← Chapters

အတွေးတစ်ချက်ဖြင့် ဆေး ပြုလုပ်ခြင်း

Vol. 9 Ch. 897

အတွေးတစ်ချက်ဖြင့် ဆေး ပြုလုပ်ခြင်း

Vol. 9 Ch. 897

ဆေးပညာ အစည်းအရုံးသည် တိုက်ပွဲ အတွက် ဆေးအိုး၊ ဓမ္မ အစီအရင်များနှင့် ကမ္ဘာ မီးတောက်များကို ထောက်ပံ့ပေးသည်။

ထိုအရာ တစ်ခုချင်းစီကား ဝိညာဉ် ရတနာများ ဖြစ်သည်။ အချို့ ဆိုလျှင် ဝိညာဉ် ရတနာ ထိပ်ဆုံး အဆင့်များ ဖြစ်၏။ ထို့အပြင် ဆေးဖော်စပ်ရာတွင် ကူညီပေးနိုင်သည့် ဂိုလမ်ရုပ်များကိုပင် ထောက်ပံ့ ပေးထားသေးသည်။

ထို့အတူ ဆေးစင်များမှာလည်း ဝိညာဥ် ဆေးအမယ်များဖြင့် ပြည့်နှက် နေသည်။ ထိုအထဲတွင် နှစ်တစ်သိန်း မဟုတ်လျှင်ပင် နှစ်ထောင်ချီ သက်တမ်းရှိသော ဆေးအမယ်များပင် ပါဝင်ည်။

"ဟမ်... သမားတော်ချန်းက ဘာလို့ ဆေးမဖော်စပ်ပဲ ငေးငိုင် နေတာလဲ... သူက ရွှေအမြုတေ အဆင့်ကို မရောက်သေးလို့ များလား..."

ကျင်းဟန်က မျက်မှောက်ကြုတ်ကာ ဆိုလိုက်၏။

ရတနာဆေး တစ်ခုကို ဖော်စပ်ရန်မှာ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိရန် လိုအပ်၏။ ရွှေအမြုတေ အဆင့်၏ စွမ်းအားကို မပိုင်ဆိုင်ပဲ ရတနာ ဆေးဝါး ဖော်စပ်မည့် ဆေးအိုးကို ထိန်းချုပ် နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ဝူဝမ်က ဘာမှ မပြောပဲ ခေါင်းအား ငုံ့လိုက်သည်။

တစ်ချိန်တည်း၌ ဖေးယွင် နန်းတော်၏ ထိပ်၌ ထိုင်နေသော ဟူရှောင်က နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက ဘေးတွင် ရှိသော ခရမ်းရောင် လနတ်သမီးကို ကြည့်ကာ ပြောလိုက်သည်။

"ညီမ... အဲ့ကောင်က လူလိမ်လူညာ လို့ အကို မပြောဘူးလား... ဒါတောင် ညီမက သူ့ကို အထင်ကြီး နေသေးတယ်"

ခရမ်းရောင် လနတ်သမီးက မျက်မှောင်ကြုတ် လိုက်၏။ သူမ၏ အင်္ကျီစများက လေနှင့် အတူ မျောလွင့် နေကာ သူမ၏ ဆံနွယ်များမှာလည်း အင်္ကျီစများ အထက်၌ ကခုန် နေသည်။

"ငါ သူ့ကို မှားပြီး ခန့်မှန်းမိတာလား..."

သံသယ အတွေး တစ်ခုက သူမ၏ စိတ်တွင် စတင်ကာ ဝင်ရောက် လာခဲ့သည်။

တစ်ချိန်တည်း၌ ဆေးပညာ အစည်းအရုံးနှင့် ရှေးဟောင်းဆေး ပြည်နယ်၏ သမားတော်များမှာလည်း ခေါင်းခါ နေမိကြသည်။ ဆေးဖော်စပ်ခြင်းသည် အလွန် ကျွမ်းကျင်မှု လိုအပ်သော ပညာ တစ်ခု ဖြစ်သည်။ ဆေးမဖော်စပ်ခင် တွေဝေ နေခြင်းက ကောင်းမွန်သော အရာ မဟုတ်ချေ။

