ရတနာဆေး
Vol. 9 Ch. 896
ထိုနေ့၌ ရှေးဟောင်းဆေး ပြည်နယ် တစ်လွှားရှိ မရေမတွက်နိုင်သော လူများသည် ကြုံတောင့်ကြုံခဲ ဆေးပညာ တိုက်ပွဲကို ကြည့်ရှု့ရန် အတွက် ဆေးမြို့တော်သို့ စုရုံး ရောက်ရှိ လာကြသည်။
ဆေးပညာ တိုက်ပွဲကို ဒိုင်လူကြီး ဆယ်ယောက်က ကြီးကြပ်မည် ဖြစ်သည်။ ဒိုင် ဆယ်ယောက် အနက် ငါးယောက်မှာ ဆေးပညာ အစည်းအရုံးမှ ဖြစ်ကာ အခြား ငါးယောက်မှာမူ မြောက်နတ္ထိနယ်မှ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။
"ဟူမိသားစု ဒုတိယ သခင်လေး ဟူရှောင်..."
"ကျန်းဟိုင် ဝူ မိသားစုရဲ့ မိန်းကလေးဝူ..."
"နူးညံ့ဂိုဏ်း တပည့် ခရမ်းရောင် လနတ်သမီး..."
" ... "
စသည်ဖြင့် တစ်ယောက်ချင်းစီကား မြောက်နတ္ထိနယ်၏ အကျော်အမော် လူငယ် မျိုးဆက်များ ဖြစ်သည်။ ထို့အပြင် ဝူရွှမ်ဖုန်း၏ တက်ရောက်မှုကလည်း ဆေးပညာ တိုက်ပွဲကို ပို၍ လေးနက်စေ၏။ ဝမ်မိသားစုသည် မြောက်နတ္ထိနယ်၌ လွှမ်းမိုးနိုင်သော အင်အားစု တစ်ခု ဖြစ်ရာ မည်သည့် ဂိုဏ်း၊ မိသားစု ကမျှ သူတို့အား ပေါ့ပေါ့ဆဆ မဆက်ဆံ ရဲချေ။
"ငါကြားရသလောက်ဆို ဒီ ဆေးပညာ တိုက်ပွဲက သခင်လေး ဝမ်ရွှမ်ဖုန်းရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်လာခဲ့တာ တဲ့"
"ဟီးဟီး... ငါတော့ ဒီတိုက်ပွဲမှာ ဆေး သခင်လေးပဲ နိုင်မယ် ထင်တယ်... သူက နှစ်တစ်ရာ အတွင်း အတော်ဆုံး ပါရမီရှင် ဖြစ်တဲ့ အပြင် ဆေးသခင်ရဲ့ တပည့်လည်း ဖြစ်တယ်လေ... ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက သူနဲ့ ယှဉ်ရင် ဘာမလို့လဲ"
"သိပ်တော့ မသေချာဘူးကွ... ချန်းပေ့ရွှမ်းက မဟာ သမားတော်တွေကို အနိုင်ယူဖူးတယ် တဲ့... သူက သွားရှုပ်လို့ ရတဲ့သူ မဟုတ်ဘူး..."
လူတိုင်းသည် တိုက်ပွဲ အကြောင်းကို ဆွေးနွေး နေကြ၏။
ထိုအချိန်၌ ကျို့ကျို့တို့ မြေးအဘိုးမှာလည်း လူအုပ် ကြားထဲတွင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"အဘိုး... အကိုကြီးချန်းက ဒီတိုက်ပွဲကို နိုင်မယ် ထင်လား"
ကျို့ကျို့က လက်သီးကို တင်းတင်း ဆုပ်ရင်း မေးလိုက်၏။
"ခက်ခဲလိမ့်မယ်..."
