← Chapters

အခန်း (၅၅၆)

Vol. 38 Ch. 556

အခန်း (၅၅၆)

Vol. 38 Ch. 556

လူတိုင်း ထိတ်လန့် တုန်လှုပ်နေကြစဉ် အတိဒုက္ခမိုးတိမ်များ အတွင်းမှ ပထမ နှင့် ဒုတိယ အတိဒုက္ခ နှစ်ခုလုံး တစ်ပြိုင်နက်တည်း ဆင်းသက်လာခဲ့သည်။

မိုးကြိုးလျှပ်စီးများက အနီရောင် မြွေကြီးများအလား ပြောင်းလဲကာ အဆုံးမဲ့ ဖျက်ဆီးခြင်း စွမ်းအင်များကို သယ်ဆောင်လျက် ဆင်းသက်လာခြင်းဖြစ်၏။

ချက်ချင်း ရွှမ်ယီ၏ ပုံရိပ်က မိုးကြိုးလျှပ်စီးများအောက်၌ နစ်မြုပ်သွားလေသည်။

မကြာမီ ရွှမ်ယီ၏ အရှိန်အဝါလည်း ပျောက်ကွယ်သွားတော့၏။

မိုးကြိုးလျှပ်စီးများအောက်၌ သေဆုံးသွားပြီလော…?

“ ဆရာ…”

“ ဆရာ…”

ရွှမ်ယီ၏ တပည့်များ ယခုမှ တောင်ထိပ်သို့ရောက်လာခြင်းဖြစ်ကာ ရောက်ရောက်ခြင်း မြင်လိုက်ရသော မြင်းကွင်းကြောင့် အလွန်ထိတ်လန့်သွားကာ အလန့်တကြား အော်ဟစ်လိုက်ကြ၏။

ဂျီကျူးယွဲ့လည်း မျက်နှာပျက်သွားခဲ့သည်။

“ ဟမ့်… သေခြင်းတရားရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ကြိုးစားနေတဲ့ ငတုံးတစ်ကောင်ပါလား… စိတ်ဝိညာဉ်ဒြပ်စင် (၈၁)ခုနဲ့ ကောင်းကင်ကို ဆန့်ကျင်နိုင်မယ်လို့ တကယ်ထင်နေပုံရတယ်… မိုက်မဲလိုက်တာ….”

ချီလင်းတန် ရေရွတ်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ ပတ်၀န်းကျင်သို့ နတ်အသိ ပျံ့နှံ့စေလိုက်သည်။

မိုးကြိုးလျှပ်စီးများအကြား ရွှမ်ယီ၏ အရှိန်အဝါကို မခံစားမိတော့ကြောင့် သေချာသွားလျှင် ချက်ချင်း ရယ်မောလိုက်ပြီး ဆက်လက် လှောင်ပြောင်ရန် ပြင်လိုက်စဉ်…

ရုတ်တရက် မိုးကြိုးလျှပ်စီးပင်လယ်ကြီးအတွင်း၌ အလွန်ကျယ်လောင်သော ဓားမြည်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ကမ္ဘာမြေတစ်ခွင်လုံးတွင် ထိုဓားမြည်သံသာ ပဲ့တင်ထပ်ကာ ထွက်ပေါ်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးပင်လယ်လျှင် ၎င်းအောက်၌ နိမ့်ကျသွားဟန်တူသည်။

ကောင်းကင်ဘုံအတိဒုက္ခမှတစ်ဆင့် ထွက်ပေါ်လာသော အနီရောင်မိုးကြိုးမြွေကြီးတစ်ကောင်က ဓားအရှိန်အဝါအောက်၌ ချက်ချင်းပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။

ယင်းက အစသာ ရှိသေး၏။

ရွှမ်ယီ၏ ခန္ဓာကိုယ်ပတ်လည်တွင် တိုင်ရှုတာအိုနယ်မြေ ထွက်ပေါ်လာခဲ့ပြီး ကြည်လင်နေသော ကောင်းကင်ယံအား ညအချိန်ကဲ့သို့ ပြောင်းလဲသွားစေသည်။

ကြည့်ရသည်မှာ နဂါးငွေ့တန်းကြီးတစ်ခုအလား ထင်မှတ်ရပြီး ရွှမ်ယီ၏ ဓားရည်ရွယ်ချက်ကလည်း တိုင်ရှုဓားနယ်မြေအတွင်း ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် ဓားတာအို၏ အဆုံးစွန်သော ဥပဒေသများပါဝင်သည့် ရုန်းများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာကာ တိုင်ရှုတာအိုနယ်မြေအား အမှတ်အသားပြုနေခဲ့သည်။

လက်ရှိအချိန်တွင် ရွှမ်ယီက ၎င်းနဂါးငွေ့တန်းကြီးအတွင်းမှ အလွန်တောက်ပသော ကြယ်တစ်ပွင့်အလားပင်။