"ရတနာဆေးတစ်ခု ဖန်တီးရာမှာ ခွဲခြားခြင်း ရွေးချယ်ခြင်း သန့်စင်ခြင်း ဆိုတဲ့ အဆင့် သုံးခု ရှိတယ်... ကမ္ဘာပေါ်မှာ မတူညီတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ ဆေးအမယ်ပေါင်း မရေမတွက်နိုင်အောင် ရှိတယ်... ဆေးဖော်စပ်ရာမှာ ဆေးအမယ်တွေကို ပထမဆုံး ခွဲခြမ်း စိတ်ဖြာခြင်းက အရည်အသွေးမြင့် ဆေးတစ်ခု ဖြစ်ပေါ် လာဖို့ အတွက် အဓိက အချက်ပဲ"

မဟာ အကြီးအကဲ ရှုယွမ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆိုလိုက်၏။

"မဟာ အကြီးအကဲ... ဒီလူငယ်မှာ လျှို့ဝှက် ထားတဲ့ အရည်အချင်းတွေ ရှိမယ်လို့ ခင်ဗျား ထင်သလား"

အကြီးအကဲ စီတုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဖြစ်နိုင်ချေ ရှိတယ်... ရတနာဆေး ဖော်စပ်တဲ့ နည်းလမ်းတွေက မိသားစုတွေ ဂိုဏ်းတွေရဲ့ လျှို့ဝှက် ပညာရပ်တွေပဲလေ... သူက တကယ် မဟာ သမားတော် တစ်ယောက် ဖြစ်မလား ဆိုတာ စောင့်ကြည့် ကြတာပေါ့..."

ရှုယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

မရေမတွက်နိုင်သော လူများသည် ချန်းဖန်ကို စောင့်ကြည့် နေကြ၏။ သို့သော်လည်း သူကား ယခုထိ ဆေးအမယ်များ၊ ဆေး ဖော်စပ်သည့် ပစ္စည်းများ အရှေ့တွင် ရပ်နေဆဲ ဖြစ်သည်။

ထျန်းဟောင်ဂြိုဟ်မှ နည်းစနစ်ကို သုံး၍ ချန်းဖန် ဖော်စပ်ဖူးသည့် အစွမ်း အထက်ဆုံး ဆေးမှာ အဆင့်မြင့် ဝိညာဉ်ဆေးသာ ဖြစ်သည်။ သို့သော်လည်း ရတနာဆေးများမှာ ဝိညာဉ်ဆေး ဖော်စပ်ခြင်းထက် အဆများစွာ ပိုမို ခက်ခဲသည်။ ချန်းဖန်သည် ထျန်းဟောင် ဂြိုဟ်သားများ ရတနာဆေးအား မည်သို့ ဖော်စပ်သည်ကို အမှန်တကယ်ပင် စိတ်ဝင်စား နေမိ၏။

နာရီဝက် ကြာပြီးနောက်၌ ချန်းဖန်သည် တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"ဆေးသခင်လေးက ဆေးအမယ်တွေကို စပြီး သန့်စင်နေပြီ... သူက တကယ် ခက်ခဲတဲ့ အဆင့်ကို ရောက်တော့မယ်"

တစ်ချိန်တည်း၌ စီတုချန်းသည် သူ သေချာပြင်ဆင်ထားသည့် ဝိညာဉ်ဆေး အားလုံးကို စုစည်းကာ ဆေးအိုးအား စတင် မီးအပူပေး နေခဲ့ည်။ ထို့နောက် သူသည် ဂရုတစိုက်ဖြင့် ဆေးအမယ်များကို တစ်ခုပြီး တစ်ခု ဆေးအိုး အတွင်း ထည့်လိုက်၏။

ထိုအခိုက်အတန့်၌ အချိန်သည် အလွန် အရေးပါ၏။ အဆင့် တစ်ခုချင်းစီသည် ချိန်သားကိုက် လုပ်ဆောင်ရန် လိုအပ်သည်။ အချိန် အပိုင်းအခြားလေး တစ်ခု လွဲချော် လျှင်ပင် ဆေး၏ အာနိသင်က ပျက်ပြယ် သွားနိုင်သည်။

ဆေးဖော်စပ်ခြင်းသည် အလွန် ထိခိုက်လွယ်သော လမ်းစဉ် တစ်ခု ဖြစ်သည်။ ဆေးဖော်စပ်နေစဥ် အတွင်း၌ မည်သည့် အမှားလေး တစ်ခုကိုမျှ ပြုလုပ်၍ မရချေ။

"ဟူး..."

