့်ချီ၍ ထည့်ပေးလိုက်ပြီး ၂၁ရက်နေ့တွင် ပြန်လာရန် အထပ်ထပ်အခါခါ တောင်းပန်လိုက်သေးသည်။ ထိုမျှသာမကသေး ဆရာချန်းကို မျက်ချေမပြတ် စောင့်ကြည့်ထားရန် လူယုံတော်တဦးကိုပါ လောင်းချိန်းကျန်းက စေလွှတ်လိုက်၏။

သို့သော် အနှီ လူယုံတော်သည် လမ်းခုလတ်မှာပင် ဆရာချန်းအား မျက်ချေပြတ်သွားလေရာ စိတ်ပျက်လက်ပျက်နှင့် ပြန်လာခဲ့ရရှာသည်။ သူ့အဖို့ကား အိမ်တော်သို့ ပြန်ရောက်သည်နှင့် ဆရာချန်း၏ ပြင်းထန်သော အမျက်ဒေါသနှင့် ရင်ဆိုင်ရမည်က သေချာနေခဲ့လေပြီ။

လောင်းအိမ်တော်မှာ ထွက်ခွာခဲ့ပြီးသည်နှင့် ဆရာချန်းသည် သီးသန့်နေရာတခုကို ရှာကာ သူ့မျက်နှာပေါ်မှ မျက်နှာတုကို ချွတ်လိုက်၏။ ဤမျှဆိုလျင် ဆရာချန်းမှာ တခြားလူမဟုတ်ပဲ စုချန်းမှန်း ပရိတ်သတ်များ အတပ်သိလောက်ပေပြီ။

ချန်းရှု ဟန်ဆောင်ထားသည့် အဝတ်အစားများကို လှဲလှယ်ပြီးသည်နှင့် စုချန်းက အားရပါးရ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ဒီလို ရှာဖွေတွေ့ရှိမှုမျိုးနဲ့ ကြုံရလိမ့်မယ်လို့ ငါ လုံးဝကို မမျှော်လင့်ထားတာပါလား"

ထို့နောက် သူက လက်ထဲရှိ ပုလင်းငယ်ကို နေရောင်တွင် ထောင်ကြည့်လိုက်၏။ ထိုပုလင်းထဲတွင် လောင်းရှောက်ယူ၏ သွေးတချို့ ပါဝင်လေသည်။

လောင်းရှောက်ယူ၏ သွေးထဲတွင် ထူးဆန်းသော အမှုန်တမျိုးကို စုချန်း တွေ့ထား၏။ ထိုအမှုန်မှာ သတ္တုတုံးအတွင်းရှိ အမှုန်များနှင့် ပုံစံချင်း တူညီနေသော်လည်း အရွယ်အစားမှာ ပို၍ ကြီးမားပြီး ပို၍ စွမ်းအင်ကြီးမား၏။

သို့သော် သတ္တုတုံးအတွင်းရှိ အမှုန်မှာ အသက်ဓာတ်ကို ပေးစွမ်းနိုင်သော စွမ်းအင်ရှိပြီး လောင်းရှောက်ယူ၏ သွေးအတွင်းရှိ အမှုန်ကတော့ အသက်ဓာတ်ကို ဖျက်ဆီးပစ်နိုင်ကြောင်း စုချန်း သတိထားမိ၏။

အမှုန် နှစ်မျိုးလုံးလိုလိုသည် အမျိုးမျိုး အဖုံဖုံသော မူလအမှုန်များနှင့် ဖွဲ့စည်းထားပြီး ပေါင်းစပ်ပုံ မတူညီသောကြောင့်သာလျင် စိတ်ဝင်စားဖွယ်ရာ ရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအမှုန်များသည် စုချန်း ယခင်က လေ့လာဖူးသည့် မူလပစ္စည်းအမှုန်များထက် ပို၍ အရွယ်အစား ကြီးမားနေ၍ လေ့လာရသည်မှာ သိပ်မခက်နိုင်ဟု စုချန်းက ယုံကြည်ထားလေသည်။ ထိုအတွက်ကြောင့် သူက စုအိမ်တော်သို့ အမြန်ဆုံး ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ့အနေနှင့် စမ်းသပ်မှုစတင်ရန် အထူးပင် ဆန္ဒစောနေခဲ့လေပြီ။

သို့သော် စုချန်း၏ အပြန်လမ်းတွင်တော့ မမျှော်လင့်ပဲ ပြသနာတခု ပေါ်ပေါက်လာခဲ့လေသည်။

ထိုပြသနာမှာကား...

