မြောက်နတ္ထိနယ် တစ်ခုလုံး အံ့အားသင့်ကြခြင်း
Vol. 9 Ch. 898
အတွေးတစ်ချက်ဖြင့် ဆေး ဖော်စပ်ခြင်း...
ထျန်းဟောင်ဂြိုဟ်၏ ကျင့်ကြံသူများသည် ထိုသို့သော နည်းလမ်းကို တစ်ခါမျှ မကြားဖူးချေ။ ရှေးဟောင်းဆေး ပြည်နယ် တစ်ခုလုံးရှိ လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေကြ၏။
ဆေးပညာ အစည်းအရုံး၏ အကြီးအကဲများပင် ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ စီတုချန်းမှာလည်း မျက်လုံး အပြူးသားဖြင့် ချန်းဖန်၏ လက်ထဲမှ ဆေးကို ငေးကြည့် နေခဲ့၏။
"မ... မဖြစ်နိုင်တာ..."
အကြီးအကဲ စီတုက အထစ်ထစ် အငေါ့ငေါ့ဖြင့် ရေရွတ်လိုက်သည်။
"ဒါက သေချာတယ် ဝိညာဉ် သုံးခု အားဖြည့်ဆေး မဟုတ်ဘူး... ပုံရိပ်ယောင် တစ်ခုပဲ ဖြစ်မှာ... ဆေးသခင်တို့ ရှေးဟောင်းဆေး ကောင်းကင် အရှင်တို့တောင် ရတနာဆေး တစ်ခုကို ခုလို လွယ်လွယ် ဖန်တီးနိုင်မှာ မဟုတ်ဘူး"
"ဟုတ်တယ်..."
အခြားသော လူများကလည်း ခေါင်းညိတ် ထောက်ခံ လိုက်ကြ၏။
အကယ်၍ ထိုအရာက သာမန်ဆေး တစ်ခုသာ ဆိုလျှင် သူတို့ ယုံကြည်ကောင်း ယုံကြည်မိနိုင်သည်။ သို့သော်လည်း ဝိညာဉ်သုံးခု အားဖြည့်ဆေးမှာ အဆင့်နိမ့် ရတနာဆေး ဖြစ်သည်။ ရတနာဆေးတိုင်းမှာ ပြုလုပ်ရန် ထိုမျှ မလွယ်ကူနိုင်ချေ။
အတော်ဆုံး ကောင်းကင် သမားတော်ပင် ရတနာဆေး တစ်ခု ပြုလုပ်ရန် နှစ်နာရီမျှ အချိန် ယူရလိမ့်မည် ဖြစ်သည်။ အတွေး တစ်ချက်ဖြင့် ဆေးပြုလုပ်ခြင်း ဟူသော အမှုမှာဒဏ္ဍာရီများထဲတွင်သာ ရှိသော အရာ ဖြစ်သည်။
"ဟုတ်တယ်... ဆေးသခင်တောင် အဲ့လို လုပ်နိုင်မှာ မဟုတ်ဘူး... မင်းက အစီအရင် တစ်ခု ခင်းကျင်းပြီး လိမ်နေတာ ဖြစ်ရမယ်"
စီတုချန်းက ချန်းဖန်ကို လက်ညိုးထိုးကာ အော်ဟစ် လိုက်၏။
ကျို့ကျို့ပင်လျှင် ချန်းဖန်၏ စွမ်းဆောင်မှုကို သံသယ ဖြစ်နေခဲ့သည်။ သူမသည် ဆေးပညာကို လေ့လာသည့် သမားတော် တစ်ယောက် ဖြစ်ရာ ရတနာဆေး တစ်ခု မည်မျှ ပြုလုပ်ရခက်သည်ကို သိရှိ ထားသည်။
"မင်းတို့က ငါလိမ်တယ်လို့ ထင်နေတယ် ပေါ့..."
ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။
"ဟုတ်တယ်... မင်းက ပုံရိပ်ယောင် အစီအရင် တစ်ခုကို သုံးနေတာ ဖြစ်ရမယ်... နောက်ပြီး မင်းရဲ့ လက်ထဲက ဆေးကလည်း အရမ်း ပြည့်စုံလွန်းနေတယ်... အဲဒါက ရတနာ ထိပ်တန်းအဆင့် ဒါမှမဟုတ် ကောင်းကင် တစ်ပိုင်း အဆင့်ကိုတောင် ရောက်နေလောက်ပြီ... အဲဒီလို ဆေးမျိုးကို အချိန်တို အတွင်း ဘယ်လိုမှ လုပ်ဖို့ မဖြစ်နိုင်ဘူး"
စီတုချန်းက ချန်းဖန်အား စူးစိုက် ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီလေ... အဲဒါက အစစ်လား အတုလား ဆိုတာ အကြီးအကဲတွေကို ကြည့်ခိုင်းတာပေါ့..."
ချန်းဖန်က တည်ငြိမ်စွာ ပြောရင်း ဆေးလုံးကို ကမ်းလိုက်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရှေ့၌ အကြီးအကဲ ချန်းယန်သည် ဆေးလုံးအား လက်ခံ ယူလိုက်သည်။ အခြားသော အကြီးအကဲများကလည်း သူ့ နံဘေး၌ ဝန်းရံလာကြ၏။ တစ်ခဏကြာ အကဲခတ် ပြီးနောက် အကြီးအကဲ အားလုံး၏ မျက်နှာများမှာ လေးနက် လာခဲ့ကြသည်။
"ဘာတွေဖြစ်နေတာလဲ..."
စီတုချန်းမှာ ပထမ၌ ယုံကြည်ချက် ရှိသော်လည်း တဖြည်းဖြည်း စိုးရိမ် လာခဲ့၏။
"ဒီဆေးလုံးက ဝိညာဉ် သုံးခု အားဖြည့်ဆေး ဆိုတာကတော့ အမှန်ပဲ... အဲဒါက ကောင်းကင် တစ်ပိုင်း အဆင့်ကိုတောင် ရောက်နေပြီ"
အကြီးအကဲ ချန်းယန်က ကြေညာ လိုက်သည်။
ကျင်းဟန်နှင့် ရန်ဝူဝမ်တို့မှာ ထခုန် မိကြကာ စီတုချန်းမှာလည်း နားကြားလွဲသည်ဟု တွေးလိုက်မိ၏။
ထိုအရာက ပုံရိပ်ယောင် တစ်ခုသာ ဖြစ်သင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဆေးလုံး အစစ် ဖြစ်နေရ သနည်း။ အကြီးအကဲများ၏ မျက်လုံးတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေသည်လား။
"ကောင်းကင် တစ်ပိုင်းဆေး..."
ရှေးဟောင်းဆေး ပြည်နယ် တစ်ခုလုံးမှာ ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ် သွားတော့၏။ အကြီးအကဲ စီတု၏ မျက်နှာ မှာလည်း ယင်ကောင် ပါးစပ်ထဲ ဝင်သည့် အလား မအီမသာ ဖြစ်သွားခဲ့သည်။ ဆေးပညာ အစည်းအရုံး၏ တပည့်များမှာလည်း ဆွံ့အ နေကြ၏။
"အကိုကြီးနိုင်ပြီ... အကိုကြီးနိုင်ပြီ"
ကျို့ကျို့ တစ်ယောက်သာ ထိုင်ရာမှ ထရပ်ကာ အော်ဟစ် လိုက်သည်။
"ညီလေးဟူ... ကြည့်ရတာ မင်း ဒီတစ်ကြိမ်တော့ မှားသွားတာပဲ... ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားက ဆေးသခင်ထက်တောင် ပိုပြီး အစွမ်းထက်ဦးမယ် ထင်တယ်"
ဝမ်ရွှမ်ဖုန်းက သူ၏ ဘေးရှိ လူငယ်အား ကြည့်ကာ ဆိုလိုက်၏။
ဟူရှောင်မှာ တိတ်ဆိတ်နေ၏။
"အဲဒါက တကယ် မဟုတ်ဘူး... အဲဒါက တကယ် မဟုတ်ဘူး..."