မီးသည် ပို၍ တောက်လောင်လာ၏။ ဆေးအိုး၏ အထက်၌ အနက်ရောင် မီးခိုးငွေ့ အချို့က လင်ဇီး မှိုသဏ္ဌာန် ဖွဲ့စည်း လာသည်။ ထိုအရာသည် ဝိညာဉ် သုံးခု အားဖြည့်ဆေး၏ လက္ခဏာ တစ်ခုလည်း ဖြစ်၏။

အချို့ ပရိတ်သတ်များသည် ချန်းဖန်ဘက်သို့ ကြည့်ကြရာ ဆက်လက် ငူငိုင်နေသည်ကိုသာ တွေ့ရသည်။ ထိုအခါ သူတို့မှာ ခေါင်းခါရုံသာ တတ်နိုင်ကြ၏။ ဝူချင်းယန် ပင်လျှင် ချန်းဖန် အပေါ် ထားရှိသည့် သူမ၏ မျှော်လင့်ချက်ကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

တစ်နာရီမျှ ကြာပြီးနောက် စီတုချန်းက ဆေးအိုးကို  ဖွင့်ကာ တစ်ဝက်တစ်ပျက် အရည်ပျော် နေပြီ ဖြစ်သော ဆေးအမယ်များကို ဂရုတစိုက် ထုတ်ယူ လိုက်သည်။ ထို့နောက် သူက ထိုအရာများကို အခြား ဆေးအိုး တစ်ခု အတွင်း ထည့်သွင်းကာ မတူညီသော မြေကမ္ဘာ မီးတောက်ဖြင့် သန့်စင် လိုက်ပြန်သည်။

နှစ်နာရီမျှ ကြာပြီးနောက် သူက ဆေးအိုးအား ထပ်မံ ပြောင်းကာ အခြား ဆေးအမယ် အချို့ပါ ထပ်မံ ဖြည့်စွက် လိုက်သည်။

ဝိညာဉ် သုံးခု အားဖြည့်ဆေးသည် အခြား ရတနာဆေးများထက် ပို၍ လုပ်ရခက်သည်။  ထိုဆေးကို ပြုလုပ်ရန် အတွက် ဆေးဖော်စပ်သူသည် ဆေးအိုးကို ခုနစ်ကြိမ် တိတိ ပြောင်းလဲရန် လိုအပ်သည်။

"ရတနာ ဆေးတစ်ခု ဖြစ်လာဖို့ အတွက် ဆိုရင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော် ရတယ်... ဒါကြောင့်မလို့ပဲ ရတနာ ဆေးဝါးတွေကို အကြိမ်ကြိမ် သန့်စင်ဖို့ လိုအပ်တာ..."

ရှုယွမ်က ခေါင်းညိတ် အသိအမှတ် ပြုရင်း ဆိုလိုက်၏။

တစ်ချိန်တည်း၌ ဟူရှောင်က လက်ခုပ်တီး လိုက်သည်။

"ဟားဟား... အကို ရွှမ်ဖုန်း... ကြည့်ရတာ ကျုပ်တို့ရဲ့ နဝမ အသွင်ပြောင်းခြင်း ဆေးကတော့ စီတုချန်းရဲ့ လက်ထဲကို ရောက်သွားဖို့ ကျိန်းသေ နေပြီ... သူက ဆေးသခင်ရဲ့ ခြေရာကို နင်းနိုင်တဲ့ ပုံပဲ"

"ပြောဖို့ စောသေးတယ်... နဝမ အသွင်ပြောင်းခြင်း ဆေးက ကောင်းကင် အဆင့်ဆေးပဲ...  ဝိညာဉ် သုံးခု အားဖြည့်ဆေးလို ရတနာ အဆင့် ဆေးနဲ့ နှိုင်းယှဉ်လို့ ရတာ မဟုတ်ဘူး..."

ဝမ်ရွှမ်ဖုန်းက ခေါင်းအာရင်း ဖြည်းညင်းစွာ ဆိုလိုက်သည်။

ငါးနာရီ ကြာပြီးနောက်၌ စီတုချန်းက ဆေးအိုးကို ငါးကြိမ်မြောက် ပြောင်းလိုက် ပြန်၏။ တစ်ချိန်တည်း၌ ကောင်းကင်တွင် မည်းမှောင်သော မိုးကြိုးတိမ် အချို့ စတင် ရစ်မှောင် လာခဲ့ပြီ ဖြစ်သည်။

