ဆေးသခင်နှင့် တိုက်ပွဲ
Vol. 9 Ch. 899
ဆေးသခင်...
သူကား မြောက်နတ္ထိနယ်၏ အစွမ်း အထက်ဆုံး သမားတော် ဖြစ်သည်။ သူသည် ဆေးပညာ အစည်းအရုံး ခေါင်းဆောင် ဖြစ်ကာ ကောင်းကင် သမားတော် ဖြစ်ရန် အလွန် နီးကပ်နေသူ ဖြစ်သည်။ သူသည် ဆေးပညာ အစည်းအရုံး၏ ပြဿနာများတွင် ပါဝင်လေ့ မရှိသော်လည်း ရှုယွမ်၏ ရှုံးနိမ့်မှု အပြီး၌မူ ထိုင်ကြည့် နေနိုင်ပုံ မပေါ်တော့ချေ။
"အကိုကြီးက ဆေးသခင်ကို အနိုင်ယူနိုင်မှာ သေချာတယ်..."
ကျို့ကျို့က သူမ၏ အဘိုးနှင့် အတူ ချန်းဖန်ထံသို့ လာရောက်၍ အားပေးစကား ပြောသည်။
"ဂရုစိုက်ပါ ဝမ်ရှင်း တန်ခိုးရှင်... ဆေးသခင်က သူ့ရဲ့ အစွမ်းအစကို ထုတ်မပြတာ နှစ်တစ်ရာလောက် ရှိနေပြီ... သူ အခု ဘယ်လောက် အစွမ်းထက် နေပြီလဲ ဆိုတာ ဘယ်သူမှ မသိဘူး... ဒါပေမဲ့ ဝမ်ရှင်း တန်ခိုးရှင်ရဲ့ ကျွမ်းကျင်မှုနဲ့ ဆိုရင် သူ့ကို အနိုင်ယူ နိုင်မယ် လို့ ကျုပ် ယုံကြည်တယ်"
ကျို့ကျို့၏ အဘိုးကလည်း ချန်းဖန်အား လေးစားစွာ ဆို၏။
သူ၏ အမည်သည် ကဲ့ရန် ဖြစ်ကာ တုန်းယန်မြို့ ဆေးသန့်စင် ခန်းမမှ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ဆေးသန့်စင် ခန်းမမှာ သေးငယ်သော ဆေးပညာဂိုဏ်းလေး တစ်ခု ဖြစ်ကာ ဆေးပညာ အစည်းအရုံးကို မယှဉ်နိုင်ချေ။
ကဲ့ရန်တို့ မြေးအဖိုး နှစ်ယောက် အပြင် အခြားသော ဂိုဏ်းများ၊ မိသားစုများမှာလည်း ချန်းဖန်၏ မျှော်စင်ငယ်သို့ ရောက်ရှိ လာကြသည်။ ချန်းဖန်ကား ကောင်းကင် တစ်ပိုင်းဆေးကိုပင် ဖန်တီးနိုင်ရာ မြောက်နတ္ထိနယ်၏ ထိပ်တန်း သမားတော် ငါးယောက်ဝင် ဟုပင် သတ်မှတ်နေနိုင်ပြီ ဖြစ်သည်။ ဝမ်ရွှမ်ဖုန်း ပင်လျှင် ချန်းဖန် ထံသို့ သူ၏ ကိုယ်စားလှယ်များကို စေလွှတ်၏။
တစ်ချိန်တည်း၌ ဟူရှောင်မှာ နောင်တရခြင်း၊ မယုံကြည်နိုင်ခြင်းများကို ခံစား နေရ၏။ သူသည် ချန်းဖန်အား လက်စားချေရန် အတွက် ဆေးပညာ တိုက်ပွဲ ဖြစ်လာရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ သူ၏ အပင်ပန်းခံမှုက ချန်းဖန် နာမည်ကြီးလာရသည့် အကြောင်းရင်း ဖြစ်လာမည်ဟု မျှော်လင့် မထားခဲ့ချေ။