သူက လက်တွင်း၌ ဓားရှည်တစ်ချောင်းကိုင်စွဲထားကာ အဖြူရောင်ဝတ်ရုံက လေနှင့်အတူ လွင့်ပျံနေခဲ့သည်။

ကောင်းကင်ထက်မှ ဆင်းသက်လာသော အင်မော်တယ် ဓားသမားတစ်ဦးဟုပင် ထင်မှတ်ရလောက်၏။

ရုတ်တရက် လက်တွင်းမှ ဓားအား အလျားလိုက် ခုတ်ချလိုက်သည်။

အုန်း…

ကမ္ဘာကြီးပေါ်မှ တောင်တန်းများ၊ မြစ်များအားလုံးကို ဖျက်ဆီးနိုင်လောက်သော အလွန်အစွမ်းထက်သည့် ဓားချီတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီထံမှ အလွန်တောက်ပသော အလျားလိုက် ဓားချီအလင်း ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးလျှပ်စီးပင်လယ်၏ အလယ်ဗဟိုသို့ တိုးဝင်သွားခဲ့သည်။

ဘုန်း…

မိုးကြိုးလျှပ်စီးပင်လယ်ကြီးတစ်ခုလုံး တုန်ခါသွား၏။

ကြည့်ရသည်မှာ ကောင်းကင်ဘုံအတိဒုက္ခ၏ ဗဟိုချက်က ရွှမ်ယီ၏ဓားချက်ထံမှ စွမ်းအားကို ခံစားမိလိုက်ပြီး ထိတ်လန့်သွားဟန်တူသည်။

ထို့နောက် မိုးကြိုးလျှပ်စီးပင်လယ် အလယ်ဗဟိုမှနေ၍ အနီရောင်မိုးကြိုးမြွေကြီးများ ထွက်ပေါ်လာကာ ရွှမ်ယီ၏ ဓားချီအလင်းအား တားဆီးရန် ကြိုးစားလိုက်ကြသည်။

အနီရောင်မိုးကြိုးမြွေကြီးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကာ တစ်ကောင်ချင်းစီတိုင်းက အထွတ်အထိပ်သူတော်စင်အင်ပါယာတစ်ယောက်အား သတ်ဖြတ်နိုင်လောက်အောင် အစွမ်းထက်ကြသည်။

၎င်းတို့က ရွှမ်ယီ၏ ဓားချက်ကို ကြိုးစားခုခံနေကြ၏။

သို့သော် ရွှမ်ယီ၏ ဓားအလင်းအရှိန်အဟုန်က ၎င်းတို့ကြောင့် အနည်းငယ် နှေးကွေးသွားသော်လည်း စွမ်းအားများမှာမူ လျော့ကျသွားခြင်း အလျဉ်းမရှိချေ။

ဤသို့ဖြင့် တဖြည်းဖြည်း အနီရောင်မိုးကြိုးမြွေကြီးများ၏ အရေအတွက်သာ လျော့ကျလာခဲ့သည်။

၁၀၀… ၈၀… ၅၀…

ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင်မူ ချီလင်းတန်အပါအဝင် ရွှမ်ယီ၏ ကောင်းကင်ဘုံအတိဒုက္ခအား ရင်ဆိုင်နေသည့် မြင်ကွင်းကို မြင်နေရသူတိုင်း အလွန်အံ့အားသင့်နေကြပြီး အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြသည်။

ကောင်းကင်ထက်မှ အလွန်ကြောက်မက်ဖွယ်မြင်ကွင်းကိုသာ အာရုံစိုက်နေခဲ့ကြ၏။

မိုးကောင်းကင်၏ တန်ခိုးစွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ထို့ကြောင့် ကောင်းကင်ဘုံအတိဒုက္ခနှင့် ရင်ဆိုင်ရာတွင် ကာကွယ်ရန် လုံလောက်သော နည်းလမ်းများ ရှိနေကြလျှင်ပင် မည်သူမျှ ဂရုမစိုက် သတိလက်လွတ် မနေဝံ့ကြချေ။

အဘယ်ကြောင့်ဆိုသော် ခြေတစ်လှမ်းမှားသွားသည်နှင့် စောင့်ကြိုနေမည့်အရာမှာ သေခြင်းတရားဖြစ်သောကြောင့်ပင်။

သို့သော် ယနေ့ သူတို့ မည်သည့်အရာများ မြင်နေရသနည်း။

လူတစ်ယောက်က ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့်အလား မိုးကြိုးကပ်ဘေးအား လျစ်လျူရှုထားခဲ့ကာ ၎င်း၏ပင်မဗဟိုချက်ကို ဓားတစ်လက်ဖြင့် အတင်းချိုးဖျက်ပြီး ကောင်းကင်ဘုံအတိဒုက္ခအား အဆုံးသတ်ရန် ကြိုးစားနေခဲ့သည်။