"ဆေးကပ်ဘေးက မကြာခင် ရောက်လာတော့မယ် ထင်တယ်... အဲဒါက ဆေးဖော်စပ်ခြင်းရဲ့ နောက်ဆုံး အဆင့်ပဲ"

မရေမတွက်နိုင်သော လူများက ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။

စီတုချန်း၏ မျက်နှာမှာမူ မည်းမှောင်ကာ ချွေးစေးများဖြင့် ပြည့်နေခဲ့ပြီ ဖြစ်သည်။ သူသည် ကြီးမားသော ဖိအား၏ အောက်၌ ဆေးဖော်စပ်ခြင်း ပညာကို အစွမ်းကုန် ထုတ်သုံး နေရပုံ ရ၏။ သူကား ခြောက်ခုမြောက် ဆေးအိုး၌ နာရီဝက်သာ သန့်စင်လိုက်ရသော်လည်း ခုနစ်ခုမြောက် ဆေးအိုးတွင်မူ နှစ်နာရီမျှ အထိ အချိန်ယူ နေရသည်။

တစ်ချိန်တည်း၌ ချန်းဖန်မှာမူ အေးဆေးစွာ ထိုင်နေဆဲ ဖြစ်သည်။

သူသည် ဆေးဖော်စပ်ရန် အတွက် ပေးထားသော ဆေးပင်များမှ ဝိညာဉ်ချီများကိုပင် စုပ်ယူ နေခဲ့၏။ လူတိုင်းသည် သူ့ကို ကြည့်ကာ မျှော်လင့်ချက်များ နည်းပါး လာခဲ့ဝောာ့သည်။

"အဘိုး..."

ကျို့ကျို့၏ မျက်လုံးများကား စိုစွတ် နေခဲ့ပြီ ဖြစ်သည်။

"အချိန်က ကိုးနာရီ ကုန်သွားပြီ... သုံးနာရီပဲ ကျန်တော့တယ်... သုံးနာရီ အတွင်းမှာ ကောင်းကင် သမားတော်တောင် ဝိညာဉ် သုံးခု အားဖြည့်ဆေးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး"

အဘိုးအိုက ခေါင်းအား လေးပင်စွာ ခါယမ်း လိုက်၏။

"ဒါပေမဲ့ ဆေးပညာ တိုက်ပွဲမှာ ရှုံးရင် သူ သေရမှာလေ..."

ကျို့ကျို့၏ မျက်နှာက ဖြူရော် သွားကာ ခန္ဓာကိုယ်မှာလည်း တုန်ရီ သွားသည်။ သူမသည် ချန်းဖန် ရှုံးနိမ့် သွားမည်ကို လက်မခံနိုင်ချေ။

ထိုအခိုက်၌ ဝူချင်းယန် အပါအဝင် လူတိုင်းကား ချန်းဖန် အပေါ် လက်လျှော့ လိုက်ကြပြီ ဖြစ်သည်။ ဝူပိုင်စုက ဖျော့တော့စွာ ပြုံးရင်း ရေရွတ် လိုက်၏။

"ငါ ဒီကို လာတာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဆေးပညာ တိုက်ပွဲ ကြည့်ဖို့ လာခဲ့တာ... ဒါပေမဲ့ ခုဟာက တစ်ယောက်တည်း အစွမ်းပြပွဲ ဖြစ်နေတယ်... အချိန်တွေ နှမြော စရာပဲ"

အကြီးအကဲ စီတုနှင့် ရှုယွမ် တို့မှာမူ ခေါင်းကိုသာ ခါနေကြလေ၏။

"ပြိုင်ပွဲက ပြီးပြီ... ဆက်ပြီး စောင့်ကြည့်စရာ မလိုတော့ဘူး..."

ထို့နောက် စီတုချန်းက သူ၏ သန့်စင်မှုကို အဆုံးသတ်ကာ ဆေးကပ်ဘေးကို ဆင့်ခေါ် လိုက်သည်။

"ဘုန်း..."