စုချန်း မျက်နာမူရာ အရပ်ဆီမှ ခေါင်းအစ ခြေအဆုံး အဝတ်များနှင့် ဖုံးအုပ်ထားသော လူတယောက် လျှောက်လာ၏။ ထိုလူသည် စုချန်းနှင့် ရင်ဘောင်တန်း လျှောက်မိချိန်တွင် မမြင်ဟန်ပြုကာ စုချန်းကို တံတောင်နှင့် တွက်လိုက်ခြင်း ဖြစ်သည်။

စုချန်းကလည်း ထိုလူ၏ လုပ်ရပ်ကို ကောင်းစွာ မြင်လိုက်၏။ တံတောင်ချက် သူ့ရင်ဝသို့ မရောက်ခင်မှာပင် စုချန်းက ထိုလူ၏ လက်ကို ဖမ်းချုပ်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဟေ့လူ ခင်ဗျားလက် နေရာမှားနေပြီထင်တယ်"

သူ့လက်ကို စုချန်း ဖမ်းချုပ်ထားသည်ကို မြင်သောအခါ ထိုလူက အံကြိတ်သံဖြင့် ရေရွတ်လိုက်သည်။

"မင်း သေချင်နေပြီနဲ့ တူတယ်"

ထို့နောက် ထိုလူသည် အိပ်ကပ်ထဲမှ ပါးလွှာသောအရာတခုကို လွတ်နေသော လက်ဖြင့် ဆွဲထုတ်ပြီး စုချန်းကို ထိုးချလိုက်၏။ ထိုလူ၏ ထိုးနှက်ချက်မှာ ရက်စက်ကြမ်းကြုတ်လှ၏။

ထိုလူ၏ လုပ်ရပ်ကို မြင်သည်နှင့် စုချန်း၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် သူက ထိုလူ၏ ဓားကိုင်လက်ကို ထပ်မံဖမ်းချုပ်ကာ လိမ်ချိုးလိုက်သည်။

"အစကတော့ မင်းကို လွှတ်ပေးမလို့ပဲ ဒါပေမဲ့ မင်းကိုကြည့်ရတာ အတော်ကို သေပန်းပွင့်နေချင်ဟန် တူတယ် မင်းက ဒီလို လုပ်လာမှာတော့ ငါကလည်း မယဉ်ကျေးနိင်တော့ဘူးပေါ့ကွာ"

ထို့နောက် သူသည် ထိုလူကို တရွတ်တိုက်ဆွဲခေါ်ကာ ဆက်လက် လမ်းလျှောက်လာခဲ့လေသည်။

အချိန်မှာ ညအချိန် ဖြစ်သော်လည်း လမ်းပေါ်တွင် လူတချို့ ရှိနေသေး၏။

သူတို့လူအား တရွတ်တိုက် ဆွဲခေါ်သွားသည်ကို မြင်သည်နှင့် လမ်းဘေးမှ ရပ်ကြည့်နေသူ အတော်များများသည် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ပြီး စုချန်းကို ဝိုင်းလာကြ၏။ သူတို့၏ မျက်နှာပေါ်တွင်တော့ ရက်စက်ကြမ်းကြုတ်ဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။

ထိပ်ဆုံးမှ ဦးဆောင်လာသူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"နတ်ဆိုးကျားတွေ အလုပ်လုပ်နေတယ်ဟေ့ ရှောင်ကြရှားကြစမ်း"

ပြသနာမတက်ချင်သူ အတော်များများမှာ ဝရုန်းသုန်းကားနှင့် ထွက်ပြေးကြကုန်၏။ တကိုယ်တော်ဖြစ်နေသော စုချန်းကို လှည့်၍ပင် မကြည့်ကြပေ။

သူ့ဆီသို့ ဦးတည်လာသော လူအုပ်ကြီးကို မြင်သည်နှင့် စုချန်းက အော်ဟစ်မေးမြန်းလိုက်သည်။

"နတ်ဆိုးကျား ဟုတ်လား မြို့တော်ရဲ့ အနောက်ခြမ်းက နတ်ဆိုးကျားအဖွဲ့လား"

"ငါတို့ ဘယ်သူဘယ်ဝါဆိုတာ သိရဲ့သားနဲ့ အတိုက်အခံ လုပ်ရဲသလားကွ ငါတို့လူကို ခုချက်ချင်းလွှတ်ပြီး မင်းမှာ ပါသမျှ ပိုက်ဆံကို ထုတ်ပေးလိုက်ရင် မင်းအတွက် ပိုကောင်း....."