ထိုအထဲတွင် မည်သည့်အရာက အဆိုးဆုံးနည်း။

၎င်းအား ထိုလူက အမှန်တကယ် လုပ်ဆောင်နိုင်ပုံပေါ်နေခြင်းပင်။

“ ရွှမ်ယီ… သူက တကယ်ပဲ လူသားတစ်ယောက်ဖြစ်နေတုန်းပဲလား…”

“ ဒါ… ဒါကို သူဘယ်လိုလုပ်နိုင်တာလဲ…”

ထိတ်လန့်အံ့ဩနေသော သာမန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ချီလင်းတန်၏ နှလုံးသားထဲတွင် မနာလိုစိတ်ကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေချေပြီ။

“ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ နိမ့်ကျတဲ့လူတစ်ယောက်က တာအိုနယ်မြေကို တကယ်ကျွမ်းကျင်နေတာလား…”

ချီလင်းတန်း မနေနိုင်ဘဲ ရေရွတ်မိလိုက်၏။

ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်တွင်လည်း ပတ်ဝန်းကျင် နေရာအနှံ့မှ ဆွေးနွေးသံများ တညံညံထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီက သူ၏ ဓားချက်အား ခုတ်ချလိုက်ချိန်တွင် သူ့ထံမှ အရှိန်အဝါက အလွန်အမင်း ထိုးတက်သွားပြီး ပတ်ဝန်းကျင်မှ ကျင့်ကြံသူတိုင်း အလွန်ပြင်းထန်သော ဖိအားကို ခံစားလိုက်ကြရသည်။

သူတို့ရှေ့၌ ရှိနေသည်မှာ အင်ပါယာအဆင့်သို့ ချိုးဖျက်နေသော အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်ကို ကျော်ဖြတ်နေသော အင်ပါယာအထွတ်အထိပ်အဆင့်မှ ကျင့်ကြံသူတစ်ယောက်ဟုပင် ထင်မှတ်ရလောက်၏။

တဖက်တွင်မူ တုန်လှုပ်ချောက်ချားနေသော သာမန်ကျင့်ကြံသူများနှင့်ယှဉ်ပါက ချီလင်းတန်၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းနေခဲ့သည်။

သူ၏ ချောမောခန့်ညားသောမျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း ချီလင်းတန်အနေဖြင့် ၎င်းအား အနည်းငယ်မျှ ဂရုစိုက်မအားပေ။

နက်မှောင်သော မျက်ဝန်းတစ်စုံဖြင့် ရွှမ်ယီအား စိုက်ကြည့်နေခဲ့သည်။

သူ၏ နှလုံးသားထဲတွင် မနာလိုမှု၊ ဒေါသနှင့် ကြောက်ရွံ့မှုများ ရောပြွန်းတည်ရှိနေခဲ့ကာ ရွှမ်ယီအား ချက်ချင်းသတ်ပစ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေခဲ့သည်။

တာအိုနယ်မြေ...

အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများအတွက် ဒဏ္ဍာရီလာအဆင့်တစ်ခု…

အရှေ့ပိုင်းတိုက်ကြီး၏သမိုင်းအား ပြန်ကြည့်လိုက်မည်ဆိုလျှင်ပင် ထိုအဆင့်အား ရောက်ရှိနိုင်ခဲ့သူ အလွန်တရာနည်းပါးလွန်းလှသည်။

သူ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းသို့ စတင်ဝင်ရောက်သည့်နေ့ကတည်းက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအား တည်ထောင်ခဲ့သော ဂိုဏ်းချုပ်ဖေးရှန့်၏ လမ်းကြောင်းအတိုင်း လိုက်ပါလျှောက်လှမ်းလိုခဲ့သည်။

သို့ရာတွင် သူ၏အရည်အချင်းက အကန့်အသတ်ဖြင့်သာ ရှိနေခဲ့ပြီး နှစ်ပေါင်းတစ်သောင်းကြာအောင် လေ့ကျင့်ခဲ့သည့်တိုင်အောင် အင်ပါယာအဆင့်၌ တာအိုနယ်မြေအား လုံးဝနားမလည်နိုင်ခဲ့ပေ။

သို့ဖြစ်ရာ စိတ်ဓာတ်ကျစွာနှင့် သူ၏ ကျင့်ကြံမှုအား အရင်ဆုံး အဆင့်ချိုးဖျက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

သူ စိတ်ဝိညာဉ်တာအိုအရှင်သခင်အဆင့်သို့ ရောက်ပြီးနောက်တွင်လည်း တာအိုနယ်မြေနှင့် ပတ်သက်သော နက်ရှိုင်းသည့်အရာများကို တဖြည်းဖြည်း ရှာဖွေလေ့လာခဲ့သည်။

သို့သော် လက်ရှိ သူနားလည်ထားသော နယ်မြေနှင့် ရွှမ်ယီပိုင်ဆိုင်ထားသော နယ်မြေကြားမှ ကွာဟမှုက ကောင်းကင်နှင့်မြေကြီးတမျှ နှိုင်းယှဉ်မရလောက်အောင် ကြီးမားလွန်းနေ၏။

All Chapters