အဘိုးအိုက ခပ်တိုးတိုး ရေရွတ်ကာ ခေါင်းအား ခါလိုက်သည်။
တစ်ချိန်တည်း၌ ကျင်းဟန်၊ ဝူချင်းယန်နှင့် ရန်ဝူဝမ် တို့မှာလည်း ထိုင်ခုံများ၌ ထိုင်ကာ တိုက်ပွဲ စတင်မည့် အချိန်ကို စိတ်ရှည်စွာ စောင့်နေကြသည်။
"သမားတော်ချန်းမှာ ပြင်းပြတဲ့ ဆန္ဒနဲ့ ယုံကြည်ချက် ရှိတယ် ဆိုတာ အရင်တုန်းက ငါ သတိမထားမိဘူး"
ကျင်းဟန်က ပြုံးရင်း ဆိုလိုက်သည်။
"ဟမ့်... ဘာယုံကြည်ချက်လဲ... သူက ရူးနေတာ"
ဝူချင်းယန်က နှာခေါင်းရှုံ့ လိုက်၏။
ရန်ဝူဝမ်မှာမူ တိတ်ဆိတ်နေကာ မည်သည့် စကားမှ ဝင်မပြောခဲ့ချေ။
သူသည် မြေရိုင်းနယ်မှ ဖြစ်ရာ ချန်းဖန်၏ အကြောင်းကို ကြားခဲ့ဖူးသည်။ လဝက် အတွင်းမှာပင် ထိုလူငယ်သည် မြေရိုင်းနယ် ဆယ့်ခုနစ်ခုကို လွှမ်းမိုးခဲ့ကာ မဟာ သမားတော် များစွာကို အနိုင်ယူခဲ့သည်။ ထိုလူငယ်၏ အရည်အချင်းကား ဆေးပညာ အစည်းအရုံး သိထားသည်ထက် များစွာ ကျော်လွန်ပေသည်။
မကြာခင်မှာပင် အကြီးအကဲများ၊ ပြိုင်ပွဲဝင်များ ရောက်ရှိလာရာ လူအုပ်မှာ ဆူပွက် သွားခဲ့၏။ အထူးသဖြင့် စီတုချန်း ဝင်လာချိန်၌ အော်ဟစ် အားပေသံများမှာ ကမ္ဘာပျက် မတတ် ညံသွားခဲ့သည်။
သူကား ဂုဏ်သရေရှိ မိသားစု တစ်ခုမှ ဆင်းသက်လာသူ ဖြစ်ကာ ဆေးသခင်၏ တပည့်လည်း ဖြစ်သည်။ ထို့အပြင် သူ၏ ပါရမီကလည်း နှစ်တစ်ရာ အတွင်း အတော်ဆုံး ပါရမီရှင် ဟုပင် ပြောစမှတ် ပြုကြရသည်။ သို့ဖြစ်ရာ လူအများက သူ့အား အားပေးခြင်းမှာ မထူးဆန်းချေ။
တစ်ချိန်တည်း၌ ချန်းဖန်ကို အားပေးသူမှာမူ တစ်ယောက်သာ ရှိ၏။ ထိုတစ်ယောက်ကား ကျို့ကျို့ပင် ဖြစ်သည်။
"အကိုကြီး... ကြိုးစားထား..."
ချန်းဖန်က သူမအား လက်ပြန်ပြကာ တိုက်ပွဲ စင်မြင့်ထက်သို့ လျှောက်သွား လိုက်သည်။
ပြိုင်ပွဲဝင် နှစ်ယောက် နေရာယူပြီးနောက် ဒိုင်လူကြီး တစ်ယောက် ဖြစ်သည့် ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က စာရွက် တစ်ရွက်ကို ကိုင်ကာ တိုက်ပွဲ စည်းမျဉ်းကို ဖတ်ပြသည်။
"ဒါက ပထမဆုံး တိုက်ပွဲ ဖြစ်တယ်... မင်းတို့ နှစ်ယောက်က ဝိညာဉ်သုံးခု အားဖြည့်ဆေး လို့ ခေါ်တဲ့ အဆင့်နိမ့် ရတနာဆေး တစ်ခု ပြုလုပ်ရမယ်... ဆေးဖော်စပ်ဖို့ တစ်နေ့ အချိန် ယူနိုင်တယ်... ဆေးဖော်စပ်တဲ့ နေရာမှာ ကိုယ်ပိုင် နည်းလမ်းနဲ့ ပစ္စည်းတွေကို သုံးနိုင်တယ်"
