အခန်း (၅၅၉)
Vol. 38 Ch. 559
ယခုတွင်မူ တောင်ပိုင်းနယ်စပ်၌ နက်နဲခြင်း အင်ပါယာဂိုဏ်း နှင့် ရွှမ်ယီ ရှိနေချေပြီ။
အကယ်၍ ၎င်းတို့သာ ဤအတိုင်း ဆက်လက်တိုးတက်သွားပါက အနာဂါတ်တွင် နက်နဲခြင်း အင်ပါယာဂိုဏ်းက မဟာဂိုဏ်းကြီးတစ်ခု အဆင့်သို့တောင် ရောက်သွားနိုင်သည်။
ထိုအချိန်ကျလျှင် တောင်းပိုင်းနယ်စပ်၏ နိမ့်ကျသော အနေအထားက လုံး၀ ပြောင်းလဲသွားပေလိမ့်မည်။
တဖက်တွင် ရွှမ်ယီက တိုင်ရွှမ်နှင့် ဖီးနစ် မီးတောင် အင်ပါယာတို့၏ အတွေးများကို မသိပေ။
သိလျှင်လည်း ဂရုစိုက်မည်မဟုတ်ပေ။
အင်ပါယာအဆင့်သို့ ရောက်ရှိလာပြီးနောက် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို ခံစားနေခဲ့၏။
လက်ရှိအချိန်တွင် ကောင်းကင်ဘုံ အတိဒုက္ခက သူ့ကို အနည်းငယ်မျှ မခြိမ်းခြောက်နိုင်တော့ပေ။
ရွှေရောင် ထာ၀ရနတ်ဘုရားစင်မြင့်၏ စုပ်ယူမှုအောက်တွင် အတိဒုက္ခတိမ်တိုက်များက အလွန်တရာ ကျယ်ပြန့်သော စိတ်ဝိညာဉ်သိုလှောင်ရုံကြီးတစ်ခု အလားပင်။
တစ်ဟုန်းဟုန်း တောက်လောင်နေသော မိုးကြိုးလျှပ်စီးများ တစ်ခုပြီး တစ်ခု အက်ကွဲသွားကာ ရွှမ်ယီ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ရွှမ်ယီ၏ ခန္ဓာကိုယ်ထဲမှ နီဗားနားကျင့်စဉ်ကလည်း ကြမ်းတမ်းစွာဖြင့် အရူးအမူး လှည့်ပတ်နေခဲ့ပြီး အတိဒုက္ခတိမ်တိုက်အတွင်းမှ စွမ်းအားများကို လျင်မြန်စွာ စုပ်ယူနေသည်။
ထိုကဲ့သို့ အပြင်းအထန် စုပ်ယူမှုနှင့်အတူ ရွှမ်ယီ၏ နောက်ကျောဘက်မှ ထာ၀ရ နတ်ဘုရားစင်မြင့်က တဖြည်းဖြည်း ကျုံ့လာခဲ့သည်။
(၁၀) ရာခိုင်နှုန်း… (၂၀) ရာခိုင်နှုန်း… (၃၀) ရာခိုင်နှုန်း…
ထို့နောက် ထာ၀ရနတ်ဘုရားစင်မြင့်အတွင်း၌ ရှိသော စိတ်ဝိညာဉ်ဒြပ်စင် (၈၁)ခုက မြူမှုန်များအဖြစ်သို့ ပြောင်းလဲကာ ပျော်၀င် ပေါင်းစပ်သွား၏။
၎င်းတို့ ပေါင်းစပ်သွားချိန်တွင် ကောင်းကင်ထက်မှ စိတ်ဝိညာဉ်စွမ်းအင်များက ဧရာမ နဂါးကြီးတစ်ကောင်ကဲ့သို့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ထာ၀ရ နတ်ဘုရားစင်မြင့်ရှိရာသို့ တိုက်ရိုက်ဆင်းသက်လာကာ ရွှမ်ယီ၏ ဝိညာဉ်အတွင်း ၀င်ရောက်သွားလေသည်။
၎င်းက အလွန်အရေးကြီးလှသော နတ်တန်ခိုးစွမ်းအင် ပေါင်းစပ်ခြင်းဖြစ်၏။
ရွှမ်ယီ၏ ထာ၀ရ နတ်ဘုရားစင်မြင့်က မကြုံစဖူးသော ပြောင်းလဲမှုကြီးတစ်ခုနှင့်အတူ မြည်သံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
တဖက်တွင် ရွှမ်ယီအနေဖြင့် ခွန်အားများ တိုးလာသည်ဟု ခံစားလိုက်ရပြီး သူ၏ တိုက်ခိုက်နိုင်စွမ်း နှင့် ကျင့်ကြံခြင်းက တစ်ပြိုင်နက်တည်း တိုးတက်လာ၏။
ရွှေရောင် ထာ၀ရ နတ်ဘုရားစင်မြင့်ထက်၌ ပထမဆုံးသော နတ်ဘုရား အမှတ်အသားတစ်ခု ပေါ်လာချေပြီ။
ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အထွတ်အထိပ် အင်ပါယာနှင့် ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားသည်။
မကြာမီ ဒုတိယမြောက် နတ်ဘုရားအမှတ်အသား ဖြစ်ပေါ်လာ၏။