"အတွေးတစ်ချက်နဲ့ ဆေးဖန်တီးတယ် ဟုတ်လား... သူက ဆေးနတ်ဘုရား ဖြစ်လိမ့်မယ် လို့ ငါ မယုံကြည်ဘူး... ဆေးသခင်က သူ့ရဲ့ အလိမ်အညာကို ဖော်ထုတ် ပေးလိမ့်မယ်"
ဟူရှောင်က စိတ်ထဲမှ ကြိတ်၍ ကြုံးဝါး လိုက်၏။
ချန်းဖန်နှင့် ဆေးသခင်တို့၏ ဆေးပညာ တိုက်ပွဲ ယှဉ်ပြိုင်မည့် နေ့မှာ တဖြည်းဖြည်း နီးကပ် လာနေခဲ့ပြီ ဖြစ်သည်။
ဆေးသခင်သည် မြောက်နတ္ထိနယ်ကို နှစ်ထောင်ချီသည် အထိ လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်သည်။ ဆေးပညာ နယ်ပယ်၌ သူ့အား ယှဉ်ပြိုင်ဝံ့သူ မရှိချေ။ ကောလဟာလများ အရ ဆိုလျှင် ဆေးသခင်သည် ကောင်းကင် သမားတော် ဖြစ်နေပြီ ဟုပင် ဆိုကြသည်။
"ငါတော့ ဆေးသခင်က ကောင်းကင် သမားတော် ဖြစ်နေပြီလို့ မထင်ဘူး... ဒါပေမဲ့ သူက နှစ်တစ်ရာတိုင်တိုင် လူရှေ့မှာ ဆေးမဖော်စပ် ခဲ့ဘူး ဆိုတော့ အဲဒီ အဆင့်ကို နီးကပ် နေလောက်ပြီ"
ဝူမိသားစု ဘိုးဘေးက စိတ်ထဲမှ တွက်ချက် လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ခုချိန်မှာ နှစ်ဘက် စလုံးကို အဆင်ပြေပြေ ဆက်ဆံသင့်တယ်... တိုက်ပွဲ ရလဒ်ကို စောင့်ပြီးမှ ဘယ်ဘက်မှာ နေမယ် ဆိုတာ ဆုံးဖြတ်တာပေါ့"
"ဘိုးဘေး... ဒီတိုက်ပွဲမှာ ချန်းပေ့ရွှမ်း ရှုံးမယ် လို့ ထင်လား"
ဝူပိုင်စုက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"သေချာ မပြောနိုင်ဘူး... ဆေးသခင် ဘယ်လောက် အစွမ်းထက် နေပြီလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်း နိုင်ဘူးလေ... ပြီးတော့ ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားရဲ့ လျှို့ဝှက် ဆန်းကျယ်မှုကလည်း မေ့ထားလို့မှ မရတာ"
ဘိုးဘေးဝူက ဝေခွဲ မရဟန်ဖြင့် ခေါင်းကို ခါရင်း ဆိုလိုက်၏။
တစ်ချိန်တည်း၌ မြောက်နတ္ထိနယ်၏ များစွာသော လူများမှာလည်း ဆေးသခင်နှင့် ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သား တစ်ဖြစ်လည်း ချန်းဖန်တို့၏ ဆေးပညာ တိုက်ပွဲ အကြောင်းကို ဆွေးနွေး နေကြသည်။
"ငါ့အထင် ပြောရရင် ဆေးသခင်က ဝမ်ရှင်း တန်ခိုးရှင် အဇူရာ သစ်သားကို အခွင့်အရေး တစ်ခုတောင် ပေးမှာ မဟုတ်ဘူး..."