"အနိုင်ရသူက ရှင်သန်ရမယ်... ရှုံးနိမ့်သူက သေဆုံးရမယ်"
ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်၏ ကြေညာမှုက လူများကို တိတ်ဆိတ် သွားစေသည်။ သမားတော်များ ဆိုလျှင် လေအေးများကိုပင် ရှိုက်သွင်း မိကြ၏။
"ဝိညာဉ် သုံးခု အားဖြည့်ဆေး... ဒါက မလွယ်ဘူးပဲ"
"ငါဝောာ့ ဆေးသခင်လေးက အဲဒီ ဆေးကို ဖော်စပ်ဖို့ အကြံပေးခဲ့တာလို့ ထင်တယ်... အဲဒါက သူ့ရဲ့ ပါရမီကို ဖော်ပြနိုင်မယ့် နည်းလမ်းလေ"
"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားတော့ ရှုံးတော့မှာပဲ"
ပရိသတ်များထဲ၌ အချို့ကသာ ချန်းဖန် အနိုင်ရမည်ဟု တွေးကြသည်။ သို့သော်လည်း ကြေညာသံ အဆုံး၌ ထို အရေအတွက်က မူလကထက် ထိုးကျ သွားခဲ့၏။
ရန်ဝူဝမ်က ခေါင်းအား ခါယမ်း လိုက်ကာ ဝူချင်းယန်မှာလည်း မျက်မှောင်ကြုတ် သွား၏။
"အဘိုး... ဝိညာဉ်သုံးခု အားဖြည့်ဆေး ဆိုတာ ဘာလဲ"
ကျို့ကျို့က သူမ၏ အဘိုးအား မော့ကြည့်ကာ မေးလိုက်သည်။
"ရှားပါးတဲ့ ဆေးတစ်မျိုးပေါ့..."
အဘိုးအိုက မချိပြုံး ပြုံးရင်း ပြန်ဖြေ လိုက်သည်။
"ဝိညာဉ် သုံးခု အားဖြည့်ဆေးတွေက အရမ်း လုပ်ဖို့ ခက်တယ်... အဲဒါကို လုပ်ဖို့က ရှားပါးတဲ့ ဝိညာဉ်ဆေးအမယ်တွေ လိုအပ်သလို ဖန်တီးတဲ့ နေရာမှာလည်း အထူး ကျွမ်းကျင်မှ အောင်မြင်နိုင်တယ်... မဟာ သမားတော် တွေထဲမှာတောင် ထိပ်ဆုံး အဆင့် ရောက်နေတဲ့ သူတွေပဲ ဆေးလုံးကို ဖော်စပ် နိုင်ကြတယ်... ဆေးရဲ့ အာနိသင်ကတော့ လူတစ်ယောက်ရဲ့ နတ်ဘုရား စိတ်အာရုံကို အလျှင်မြန်ဆုံး ပြန်ပြီး အားဖြည့် ပေးနိုင်တယ်လေ"
ဆေးပညာ နယ်ပယ်၌ နတ်ဘုရား စိတ်ဝိညာဉ်ကို အကျိုး သက်ရောက်သော ဆေးများမှာ အလွန် တန်ကြေး မြင့်မားသည်။ ဝိညာဉ် သုံးခု အားဖြည့်ဆေးသည် ထိပ်တန်း ဝိညာဉ်ဆေး တစ်ခု ဖြစ်ကာ ဝမ်ရှင်း တန်ခိုးရှင်များ အတွက်ပင် အထူး အရေးပါသည်။
"အချိန်က နောက်မကျသေးဘူး... မင်း နောက်ပြန်ဆုတ်မယ်ဆို အချိန် ရသေးတယ်"
ဆေးသခင်လေး စီတုချန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ ခါးအား ဆန့်တန်းလျှက် ချန်းဖန်အား ကြည့်လိုက်၏။
"စိုးရိမ် မနေနဲ့... ငါ မင်းကို မသတ်ဘူး... မင်းက ငါ့အတွက် ပြဿနာဖြစ်ဖို့ မထိုက်တန်ဘူး"
ချန်းဖန်က အေးစက်စက်ပင် ပြန်လည် ပြောလိုက်သည်။
"ဟမ့်..."