ထိုအခါ ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက အထွတ်အထိပ် အင်ပါယာအဆင့်ကို သတ်နိုင်သော အနေအထားသို့ ရောက်ရှိလာသည်။
ကောင်းကင်ပြိုလဲခြင်းတောင်ထိပ်မှ ကျင့်ကြံသူများအားလုံး အံ့အားသင့်စွာဖြင့် ငေးမောနေခဲ့ကြသည်။
ကျင့်ကြံသူတစ်ယောက်က အင်ပါယာအဆင့်သို့ ချိုးဖျက်ချိန်တွင် ၎င်း၏အခြေခံအုတ်မြစ်နှင့် စုဆောင်းထားခဲ့သော စွမ်းအားများသာ လုံလောက်ပါက အဆင့်များ တစ်ခါတည်း ဆက်တိုက်ချိုးဖျက်သွားခြင်းမှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။
သို့သော် အများဆုံးအနေဖြင့် ဒုတိယအတိဒုက္ခအင်ပါယာအဆင့်သို့ ချိုးဖျက်နိုင်ခြင်းသာဖြစ်ပြီး ယင်းကပင် အလွန်များနေပြီဟု ဆိုနိုင်သည်။
သို့သော် ရွှမ်ယီကမူ ၎င်း၏ဒုတိယမြောက် နတ်ဘုရားအမှတ်အသားကို ထာဝရနတ်ဘုရားစင်မြင့်ထက်၌ ပေါင်းစပ်ပြီးဖြစ်သော်လည်း ပြင်ပလောကမှ စွမ်းအားများကို စုပ်ယူနေသည့် အရှိန်အဟုန်က အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိသေးပေ။
လက်ရှိအချိန်တွင် ရွှမ်ယီ၏စိတ်များက ကြည်လင်နေခဲ့ပြီး စွမ်းအားများ ဆက်လက်စီးဝင်လာသည်နှင့်အမျှ ထာဝရနတ်ဘုရားစင်မြင့်အတွင်း၌ရှိသော နတ်ဘုရားစွမ်းအားများကလည်း အဆက်မပြတ်ပြောင်းလဲလာနေသည်။
ထို့အပြင် ရွှမ်ယီ၏ခန္ဓာကိုယ်အတွင်းမှ နီဗားနားကျမ်းစာကလည်း လည်ပတ်မှုလမ်းကြောင်းအသစ်တစ်ခု စတင်လာ၏။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်အပေါ် ရွှမ်ယီ၏အာရုံခံစားမှုများက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ပိုမိုရှင်းလင်းကာ နက်နဲသော နတ်ဘုရားစွမ်းအားများ၊ ဥပဒေသစွမ်းအားများကို ရှင်းလင်းစွာ ခံစားသိမြင်လာ၏။
ရွှမ်ယီ တခဏမျှရပ်တန့်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ ကောင်းကင်နှင့်မြေပြင်အကြားမှ စွမ်းအားများကို အာရုံခံလိုက်ပြီး
“ ဒီအမြန်နှုန်းက တော်တော်နှေးတာပဲ…”
မချင့်မရဲဖြင့် ခေါင်းယမ်းကာ ရေရွတ်လိုက်သည်။
ရွှမ်ယီအမြင်တွင် လက်ရှိအချိန်၌ သူ၏ကျင့်ကြံမှုအဆင့်က ဆန်းကြယ်ပုလ္လင်အဆင့်သို့ ရောက်ရှိသင့်နေချေပြီ။
ကောင်းကင်ထက်မှ အတိဒုက္ခမိုးတိမ်များက အလွန်စွမ်းအားကောင်းမွန်သည်မှာ မှန်သော်လည်း အများဆုံးအနေဖြင့် နတ်ဘုရားအမှတ်အသား (၅)ခုသာ ဖြစ်ပေါ်စေရန် လုံလောက်သည်။
သို့သော် လူတိုင်းအမြင်တွင် ရွှမ်ယီ၏စကားများက အလွန်အမင်း လွန်လွန်ကျူးကျူးဖြစ်နေ၏။
ရွှမ်ယီ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနေသော အရှိန်အဟုန်က သူတော်စင်အင်ပါယာတစ်ယောက်ပင် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းမရှိချေ။
ထိုမျှကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် စုပ်ယူမည်ဆိုပါက သူတော်စင်အင်ပါယာတစ်ဦး၏ ခန္ဓာကိုယ်ပင် ပေါက်ကွဲထွက်သွားနိုင်သည်။
သို့သော် ထိုကဲ့သို့အရှိန်အဟုန်မျိုးကိုပင် ရွှမ်ယီ၏စိတ်ထဲ၌ အမှန်တကယ်နှေးကွေးသည်ဟု ခံစားမိနေသလော။
သို့ဖြစ်ပါက မည်မျှမြန်ဆန်ရဦးမည်နည်း…?