"ဟုတ်တယ်... ပထမ တိုက်ပွဲ လေးခုမှာ ချန်းပေ့ရွှမ်းက ဆေးပညာ အစည်းအရုံးရဲ့ ဂုဏ်သိက္ခာကို ရိုက်ချိုး ပစ်ခဲ့တယ်... ဆေးသခင်က သူ့ကို ပြန်ပြီး လက်စားချေမှာ သေချာတယ်"
"အမှန်ပဲ... ဆေးပညာ အစည်းအရုံးက စပြီး တည်ထောင်တဲ့ အချိန်က စလို့ နှစ်သောင်းချီ အတွင်း တစ်ခါမှ မရှုံးနိမ့်ဖူးဘူး"
ဆေးသခင်၏ ပါဝင်လာမှုက ဆေးပညာ အစည်းအရုံးအား ဖုံးလွှမ်းနေသော တိမ်မည်းများကို ရှင်းပစ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အစည်းအရုံးဝင်များသည် အောင်ပွဲခံရန်ပင် အခမ်းအနားများ ပြင်ဆင်ထားပြီး ဖြစ်၏။
ချန်းပေ့ရွှမ်းသည် အမှန်တကယ်ပင် အစွမ်း ထက်သော သမားတော် တစ်ယောက် ဖြစ်သည်။ သူသည် လူတိုင်း တွေးထားသည် ထက်ပင် ပို၍ အစွမ်းထက်နိုင်သည်။ သို့သော်လည်း မြောက်နတ္ထိနယ်၏ ပြိုင်ဘက်ကင်း ဆေးသခင်ကိုမူ သူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ပြိုင်ပွဲ စတင်ရန် နီးကပ်လာသည်နှင့် အမျှ ဆေးမြို့တော်သို့ လူများ တဖွဲဖွဲ ရောက်ရှိ လာကြ၏။ များစွာသော မိသားစု ခေါင်းဆောင်များ၊ ဘိုးဘေးများပင်လျှင် ဆေးပညာ တိုက်ပွဲအား ကြည့်ရှု့ရန် ရှေးဟောင်း ဆေးပြည်နယ်သို့ ခရီးနှင် လာကြသည်။
"ဟို အနက်ရောင် ဝေလငါးပျံကြီးကို ကြည့်စမ်း... အဲဒါ ဝူမိသားစုရဲ့ သားရဲကြီး မလား..
ဝူပိုင်စုများ ဒီကို ရောက်လာတာလား..."
"ဝူပိုင်စုက ပထမ တိုက်ပွဲတည်းက ရောက်နေတာ အရူးရဲ့... အဲဒါက ဝူမိသားစု ဘိုးဘေး ဝူဝမ်တင်... သူက အနှစ် သုံးထောင် ကျင့်ကြံခဲ့ ပြီးတော့ ကောင်းကင် အရှင် ဖြစ်ဖို့ အရမ်း နီးကပ် နေပြီတဲ့လေ"
"ဟုတ်လား..."
ဝူမိသားစု ဘိုးဘေး အပြင် ဟူမိသားစု ဘိုးဘေး၊ နင်း မိသားစု ဘိုးဘေးနှင့် ဖန့် မိသားစု ဘိုးဘေး တို့မှာလည်း ရောက်ရှိ လာခဲ့ကြသည်။
ထိုမိသားစုများ အားလုံးကား ကောင်းကင် အရှင် မိသားစုများမှ ဖြစ်ကြ၏။ အချို့ မိသားစုများမှာ အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေး မရှိတော့ သော်လည်း သူတို့၏ ဂုဏ်သရေနှင့် ဩဇာ အာဏာတို့မှာ ကျန်ရှိနေဆဲ ဖြစ်သည်။
"ရောင်းရင်းနင်း... ခင်ဗျားက နှစ်သုံးထောင်ကျော် ကျင့်ကြံခဲ့ပြီးတော့ ကောင်းကင်ဆေး မှန်သမျှကိုလည်း စားပြီးပြီ... ဘာလို့ ဒီလို အဖြစ်အပျက် သေးသေးလေးကို စိတ်ဝင်စား နေရတာလဲ... ဧကန္တ သူတို့ထဲက တစ်ယောက်ယောက်က ကောင်းကင် သမားတော် ဖြစ်နိုင်မယ်လို့ ခင်ဗျား တွေးနေတာလား..."
ဖန့်မိသားစု ဘိုးဘေးက ရယ်မောရင်း မေးလိုက်၏။
"ဟားဟား... အဘိုးကြီးဖန့်... ခင်ဗျားကရော ကျုပ်ထက် ဘယ်နေရာမှာ ငယ်နေလို့လဲ... ဒါနဲ့ ဘာတဲ့... ခင်ဗျားက အခြေတည် အသွင်ပြောင်း ဆေးမြစ်ကို သန့်စင်ပြီး အခြေတည် ဝိညာဥ် အဆင့်ကို တက်ဖို့ ကောင်းကင် သမားတော် တစ်ယောက် ရှာနေတယ် လို့ ကျုပ်ကြားလိုက်တယ်... အဲဒါ ဆေးသခင်က ကူညီနိုင်မယ်လို့ ခင်ဗျား တွေးနေတာ မလား..."