စီတုချန်းမှာ နှာခေါင်းရှုံ့ကာ တစ်ဖက်သို့ လှည့်သွား၏။
ထို့နောက် မကြာခင်မှာပင် ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က တိုက်ပွဲ စတင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။
"ဘုန်း..."
စီတုချန်းက ချက်ချင်းပင် လေထုအား လက်ညိုးဖြင့် တို့ထိကာ ဓမ္မ အစီအရင် ရှစ်ခုကို ဆင့်ခေါ် လိုက်သည်။ ထို့နောက် သူက ဆေးအမယ်များကို ဂရုတစိုက် စစ်ဆေးကာ အကောင်းဆုံးများကို ရွေးချယ်၍ ရောင်စုံ မီးတောက်များဖြင့် စတင် သန့်စင် လိုက်၏။ စီတုချန်း၏ လှုပ်ရှားမှုများက တစ်ခုနှင့် တစ်ခု ချိတ်ဆက်ထားကာ လိုက်လျော ညီထွေ ရှိနေခဲ့၏။
သူ၏ ဆေးဖော်စပ်ပုံကို ကြည့်ကာ လူအများမှာ မဟာ သမားတော်များ၏ အဆင့်အတန်း အပေါ် သံသယ ကင်းစင် သွားခဲ့သည်။ မဟာ သမားတော်များမှ လွဲ၍ မည်သူမျှ ရတနာ ဆေးများကို သန့်စင်နိုင်မည် မဟုတ်ချေ။
"ညီမလေး... စီတုချန်းက တကယ် ပါရမီ ပါတာပဲ... သူက ခရမ်းရောင် လနတ်သမီး အတွက် နဝမ အသွင်ပြောင်းခြင်း ဆေးကို ဖော်စပ် ပေးနိုင်လောက်တယ်"
ဝူပိုင်စုက ဆိုလိုက်၏။ သူမသည် ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အဖြူရောင် အသားကပ် ဝတ်စုံကို ဝတ်ဆင်ထား၏။
သူမ၏ မျက်နှာမှာ ဝူချင်းယန် ထက်ပင် ပိုမို ချောမောကာ ဆွဲဆောင်မှု ရှိသည်။ သူမသည် ဝူမိသားစု၏ အကြီးဆုံး သမီး ဖြစ်ကာ ပါရမီ အရှိဆုံး မျိုးဆက်လည်း ဖြစ်သည်။ ထို့အပြင် သူမသည် ကောင်းကင် သွေးကြော သုံးခုကို ပိုင်ဆိုင်ထားသော ရွှေအမြုတေ ထိပ်ဆုံး အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သည်။
"မမ... စီတုချန်းက အကြီးအကဲ စီတုရဲ့ မြေးပဲဟာ... သူ့ကို ငယ်ငယ်တည်းက မဟာ အကြီးအကဲ သုံးယောက်က လေ့ကျင့်ပေးထားတာ... ဆေးသခင်ကလည်း အစောကြီးတည်းက သူ့ကို တပည့် အဖြစ် လက်ခံဖို့ စိတ်ဝင်စားနေပြီးတော့ သူ့ရဲ့ ဆက်ခံသူ အဖြစ်တောင် သတ်မှတ်ထားတာလေ... စာမေးပွဲ ဆိုတာလည်း သက်သက် အလှပြရုံပဲ..."
ဝူချင်းယန်က ခေါင်းကို ခါယမ်းကာ ပြန်လည် ပြောလိုက်၏။
"ညီမလေး ပြောပုံ အရ ဆိုရင်တော့ စီတုချန်းက အနိုင် သေချာတယ်ပေါ့"
ဝူပိုင်စုက အနည်းငယ် ပြုံးရင်း မေးလိုက်၏။
"အဲဒါက..."
ဝူချင်းယန်မှာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့သည်။ သူမသည် ချန်းဖန်အား သဘောကျရာ သူ ရှုံးနိမ့်မည်ကို အမှန်တကယ်ပင် မတွေ့မြင်လိုချေ။
တစ်ချိန်တည်း၌ ချန်းဖန်ကမူ ဆေးအိုးရှေ့၌ ရပ်ကာ ပစ္စည်းများကို မျက်တောင် မခတ် စိုက်ကြည့် နေခဲ့လေ၏။
***