ရွှမ်ယီက ရှေ့သို့တစ်လှမ်းချင်း ဖြည်းညင်းစွာ လှမ်းသွားလိုက်ပြီး ခန္ဓာကိုယ်အတွင်းမှ နိဗားနားကျင့်စဉ်၏ လည်ပတ်မှုအရှိန်ကို ရုတ်တရက်တိုးမြှင့်လိုက်ကာ လက်အတွင်းမှ ဓားထံသို့ အဆုံးမဲ့စွမ်းအားများ ထည့်သွင်းလိုက်သည်။
ထို့နောက် တစ်ချက်ပြီးတစ်ချက် ဆင့်ကဲခုတ်လိုက်ကာ နဂိုကတည်းက နှစ်ပိုင်းဖြစ်နေသော အတိဒုက္ခမိုးတိမ်အား အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်သည်။
ထို့နောက် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ရွှမ်ယီက ခြေတစ်လှမ်းဖြင့် အစောပိုင်း၌ကွဲထွက်သွားခဲ့သော အတိဒုက္ခမိုးတိမ် အစိတ်အပိုင်းတစ်ခုဆီသို့ ရောက်ရှိလာသည်။
ထို့နောက် လက်တစ်ဖက် ရှေ့သို့ထွက်လာခဲ့ပြီး လက်ဖဝါးထက်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ရုန်းတစ်ခုဖြစ်ပေါ်လာကာ မကြာမီ ၎င်းက ဧရာမဝဲကတော့ကြီးအသွင်သို့ ပြောင်းလဲသွား၏။
ထို့နောက် သူတော်စင်အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက် အထွတ်အထိပ်အင်ပါယာအဆင့်သို့ ချိုးဖျက်ရန် လုံလောက်သော စွမ်းအားများပါဝင်နေသည့် အတိဒုက္ခမိုးတိမ်အား ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
ထိုအတိဒုက္ခမိုးတိမ် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာချိန်တွင် ရွှမ်ယီ၏ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံပမာ အသံကျယ်ကြီးများဖြစ်ပေါ်လာသည်။
ရုတ်တရက် သူ၏အဖြူရောင်ဝတ်စုံက အပိုင်းပိုင်းကွဲထွက်သွားခဲ့ပြီး ပုံဆောင်ခဲတစ်ခုအလား ကြည်လင်ကာ လင်းလက်တောက်ပနေသော အပေါ်ပိုင်းခန္ဓာကိုယ် ထွက်ပေါ်လာခဲ့သည်။
ကြည်လင်နေသော ခန္ဓာကိုယ်အတွင်းမှ မရီဒျန်ကြောများကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်စွမ်းရှိနေပြီး ၎င်းတို့က ထာဝရနတ်ဘုရားစင်မြင့်ကဲ့သို့ တူညီသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲလာ၏။
မရီဒျန်ကြောများ အသွင်ပြောင်းခြင်းဖြစ်စဉ် ပြီးဆုံးသွားလျှင် ရွှမ်ယီ၏ ထာဝရနတ်ဘုရားစင်မြင့်က တစ်ဆတ်ဆတ်တုန်ခါလာခဲ့သည်။
တစ်ခဏမျှ တုန်ခါသွားပြီးနောက် ထာဝရနတ်ဘုရားစင်မြင့်ထက်တွင် နတ်ဘုရားအမှတ်အသားနှစ်ခု ထပ်မံ၍ ဖြစ်ပေါ်လာ၏။
“ နတ်ဘုရားအမှတ်အသားလေးခု… ကောင်းကင်ပလ္လင်အဆင့် အင်ပါယာ…”
လူတိုင်း အံ့အားသင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်ကာ ရွှမ်ယီ၏ နောက်ကျောဘက်မှ ရွှေရောင်ထာဝရနတ်ဘုရားစင်မြင့်အား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
ချီလင်းတန်လည်း ရွှမ်ယီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် ဖိအားများကို သတိပြုလိုက်ပြီးနောက် အလွန်တုန်လှုပ်သွားခဲ့သည်။
“ ဆက်စောင့်လို့ မရတော့ဘူး...”
ရွှမ်ယီ၏ အရှိန်အဟုန်ကြောင့် ချီလင်းတန် ဆက်လက်တည်ငြိမ်နိုင်စွမ်း မရှိတော့ပေ။
လက်ရှိအချိန်တွင် ရွှမ်ယီက ကောင်းကင်ပုလ္လင်အဆင့် အင်ပါယာတစ်ယောက်မျှသာ ဖြစ်သေးသော်လည်း ၎င်းထံမှ ခြိမ်းခြောက်မှုတချို့ကို သူဝေဝေဝါးဝါး ခံစားမိနေချေပြီ။
ထို့အပြင် ကောင်းကင်ထက်၌ အတိဒုက္ခမိုးတိမ် အစိတ်အပိုင်း သုံးလေးခု ကျန်နေသေးသည်။
အကယ်၍ ရွှမ်ယီသာ ၎င်းတို့အားလုံးကို စုပ်ယူပြီးပါက မည်မျှသန်မာလာမည်ဖြစ်ကြောင်းကို ဘုရားမှသာ သိပေလိမ့်မည်။