"စကားများလိုက်တဲ့ကောင်ကွာ"

စုချန်းကား ခေါင်းဆောင်လုပ်သူ၏ စကားကို ဆုံးအောင်ပင် နားမထောင်တော့ပဲ လက်တဖက်ကို လှုပ်ရှားလိုက်သည်။ ထိုအခိုက်မှာပင် မရေမတွက်နိုင်သော လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး လူအုပ်အား ရစ်ပတ်ချုပ်နှောင်ထားလိုက်တော့သည်။

စုချန်း၏ လေလှိုင်းရေဘဝဲလက်တံများသည် သန်မာလှသည် မဟုတ်ပေ။ သို့သော် သာမာန် လူမိုက်များကိုတော့ ဖမ်းဆီးရန် လုံလောက်၏။

"သေစမ်း ဒီကောင် ချီစွမ်းအားပညာရှင်ပဲကွ"

လူမိုက်တယောက်က ကြောက်လန့်တကြားနှင့် ထအော်လိုက်သည်။

"ကယ်ကြပါအုံး"

နတ်ဆိုးကျားအဖွဲ့အား ခေါင်းဆောင်လာသူကလည်း အော်ဟစ်အကူအညီ တောင်းလိုက်၏။ ထိုအချိန်တွင် ကျန် လူမိုက်တယောက်ကလည်း ခရာကို ဆွဲထုတ်ပြီး ကျန်အဖွဲ့သားများကို အချက်ပေးရန် ဟန်ပြင်လိုက်သည်။ သို့သော် ကံမကောင်းအကြောင်းမလှစွာပင် ထိုလူမိုက်ခမျာကား ခရာကို မှုတ်ခွင့်မရလိုက်ရှာ။ လေလှိုင်းရေဘဝဲလက်တံတခုက ၎င်းကို လေထဲသု့ိ ပစ်တင်လိုက်လေရာ မြေကြီးပေါ်သို့ ကိုးရိုးကားယားနှင့် ပြုတ်ကျလာပြီး ချက်ချင်းဆိုသလို သတိမေ့သွားရှာ၏။

နောက်ဆုံးတွင်တော့ နတ်ဆိုးကျားအဖွဲ့ဝင် လူမိုက် ၇ယောက် ၈ယောက်ခန့်မှာ စုအိမ်တော်သို့ တရွတ်တိုက် ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေသည်။

စုအိမ်တော်သို့ ပြန်ရောက်သည်နှင့် စုချန်းက အနှီ လူမိုက်များကို သံမဏိ၏ ရှေ့သို့ ပစ်ချပေးလိုက်သည်။

သံမဏိက မေးလိုက်သည်။

"သခင် ပြန်ရောက်လာပြီကိုး ဒီကောင်တွေက အစမ်းသပ်ခံ အသစ်တွေလား သခင်"

"ဒီကောင်တွေကို အချုပ်ခန်းထဲ ထည့်ထားလိုက်စမ်း သံမဏိ ငါ့ဆီမှာ သစ္စာတော်ခံ အယောက်၁၀၀လောက် ရှိနေပြီဆိုတော့ ခု ဖမ်းလာတဲ့ကောင်တွေကို အစမ်းသပ်ခံအဖြစ် သုံးရမှာပဲ ဒါကြောင့် ဒီကောင်တွေကို လေ့ကျင့်ပေးမနေနဲ့တော့"

"ကောင်းပါပြီ သခင်"

ဓားပြများကား စုချန်း၏ စကားကို နားထောင်ရင်း ထိတ်လန့်တုန်လှုပ်နေကြရှာသည်။ တဖက်မှလည်း သံမဏိကို ကျေးဇူးတင်မိနေကြ၏။ သံမဏိသာ သူတို့ကို မလေ့ကျင့်ပေးခဲ့လျင် သူတို့၏ ဘဝမှာ သုတေသနခန်းထဲတွင် အစမ်းသပ်ခံအဖြစ်နှင့် ကုန်ဆုံးရမည်မှာ သေချာနေသည် မဟုတ်ပါလား။

သံမဏိကတော့ ဓားပြများ၏ သဘောထားကို ဂရုမစိုက်ချေ။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဟေ့ကောင်တွေ ဆက်ပြီးလေ့ကျင့်စမ်း ဘာလုပ်နေတာတုန်း မင်းတို့ ကောင်းကောင်း မလေ့ကျင့်ရင် အစမ်းသပ်ခံ ဖြစ်သွားမယ်နော်"