နင်းမိသားစု ဘိုးဘေးကလည်း အားကျ မခံ ပြန်လည် ချေပလိုက်၏။
သူတို့ နှစ်ယောက်ကား နှစ်ထောင်ချီ ရင်းနှီး ခဲ့သူများ ဖြစ်ရာ တစ်ယောက် အကြံကို တစ်ယောက် ရိပ်မိကြ၏။ ချန်းဖန်နှင့် ဆေးသခင် နှစ်ယောက်ထဲမှ မည်သူပင် ကောင်းကင် သမားတော် ဖြစ်စေကာမူ သူတို့သည် ပြေး၍ ကပ်ကြမည်သာ ဖြစ်သည်။
မကြာခင်မှာပင် လူများ၏ ဆူညံသော အသံများက ဆေးမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်း သွား၏။ မြောက်နတ္ထိနယ်၏ ဒဏ္ဍာရီလာ ဝမ်မိသားစုကား ရောက်ရှိ လာခဲ့ပြီ ဖြစ်လေသည်။
"ကလန့်..."
အားလုံး၏ အကြည့်များ အောက်တွင်ပင် ငွေရောင် အလင်းတန်း တစ်ခုသည် မျှော်စင် ထိပ်ဆုံးထပ်သို့ ဆင်းသက်လာသည်။ ထို့နောက် ၎င်းက ငွေရောင် ဆံပင်နှင့် ထူးခြားသော ရုပ်သွင်ကို ပိုင်ဆိုင်သော လူငယ် တစ်ယောက် အဖြစ် ပြောင်းလဲသွား၏။ သူသည် တကူးတက လုပ်ယူထားခြင်း မရှိသော်လည်း မြင့်မြတ်သည့် ဧကရာဇ် တစ်ပါး၏ အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
"အကိုကြီး..."
ဝမ်ရွှမ်ဖုန်းက ပျံသန်းသွားကာ ဦးညွှတ် လိုက်သည်။
"အကိုဝမ်နဲ့ သခင်လေး ရွှမ်လုံ..."
ဟူရှောင်နှင့် ခရမ်းရောင် လနတ်သမီး တို့ကလည်း ခန္ဓာကိုယ်များကို ကိုင်းညွှတ်ကာ နှုတ်ဆက် လိုက်ကြ၏။
လူများကား ငွေရောင် ဆံပင်ပိုင်ရှင် လူငယ်ကို မြင်သည်နှင့် ချက်ချင်းပင် မှတ်မိ သွားကြသည်။
ဝမ်ရွှမ်လုံ...
သူကား ဝမ်မိသားစု လူငယ် ခေါင်းဆောင် ဖြစ်ကာ ဟန်ရှုံး သတ်မှတ်ချက် ဝင်သည့် မြောက်နတ္ထိ နယ်၏ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ သူသည် တစ်နေ့တွင် ကောင်းကင် အရှင် ဖြစ်မည်ဟု လူတိုင်းက ခန့်မှန်း ထားကြ၏။
ဆေးပညာ တိုက်ပွဲကား မကြာခင် စတင် တော့မည် ဖြစ်သည်။ ပရိသတ်များသည် ပြိုင်ပွဲဝင် နှစ်ယောက် ပေါ်လာမည့် အချိန်ကိုစိတ်ရှည်စွာ စောင့်ဆိုင်း နေကြ၏။ ဝမ်ရွှမ်လုံ ပင်လျှင် သူ့ အတွက် စီစဉ်ထားသော နေရာတွင် အထွန့်မတက်ပဲ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။
မကြာခင်မှာပင် ချန်းဖန်နှင့် ဆေးသခင်တို့ ရောက်ရှိလာကြရာ ပရိသတ်များ အကြား၌ အော်ဟစ် အားပေးသံ များဖြင့် ဆူညံ သွားတော့သည်။
"အဲဒါက ဆေးသခင်လား..."
"သူက ငါ့ အဘိုးခေတ်တည်းက အတော်ဆုံး သမားတော်တဲ့... သူဆေးဖော်တာကို ခုလို အရှင်လတ်လတ် မြင်ရမယ် လို့ ငါ လုံးဝ ထင်မထားဘူး"
"ဆေးသခင်ကွ..."