စီတုချန်းက ရဲရဲနီနေသော မျက်လုံးများဖြင့် ချန်းဖန်အား ကြည့်လိုက်သည်။
"ချန်းပေ့ရွှမ်း... မင်းက ရတနာဆေးကို အစတည်းက ကြိုလုပ်လာပြီး... ဓမ္မ ရတနာထဲက ထုတ်ယူလိုက်တာ မလား"
"တော်လောက်ပြီ..."
မဟာ အကြီးအကဲ ရှုယွမ်က နေရာမှ ထလာကာ ပြောလိုက်သည်။
"စီတုချန်း... မင်းက ငါတို့ ဆေးပညာ အစည်းအရုံးကို အထင်သေး နေတာပဲ... တိုက်ပွဲ လုပ်တဲ့ စင်မြင့်က ငါတို့ အကြီးအကဲ ငါးယောက် တည်ဆောက်ထားတာ... နောက်ပြီး သခင်လေး ရွှမ်ဖုန်းနဲ့ အကြီးအကဲတွေ အများကြီးရဲ့ ရှေ့မှာ ဘယ်သူက လိမ်နိုင်မှာလဲ"
ထို့နောက် ရှုယွမ်က ချန်းဖန်အား ဦးညွှတ် လိုက်သည်။
"သမားတော်ချန်း... ကျုပ်တို့ ဆေးပညာ အစည်းအရုံးက အရှုံးကို ဝန်ခံပါတယ်"
ထိုအရာကား မည်သူမျှ ထင်မှတ် မထားသော ရလဒ် ဖြစ်သည်။
လူတိုင်းသည် တိတ်ဆိတ် နေကြ၏။ ဆေးပညာ အစည်းအရုံး၏ တပည့်များ၊ အကြီးအကဲများမှာ ခေါင်းငိုက်စိုက်ကျ နေကြသည်။
"ငါ မင်းတို့ကို အခွင့်အရေး ငါးခါ ပေးမယ် လို့ ပြောထားတယ်... ဒါက ပထမဆုံး တိုက်ပွဲပဲ... ငါ အခြား တိုက်ပွဲ လေးကိုခုကို စောင့်နေမယ်"
ချန်းဖန်က ပြောကာ စင်မြင့်မှ ထွက်ခွာ သွားသည်။
လူတိုင်းမှာ ဖြူရော်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက် မိကြ၏။ အဆုံး၌ သူတို့က သက်ပြင်းချကာ အရှုံးကို လက်ခံ လိုက်ကြတော့သည်။
ချန်းဖန် စီတုချန်းကို အနိုင်ယူလိုက်သော သတင်းမှာ မကြာခင်မှာပင် မြောက်နတ္ထိနယ် တစ်ခုလုံးသို့ ပျံ့နှံ့ သွား၏။
စီတုချန်းကား နှစ်တစ်ရာ အတွင်း အတော်ဆုံး ပါရမီရှင် ဖြစ်သလို ဆေးသခင်၏ တပည့်လည်း ဖြစ်ရာ မြောက်နတ္ထိ နယ်၌ သူ့အား မသိသူ မရှိကြချေ။ သို့ဖြစ်ရာ သူ၏ ရှုံးနိမ့်မှုက ကြီးမားသော သတင်းကြီး တစ်ခု ဖြစ်လာခဲ့သည်။
"အတွေးတစ်ချက်နဲ့ ဆေးလုပ်တယ် ဟုတ်လား... လုံးဝ မဖြစ်နိုင်တာ"
သို့သော်လည်း များစွာသော လူများမှာ ထိုအရာကို မယုံကြည် ကြချေ။ သူတို့သည် ကြားရသမျှကို ကောလဟာလ အဖြစ်သာ မှတ်ယူ ကြသည်။
"ပိုင်စု... အဲဒါက တကယ် ဖြစ်သွားတာ လား... ပြောပါဦး"
ဝူမိသားစု ဘိုးဘေးက ဝူပိုင်စုထံ စာပို့ကာ သတင်းအား အတည်ပြုသည်။
မည်သို့ပင် ဆိုစေ ထိုအရာမှာ လုံးဝ ယုံကြည် နိုင်ဖွယ် မရှိရာ ကောင်းကင် အရှင် ဖြစ်လုနီးပါး လူတစ်ယောက်ပင် သံသယ ဖြစ်နေခဲ့၏။