ထိုအချိန်တွင် သုတေသနအခန်းထဲရှိ စုချန်းကတော့ သတ္တုတုံးအတွင်းရှိ ပရမတ်အမှုန်နှင့် လောင်းရှောက်ယူ၏ သွေးအတွင်းရှိ ပရမတ်အမှုန်တို့ကို နားလည်နိုင်ရန် စမ်းသပ်မှုများ စတင်ပြုလုပ်လျက်ရှိ၏။

တကယ်တော့ အဏုဇီဝလောကကြီးနှင့် ပတ်သက်၍ စုချန်း၏ စွမ်းရည်မှာ စောင့်ကြည့်နိုင်ယုံမှ လွဲ၍ တခြားရှိလှသည်မဟုတ်။ သူ့စွမ်းရည်အရ မည်သည့်ပြောင်းလဲမှုကို မဆို ဖော်ဆောင်နိုင်ရန် အတော်ပင် ခက်ခဲလှ၏။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုကြောင့်ဖြစ်စေ၊ ညဏ်ရည်ညဏ်သွေးကြောင့်ဖြစ်စေ ပြင်ပမှ နည်းလမ်းများကို ထိုလောကအတွက် စပ်ဟပ်အသုံးပြုနိုင်လာခဲ့၏။ ဥပမာပြရလျင် ရေလှိုင်းဆေးပင်ကို အရည်ကျိုပြီး ထိုအထဲမှ ပျံသန်းနေသောမြွေသွေးဗီဇ မူလပစ္စည်းကို ဆွဲထုတ်နိုင်ခဲ့ခြင်းမျိုးပင်။

ယခုတော့ ထိုနည်းလမ်းထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး ပို၍ သင့်လျော်သော နည်းလမ်းတမျိုးကို စုချန်း ရရှိသွားလေပြီ။

တခြားနည်းလမ်းတော့မဟုတ်။ စိတ်ဝိညာဉ်လှိုင်းတံများပင် ဖြစ်သည်။

တောင်တန်းများသည် လ ကို မသိသလို အအေးဓာတ်သည်လည်း နှစ် တို့ကို မသိဟူသော ဆိုရိုးစကား ရှိ၏။ လူတယောက်က ဂရုမစိုက်သောအခါ အချိန်ဟူသည်မှာလည်း ဘာသိဘာသာနှင့်ပင် ဖြတ်ကျော်သွားရလေသည်။ ဤသို့နှင့် တလခွဲဟူသော အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။

အနှီတလခွဲဟူသော အချိန်ကာလလေးမှာ အတော်ပင် အေးချမ်းလှ၏။ လောင်းမျိုးနွယ်မှ လူများ စုချန်းအား ရန်လာမစသလို လျန်မျိုးနွယ်သည်လည်း သူတို့၏ ကတိကို တည်အောင် ထိန်းနေပုံရသည်။ သို့သော် ထိုအေးချမ်းမှုသည် အပေါ်ယံမျှသာ ဖြစ်ပြီ အောက်ခြေတွင်ကား မီးထိုးပေးခံထားရသည့် ရေနွေးကရားကဲ့သို့ ဆူပွက်ရန် တာစူလျက်ရှိ၏။

စုချန်းအတွက်တော့ အချိန်တလခွဲမှာ တန်ဖိုးကြီးမားလှ၏။

ဤအတောအတွင်းတွင် သူသည် ပရမတ်အမှုန်နှစ်မျိုး၏ ဖွဲ့စည်းထားပုံကို လေ့လာနိုင်ခဲ့သလို ၎င်းအမှုန်နှစ်မျိုးအား မည်သို့ အသုံးပြုရမည်၊ မည်သို့ ထိန်းချုပ်ရမည်ကိုပါ နားလည်သဘောပေါက်လာခဲ့၏။

အမှုန်နှစ်မျိုးသည် သူ့ဟာနှင့်သူဆိုလျင် သီးခြားအစွမ်းများ ရှိနေကြပြီး မှန်မှန်ကန်ကန်သာ ပေါင်းစပ်နိုင်ပါက အံ့မခန်း သက်ရောက်မှုများ ပေါ်ပေါက်လာကြောင်း စုချန်း တွေ့ရှိနေရ၏။ တဖန် ထိုအမှုန်နှစ်မျိုးလုံးသည်ပင် ထူးခြားသော နည်းစနစ်များဖြင့် ဖန်တီးထားကြောင်း စုချန်း သိလာရပြန်သည်။ ပို၍ အရေးကြီးသည်မှာ ထိုအမှုန်အသီးသီးသည် အမျိုးမျိုးသော မူလပစ္စည်းများဖြင့် ပေါင်းစပ်ဖန်တီးထားခြင်းပင်တည်း။