ဆေးသခင်ကား သာမန် ရုပ်ရည်ကိုသာ ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူ၏ အဖြူရောင် ဝတ်စုံနှင့် အဖြူရောင် ဆံပင်ရှည်များက သူ့အား သာမန်ထက် ပိုမို၍ ခန့်ညားစေသည်။ သူ၏ ပုံစံက ဆေးဆရာ တစ်ဦးထက် စာပေသမား တစ်ယောက်နှင့်ပင် ပို၍ တူနေသေး၏။
"နှုတ်ဆက်ပါတယ် ဆေးသခင်..."
ဝူဝမ်တင်နှင့် အခြား မိသားစု ဘိုးဘေးများက ထိုင်ရာမှ ထကာ ဦးညွှတ် နှုတ်ဆက် လိုက်ကြသည်။ ဝမ်ရွှမ်လုံပင် သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်၍ လေးစားမှုအား ပြသ၏။
ဆေးသခင်နှင့် ယှဉ်ပါက ချန်းဖန်၏ တည်ရှိမှုက မထင်မရှားသာ ဖြစ်သည်။ သူသည် စင်မြင့်ထောင့် တစ်နေရာ၌ ထိုင်ကာ ပြိုင်ပွဲ ကျင်းပမည့် အချိန်ကို စိတ်ရှည်ရှည် စောင့်ဆိုင်း နေခဲ့သည်။
အားလုံးအား တန်ပြန် နှုတ်ဆက်ပြီးနောက် ဆေးသခင်က ချန်းဖန်ဘက်သို့ လှည့်လိုက်သည်။
"သမားတော်ချန်း... တကယ်လို့ ခင်ဗျားဘက်က တိုက်ပွဲကို ဖျက်သိမ်းဖို့ ဆန္ဒ ရှိတယ် ဆိုရင် ကျုပ်တို့ ဘက်ကလည်း ကြေအေးဖို့ အဆင်သင့်ပါပဲ... လက်ဆောင် အနေနဲ့ ကျုပ်တို့ ဆေးပညာ အစည်းအရုံးက နှစ်တစ်သောင်း ကောင်းကင် ဆေးဝါး တစ်ခု စီစဉ်ထားပါတယ်"
သို့သော်လည်း ချန်းဖန်က ပြုံးကာ ခေါင်းခါ လိုက်သည်။
"အားလုံးက ကံကြမ္မာ စီစဉ်ထားတဲ့ အတိုင်း ပါပဲ"
"ကောင်းပါပြီ..."
ဆေးသခင်က ခေါင်းညိတ် လိုက်သည်။ ထို့နောက် ဆေးသခင်က ဆက်လက် ပြောလိုက်၏။
"ဒါဆို ကျုပ်တို့ ကမ္ဘာ အမတေ ကောင်းကင်ဆေးကို ဖန်တီးကြတာပေါ့..."
***
အမှားပြင်ဆင်ချက် ။
ဆေးပညာနယ်ပယ်၌ ဆေးသမားတော် တစ်ယောက် ဖြစ်လာရန် သမားတော်သည် အဆင့်မြင့် ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်ရမည်။
မဟာ သမားတော် တစ်ယောက် ဖြစ်လာရန်မူ ၎င်းထက် တစ်ဆင့်မြင့်သော ရတနာဆေးကို ပြုလုပ်ရမည် ဖြစ်သည်။
ထို့နည်းတူပင် ကောင်းကင် သမားတော်တစ်ယောက် ဖြစ်လာရန်အတွက် ရတနာဆေးထက် တစ်ဆင့်မြင့်သော ကောင်းကင် အဆင့် ဆေးကို ဖော်စပ် နိုင်ရမည် ဖြစ်သည်။
စာစဉ်(၆၂) ဆေးပညာ အစည်းအရုံး၌ ချန်းဖန်၊ စီတုချန်းနှင့် အခြားလူများ ဖြေဆိုခဲ့သော စာမေးပွဲမှာ ဆေးသမားတော် ဖြစ်လာရန် ဖြေဆိုရသော စာမေးပွဲ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ သန့်စင်ခဲ့ရသော ဆေးမှာ အဆင့်မြင့် ဝိညာဉ်ဆေးသာ ဖြစ်သည်။
တရုတ်မှ အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသူသည် Heaven pill (ကောင်းကင်ဆေး) ဟု မှားယွင်းစွာ သုံးနှုန်းခဲ့၍ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် လွဲမှားသွားခဲ့ခြင်း ဖြစ်ပါသည်။
***