"အဲဒါက အမှန်ပဲ ဘိုးဘေး... ညီမလေးရော ကျွန်မပါ နှစ်ယောက်စလုံး ကိုယ်တိုင် မြင်လိုက်ရတာ... ညီမလေးက သူ့ကို ဝူမိသားစုကို ဝင်ဖို့တောင် ကြိုးစားဖူးတယ် တဲ့"
ဝူပိုင်စုက ချက်ချင်းပင် အကြောင်းပြန် လိုက်သည်။
"ချင်းယန်ကို ပြောလိုက်... သမားတော်ချန်းကို ငါတို့ မိသားစုထဲ သွတ်သွင်းနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားပါလို့... ဝူမိသားစု ဘက်က သူတို့ နှစ်ယောက်ကို လက်ထပ် ပေးဖို့တောင် ခွင့်ပြုနိုင်တယ် လို့"
ဝူမိသားစု ဘိုးဘေးက ဆိုလိုက်၏။
"ဘိုးဘေး... အဲဒါက နည်းနည်း အကဲ မပိုဘူးလား... ချင်းယန်က ဝူမိသားစုရဲ့ ပါရမီ အရှိဆုံး သမားတော်လေ... သူ့လို လူမျိုးကို ရွှေအမြုတေ အဆင့် အစောပိုင်း လူတစ်ယောက်နဲ့ တကယ်ပဲ လက်ထပ် ပေးမလို့လား..."
ဝူပိုင်စုမှာ အနည်းငယ် အံ့အားသင့် နေခဲ့၏။
"နင်က ငယ်သေးတော့ ဘယ်သိမလဲ... အတွေး တစ်ချက်နဲ့ ဆေးလုပ်တယ် ဆိုတာ ဘယ်လို အဓိပ္ပာယ်ရလဲ ဆိုတာလေ"
ဝူမိသားစု ဘိုးဘေးက ဆက်ပြောသည်။
"အဲဒါက ဒဏ္ဍာရီတွေထဲမှာပဲ ပိုင်ဆိုင်တဲ့ နည်းလမ်းမျိုးပဲ... ရှေးဟောင်း ဆေး သူတော်စင်တွေ ဆေးနတ်ဘုရားတွေပဲ ရတနာဆေးကို အတွေးတစ်ချက်နဲ့ ဖန်တီး နိုင်ကြတာ"
ထိုကဲ့သို့သော စကားဝိုင်းများက ဝူမိသားစု တစ်ခုတည်း၌ ဖြစ်ပွားနေခြင်း မဟုတ်ချေ။ ဟူ မိသားစု၊ ဝမ်မိသားစု၊ နူးညံ့ဂိုဏ်းနှင့် အခြား အဖွဲ့အစည်းများတွင်ပါ ဖြစ်ပွား နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကောင်းကင် အရှင်များကမူ ထိုအရာက တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်လိမ့်မည် ဟု တွေးနေကြသည်။ သူတို့သည် အတွေးတစ်ချက်ဖြင့် ဆေးဖန်တီးနိုင်သည် ဆိုသော ချန်းဖန်အား ဆေးနတ်ဘုရား သို့မဟုတ် ဆေးသူတော်စင် အဖြစ် မသတ်မှတ် လိုကြချေ။
"ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာတောင် ကောင်းကင် သမားတော်တွေ များများစားစား မရှိတာ... သူသာ တကယ်ပဲ ဆေးနတ်ဘုရား တစ်ပါး ဆိုရင် ခုလို မထင်မရှား ဖြစ်နေမှာ မဟုတ်ဘူး... တန်ခိုးရှင် နတ်ဘုရား ဂိုဏ်းတောင် အဲ့လို သမားတော်မျိုးကို ပိုင်ဆိုင် မထားဘူး"
များစွာသော လူများက တွေးတော မိကြသည်။
သို့သော်လည်း နောက်ထပ် ဖြစ်ပွားလာသော ဖြစ်ရပ်များက လူတိုင်း၏ တွေးတော ဆင်ခြင်မှုကို ကျော်လွန် သွားခဲ့၏။
သုံးရက် ကြာပြီးနောက်၌...