လူတယောက်အနေနှင့် ထိုအမှုန်များကို ဖန်တီးနိုင်ရန် အဏုဇီဝလောကကြီးအကြောင်းကို အသေးစိတ် နားလည်ထားရန် မလိုအပ်လှပေ။ မည်သည့်နည်းလမ်းမျိုးကို အသုံးပြုထားစေကာမူ ရလဒ်တခုခု ပေါ်ထွက်လာလျင်ပင် လုံလောက်နေခဲ့ပေပြီ။

တလခွဲကာလအတွင်းတွင် ရရှိလာခဲ့သော အသိပညာများက စုချန်းနှင့် ပရမတ်လောကကြီးအကြား ကာဆီးထားသော တံတိုင်းကြီးကို ဖြိုချပေးလိုက်သကဲ့သို့ ရှိလေသည်။

ဤနည်းအားဖြင့် စုချန်း၏ မူလပစ္စည်းများအပေါ် နားလည်နိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့၏။ ထိုအသိပညာကိုလည်း စုချန်းက သွေးဗီဇကန့်သတ်ချက်ကို ဖြိုခွဲရာတွင် အလျင်းသင့်သလို ပေါင်းစပ် အသုံးချနိုင်ခဲ့လေသည်။

အနီရောင်တောင်ကြောတွင် နေထိုင်ခဲ့စဉ် ကာလကတည်းက သွေးဗီဇမပါသူများအဖို့ သွေးဗီဇမူလစွမ်းရည်များကို အသုံးပြုနိုင်ရန် နည်းလမ်းသုံးသွယ်ရှိကြောင်း စုချန်း သိရှိခဲ့ပြီးသားပင်။ ထိုနည်းလမ်းများအနက် ပထမ နည်းလမ်းမှာ မူလစွမ်းအင်အဆောင်လက်ဖွဲ့များကို တိုးတက်လာအောင် သူကိုယ်တိုင် ကြိုးစားဖန်တီးရန်ပင်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ သက်ဆိုင်ရာ မူလပစ္စည်းများကို များများစားစား စုပ်ယူနိုင်စေရန် စုပ်ယူခြင်းနည်းလမ်းများကို ပို၍ပြီးပြည့်စုံလာအောင် ဖန်တီးသွားရန်ပင် ဖြစ်သည်။ တတိယနည်းလမ်းမှာ သက်ဆိုင်ရာမူလပစ္စည်းများကို ပြင်ပကမ္ဘာရှိ အရာဝတ္တုများမှ ရှာဖွေဆွဲထုတ်ပြီး အသုံးပြုရန်ပင် ဖြစ်သည်။

ပရမတ်အမှုန်များကို မလေ့လာသေးခင်ထိတော့ စုချန်းအဖို့ တတိယနည်းလမ်းကိုသာ အသုံးပြုနိုင်သေး၏။

ယခုတော့ အခြေအနေမှာ မတူတော့။ စုချန်းသည် မူလစွမ်းအင်အဆောင်လက်ဖွဲ့များကို တိုးတက်အောင် ပြူလုပ်နိုင်သည့် လမ်းစကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။ တနည်းအားဖြင့် ပထမနည်းလမ်းကို သူ တွေ့ရှိသွားခြင်းပင် ဖြစ်သည်။

ပရမတ်အမှုန်နှစ်မျိုးကို အပြန်အလှန် လေ့လာပြီးသည့်နောက် စုချန်း၏ မူလပစ္စည်းများအပေါ် နားလည်နိုင်စွမ်းမှာ များစွာ တိုးတက်လာခဲ့၏။ လက်ရှိ လေ့လာထားသည့် အသိပညာနှင့် ရှီကိုင်းဟွမ်၏ မူလစွမ်းအင်အဆောင်လက်ဖွဲ့ကို ပေါင်းစပ်လိုက်သောအခါ စုချန်းအဖု့ိ သူ၏ မူလစွမ်းအင် အဆောင်လက်ဖွဲ့ကို တိုးတက်လာစေရန် သုံးရက်သာ အချိန်ယူရတော့သည်။

ရလဒ်မှာကား သူ အသုံးပြုနေသည့် မူလစွမ်းရည်များ၏ အင်အားသည် ရာခိုင်နှုန်းနှစ်ဆယ်ထိ တိုးပွားလာခြင်းပင်တည်း။

All Chapters