ကောင်းကင်ရှိ တိမ်မည်းများမှ မိုးကြိုးများသည် ဆင်းသက်လာကာ လင်ဇီးမှို သဏ္ဌာန် မီးခိုးများထဲသို့ ကျဆင်းလာ၏။ မိုးကြိုးများ၏ အကြိမ်ကြိမ် သန့်စင်မှုတွင် လင်ဇီးမှို သဏ္ဌာန် မီးခိုးများသည် အေးခဲလာကာ အစစ်အမှန် သဏ္ဌာန် အဖြစ်သို့ ရောက်ရှိ လာသည်။

မိုးကြိုး လေးဆယ့်ကိုးချက်ကို ခုခံ ပြီးနောက်  ဆေးလုံးသည် အပြည့်အဝ ဖြစ်ပေါ်လာကာ စီတုချန်း၏ လက်အတွင်း သက်ဆင်း လေ၏။

"ဆယ်နာရီ ကြာပြီးတဲ့ နောက်မှာ ဝိညာဉ် သုံးခု အားဖြည့်ဆေးက အောင်မြင် သွားခဲ့ပြီ... ကျုပ် ခင်ဗျားတို့ကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား"

စီတုချန်းက ပြုံးရင်း လင်ဇီးမှို သဏ္ဌာန် ဆေးလုံးကို ရတနာ သေတ္တာ တစ်ခု အတွင်း ထည့်သွင်းကာ ဒိုင်လူကြီးများ ထံသို့ ပေးလိုက်သည်။

တစ်ခဏ ကြာပြီးနောက် ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ရှေ့သို့ ထွက်လာကာ ကြေညာလိုက်သည်။

"သမားတော် စီတုချန်းက ဝိညာဉ် သုံးခု အားဖြည့်ဆေးကို ရတနာ အလယ်ဆင့် အထိ ရောက်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်"

"ဘယ်လို... ရတနာ အလယ်ဆင့် ဟုတ်လား..."

ရုတ်တရက် လူများမှာ ဆူညံ ပွက်လောရိုက် သွား၏။

ဆေးသခင်လေးက ဝိညာဉ် သုံးခု အားဖြည့်ဆေးကို ရတနာ အလယ်ဆင့်ထိ ရောက်အောင် ဖန်တီးနိုင်ခဲ့သည်လား။ ထိုအရာက အဆင့်မြင့် ရတနာဆေးများ ကဲ့သို့ လုပ်ရခက်သည် မဟုတ်ဘူးလား။

"ဆေးသခင်လေးကတော့ အောင်မြင် သွားပြီ... ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား ကရော..."

လူများစွာသော လူများက စင်မြင့် တစ်ဖက်ခြမ်းရှိ ချန်းဖန်ထံသို့ စိတ်ဝင်တစား ကြည့်လိုက်ကြ၏။ သို့သော်လည်း သူတို့ မြင်တွေ့ လိုက်ရသည်က မလှုပ်မယှက် ထိုင်နေသော လူငယ်သာ ဖြစ်သည်။ သူသည် ထိုင်လျှက် အိပ်မောကျနေပုံပင် ရ၏။

"သူ့ကို နှိုးလိုက်ရမလား..."

ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က မေးလိုက်သည်။

"အိပ်ပါစေ... တိုက်ပွဲ စည်းမျဉ်း အရ ဆိုရင် ဆယ့်နှစ်နာရီ အချိန် ရတယ်... သူ့မှာ အချိန်တွေ ကျန်ပါသေးတယ်"

အကြီးအကဲ ချန်းယန်က ခေါင်းခါရင်း ဆိုလိုက်၏။

"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက ဆေးပညာ တိုက်ပွဲ လာပြိုင်တာ မဟုတ်ဘူး... သူက အိပ်ဖို့ လာတာ ဖြစ်ရမယ်"

ဝမ်ရွှမ်ဖုန်းနှင့် ဝူပိုင်စုတို့မှာ ချန်းဖန်၏ အပြုအမူကို နားမလည်နိုင်အောင် ဖြစ်နေကြတော့သည်။

"ကျုပ်တော့ သူ့ကို မှားပြီး ခန့်မှန်းမိ တာပဲ... ဘာပဲဖြစ်ဖြစ် ညီလေး စီးတုရဲ့ ဆေးပညာ ကျွမ်းကျင်မှုကို တွေ့မြင်ရတာ ထိုက်တန် ပါတယ်"

ဝမ်ရွှမ်ဖုန်းက စီတုချန်းကို ကြည့်ကာ ချီးမွမ်း လိုက်သည်။

စီတုချန်းက ခေါင်းညိတ်ကာ ထိုချီးမွမ်းမှုကို ခံယူလိုက်၏။ သူသည် မဟာ သမားတော် တစ်ယောက် ဖြစ်သော်လည်း သခင်လေးဝမ်၏ ချီးကျူးမှုကို အမှန်ပင် ဂုဏ်ယူ နေခဲ့သည်။

အချိန်ကား တဖြည်းဖြည်း ဆက်လက် စီးဆင်းနေ၏။

ဆယ့်တစ်နာရီ...