ချန်းဖန်သည် ဆေးပညာ အစည်းအရုံး နဝမ အကြီးအကဲ ကျန်းပေ့ဟုန်နှင့် ဆေးပညာ တိုက်ပွဲ ဆင်နွှဲခဲ့သည်။ သူတို့သည် ထိုတိုက်ပွဲ၌ ပဉ္စမ အသွင်ပြောင်းခြင်း ဟု ခေါ်သော ရတနာဆေး ပြုလုပ်ရသည်။
ထိုတိုက်ပွဲတွင်လည်း ချန်းဖန်သည် အတွေး တစ်ချက်ဖြင့် ကောင်းကင်တစ်ပိုင်းဆေးကို ဖန်တီးကာ ကျန်းပေ့ဟုန်ကို အနိုင်ယူ ခဲ့ပြန်သည်။
ခြောက်ရက်မြောက် နေ့၌...
ချန်းဖန်သည် အတွေးတစ်ချက်ဖြင့်ပင် ဆေးအား ဖန်တီးကာ အကြီးအကဲ ချန်းယန်ကို အနိုင်ယူ ခဲ့ပြန်သည်။
ကိုးရက် ကြာပြီးနောက်၌...
ချန်းဖန်သည် နိုင်ခဲ့ပြန်၏။
သူသည် တိုက်ပွဲ လေးပွဲကို ဆက်တိုက် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ထူးခြားသည်ကား လေးကြိမ်မြောက် တိုက်ပွဲ၌ ချန်းဖန်၏ ရန်သူမှာ မဟာ အကြီးအကဲ ရှုယွမ် ဖြစ်နေခြင်းပင်။
ဆေးပညာ အစည်းအရုံး၏ လူများကား စိတ်ဓာတ်များ ကျဆင်း နေခဲ့ပြီ ဖြစ်သည်။ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားသည် ဆေးပညာ အစည်းအရုံး တစ်ခုလုံးကို အနိုင်ယူ လိုက်ခြင်း ဖြစ်သည်။ မဟာ အကြီးအကဲပင် သူ့ထံ၌ အတွေးတစ်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရရာ မည်သူက သူ့ကို ယှဉ်နိုင် တော့မည်နည်း။
ဟူရှောင်သည် ဆွံ့အ နေကာ ခရမ်းရောင် လနတ်သမီးမှာ ချန်းဖန်အား တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေ ခဲ့သည်။ များစွာသော ရှေးဟောင်းဆေး ပြည်နယ်သား တို့မှာ ချန်းဖန်ကို ကြည့်ကာ ဆေးပညာ အစည်းအရုံး အတွက် မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစား နေကြရသည်။
ထိုအချိန်မှာပင် မြောက်နတ္ထိနယ် တစ်ခုလုံး တုန်လှုပ် သွားစေမည့် သတင်း တစ်ခု ထွက်ပေါ် လာခဲ့သည်။
ထိုသတင်းကား ဆေးသခင်သည် ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားနှင့် မျှော်စင် ထိပ်ဆုံးထပ်၌ ဆေးပညာ တိုက်ပွဲ ယှဉ်ပြိုင်မည် ဆိုသော သတင်းပင်။
***