ဆယ့်တစ်နာရီ သုံးဆယ် မိနစ်...

ဆယ့်တစ်နာရီ လေးဆယ် မိနစ်...

များစွာသော လူများကား ပြန်ရန်ပင် ဟန်ပြင် နေကြပြီ ဖြစ်သည်။ အချိန်က ယခုလောက် နီးကပ်နေပြီ ဖြစ်ရာ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားမှာ ဆေးကို မည်သို့မျှ ဖော်စပ် နိုင်တော့မည် မဟုတ်ချေ။

အချိန်ပြည့်ရန် ဆယ့်ငါးမိနစ် အလိုသို့ အရောက်၌ ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ချန်းဖန် ထံသို့ လျှောက်သွားကာ နှိုးလိုက်သည်။

"ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား... အချိန် ဆယ့်ငါးမိနစ်ပဲ ကျန်ပါတော့တယ်"

"အိုး... တကယ်လား... အချိန်က အကုန် မြန်လိုက်တာ"

ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်၏ အသံကြောင့် ချန်းဖန်မှာ ကျင့်ကြံရာမှ နိုးထ လာခဲ့၏။ သူက ထိုင်ရာမှ ထကာ အပျင်းကြော ဆန့်လိုက်သည်။

"ဟုတ်တယ်... ဆေးသခင်လေးက ဝိညာဉ် သုံးခု အားဖြည့်ဆေးကို လွန်ခဲ့တဲ့ နှစ်နာရီ လောက်တည်းက ရတနာ အလယ်ဆင့်ထိ ဖန်တီး နိုင်ခဲ့တယ်လေ... သမားတော်ချန်းမှာ ဆက်ပြီး ယှဉ်ပြိုင်ဖို့ အစီအစဉ်များ ရှိသေးလား"

ဝမ်ရှင်း တန်ခိုးရှင် ဝေ့ဟောင်က ပုံမှန် အတိုင်း မေးလိုက်သည်။

ချန်းဖန် ပြန်မဖြေခင်မှာပင် စီတုချန်းက လက်နှစ်ဖက်ကို နောက်ပစ်ကာ နှာခေါင်းရှုံ့ လိုက်၏။

"ဟမ့်... မလုပ်တတ်ရင်လည်း အချိန်ဆွဲ မနေနဲ့... ဘယ်သူမှ မင်းကို စောင့်ရတာ စိတ်မရှည်တော့ဘူး"

"ဟဟ... စိတ်ပူ မနေပါနဲ့... ငါက ကတိတည် ပါတယ်... မင်းကို မသတ်ပါဘူး"

ချန်းဖန်က အနည်းငယ် ရယ်မောရင်း ပြန်ဖြေ လိုက်သည်။

"သူက သူနိုင်မယ်လို့ ထင်နေသေးတာ လား..."

များစွာသော ပရိသတ်များမှာ ချန်းဖန်၏ စကားကို နားထောင်ကာ ဆွံ့အ သွားကြသည်။

ဟူရှောင်နှင့် ဝမ်ရွှမ်ဖုန်းတို့မှာမူ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အော်ဟစ် ရယ်မော လိုက်ကြ၏။ များစွာသော အကြီးအကဲများမှာလည်း ချန်းဖန်အား  ကြည့်ကာ မပြုံး မနေနိုင်အောင် ဖြစ်နေကြ တော့သည်။

သို့သော်လည်း ချန်းဖန်က ရယ်မော လှောင်ပြောင်သူများကို ဂရုစိုက်ခြင်း မရှိချေ။ သူက လူအုပ်ကိုသာ ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

"ထျန်းဟောင်ဂြိုဟ်ရဲ့ သမားတော်တွေက ဆေးဖော်စပ်တဲ့ နေရာမှာ တစ်ဆင့်ပြီး တစ်ဆင့် သွားဖို့ လိုအပ်တယ် လို့ ထင်နေကြတယ်... တကယ်တော့ ခင်ဗျားတို့က အဓိက အချက်ကို လွဲချော် နေကြတာပဲ... ဆေးဖော်စပ်ခြင်း ပညာ ဆိုတာက ကောင်းကင်ရဲ့ အနုပညာပဲ... ကောင်းကင် ဆိုတာက ခင်ဗျားတို့ရဲ့ နှလုံးသားထဲမှာ ရှိတယ်... အဲဒါက ကောင်းကင် ဆေးပညာရဲ့ စစ်မှန်တဲ့ အမှန်တရားပဲ"

"ခင်ဗျားတို့ နားမလည်ဘူး ဆိုရင် ကျုပ် ဒီနေ့ သင်ပြပေးမယ်"

စကားဆုံးသည်နှင့် ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်၏။

"ဆေး... လာစမ်း..."

"ဝှစ်... ဝှစ်... ဝှစ်..."

ဝိညာဉ် သုံးခု အားဖြည့်ဆေး ဖော်စပ်ရာတွင် လိုအပ်သည့် ဆေးအမယ်များမှာ ချန်းဖန်၏ အလိုအတိုင်း လေပေါ် ပျံတက်လာကာ စုစည်း ကြသည်။

"မီး... လာစမ်း..."

ချန်းဖန်က မြေပြင်အား ဖနှောင့်ဖြင့် ပေါက်လိုက်ပြန်သည်။

ရုတ်တရက် အစိမ်းရောင် စွမ်းအား တစ်ခုသည် မြေပြင်မှ နိုးထလာကာ ယီသစ်သား နတ်ဘုရား မီးတောက် အသွင် ဖွဲ့စည်း၏။ အဇူရာ မီးသည် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဆေးအမယ်များကို လောင်ကျွမ်းကာ အဆင့်ကိုးခုလုံးကို ပြီးမြောက် စေ၏။

ထို့နောက် လူတစ်ယောက်၏ လက်မောင်း အရွယ်အစား ရှိသော လင်ဇီးမှို မီးခိုး တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာသည် စီတုချန်း ဆယ်နာရီခန့် အချိန်ယူ ဖန်တီးခဲ့ရသော အရာ ဖြစ်၏။

"မိုးကြိုး... လာစမ်း..."

တစ်ဆက်တည်း လိုလိုပင် ချန်းဖန်က လေထုအား ကုတ်ဆွဲလိုက်ရာ ကောင်းကင်၌ မိုးကြိုးများ ဖြစ်ပေါ်လာ၏။ ထိုမိုးကြိုးများက ချက်ချင်းပင် လင်ဇီးမှို မီးခိုးပေါ်သို့ ကျဆင်းကာ သန့်စင်သည်။

"ဘုန်း..."

ထို့နောက် ချန်းဖန်က မြေပြင်အား ဖနှောင့်ဖြင့်  နောက်တစ်ကြိမ် ပေါက်လိုက်ပြန်၏။

"ဆေး... အောင်မြင်..."

"ဘုန်း..."

ရုတ်တရက် အနက်ရောင် တိမ်တိုက်များသည် ကြဲပါး သွားကာ ကျဆင်းနေသော မိုးကြိုးများမှာ ရပ်တန့် သွား၏။

"ဟူး... ဟူး..."

အားလုံး၏ အကြည့်များ အောက်၌ လင်ဇီး သဏ္ဌာန်ဆေး တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် ကြည်လင်သော အနက်ရောင် အဆင်းကို ပိုင်ဆိုင်ကာ စီတုချန်း၏ ဆေးလုံးထက် ပို၍ ကြီးမား၏။ လူများကား ထိုဆေးလုံး၏ အနံ့ဖြင့်ပင် အင်အားများ ပြည့်ဝလာသလို ခံစားလိုက်ရသည်။

အဖြစ်အပျက် အလှည့်အပြောင်းများကား အလွန်ပင် လျှင်မြန်လွန်းသည်။ ဝမ်ရွှမ်ဖုန်း၊ ဟူရှောင်တို့ အပါအဝင် တရားသူကြီး အားလုံးမှာ ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။ ဝူချင်းယန်နှင့် ရန်ဝူဝမ် တို့မှာလည်း ရုပ်တုများ အလား အေးခဲ သွားကြသည်။

ချန်းဖန်က ဆေးလုံးအား ကိုင်ကာ စီတုချန်းကို ကြည့်လိုက်၏။

"မင်းအတွက် ဆေးလုံး တစ်ခုကို ဖန်တီးဖို့ ဆယ်နာရီ လိုအပ်တယ်... ဒါပေမဲ့ ငါကတော့ အတွေးတစ်ချက်ပဲ လိုတယ်"

***

All Chapters